Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့တွင် ဖြစ်ပေါ်နေသော မျှစ်ချို ဈေးနှုန်း/ဈေးကွက်

ရက်စွဲ၊ ၁၉..၂၀၂၅

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ် ကွက်များတွင် ရှားပါးသော ရာသီ၌ ရောင်းချရန်အတွက် ဒေသအတွင်းထွက်ရှိသည့် မျှစ်များ လှိုင်လှိုင် ပေါ၍ဈေးချိုချိန်တွင် မျှစ်ချဉ်/မျှစ်ချို တို့ကို နှစ်လည်ခါကြူရောင်းချရန်အတွက် စဉ့်အိုးများ အင်တုံများ ပလပ် စတစ်အကြည်အိပ်များနှင့် သိပ်ထားပြီး ဒေသထွက် မျှစ်မျိုကို ရောင်းချကြပါသည်။ မျှစ်ချို သိပ်ပုံ ကိုတော့ နှစ်ရှည်ခံအောင် မျှစ်ကို ဆားနှင့်အချိုသိပ်ရပါသည်။ မျှစ်ချိုကို အချောင်းအလိုက်ရောင်းခြင််း၊ မျှစ်အချောင်းကို အပ်ဖြင့်ဖွပြီးရောင်းခြင်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်းသိရပါသည်။

          မျှစ်ချိုကိုတော့ ချည်ပေါင်ရွက်၊ ငရုပ်သီးစိမ်း၊ ပုဇွန်တို့နှင့်ရောကြော်ခြင်း၊ မျှစ်ချိုကို စားတော်ပဲ ပြုတ်နှင့်ကြော်ခြင်း၊ မျှစ်ချီုကို ကြက်ဟင်းခါးသီးနှင့်ကြော်ခြင်း၊ မျှစ်ချိုကို အချိုချက်စားခြင်း၊ မျှစ်ချိုကို ကန်ဇွန်းရွက်နှင့်‌ကြော်ခြင်းစသည့်ပုံစံအမျိုးမျိုးနှင့်ချက်ပြုတ်စားသောက်ကြပါသည်။

          ယခင် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ‌တတိယပတ်အတွင်း ကန့်ဘလူမြို့မဈေး၌ ဖြစ်ပေါ်နေသော မျှစ်ချို ဈေးနှုန်းမှာ မျှစ်ချို တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၄၀၀၀)ကျပ်နှင့် (၂၅)ကျပ် သားလျှင်(၂၀၀၀)ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ကန့်ဘလူမြို့၊ မြို့မဈေးတွင် မျှစ်ချို ရောင်းချနေသော ဈေးသည် တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့နယ်အတွင်း ရောင်းချနေသော ခါကြက်ဥ ဈေးနှုန်း

ရက်စွဲ၊ ၁၉..၂၀၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုး ရေးကို အဓိကထားလုပ်ကိုင်ကြရာမှ စားဖိုဆောင်သီးနှံဖြစ်သည့် ခါကြက်ဥ (ဗမာ)မျိုးကို တစ်ပိုင်တစ်နိုင် မိသားစု အိမ်ခြံမြေများနှင့် မိမိပိုင်ယာမြေများတွင်သာ စိုက်ပျိုးကြပြီး မိမိတို့ဒေသတွင်း ကျေးရွာများနှင့် ကန့်ဘလူမြို့၊ ကျွန်းလှမြို့ ဈေကွက်အတွင်းသို့ ပို့ဆောင်ရောင်းချကြပါသည်။

ကန့်ဘလူမြို့ မြို့မဈေးတွင် မိသားစု စားဝတ်နေရေးအတွက် ကုန်စိမ်းရောင်းချနေသူများသည် ခါကြက်ဥများကို ရောင်းချလျက်ရှိရာ ခါကြက်ဥ(တရုတ်)နှင့် ခါကြက်ဥ(ဗမာ)ဟူ၍ ခါကြက်ဥ(၂)မျိုးရှိပြီး ယခု လက်ရှိမှာတော့ ခါကြက်ဥ(ဗမာ)ဥကိုတော့ ဒေသတွင်း ထွက်ရှိသည်များကိုသာ ဝယ်ယူရောင်း ချကြပြီး ခါကြက်ဥ(တရုတ်)ကိုတော့ ရှမ်းပြည်နယ်နှင့်မန္တလေးမြို့တို့မှ မှာယူရောင်းချရတာဖြစ်၍ ယခု အချိန်တွင်ဒေသထွက် ခါကြက်ဥပေါချိန်ဖြစ်သည့်အတွက် ခါကြက်ဥ(တရုတ်)ကိုတော့ မှာယူရောင်းချ ခြင်းမရှိကြောင်းနှင့် ခါကြက်ဥကို အသုပ်ဆိုင်များ၊ စားသောက်ဆိုင်များ၊ ကော်ပြန်ဆိုင်များနှင့် အကင်ဆိုင် များမှ အသုံးပြုမှုများပြီး မရှိမဖြစ်အ‌ရောင်းအဝယ်ဖြစ်နေသော သီးနှံတစ်မျိုးဖြစ်ပါသည်။

ယခု ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ တတိယပတ်တွင် ကန့်ဘလူမြို့မဈေးအတွင်း ဖြစ်ပေါ်နေသော  ခါကြက်ဥ ဈေးနှုန်းမှာ ခါကြက်ဥ(ဗမာ)ဥကြီး တစ်ပိဿာလျှင်(၃၅၀၀)ကျပ် ၂၅ကျပ်သားလျှင်(၁၀၀၀) ကျပ်၊ ခါကြက်ဥ (ဗမာ) ဥသေး တစ်ပိဿာလျှင်(၃၀၀၀)ကျပ် ၂၅ကျပ်သားလျှင်(၈၀၀)ကျပ် ဈေးနှုန်းများ ဖြင့် ဝယ်ယူသူများပြီး အရောင်းအဝယ်ဖြစ်နေကြောင်း ကုန်စိမ်းသီးနှံအစုံ ရောင်းချသူများ ထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

ကျွဲကောသီးဈေးကွက်အရောင်းသွက်

မန္တလေးမြို့အတွင်းရှိ သစ်သီးပွဲရုံများသို့ ကျွဲကောသီးထွက်ရှိရာ ဒေသများဖြစ်ကြသည့် ရန်ကုန်၊ ပဲခူး၊ မွန်ပြည်နယ်တို့မှ  ကျွဲကောသီးများ ဝင်ရောက်လာကြသည်။ ကျွဲကောသီးများကို သဲမြေ၊ နှုန်းမြေ များတွင် စိုက်ပျိုးလာကြပြီး ဒီဇင်ဘာ၊ဇန်နဝါရီ၊ဖေဖော်ဝါရီလတို့တွင် ထွက်ရှိလေ့ရှိသည်။ မွန်ပြည်နယ်မှ အများဆုံးစိုက်ပျိုး ထွက်ရှိပြီး ဒေသထွက်ကျွဲကောသီးအရောင် မှာ နှစ်မျိုးရှိပြီး  အတွင်းသားအဖြူရောင်နှင့် ပန်းရောင်မျိုးများ ဖြစ်ကြသည်။ အဖြူရောင်မှာ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် ထွက်ရှိသည်။ မန္တလေးမြို့တွင်းသာမက နယ်မြို့အသီးသီးကိုလည်း တင်ပို့ရောင်းချကြသည်။ ကျွဲကောသီးမှာ ဇန်နဝါရီလတွင် စတင်ထွက်ရှိပြီး ရှောက်ပန်းသီးမျိုးမှာ ဩဂုတ်လမှထွက်ရှိပြီး ဈေးကွက်သို့ ဝင်ရောက်လေ့ရှိသည်။ ကျွဲကောသီးနှင့် ရှောက်ပန်းသီးမှာ ဆင်တူယိုးမှားကြသည်။ ကျွဲကောသီးကို ယခင်နှစ်က အလုံးအရွယ်အစားလိုက်၍ တစ်လုံးလျှင် ၂၅၀၀၊ ၃၀၀၀၊ ၃၅၀၀ ကျပ် အထိဈေးရှိပြီး ယခုနှစ်တွင် တစ်လုံးလျှင်အရွယ်အစားအလိုက် ၃၀၀၀၊ ၃၅၀၀၊ ၄၀၀၀ကျပ် အထိ အသီးသီး ရောင်းချကြကြောင်း သစ်သီးပွဲရုံများမှ သိရှိရပါသည်။ ယခုနှစ်တွင် သယ်ယူစရိတ်ကြီးမားခြင်းကြောင့်လည်း ဈေးနှုန်းအနည်းငယ်ကြီးမြင့်ကြောင်း သိရှိရသည်။ ကျွဲကောသီးတွင် ဗီတာမင်စီ အများဆုံးပါဝင်ယုံသာမက ကျွဲကောသီးစားသုံးခြင်း၏ အကျိုးကျေးဇူးများမှာ ဆီးလမ်းကြောင်း ပိုးဝင်မှုသက်သာစေခြင်း၊ အနာအမြန်ကျက်စေခြင်း၊ သွားနှင့်ခံတွင်းကျန်းမာစေခြင်း၊ သွေးအားနည်း ရောဂါ၊ အရိုးပါးရောဂါ၊ ခြေထောက်ကြွက်တက်မှု တို့ကိုပါ ကာကွယ်ပေးသည့်အပြင် ကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်ခြင်းစသည့် ကျန်းမာရေး အကျိုးကျေးဇူးများရရှိနိုင်ကြောင်း လေ့လာသိရှိရပါသည်။

DOCA(မန္တလေး)

 

ရွှေဖရုံသီးဈေးကွက်

ရွှေဖရုံသီးသည် တစ်နှစ်ပတ်လုံးထားခံနိုင်သော သီးနှံတစ်မျိုးဖြစ်သည်။ ယခင်က ရွှေဖရုံသီးကို ဗမာမျိုးလုံးကြီးမျိုးကိုသာ စိုက်ပျိုးကြပြီး ယခုအခါ အသင့်စားအနေတော်လုံးသေးမျိုး၊ ထိုင်ဝမ်မျိုးများကိုသာ စီးပွားဖြစ်စိုက်ပျိုးလာကြပါသည်။ ၎င်းရွှေဖရုံသီးအသေးမျိုးများသည် ပြည်တွင်းဈေးကွက်တွင်သာမက ပြည်ပဈေးကွက်တရုတ်နိုင်ငံသို့လည်း တင်ပို့ရောင်းချလျှက်ရှိ ကြောင်း သိရသည်။ ဖရုံသီးကို ဟင်းလျာအဖြစ်စားသုံးကြပြီး ဟင်းရည်သောက်အဖြစ်လည်း စားသုံးကြသည်။ ဖရုံသီးဆနွင်းမကင်းလည်း ပြုလုပ်ရောင်းချကြောင်း တွေ့ရှိရသည်။ မတ္တရာ မြို့နယ်တွင် ရွှေဖရုံသီးအသေးမျိုးဧက များစွာစိုက်ပျိုးထားပြီး ရွှေဖရုံသီးများ စတင်ထွက်ပေါ် နေပြီဖြစ်ပါသည်။ ရွှေဖရုံသီးများကို မုံရွာမြို့နယ်မှ ထွက်ရှိပြီး ဗမာမျိုးများမှာ တစ်လုံးလျှင် အရွယ် အစားအလိုက်(၂၅၀၀/၃၀၀၀/၃၅၀၀)ကျပ်အထိ ရှိကြပြီး မတ္တရာနှင့် ပြင်ဦးလွင်မြို့များမှထွက်ရှိသည့် ထိုင်ဝမ်မျိုးများမှာ တစ်လုံးလျှင်(၁၀၀၀)ကျပ်၊ တောင်ကြီးဘက်မှ ထွက်ရှိသည့် ဖရုံသီးများမှာ (၃၀၀၀/၄၀၀၀/၅၀၀၀)ကျပ်အထိရှိကြပြီး မန္တလေးမြို့အနယ်နယ်အရပ်ရပ်ရှိ ဈေးကလေးများသို့ လည်း တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

 

အညာသူအညာသားအကြိုက် ကန်စွန်းဥနှင့် ပဲမြစ်

          ယခုလိုဆောင်းရာသီတွင် ထန်းမြစ်၊ စိမ်းစားဥ၊ ပဲမြစ်၊ ကန်စွန်းဥတို့မှာ အညာဒေသ၏ ရာသီစာသီးနှံများဖြစ်သလို အလွန်ချမ်းအေးသော နံနက်ခင်းအချိန်တွင် မီးဖို၍မီးလှုံရင်း ထန်းမြစ် ဖုတ်/ပြုတ်၊ ပဲမြစ်ပြုတ်၊ ကန်စွန်းဥဖုတ်/ပြုတ်ခြင်းတို့သည် အညာဒေသ၏ နံနက်ခင်းကို ကြိုဆို ခြင်းဖြင့် အညာလူနေမှုပုံစံများအား အညာသူအညာသားများမှ နှစ်စဉ်ပုံဖော်မြဲဖြစ်သော  ရိုးရာ ဓလေ့တစ်မျိုးလိုပင် ဖြစ်နေပါသည်။

အဆိုပါရာသီ သီးနှံများကို အလှူပွဲ၊ မင်္ဂလာဆောင်၊ အိမ်တက်၊ ဘုရားပွဲများတွင်လည်း အညာဓလေ့အရ ဧည့်ခံကျွေးမွေးကြလေ့ရှိပါသည်။ အညာဒေသဖြစ်တဲ့ မြင်းခြံမြို့တွင်လည်း ပဲမြစ်နှင့်ကန်စွန်းဥများလည်း လှိုင်လှိုင်ပေါ်နေပြီဖြစ်ရာ အေးမြသီတာဈေး၊ မြို့မစည်ပင်သာ ယာဈေးနှင့် စံပြဈေးတို့တွင် ဖေဖော်ဝါရီလ ဒုတိယပတ်တွင် ပဲမြစ် တစ်ပိဿာလျှင် ( ၄၀၀၀ )ကျပ်၊ ကန်စွန်းဥ တစ်ပိဿာလျှင်(၃၅၀၀)ကျပ်များဖြင့် အရောင်းအဝယ်ဖြစ်ကြောင်းသိရပြီး ယခင်ပေါ်ဦး ပေါ်စအချိန်တွင် ပဲမြစ်တစ်ပိဿာလျှင် (၅၀၀၀)ကျပ်၊ ကန်စွန်းဥ တစ်ပိဿာလျှင် (၄၀၀၀) ကျပ် ဈေးများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။ ကန်စွန်းဥနှင့် ပဲမြစ်များသည်  တံတားဦး မြို့နယ်ဘက်တွင် အများဆုံးစိုက်ပျိုးကြပြီး စား၍ကောင်းသောကြောင့် နာမည်ရရှိကာ ရောင်းဝယ်မှု မှာလည်း ဈေးပန်းပွင့်ကြောင်း မြင်းခြံမြို့ စံပြဈေးတွင် ကန်စွန်းဥနှင့် ပဲမြစ်ရောင်းချသော ဈေးသည် များထံမှ သိရှိိရသည်။

DOCA(မန္တလေး)

 

 

                                     

အများနှစ်သက်သော ထောပတ်သီးဖျော်ရည်

 မြင်းခြံမြို့ရှိ ဈေးများတွင် ရာသီပေါ်သစ်သီးဝလံများအား ရာသီအလိုက်ရောင်းချလျက်ရှိရာ ယခုဖေဖာ်ဝါရီလအတွင်း ဈေးကွက်များရှိ ထောပတ်သီးမှာ ယခင်လများကဲ့သို့ပေါပေါများများ မရှိတော့ဘဲ လက်ကျန်ကာလဖြစ်သည့်အလျောက် ဈေးကွက်ဝင်ရောက်မှု၊ ရောင်းချမှုများနည်းပါး လာပြီဖြစ်ပါသည်။ ထောပတ်သီးကို အလုံးလိုက်ဝယ်ယူကြပြီး မိမိတို့အိမ်၌ သကြား၊ နို့ဆီများဖြင့် ရောစပ်၍ စားသုံးကြသလို သစ်သီးဖျော်ရည်ဆိုင်များတွင်လည်း ထောပတ်သီးဖျော်ရည်ကို ဝယ်ယူ စားသောက်ကြမှုများလည်းရှိကြောင်း၊ ရာသီပေါ်ရောင်းတန်းဝင် သစ်သီးဖျော်ရည်ဖြစ်ပြီး လူအများ ကြိုက်နှစ်သက်၍ ကလေးလူကြီးဝယ်ယူ သောက်သုံးကြပါသည်။ ထောပတ်သီးဖျော်ရည်တစ်ခွက် လျှင် ဈေးနှုန်း(၄၀၀၀)ကျပ်မှ(၆၀၀၀)ကျပ်အထိ ရောင်းချလျက်ရှိပြီး ဝယ်ယူသောက်သုံးမှုများပြား လျက်ရှိပါသည်။

          ထောပတ်သီးစားသုံးခြင်းမှ ရရှိသည့်အကျိုးကျေးဇူးများမှာ သွေးတွင်းမှ ကိုလက်စထရော များကို လျှော့ချနိုင်ခြင်း၊ သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးနိုင်ခြင်း၊ နှလုံးသွေးကြောဆိုင်ရာ ရောဂါများကို လျှော့ချပေးနိုင်ခြင်းအစရှိသည့် အကျိုးကျေးဇူးများစွာ ရရှိစေကြောင်းနှင့် ထောပတ် သီးအဆီအနှစ်သည် အသားအရေခြောက်သွေ့အက်ကွဲမှု့များကို ပျောက်ကင်းစေသည့်အတွက် အလှကုန်ပစ္စည်းများတွင် ထည့်သွင်းအသုံးပြုလျက်ရှိကြောင်း၊  ဆံသားများတောက်ပြောင်စေ သောကြောင့် ခေါင်းလျှော်ရည်များတွင်လည်း ထည့်သွင်းအသုံးပြုလျက်ရှိကြောင်းသိရသည်။

DOCA(မန္တလေး)

 

အဝင်လှိုင်ပြီး ဈေးမယိုင် ဈေးခိုင်လာတဲ့ ပဲစင်းငုံနီ

          မြင်းခြံမြို့နယ်အနေဖြင့် ပဲစင်းငုံကို ဧကလိုက်စိုက်ပျိုးသူရှိသလို နှမ်း ၊ မြေပဲ တို့နှင့်ရောယှက် ၍ သီးညှပ်အဖြစ်လဲ စိုက်ပျိုးကြသည်။ပဲစင်းငုံသီးနှံသည် စိုက်ပျိုးပြီး အထူးစောင့်ရှောက်ရန် မလိုဘဲ အပွင့်ဝင်ချိန် ရာသီမဖောက်က အထွက်နှုန်းကို အပိုင်ပင်တွက်၍ရသည်ဟု ပဲစင်းငုံစိုက်ပျိုးသူ တောင်သူတစ်ဦးထံမှသိရသည်။ ပဲစင်းငုံသီးနှံသည် ဒေသတွင်းစားသုံးမှု အသုံးနည်းပြီး ပြည်ပဈေး ကွက်ဝင် သီးနှံတစ်မျိုးပင်ဖြစ်တာကြောင့် ပြည်ပဈေးကွက်ကို အားကိုးအားထားပြုနေ ရခြင်းဖြစ်ပါ သည်။ အိန္ဒိယအစိုးရက ပဲစင်းငုံကို လွတ်လပ်စွာတင်သွင်းခွင့်ကို ၂၀၂၆ ခုနှစ် ၊ မတ်လကုန်အထိ သက်တမ်းတိုးခွင့်ပြုလိုက်သည့် သတင်းများထွက်ပေါ်ပြီးသည့်နောက်ပိုင်းမှာ ပဲစင်းငုံဈေးများလဲ တစ်ရက်ထက်တစ်ရက် ဈေးမြင့်ပြောင်းလဲလာကြောင်းသိရှိရပါသည်။ မြင်းခြံမြို့ပေါ်ဈေး ကွက်သို့လည်း ယခုရက်ပိုင်းအတွင်း ပဲစင်းငုံများ အိတ် ၈၀၀ နှင့် ၁၀၀၀  အကြားမှာနေ့စဉ် အဝင် ရှိကြောင်း မြင်းခြံကုန်စည်ဒိုင်နှင့်နီးစပ်သူများထံမှသိရပြီး နယ်ဈေးကွက်ကိုအခြေခံ၍ ဈေးပြိုင်ပေး ဝယ်နေကြသည်ဟုသိရသည်။ ဈေးကွက်အနေဖြင့် ၁၃.၂.၂၀၂၅ ရက်နေ့တွင် ပဲစင်းငုံတစ်ပိဿာ လျှင် ၄၅၃၀ /- ကျပ် ၊ ၁၄.၂.၂၀၂၅ ရက်နေ့တွင် ၄၅၇၀/- ကျပ် ၊ ၁၅.၂.၂၀၂၅ ရက်နေ့တွင် ၄၆၀၀/- ကျပ်နှင့် ၁၆.၂.၂၀၂၅ ရက်နေ့တွင် ၄၆၃၀/- ကျပ် ဈေးများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။ ယခုလိုပဲစင်းငုံဈေးများ အဝင်လှိုင် အဝင်ဖြိုင်ပြီး ဈေးမရိုင်ဘဲ ဈေးခိုင်လာတာနဲ့ပတ်သက်လို့ အရောင်းအဝယ်ပွဲရုံတစ်ခုမှ အရောင်းတောင်သူတစ်ဦးကို မေးမြန်းကြည့်ရာမှာတော့ လက်ရှိဈေး သည် မနှစ်ကဒီလိုအချိန် ၆၀၀၀/- ကျပ်ဈေးရှိသည့်အတွက် တောင်သူကြိုက်ဈေးတော့ မဟုတ် သေးဘဲ လိုအပ်လို့သာလာရောက်ရောင်းချရတာဖြစ်ပါကြောင်း မနှစ်ကဈေးတော့ မမီသေးသည့် အတွက် လိုအပ်တာထက် မလိုအပ်ရင်ပိုမရောင်းဘဲ ထိန်းသိမ်းထားမည်ဆိုက ပို၍ပင်ဈေးရနိုင် ကြောင်း သိရသည်။         

DOCA(မန္တလေး)

မြင်းခြံမြို့ရဲ့ ပဲသီးတောင့်ရှည်

          မြင်းခြံမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများနှင့် တောင်သူများသည် မိမိတို့ အိမ်ခြံဝန်းအတွင်းသော်လည်းကောင်း၊ ယာမြေများ၌ အဓိကစိုက်ပျိုးသည့်ရာသီ သီးနှံအပြင် မြေနေရာလွတ်များတွင်ဖြစ်စေ၊ လယ်ယာမြေကန်သင်ရိုးများတွင်ဖြစ်စေ အပိုဝင်ငွေရရှိနိုင်သည့် သီးပင်စားပင်များကိုလည်းစိုက်ပျိုးကြရာ စားဖိုဆောင်သီးနှံဖြစ်သော ပဲသီးတောင့်ရှည်ကိုလည်း တိုင်ထောင်၍ အများအပြားစိုက်ပျိုးကြကြောင်း သိရသည်။ တိုင်ထောင်၍ စိုက်ပျိုးရသော ပဲသီး တောင့်ရှည်မှာ ဆောင်းရာသီဖြစ်သော ဇန္နဝါရီလတွင် စတင်ခူးဆွတ်ရောင်းချရကြောင်း ၊ မြင်းခြံမြို့ ပေါ်ရှိ မြို့မစည်ပင်သာယာဈေး၊ အေးမြသီတာဈေးနှင့်စံပြဈေးတို့တွင် စိုက်ပျိုးသူများမှ ကိုယ်တိုင် ဖြစ်စေ  ဖောက်သည်ပေး၍ဖြစ်စေ နှစ်စဉ်စိုက်ပျိုးရောင်းချကြကြောင်း သိရသည်။

          ပဲသီးတောင့်ရှည်မှာ အတို့အမြှုပ်အဖြစ်လည်းကောင်း၊ ကြော်စားချက်စား၍သော်လည်း ကောင်း၊ သုပ်စား၍သော်လည်းကောင်း အမျိုးမျိုးပြုလုပ်စားသုံးကြပြီး လူအများကြိုက်နှစ်သက် သော သီးနှံတစ်မျိုးဖြစ်ပါသည်။ နံနက်ခင်းအစောပိုင်းတွင် ကျေးရွာသူကျေးရွာသားများက ဆိုင်ကယ်များဖြင့် တနိုင်တပိုင်တင်ကာ မြင်းခြံမြို့ပေါ်ရှိ ဈေးများသို့လာရောက်ပို့ဆောင်ရောင်းချ ကြောင်း ၊ ဇန္နဝါရီလတွင် ပဲသီးတောင့်ရှည်ဈေးနှုန်းမှာ တစ်ပိဿာလျှင် ( ၄၀၀၀) ကျပ်ဈေး ဖြစ်ပြီး၊ ယခု ဖေဖော်ဝါရီလဒုတိယပတ်တွင် ပဲသီးတောင့်ရှည် တစ်ပိဿာလျှင်  ( ၃၀၀၀) ကျပ်ဈေး ဖြစ်ပြီး ဖြိုင်ဖြိုင်ပေါ်လာပြီဖြစ်သောကြောင့် ဈေးအနည်းငယ်ကျသွားခြင်းဖြစ်ပါကြောင်း သိရသည်။

DOCA(မန္တလေး)

 

အစေ့ထုတ်ပြောင်းများ ဈေးကွက်သို့စတင်ဝင်ရောက်လာ

မြင်းခြံမြို့နယ်တွင် အစေ့ထုတ်ပြောင်းစိုက်ဧက(၉၄၀၀)ဧက စိုက်ပျိုးထားကြောင်း သက်ဆိုင် ရာ မြေစာရင်းဦးစီးဌာနမှ သိရသည်။ ခရိုင်ချုပ်စိုက်ပျိုးမှုအနေဖြင့် (၁၀၇၀၄) ဧကရှိပြီး ၊ နွားထိုးကြီး (၅၈၁)ဧကနှင့် တောင်သာ(၇၀၀)ဧက စိုက်ပျိုးထားကြောင်းလည်းသိရသည်။ ယခုနှစ်ရာသီ အစေ့ ထုတ်ပြောင်းစိုက်ပျိုးထုတ်လုပ်မှုလျော့နည်းမှုရှိကြောင်း မနှစ်ကဖြစ်ပေါ်ခဲ့သော အစေ့ထုတ်ပြောင်း ဈေးနှုန်းသည် ရာသီကုန်ပိတ်ဈေး တစ်ပိဿာ ၁၃၀၀/-ကျပ် နှင့် ၁၄၀၀/-ကျပ် ရှိခဲ့သည့်အတွက် အချို့တောင်သူများ ဆေးရွက်ကြီးများပြောင်းလဲစိုက်ပျိုးကြကြောင်းသိရသည့် အစိုက်လျော့၊ အထွက်လည်းလျော့သည်ဟုသိရသည်။ လက်တစ်လောအနေအထားအရ မြို့ပေါ်ဈေးကွက်သို့  အစောစိုက်အစေ့ထုတ်ပြောင်းများ ဝင်ရောက်လာကြောင်း တစ်ပိဿာဈေးနှုန်း ၁၆၀၀/- ကျပ်နှင့် ၁၇၀၀/-ကျပ်ဈေးနှုန်းရှိပြီး မြို့ပေါ်လက်လီပြန်ရောင်းချသူများနှင့်သာ အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်းသိရသည်။ ဈေးကွက်အတွင်းသို့ အစေ့ထုတ်ပြောင်းများ လှိုင်လှိုင်ဝင်ရောက်လာပါက ဈေးနှုန်းအနည်းအငယ်အပြောင်းအလဲရှိနိုင်သည်ဟု လုပ်ငန်းရှင်တစ်ဦးထံမှသိရသည်။

DOCA(မန္တလေး)

 

 

မြင်းခြံ ပဲပုပ်ဈေးကွက်

မြင်းခြံမြို့နယ်အနေဖြင့် ပဲပုပ်ကို မြစ်ရေဝင်အရပ် (ကျွန်းအရပ်)များတွင် အများဆုံးစိုက်ပျိုး ကြသည်။ ပဲပုပ်သီးနှံသည် ကုန်ကျစရိတ်အားဖြင့် တစ်ဧက ၅၀၀၀၀၀/- ကျပ်နှင့် ၆၀၀၀၀၀/- ကျပ် အကြားတွင် ကုန်ကျစရိတ်ရှိကြောင်းသိရသည်။ မိုးလေမှန်ကန်ပါက တစ်ဧကလျှင် တင်း ၁၅ (ပိဿာ ၃၀၀) ခန့်ထွက်ရှိသည့်အတွက် တစ်ပိဿာ ထုတ်လုပ်မှုစရိတ် ၁၆၅၀/-ကျပ်နှင့် ၂၀၀၀/- ကျပ် သာကုန်ကျစရိတ်ရှိပြီး စိုက်ပျိုးစရိတ်သက်သာသော သီးနှံတစ်ခုပင်ဖြစ်တယ်လို့ တလုပ် ကျေးရွာ ပဲပုပ်စိုက်ပျိုးသူတစ်ဦးထံမှသိရသည်။ ယနေ့ဆိုလျှင် မြင်းခြံဈေးကွက်အတွင်းသို့ ပဲပုပ်စေ့ များ ဝင်ရောက်ရောင်းဝယ်နေသည်မှာ တစ်ပတ်ခန့်ပင်ရှိသွားပြီဟု သိရသည်။ ကုန်ချိန်အဝင် အားဖြင့် အိတ်ရေ ၃၅၀ နှင့် ၄၀၀ အကြား (ပိဿာ ၁၀၅၀၀ နှင့် ၁၂၀၀၀ ) အဝင်ရှိပြီး တစ်ပိဿာ ၅၇၆၀/- ကျပ် ဈေးရှိကြောင်း တလုပ် ၊ ဆင်ချောင်း ၊ နယ်ကြား ၊ လင့်ကြီး ၊ ဒါးကျွန်းနှင့် တစ်ခါတစ်ရံ မြစ်တစ်ဘက်ကမ်း လှေကုတ်၊ ရေရှား ၊ နေရင်း နှင့်ပေါက်တောကျေးရွာများမှလည်း လာရောက် ရောင်းချကြောင်းသိရသည်။ ဈေးကွက်စီးဆင်းမှုအနေဖြင့် လတ်တလော မြို့ပေါ်ဝယ်လက် လက်လီ သမားအဝယ်နှင့် ပဲပုပ်ပြား (ပဲငပိ) လုပ်ငန်းရှင်များ အဝယ်ရှိပြီး နယ်ဈေးကွက်ကိုတော့ တင်ပို့နိုင် ခြင်းမရှိသေးကြောင်းသိရသည်။ ပဲပုပ်သီးနှံသည် ပိုးဖောက်အလေအလွင့်မရှိ အရည်အသွေး မကျ သည့်အတွက် ထိန်သိမ်းသိုလှောင်မည်ဆိုက သင့်လျော်မှုရှိကြောင်း မနှစ်ရာသီ ပဲပုပ်ရာသီကုန် အပိတ်ဈေးသည် တစ်ပိဿာ ၉၀၀၀/- ကျပ်ထိရှိခဲ့သည့်အတွက် လက်ရှိဖြစ်ပေါ်နေသောဈေးထက် ဈေးတက်ဖွယ်ရှိကြောင်း ကုန်သည်လုပ်ငန်းရှင်တစ်ဦး၏ ပြောကြားမှုအရသိရသည်။

DOCA(မန္တလေး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း