Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တောင်ငူမြို့ဈေးများရှိ ဝဥဈေးနှုန်း

     ဝဥအပင်သည် သဘာဝအလျောက် ပေါက်ရောက်ဖြစ်ထွန်းပြီး အအေးပိုင်းဒေသများနှင့် တောင်ပေါ်ဒေသများတွင် ဖြစ်ထွန်းသော အပင်တစ်မျိုးဖြစ်သည်။ ဝဥအပင်သည် စိုက်ပျိုးရ လွယ်ကူသော အပင်တစ်မျိုးဖြစ်သည်။

    ယခုအခါ အထက်တောင်ပေါ်ဒေသဖြစ်သော ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသမှ   ထွက်ရှိသော ဝဥကို ကုန်ကြမ်းအဖြစ်မှ အသင့်စားသုံးနိုင်သော အဆင့်ရောက်အောင် အချောပြုလုပ်ပြီး တောင်ငူမြို့ညောင်ပင်လေးဈေးရှိ ကုန်စိမ်းဒိုင်များသို့ တင်ပို့ရောင်းချလျက်ရှိပါသည်။

     ဝဥကို အသုတ်စုံများ ပြုလုပ်ရာတွင် အများဆုံး ထည့်သွင်းအသုံးပြုသည်။ ထို့ပြင် ဟင်းချက်စားခြင်းဖြင့်လည်း စားသုံးကြသေးသည်။

        ဝဥ ဈေးနှုန်းမှာ ယခင်လ နှင့် ယခု အောက်တိုဘာလ တတိယ အပါတ်အထိ ဈေးနှုန်းမှာ ပြောင်းလဲမှုင မရှိပဲ ဝဥ ၂၅ ကျပ်သား လျှင် ၁၅၀၀ ကျပ် ၊ တစ်ပိဿာလျှင် ၅၅၀၀ ကျပ် ရှိပြီး အရောင်းအဝယ်မှာ ပုံမှန်အတိုင်းရောင်းရကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)             

ဘူးပင်းစိုက်ပျိုး ဝင်ငွေတိုး

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်၌ မြို့ပေါ်ရပ်ကွက်များနှင့် နတ်ပေး ကျေးရွာတွင် ဘူးပင်များစိုက်ပျိုးရောင်းချပြီး မိသားစုဝင်ငွေများ ရရှိလျက်ရှိကြောင်း၊ ဘူးပင်သည် ပူနွေးသော ရာသီဥတုကို ကြိုက်နှစ်သက်ပြီး အအေးဒဏ်ကို အသင့်အတင့်ခံနိုင်ရည်ရှိကြောင်း၊ ပုံသဏ္ဍန်ကိုလိုက်၍ ဘူးသပိတ်၊  ဘူးရှည်နှင့် ဘူးရေမှုတ်ဟူ၍ အမျိုးမျိုးရှိကြောင်း သိရှိရသည်။

        ကန့်ဘလူမြို့နယ်တွင် ဘူးပင်ကိုမိသားစုတစ်နိုင်တစ်ပိုင် စိုက်ပျိုးကြကြောင်း၊ ဈေးကွက် အနေဖြင့် ဘူးသီးများကို ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိရာ အောက်တိုဘာလ တတိယ ပတ်တွင် ဘူးသီးအကြီးတစ်လုံးလျှင် (၃၀၀၀)ကျပ်၊ အသေးတစ်လုံးလျှင် (၂၀၀၀)ကျပ်နှင့် ဘူးသီး() စိတ်လျှင် (၅၀၀မှ ၁၀၀၀)ကျပ်ဖြင့်လည်းကောင်း၊ ဘူးညွှန့်()စီးလျှင် (၅၀၀)ကျပ်နှင့် ()စည်းလျှင် (၂၀၀၀)ကျပ်ဖြင့်ရောင်းချရကြောင်း၊ ဘူးသီးကို အကြော်ဆိုင်များမှ အဓိကဝယ်ယူပြီး စားသောက် ဆိုင်များနှင့် ထမင်းဆိုင်များကလည်း ဝယ်ယူကြောင်း ကုန်စိမ်းရောင်းချသည့် လုပ်ငန်းရှင်ထံမှ သတင်းရရှိပါသည်။

DOCA (စစ်ကိုင်း)

ရွှေတောင်ဒေသထွက် ဝါးဥ ဈေးကွက်

      ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်၊ ဆင်မြီးဆွဲအုပ်စု၊ ညောင်ဝိုင်းရွာသစ်ရှိ တောင်သူ ဦးမျိုးအောင်၏ ဝါးဥစိုက်ခင်းသို့ (၁၃.၁၀.၂၀၂၅)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီတွင် သွားရောက် ကွင်းဆင်းလေ့လာခဲ့ပါသည်။ ဝါးဥများမှ ဝါးဥသေးလေးများကိုချိုး၍ ပြန်ပျိုးထောင်ပြီး အပင်ထွက် လာမှ ပြန်ပြီး စိုက်ပျိုးရပါသည်။ အတောင်ရေ (၁၅၀)ရှိသော မြောင်း (၁၀)မြောင်းရှိပါသည်။ စိုက်ဧကမှာ တစ်ယောက်စိုက်ရှိပြီး မိုးဦးကျဖြစ်သော နယုန်လမှာ စတင်စိုက်ပျိုးပြီး သီတင်းကျွတ် လတွင် စတင်တူးဖေါ်ရပါသည်။ အလုပ်သမားအနည်းအများပေါ်မူတည်၍ တစ်နေကုန်တူးဖေါ်ရ ပါသည်။ ဝါးဥပိဿာချိန် (၁၅၀)ကျော်ထွက်ရှိပါသည်။ ဝါးဥအသေးအကြီးပေါ်မူတည်ပြီး သောင်းပြောင်း (၁)ပိဿာ(၂၀၀၀)ကျပ်ရောင်းရပြီး အကြီး (၁)ပိဿာ (၃၀၀၀)ကျပ်ရောင်းချရပါသည်။ ညောင်ဝိုင်းဒိုင်မှ လာရောက်ဝယ်ယူကြပြီး နယ်ပေါင်းစုံသို့တင်ပို့ရောင်းချရပါသည်။ စတင်စိုက်ပျိုးချိန်မှ ခူးဆွတ်ချိန်အထိ စုစုပေါင်းကုန်ကျငွေ (၁)သိန်းခွဲကုန်ကျပြီး အကျိုးအမြတ် (၁)သိန်းကျော်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)   

ရွှေတောင်ဒေသထွက် တိုင်ထောင်ပဲ

       ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်၊ မီးလောင်အုပ်စု၊ အင်္ဂလှိုင်ဂန်ကျေးရွာရှိ တောင်သူ ဦးတင်အောင်၏ တိုင်ထောင်ပဲစိုက်ခင်းသို့ (၁၃.၁၀.၂၀၂၅)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီတွင် သွားရောက် ကွင်းဆင်းလေ့လာခဲ့ပါသည်။ မြားနီမျိုးဖြစ်သော တိုင်ထောင်ပဲများကို စက်တင်ဘာလအတွင်း စတင်စိုက်ပျိုး၍ အောက်တိုဘာ၊ ဒုတိယပတ်တွင် စတင်ခူးဆွတ်ရပါသည်။ စိုက်ဧက(၁) ယောက်စိုက်ဖြစ်ပြီး တိုင်အရေအတွက်မှာ ၅၀၀ ကျော်ရှိပါသည်။ တစ်ခါခူးဆွတ်လျှင် အတောင့် ၃၅၀၀ ကျော် ခူးဆွတ်ရောင်းချရပါသည်။ ရွာမှ ပွဲစားများမှ တစ်ထောင့်လျှင် (၁၀)ကျပ်နှုန်းဖြင့် လာရောက်ဝယ်ယူပြီး ရန်ကုန်မြို့သို့ တင်ပို့ရောင်းချကြပါသည်။ စတင်စိုက်ပျိုးချိန်မှ ခူးဆွတ်ချိန်ထိ စုစုပေါင်း ကုန်ကျစရိတ်မှာ (၃)သိန်းခန့်ရှိပြီး အကျိုးအမြတ်မှာ ခန့်မှန်း(၆)သိန်းကျော်ရရှိနိုင်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)                                

ပြည်မြို့တွင် ဂွေးချိုသီးများ အရောင်းသွက်

      ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်အတွင်း ပျဉ်းပင်ကိုင်းကျေးရွာတွင် ဥယျာဉ်ခြံမြေလုပ်ကိုင် သူများသည် နှစ်ရှည်သီးနှံပင်များနှင့် ရာသီပေါ်သီးနှံများအကြားတွင် သီးညှပ်ပင်အဖြစ် ဂွေးချိုသီး ပင်များ စိုက်ပျိုးလျက်ရှိကြပါသည်။စိုက်ပျိုးရရှိသော ဂွေးချိုသီးများကို ပြည်မြို့ပေါ်ရှိ ဈေးများတွင် လာရောက်ရောင်းချကြောင်းသိရပါသည်။ ဂွေးချိုသီးပင်များသည် ရေခံ၊ မြေခံကောင်းသော နေရာ များတွင်သာ စိုက်ပျိုးဖြစ်ထွန်းကြပါသည်။ ဂွေးချိုသီးပင်သည် ရာသီမရွေး အသီးသီးသော အပင်တစ်မျိုး ဖြစ်ပါသည်။ ဂွေးချိုသီးပင်သည် စိုက်ပျိုးရာတွင် မြေဩဇာပေး၍ စနစ်တကျ ပျိုးထောင်ရခြင်း၊ ရေကို လုံလောက်စွာပေး၍ စိုက်ပျိုးရကြောင်း သိရှိရပါသည်။

          ပြည်မြို့၊ ပျဉ်းပင်ကိုင်းကျေးရွာမှ စိုက်ပျိုးရရှိသော ဂွေးချိုသီးများကို ပြည်မြို့ပေါ်ရှိ ဈေးများ တွင် လာရောက်ရောင်းချလျက်ရှိပြီး ဂွေးချိုသီး (၁)လုံးလျှင် အလုံးအရွယ်အစားပေါ်မူတည်ပြီး (၁၅၀ - ၃၀၀)ကျပ်အထိ ရောင်းချလျက်ရှိရာ မိသားစု စားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိကြောင်း သိရသည်။

DOCA(ပဲခူး)                                                                                         

 

မိသားစုတစ်နိုင်တစ်ပိုင် ကောက်ရိုးမှိုစိုက်ပျိုးရေးလုပ်ငန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ အမှတ်(၂)ရပ်ကွက်တွင် တစ်နိုင်တစ်ပိုင်ကောက်ရိုးမှို စိုက်ပျိုးခြင်းဖြင့် တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေရရှိနေကြောင်း၊ ထိုသို့ကောက်ရိုးမှိုစိုက်ပျိုး ရာတွင် ၆ပေ ၃ပေရှိ မှိုတစ်ဘောင်ကို မှိုမျိုးစေ့ထုတ်(၄)ထုတ်နှင့် ကုန်ကြမ်းပစ္စည်းများဖြစ်သည့် ထုံး အနည်းငယ်၊ ဂျပ်စက္ကူ(၁၀)ပိဿာခန့်၊ ဖွဲနု၊ နွားချေး (၃)အိတ်၊ ဝါး၊ ဗေဒါပင်နှင့် ကောက်ရိုးတို့အသုံး ပြုရကြောင်း၊ (၁၀)ရက်မြောက်နေ့မှာတော့ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကွက်ဝင်တဲ့ မှိုတွေကို နှုတ်ယူရောင်းချနိုင်ပါကြောင်း၊ ကိုယ့်မိသားစုအတွက်လည်း ဟင်းတစ်ခွက်ဖြစ်တာကြောင့် အိမ်ခြံဝင်းကျယ်ပြီး မြေပိုရှိတဲ့ သူတွေအနေနဲ့ ကောက်ရိုးမှိုကို စီးပွားဖြစ်မဟုတ်တောင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးသင့်ကြောင်း သိရသည်။

   ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင်ကောက်ရိုးမှိုတစ်ပိဿာလျှင် လက်လီဈေး(၉၀၀၀)ကျပ်၊ လက်ကားဈေး (၈၅၀၀)ကျပ်နှင့် (၅၀)ကျပ်သားလျှင် (၄၃၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျှက်ရှိကြောင်း စိုက်ပျိုးသူဦးဝင်းဦးထံမှ သိရှိရပါသည်။

DOCA (စစ်ကိုင်း)

 

 

ပြည်မြို့၊ မြို့မစည်ပင်သာယာဈေးရှိ ငရုတ်သီးစိမ်း ဈေးနှုန်း

        ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့၊ မြို့မစည်ပင်သာယာဈေးကြီး၌ ရာသီပေါ် သီးနှံများ ဖြစ်ကြသည့် ခရမ်းသီး၊ ပဲတောင့်ရှည်သီး၊ ရုံးပတီသီး၊ မုန်လာဥ၊ ပန်းဂေါ်ဖီ၊ ခါကြက်ဥ၊ ဂေါ်ရခါးသီးအပြင် ငရုတ်သီးစိမ်းများ ရောင်းချလျက်ရှိပြီး စားသုံးသူများ၊ စားသောက်ဆိုင်များနှင့် ထမင်းဆိုင်များမှ နေ့စဉ် ဝယ်ယူလျက်ရှိကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ၊ ဒုတိယပတ်အတွင်း ငရုတ်သီးစိမ်းဈေးနှုန်းများမှာ လက်လီ (၁)ပိဿာလျှင် (၃၅၀၀)၊ လက်ကား(၁)ပိဿာလျှင် (၃၃၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ငရုတ်သီးစိမ်းကို မြို့ပေါ်ရပ်ကွက်များနှင့် ပြည်မြို့နယ်အတွင်းရှိ ကျေးရွာများမှ လာရောက် ရောင်းချကြောင်း သိရသည်။

DOCA(ပဲခူး)                                

ပြည်ငွေနှင်းမှုန်မှို ဈေးကွက်

     ပြည်ဈေးကွက်အတွင်း ငွေနှင်းမှုန်မှိုသည် တစ်နှစ်ပတ်လုံးထွက်ရှိသည့် မှိုအမျိုးအစားဖြစ်ပြီး ပြည်မြို့ပေါ် ရပ်ကွက်အစုံနှင့် နယ်ဘက်၊ ရွာဘက်နေရာစုံတို့တွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုး ရောင်းချကြကြောင်း သိရှိရသည်။ ပြည်လက်လီဈေးများသို့ တစ်ပတ်လျှင် နေ့စဉ် (၈)ပိဿာ၊ အချိန် (၂၀)ခန့်အဝင်ရှိပြီး ဈေးကွက်အတွင်း အဝင်ရှိသလောက် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။ ငွေနှင်းမှုန်မှိုကို ကန်စွန်းရွက်နှင့်ရော၍ ကြော်စားခြင်းဖြင့်လည်းကောင်း၊ ငရုတ်သီးစိမ်း၊  မျှင်ငပိနှင့် အစပ်ဟင်းချက်၍လည်းကောင်း၊ ချက်ပြုတ်စားသောက်ကြပြီး သတ်သတ်လွတ်သမားများ အတွက်လည်း အကြိုက်တွေ့စေမဲ့ဟင်းလျာတစ်မျိုးဖြစ်ပါသည်။ ဈေးနှုန်းများမှာ ငွေနှင်းမှုန်မှို (၁၀)ကျပ်သားလျှင် ယခင်နှစ်တွင် (၆၀၀ - ၈၀၀)ကျပ်နှုန်းမှ ယခုနှစ်တွင် ကျပ် (၁၀၀၀-၁၂၀၀)နှုန်းဖြင့် ရောင်းချကြောင်း သိရပါသည်။

DOCA(ပဲခူး)                                         

ကန့်ဘလူမြို့၏ ဒေသထွက် ငါးရံ့ခြောက်နှင့် ဆည်ပုဇွန်ခြောက်ဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့၊ မြို့မဈေးတွင် အသားငါးအမျိုးစုံအပြင် ရေထွက် ကုန်ပစ္စည်းဖြစ်သော ငါးရံ့ခြောက်နှင့် ပုဇွန်ခြောက်များကိုလည်း ရောင်းချလျက်ရှိပါသည်။ ယခုအခါ  ငါးရံ့ခြောက်နှင့် ပုဇွန်ခြောက်များကို  ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်အတွင်းရှိဆည်များမှ ဝင်ရောက်လျက်ရှိပြီး ငါးရံ့ခြောက်နှင့် ပုဇွန်ခြောက်များကို ဒေသထွက်ကုန်တစ်ခုအနေဖြင့်ထုတ်လုပ် ရောင်းချလျက်ရှိပါသည်။ ငါးရံ့ခြောက်နှင့် ပုဇွန်ခြောက်များကို အသိမိတ်ဆွေများအားလက် ဆောင်ပေးခြင်းအတွက်သော်လည်းကောင်း၊ ကိုယ်တိုင်စားသုံးရန်အတွက်သော်လည်းကောင်းဝယ် ယူကြကြောင်း၊ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ တတိယပတ်အတွင်း ရောင်းချလျက်ရှိသော ငါးရံ့ ခြောက်နှင့် ပုဇွန်ခြောက်ဈေးနှုန်းများမှာ ငါးရံ့ခြောက်(၁)ပိဿာလျှင်(၆၅၀၀၀)ကျပ်၊ ငါးရံ့ခြောက် (၅၀)ကျပ်သားလျှင် (၃၃၀၀၀)ကျပ်၊ ငါးရံ့ခြောက်(၂၅)ကျပ်သားလျှင် (၁၆၅၀၀)ကျပ်နှင့် ပုဇွန် ခြောက်အသေး (၁)ဘူးလျှင်(၂၅၀၀)ကျပ်၊ ပုဇွန်ခြောက်အသေး(၁)ပြည်လျှင်(၂၀၀၀၀)ကျပ်၊ ပုဇွန် ခြောက်အကြီး(၁)ဘူးလျှင် (၄၅၀၀)ကျပ်၊ ပုဇွန်ခြောက်အကြီး(၁)ပြည်လျှင် (၃၆၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငါး၊ ပုဇွန်ရောင်းဝယ်ရေးလုပ်ငန်းရှင်ထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့၌ ရောင်းချနေသော အသားတုနှင့် ကြွက်နားရွက်မှိုခြောက်ဈေးနှုန်း

     စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အနေဖြင့်ဒေသ တွင်းစိုက်ပျိုးထွက်ရှိသည့် သီးနှံဈေးနှုန်းများ၊ ရာသီပေါ်အစားအစာများ၏ ဈေးနှုန်း၊ဈေးကွက်အ ခြေအနေတို့အား ရေးသားတင်ပြလျက်ရှိရာ ယခုအခါ ကန့်ဘလူမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသည့် အသားတုနှင့် ကြွက်နားရွက်မှိုခြောက်တို့ကို  ရွှေဘိုမြို့ရှိ လက္ကားဆိုင်များမှ ဝယ်ယူရောင်းချကြောင်း သိရသည်။

     ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ တတိယပတ်တွင် ရောင်းချနေသော အသားတုနှင့် ကြွက်နားရွက်မှိုခြောက်ဈေးနှုန်းတို့မှာ အသားတု()ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၀၀၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင်(၂၀၀၀)ကျပ်၊ ကြွက်နားရွက်မှိုခြောက်()ပိဿာလျှင် (၅၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၂၅၀၀၀)ကျပ်နှင့် (၁၀)ကျပ်သားလျှင်(၅၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ အသားတုနှင့် ကြွက်နားရွက်မှိုခြောက်များကို ကြာဇံချက်ဆိုင်များ၊ အကင်ဆိုင်များနှင့် တုတ်ထိုးဆိုင်များမှ အများဆုံးဝယ်ယူကြသဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း ကုန်စုံဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း