Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပြည်ခရိုင်၏ တန်ဖိုးမြှင့်ထုတ်ကုန် MSME လုပ်ငန်းများ

          မြန်မာနိုင်ငံအနေဖြင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် စားသုံးဆီ ထုတ်လုပ်မှု၊ ဆန်နှင့်ဆန်ကွဲကို အခြေခံသည့် ထုတ်လုပ်မှု၊ ပီလောပီနံကို  အခြေခံသည့်ထုတ်လုပ်မှု၊ ရာဘာကိုအခြေခံသည့်ထုတ်လုပ်မှု၊ ဝါကိုအခြေခံသည့်ထုတ်လုပ်မှု၊ ကော်ဖီနှင့်လက်ဖက်ကို အခြေခံ သည့် ထုတ်လုပ်မှု့ သစ်၊ ဝါး၊ ကြိမ်များကို အခြေခံသည့်ထုတ်လုပ်မှု့၊ တိရိစ္ဆာန်အစားအစာထုတ်လုပ်မှု့ စသည့်လုပ်ငန်းများစွာရှိပါသည်။

          ပြည်ခရိုင်အနေဖြင့် စားသုံးဆီထုတ်လုပ်မှုမှာ ပဲဆီနှင့် နှမ်းဆီကိုအဓိကထား၍ ကြိတ်ခွဲ ထုတ်လုပ်ကြပါသည်။ ဆီစက်အရေအတွက်မှာ အကြီး၊ အငယ်၊ အလတ် စသည်ဖြင့် ၄၃စက် ရှိပါသည်။ ထိုစက်များမှ ကုန်ကြမ်းပစ္စည်းရလျှင်ရသလို ဆီများကြိတ်ခွဲလည်ပတ်လျှက်ရှိပါသည်။ ထို့အပြင် စွန့်ပစ်ပစ္စည်းဖြစ်သော ဖွဲနုကို တန်ဖိုးမြှင့်ထုတ်ကုန်ဖွဲနုဆီများထုတ်လုပ် ရောင်းချလာ နိုင်မည်ဆိုလျှင်လည်း ပြည်တွင်းစားသုံးဆီအဖြစ် တစ်တောင့်တစ်ရာမှ အထောက် အကူပြု မည်ဖြစ်ပါသည်။ ဆန်နှင့် ဆန်ကွဲကို အခြေခံထုတ်လုပ်သည့် ဆန်မရွေးလုပ်ငန်း (၅)ခုရှိပြီး လိုအပ် သည့် ကုန်ကြမ်းဖြစ်သောဆန်နှင့်ဆန်ကွဲများအား ဆန်စက်များမှဝယ်ယူပြီး သန့်ရှင်းလတ်ဆတ်စွာ ထုတ်လုပ်၍ ဒီထက်မက တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်ရောင်းချနိုင်မည်ဖြစ်ပါသည်။ သစ်၊ဝါး၊ ကြိမ်ကို အခြေခံ၍ထုတ်လုပ်သော လုပ်ငန်းများအနေဖြင့် ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကိုးတွင်းစဉ် ကျေးရွာတွင် ဝါး၊ ကုလားထိုင်ထုတ်လုပ်သည့် လုပ်ငန်းများရှိပြီး လုပ်ငန်းများ ပိုမိုတိုးတက် လာနိုင်လျှင် OROP လုပ်ငန်းများ တိုးတက်လာနိုင်မည်ဖြစ်ပါသည်။ ထို့အပြင် ရွှေတောင်မြို့နယ် အနေဖြင့် OROP လုပ်ငန်းများအနေဖြင့် ရွှေတောင်မြို့၏ မြန်မာ့ရိုးရာ ချည်ထည် လုပ်ငန်းများ ဖြစ်သော စည်းလုံချည်များယက်လုပ်ရန် စက်ယက္ကန်း၊ လက်ယက္ကန်းများထားရှိပြီး ထုတ်လုပ် ရောင်းချကြပါသည်။

          တိရိစ္ဆာန်အစားအစာထုတ်လုပ်သည့် လုပ်ငန်းများအနေဖြင့် ပြည်ခရိုင်၊ ပြည်မြို့ စက်မှုဇုန် တွင် ဗီတာမင်နှင့် ရွှေကြက်ဖစသည့် အစာစပ်စက်ရုံ(၂)ရုံရှိပြီး ထိုစက်ရုံများမှလည်း တိရိစ္ဆန်အစား အစာများကို ထုတ်လုပ်ရောင်းချလျှက်ရှိရာ လိုအပ်သည့် ကုန်ကြမ်းပစ္စည်းဖြစ်သည့် ဆန်ကွဲ၊ ဖွဲနု၊ ပဲဖတ်နှင့် နှမ်းဖတ်များကိုလည်း ဆန်စက်များနှင့် ဆီစက်များမှလည်း ဝယ်ယူကြိတ်ခွဲ ထုတ်လုပ် ရောင်းချကြပါသည်။ ပြည်ခရိုင်အနေဖြင့် လယ်ယာ/ကိုင်းကျွန်းများမှ ထွက်ရှိသော ပဲကြီး၊ ကုလားပဲနှင့် မြေပဲတို့ကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ပဲကြော်လုပ်ငန်း၊ ကုလားပဲကြော်လုပ်ငန်း၊ ကုလားပဲခွဲစက်လုပ်ငန်း၊ မြေပဲလှော်လုပ်ငန်းတို့ဖြင့် ထုတ်လုပ်ရောင်းချလျှက်ရှိပါသည်။ ထိုအပြင် သား၊ ငါးထွက်ကုန်များကိုလည်း ဆီသွတ်ဘူးများထုတ်လုပ်၍ ရောင်းချနိုင်ရေး ဆောင်ရွက် လျှက်ရှိပါသည်။

          ထို့ကြောင့် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးအတွက် လုပ်ငန်းရှင်များ၏ တန်ဖိုးမြှင့် ထုတ်လုပ်ထားသော ထုတ်ကုန်ပစ္စည်းများအားလည်း လူအများသိရှိစေရန်အတွက် ကုန်စည်ပြပွဲ များ၊ ပြိုင်ပွဲများပြုလုပ်၍ ဆုများချီးမြှင့်ပေးခြင်း၊ နည်းပညာများဖြန့်ဝေပေးခြင်း၊ ငွေကြေးဆိုင်ရာ များအား အထောက်အပံ့ပေးခြင်းများပြုလုပ်ခြင်းများအပြင် ဈေးရောင်းပွဲတော်များ၊ ပြပွဲနှင့် ပြိုင်ပွဲများကိုလည်း နိုင်ငံ၏ အထိမ်းအမှတ်နေ့များတွင် ကျင်းပပြုလုပ်ကြပါသည်။ ထိုသို့ MSME ထုတ်ကုန် ပြပွဲနှင့် ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ (၁) တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးရှိ MSME လုပ်ငန်းများပူးပေါင်းဆောင်ရွက်မှု တိုးပွားလာစေပြီး ကုန်ထုတ်လုပ်မှု ကွင်းဆက်တစ်လျှောက် ဒေသတစ်ခု၏ လိုအပ်ချက်ကို အခြားဒေသမှ ဖြည့်ဆည်းလာရန်နှင့် အားသာချက်၊ အားနည်းချက်များကို သိမြင်ဖော်ထုတ်စေရန်၊ (၂)ထုတ်ကုန်ပစ္စည်းများသည် ဈေးနှုန်းတူပါက ပစ္စည်းကောင်းရန်၊ ပစ္စည်းခြင်းတူပါက အရည်အသွေးပိုကောင်းရန် ထုတ်လုပ် သည့်လုပ်ငန်းရှင်များ အနေဖြင့် လိုအပ်ချက်များကို သိမြင်ဆောင်ရွက်လာစေရန်၊ (၃) ဒေသတစ်ခု ထုတ်ကုန်တစ်ခု အစီအမံများအောင်မြင်စေရေးအတွက် အားပေးမြှင့်တင်ရန်၊ (၄) MSME လုပ်ငန်း များ၏ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို စဉ်ဆက်မပြတ် မြှင့်တင်နိုင်စေရန်နှင့် တန်ဖိုးမြှင့် ထုတ်ကုန် အသစ်များကို ပြည်ပသွင်းကုန်အစားထိုးအဖြစ် ပြည်တွင်းမှပိုမိုသုံးစွဲရန်နှင့် ပြည်ပသို့ ဈေးကွက်ချဲ့ ထွင်နိုင်ရန်၊ (၅) MSME လုပ်ငန်းများနှင့် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူများ ပိုမိုချိတ်ဆက်ပူးပေါင်း ဆောင်ရွက်လာစေရန်၊ (၆) ပြည်ထောင်စုအဆင့် အသိအမှတ်ပြု MSME စံပြထုတ်ကုန်ဆုများ ပေးအပ်နိုင်စေရန်နှင့် MSMEလုပ်ငန်းများရေရှည်ရပ်တည်နိုင်ရေး ကူညီပံ့ပိုး ဆောင်ရွက်ပေးရန် တို့ပဲဖြစ်ပါသည်။ ထိုအပြင် စားသုံးသူများသိရှိပြီး ဝယ်ယူစားသုံးမှုများလာလျှင် လုပ်ငန်းရှင်များ အတွက် အကျိုးအမြတ်များပိုမိုဖြစ်ထွန်းလာနိုင်မည်ဖြစ်သလို ပြည်ပနိုင်ငံများ သို့လည်း ဈေးကွက် ထိုးဖောက် ဝင်ရောက်လာနိုင်လျှင်လည်း ပြည်ပဝင်ငွေများရရှိလာနိုင်မည်ကို ရည်ရွယ်၍ အသေးစား၊ အငယ်စား၊ အလတ်စား MSME လုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက် အောင်‌ဆောင်ရွက်နေပါသည်။ စားသောက်ကုန်သာမဟုတ်ဘဲ တန်ဖိုးမြှင့်ထုတ်ကုန် သစ်ဝါးများကို အခြေခံ၍ ထုတ်လုပ်ထားသော ပန်းပုပညာလက်ရာများကိုလည်း ပြည်ပပို့ကုန်အဖြစ် တင်ပို့ရောင်းချနိုင်လျှင်လည်း နိုင်ငံတော် အတွက် ပြည်ပဝင်ငွေများရရှိနိုင်မည်ဖြစ်ပါသည်။

DOCA(ပဲခူး)

ပြည်ပဲနီပြားသစ်များ အဝင်ရှိလာပြီး ဈေးကောင်းရလျက်ရှိ

           ပြည်ပဲဈေးကွက်အတွင်း ဆောင်းပဲသစ်များ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ပဲနီပြားသီးနှံသစ်များလည်းဝင်းရောက်လာပြီဖြစ်ပါသည်။ ပဲစတင်ပေါ်စအချိန်ဖြစ်သည့်အတွက် တစ်ရက် အိတ် (၂၀/၃၀) ကျော်ဝင်ရောက်မှုရှိပြီး လက်လီသမားများသာ ဝယ်ယူမှုရှိကြပါသည်။ ပဲအထွက်လှိုင်ချိန် ပဲဝင်ရောက်မှုများချိန်တွင် လက်လီ၊ လက်ကားအဝယ်ရှိကြပြီး လှောင်သမားများလည်း ဝယ်ယူသည် ဟုသိရပါသည်။ ပဲနီပြားသီးနှံဈေးမှာ တစ်တင်းလျှင် (၁၅၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ် နေသည့်အတွက် ပဲဈေးကွက်အတွင်း ဈေးကောင်းရနေသည့် သီးနှံဖြစ်ခဲ့ပါသည်။ ပဲနီပြားသီးနှံသည် ယခင် ၂၀၂၄ခုနှစ် အတွင်းတွင်လည်း ပဲဈေးကွက်မှာ ပြည်ပဝယ်လိုအားများသော မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံသီးနှံများထက် ဈေးတက်နေခဲ့ပြီး ယခုနှစ်တွင်လည်း အဆိုပါပဲများထက် ဈေးဆက်လက်တက်နေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်မိုးစပါးဈေးကျဆင်း

           ပြည်ခရိုင်၊ ပြည်မြို့၏ ယခုတပတ် မိုးစပါးဈေးနှုန်းမှာ ဈေးနှုန်းကျဆင်းလာပါသည်။ ပြည်ပသို့ ဆန်တင်ပို့မှုနည်းသောကြောင့်ဟု သိရှိရ၍ ယခင်အပတ်၌ မှော်ဘီစပါးမှာ တစ်တင်းလျှင် (၂၀၀၀၀-၂၁၀၀၀)ကျပ်ဖြစ်၍ ယခုအပတ်တွင် တစ်တင်းလျှင် (၁၉၀၀၀)ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်ကြောင်း သိရှိရပါသည်။ ယခုအပတ်တွင် ဧည့်မထ အုပ်စုဝင်စပါးဈေးနှုန်းများမှာ ငွေတိုး တစ်တင်းလျှင် (၁၇၅၀၀)ကျပ်၊ နှံကောက် တစ်တင်းလျှင် (၁၉၀၀၀)ကျပ်၊ ကရင်မ တစ်တင်းလျှင် (၁၈၅၀၀)ကျပ်၊ ဆင်းသုခ တစ်တင်းလျှင် (၁၈၅၀၀)ကျပ်၊ ရတနာတိုး တစ်တင်းလျှင် (၁၈၅၀၀)ကျပ်၊ မှော်ဘီ တစ်တင်းလျှင် (၁၉၀၀၀)ကျပ်ဈေးတို့ဖြင့် အရောင်းအဝယ်ဖြစ်၍ ဗီယမ်နမ်စပါးနှင့် GW 11 စပါးဈေး မှာ တစ်တင်းလျှင် (၁၈၀၀၀-၁၈၅၀၀)ကျပ်ဈေးဖြစ်ကြောင်း သိရှိရပါသည်။ ဆန်ဈေးနှုန်းမှာ တည်ငြိမ်၍ မှော်ဘီဆန်(၂၄)ပြည် တစ်အိတ်လျှင် (၇၅၀၀၀)ကျပ်၊ ဗီယမ်နမ်ဆန်(၂၄)ပြည် တစ်အိတ်လျှင် (၇၂၀၀၀)ကျပ်တို့ဖြစ်ပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ခရိုင်၏စပါး/ ဆန်ဈေးနှုန်းနှင့်တင်ပို့နိုင်မှု

          ပြည်ဈေးကွက်အတွင်းအရောင်းအဝယ်ဖြစ်နေသော စပါးအမျိုးအစားများမှာ မှော်ဘီစပါး စပါး(၄၀)ပေါင် တင်း(၁၀၀)လျှင် (၁၈၄၀၀၀၀)ကျပ်၊ ရတနာတိုး (၄၆)ပေါင် တင်း(၁၀၀) လျှင်(၁၆၅၆၀၀၀)ကျပ်၊ ကရင်မစပါးမှာ (၁၇၄၈၀၀၀)လျှင် နှံကောင်စပါးမှာ (၁၅၆၄၀၀၀) ကျပ်ဈေးဖြင့် အရောင်းအဝယ်ရှိပါသည်။

            ဆန်ဈေးများအနေဖြင့် ရတနာတိုးဆန်သစ်တစ်အိတ်လျှင် (၆၅၀၀၀)ကျပ်၊ မှော်ဘီဆန် (၁၅)မှတ်ဆန်တစ်အိတ်လျှင် (၈၀၀၀၀)ကျပ်၊ မှော်ဘီ (၂၅)မှတ်ဆန်တစ်အိတ်လျှင် (၇၀၀၀၀)ကျပ်၊ နှံကောင်ဆန်သစ် တစ်အိတ်လျှင် (၇၂၀၀၀)ကျပ်၊ ကရင်မဆန်တစ်အိတ်လျှင် (၇၀၀၀၀)ကျပ်၊ ဆင်းသွယ်တစ်အိတ်လျှင် (၇၃၀၀၀)ကျပ်၊ ရိုးနီသစ်တစ်အိတ်လျှင် (၁၀၀၀၀၀)ကျပ်၊ မနောသုခ (အသစ်)တစ်အိတ်လျှင် (၆၉၀၀၀)ကျပ်ဖြင့် ဈေးကွက်အတွင်းအရောင်းအဝယ်ရှိပါသည်။ ဆန်စီး ဆင်းမှုအနေဖြင့် ပြည်ခရိုင်မှ ရန်ကုန်သို့ တစ်ပတ်လျှင် အိတ်ရေ (၂၀၀၀)ခန့်တင်ပို့မှုရှိပြီး၊ မကွေးတိုင်းဒေသကြီးသို့တစ်ပတ်လျှင် အိတ်(၅၀၀၀)ခန့်စီးထွက်မှုရှိပြီး ပေါ်ဆန်းဧရာပဒေသာ၊ ပခမ်းဆန်များမှာတော့ ဧရာဝတီတိုင်းဒေသကြီး မှစီးဝင်မှုရှိပါသည်။ ဧရာဝတီတိုင်းမှ ပြည်သို့ တစ်ပတ်အတွင်းဆန်အိတ်ရေ (၂၅၀)ခန့်ဝင်ရောက်မှုရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ကြက်သွန်နီဈေးကွက် အဝင်များ၍ဈေးကျ

            ပြည်ဈေးကွက်၏ ကြက်သွန်နီဈေးကွက်အနေဖြင့် အရောင်းအဝယ်ကောင်းလျက်ရှိနေပြီး ယခုမတ်လအတွင်း တောင်တွင်း၊ အောင်လံ၊ သရက်စသည့် နယ်ဘက်မှ ကြက်သွန်နီများ ပိုမိုအဝင်စိမ်လာကြောင်းသိရပါသည်။ ပြည်ဈေးကွက်သို့ (၂၈)ပိဿာဆံ့အိတ်(၅၀၀)ခန့် ပိဿာချိန် အားဖြင့် (၁၄၀၀၀)ပိဿာ နေ့စဉ်ပုံမှန် အဝင်ရှိနေပြီး အရောင်းအဝယ်အားဖြင့် ပုံမှန်ဒေသတွင်း ဝယ်လက်များ၊ အိတ်ဆွဲဝယ်ရောင်းသမားများအပြင် ရန်ကုန်တိုင်းနှင့် သာယာဝတီခရိုင်၊ မင်းလှမြို့ နယ်ဘက်ခြမ်းမှ အဝယ်များပြီး ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်ဘက်ခြမ်းတွင် အရောင်းအဝယ် အနည်းငယ်လျော့နည်းသွားကြောင်း သိရသည်။ ဈေးနှုန်းအားဖြင့် အဝင်များသည့်အတွက် ယခုဖေဖော်ဝါရီလအတွင်း ယခင် ဇန်နဝါရီလနှင့် နှိုင်းယှဉ်လျှင် ပျမ်းမျှ တစ်ပိဿာလျှင် (၄၀၀-၅၀၀)ကျပ်နှုန်းခန့် ကျဆင်းသွားပြီး လက်ရှိတွင် ပွဲရုံလက္ကားဈေး တစ်ပိဿာလျှင် ကြီး/ လတ်/ သေး ကျပ်(၃၂၀၀/၃၀၀၀-၂၈၀၀/၂၆၀၀-၂၄၀၀)နှုန်းများနှင့် မြို့ပေါ်လက်လီဈေးများတွင် ကျပ်(၄၀၀၀/ ၃၈၀၀-၃၅၀၀/၃၀၀၀-၃၂၀၀)နှုန်းတို့ဖြင့် အသီးသီးရောင်းဝယ်လျက်ရှိနေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ဈေးကွက်အတွင်းမှ မန်ကျည်းမှည့်ဈေးကွက်

          မန်ကျည်းပင်ကို မြန်မာနိုင်ငံအထက်ပိုင်းတွင် အများဆုံးစိုက်ပျိုးကြပါသည်။ လယ်ကွင်းများ၊ ဥယျာဉ်ခြံများ၊ ကျွဲနွားစားကျက်များ၌ မန်ကျည်းပင်များကို အများအပြားတွေ့ရှိရပြီး အပင်ပေါက် လွယ်သည့် သစ်ပင်မျိုးဖြစ်ကြောင်း သိရပါသည်။

          မြန်မာနိုင်ငံတွင်တွေ့ရသော မန်ကျည်းမျိုးများမှာ တောမန်းကျည်းပင်၊ တောင်မန်ကျည်းပင်၊ ဆေးမန်ကျည်းပင်များဖြစ်ကြပါသည်။ မန်ကျည်းပင်ပေါက်များကို မင်းဘူးနယ်နှင့် မုတ္တမနယ်တို့၌ တွေ့ရပါသည်။ တောင်မန်ကျည်းပင်များကို မိုးကုတ်နယ်၌ တွေ့ရပါသည်။ ဆေးမန်းကျည်းပင်မှာ ခြုံပင်(သို့)အပင်ငယ်များဖြစ်၍ မြန်မာနိုင်ငံအနှံအပြား၌ တွေ့ရပါသည်။

          မန်းကျည်းပင်တွင် အသုံးပြုနိုင်သော အစိတ်အပိုင်းများဖြစ်သည့် အခေါက်၊ အရွက်၊ အသီးနှင့် အစေ့တို့ဖြစ်ကြသည်။ ၎င်းတို့အထဲမှ မန်ကျည်းသီးမှည့်၍ ဆေးဖက်ဝင်ပုံမှာ မန်ကျည်းသီးအနှစ်အား ဝမ်းနှုတ်ဆေး၊ အားဆေးနှင့် ခံတွင်းကောင်းဆေးများ ဖော်စပ်ရာတွင် အသုံးပြုကြပါသည်။ မန်ကျည်းမှည့်ကို ထန်းလျှက်၊ ဆားတို့နှင့် ဖျော်ရည်အဖြစ်စိမ်သောက်သော် ကိုတွင်းအေး၍ အားကိုဖြစ်စေသည်။ မန်ကျည်းသီးကို ဟင်းထဲထည့်ချက်ကြသလို ဖျော်ရည်ချဉ်ချဉ်လေးအဖြစ်လည်း စားသုံးကြပါသည်။ မန်ကျည်းသီးတွင် အမျှင်ဓါတ်ပါဝင်သောကြောင့် အူလမ်းကြောင်းမှာ ရှိသောကြွက်သားများကောင်းမွန်စေပြီး အစာချေစနစ်ကို တိုးတက်ကောင်းမွန်စေပါသည်။ မန်ကျည်းမှည့်သည် ဘက်စုံအသုံးဝင်၍ ဈေးကွက်ရှိသဖြင့် ယခုအခါ ပြည်ခရိုင်အတွင်းရှိ ဈေးကွက် များတွင် မန်ကျည်းသီးမှည့်များပေါ်စဖြစ်၍ မန်ကျည်းအမှည့် အစေ့ပါတစ်ပိဿာလျှင် (၆၀၀၀)ကျပ် နှင့် အစေ့မပါမန်ကျည်းမှည့် တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်ဈေးဖြင့် ရောင်းချလျက်ရှိပြီး ပြည်မြို့မှတဆင့် ရန်ကုန်မြို့နှင့် အခြားမြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်တွင်းပြည်ပဈေးကွက်ဝင်အသင့်စားငါးရံ့ခြောက်ဖုတ်လုပ်ငန်း

          ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ်သည် မြစ်၊ ချောင်း၊ အင်းအိုင်များပေါများပြီး မြေပြန့်ဒေသဖြစ်ကာ လယ်ယာလုပ်ငန်းနှင့် မွေးမြူရေး လုပ်ငန်းများကို အဓိကထား လုပ်ကိုင်လျက်ရှိသော မြို့တစ်မြို့ဖြစ်သည်။

            ငါးအစိုမှ ငါးအခြောက်ပြုလုပ်ရာတွင် ငါးရံ့အစို (၁၅)ကျပ်သား၊ (၂၀)ကျပ်သား အကောင်များအား ရွေးချယ်၀ယ်ယူ၍ ခေါင်းဖြတ်၊ အူကိုထုတ်ပြီး ကျောခွဲ၊ ဗိုက်ခွဲ၍ အလယ်ရိုးထုတ်ကာ အပေါ်အရေခွံခွာ၍ ငါးတစ်ကောင်လျှင် ငါးခြောက်မြှောင်းခွဲ၍ အိမ်သုံးဆားအနည်းငယ်နှင့် နယ်ပြီး အမြှောင်းလိုက်ခြောက်အောင် နေလှန်းရသည်။ လေးရက်နေလှန်းပြီးပါက  ခြောက်သွေ့သည့် ငါးခြောက်များ ရရှိသည်။

            ငါးရံ့ခြောက်များအား သုံးမိနစ်ခန့်ရေစိမ်ပြီးနောက် ရေကိုစစ်ထားကာ မီးသွေးမီးဖိုများတွင် မီးဖုတ်၍ မွလာအောင်ထုရသည်။ ထုမွှာပြီးသော ငါးခြောက်ဖုတ်များကို မီးသွေးမီးဖိုတွင် သံဆန်ခါခံ၍ တစ်ဖန်ပြန်ပြီးမီးကင်ရသည်။ မီးကင်ပြီး ကြွပ်ရွလာသော ငါးခြောက်ဖုတ်များအား ဆီဇလုံထဲသို့ ခေတ္တထည့်၍ ဆီဇလုံမှဆယ်ယူကာ ဆီစစ်ထားသောငါးခြောက်ဖုတ်များကို ထည့်သွင်းမည့် ဘူးအရွယ်အစားအလိုက် ချိန်ခွင်နှင့် ချိန်တွယ်၍ ဘူးထဲသို့ ထည့်ပြီးလေလုံအောင် Packing Plastic  ဖြင့် အလုံပိတ်ကာ ဈေးနှုန်းသက်မှတ်ရောင်းချသည်။ ငါးရံ့အစို တစ်ပိဿာ ကုန်ကျစရိတ်မှာ ငွေကျပ် ၁၂၀၀၀၊ ငါးခွဲလုပ်သားခ၊ နေလှန်းခ၊ မီးဖုတ်ထုသည့် လုပ်သားခ၊ မီးသွေးဖိုး၊ ပဲဆီ စုစုပေါင်းကုန်ကျစရိတ်များ နုတ်၍ တစ်ပိဿာလျှင် တစ်ထောင်နှုန်းခန့် အကျိုးအမြတ်ရရှိကြောင်း လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

              ငါးရံ့ခြောက်ဖုတ်လုပ်ငန်းမှာ MSMEs ထုတ်ကုန်အမယ်သစ်အနေဖြင့် ပြည်တွင်း/ ပြည်ပ ဈေးကွက်ဝေစုရရှိနိုင်ပြီး အလားအလာကောင်းသော ထုတ်ကုန်ပစ္စည်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဟင်္သာတခရိုင်နှင့် မြန်အောင်ခရိုင်မှ ပြည်ပပို့ကုန် မိုးထောင်ငရုတ်စိုက်ပျိုးထုတ်လုပ်ခြင်း

          စားဖိုချောင်သီးနှံတစ်မျိုးဖြစ်သော ငရုတ်သည် ဗီတာမင်စီကြွယ်ဝပြီး၊ ဗီတာမင် အေ၊ ဘီ၊ အီး၊ ကယ်စီယမ် နှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်း တွေပါဝင်တဲ့အသီးလည်းဖြစ်ပါတယ်။ ကြိုက်သူ တွေက တော့ ဘာပဲသုပ် စားစား ငရုတ်သီးစိမ်း နှင့်တွဲစားတတ်ကြသလို၊ မကြိုက်တဲ့သူတွေကတော့ အစပ် ကိုကြောက်ပြီး သေချာ ရွေးဖယ် စားတတ် ကြပါတယ်။ တန်ဆေးလွန်ဘေးဆိုသလို ချင့်ချိန် စားသုံး နိုင်ရင် လူတို့အတွက် ကျန်းမာရေးနှင့် သင့်တော်တဲ့သီးနှံဖြစ်ပါတယ်။

          ဟင်္သာတနှင့် မြန်အောင်ခရိုင်မှာ ငရုတ်သီးနှံကို မိသားစုများ တနိုင်တပိုင် မိမိအိမ် စားသုံးဘို့ စိုက်ပျိုးရာကနေ ယခုအခါ ဒေသတွင်းရောင်းချဘို့နှင့် ပြည်ပတင်ပို့တဲ့အထိ စိုက်ပျိုး လာကြတာကို တွေ့ရှိရပါတယ်။ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် မြေနုကျွန်းတွေဖြစ်တဲ့ ကျောက်ရဲ ၊ သဲရိုး၊ ဘိုးကလေးကျွန်း၊ ပဲကြီးကျွန်း၊ သက္ကယ်ပြင်၊ အေးရွာ၊ ကြွက်ကျွန်း၊ နန်းတော်ကျွန်း၊ သာယာစု၊ သူဌေးကုန်း၊ လက်ပံလှ၊ သဲတုန်း စသည့်ဒေသတွေမှာ အများဆုံးစိုက်ပျိုးကြပါသည်။ မြန်အောင်ခရိုင် အင်္ဂပူ မြို့နယ်ထဲက ညောင်ကျိုးအုပ်စုထဲမှာရှိတဲ့ ချင်းကုန်း၊ ညောင်ကုန်း၊ ကျောင်းကုန်း၊ ရဲဘော်ကျွန်း၊ စံပြ၊ ဘုရားကျွန်း၊ လက်ကြားကုန်း ရွာတွေမှာ အများဆုံးစိုက်ပျိုးကြပြီး ဟင်္သာတနှင့် မြန်အောင် နှစ်ခရိုင် ပေါင်း ဧက ၁၀၀၀၀ ခန့် စိုက်ပျိုးကြပါသည်။

          ငရုတ်မျိုးအနေဖြင့် မိုးထောင်နှင့် အောက်ဆွဲမျိုးများကို စိုက်ပျိုးကြပြီး ဧရာဝတီမြစ်နှင့် ငဝန်မြစ် ရေကျချိန် မြေနုကျွန်းများတွင် စက်တင်ဘာလဆန်းမှ စတင်စိုက်ပျိုးကြပါသည်။ မိုးထောင်မျိုးသည် အစိမ်း၊ အမှည့်စို၊ ငရုတ်ခြောက် အဖြစ်ပြုလုပ်ရောင်းချနိုင်ပြီး အောက်ဆွဲမျိုးကို ငရုတ် ခြောက် အဖြစ် အများဆုံးထုတ်လုပ်ရောင်းချကြပါသည်။ မိုးထောင် စိုက်တောင် သူတွေဟာ အစိမ်း ဈေးကောင်းချိန်မှာ အစိမ်းခူးရောင်းပြီး၊ အစိမ်းဈေး ကျလာပါက အမှည့်စိုအဖြစ် ထုတ်လုပ် ရောင်းချ ကြကာ အမှည့်စို ဈေးမကြိုက်ပါက ငရုတ်ခြောက်အဖြစ် ထုတ်လုပ် ရောင်းချကြပါသည်။

မိုးထောင်ငရုတ် တစ်ဧက စိုက်ပျိုးကုန်ကျစရိတ်မှာ မြေပြင်ခြင်း၊ မျိုး၊ မြေဩဇာ၊ ရေတင်ခြင်း ခူးဆွတ်ခြင်းတို့အတွက်  ပျမ်းမျှ (၂၅)သိန်း မှ(၃၀) ကြားကုန်ကျနိုင်ပြီး တစ်ဧက ထွက်ရှိမှုမှာ ငရုတ်စို အနေဖြင့် ပျမ်းမျှ ပိဿာ ၃၀၀၀ မှ ၄၀၀၀ ကြားထွက်ရှိ၍ ငရုတ်ခြောက်အနေဖြင့် ပိဿာ ၁၀၀၀ ခန့်ထွက်ရှိပါ သည်။ယခုနှစ်ဟင်္သာတနှင့် မြန်အောင်ဒေသ၏ ငရုတ်သီးနှံ စတင်ထွက်ရှိချိန် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာပင် ငရုတ်သီးအစိမ်း ၁ပိဿာ လျှင် ၁၇၀၀ ကျပ်ရရှိသည့်အတွက် ယခင်နှစ် ကာလတူ ဈေးနှုန်း ထက် ၅၀၀ ကျပ်ခန့်မြင့်မားလျက် ရှိပါသည်။ မိုးထောင်မျိုးအဖြစ် 777နှင့် ဆကာတာ မျိုးများကိုစုက်ပျိုးကြပါသည်။ ငရုတ်ဟာ စစိုက်ပြီး ရက်(၉၀) ခန့်မှာစသီးပါတယ်။ အစိမ်း ကို စသီးပြီး ရက် ၃၀ မှ ၄၅ ရက်အတွင်း ရက်ပတ်အလိုက် ခူးရောင်းကြပြီး၊ အမှည့်စိုကိုတော့ စမှည့်ချိန် ၄၅ ရက်သားမှာ ခူး၍ရောင်းချပြီး၊ ငရုတ်ခြောက်ကိုတော့ စမှည့်ချိန် ၄၅ ရက် သားမှစခူးပြီး နေလှန်း၍ အသီးခြောက် အဖြစ်ရောင်းချကြပါသည်။

          ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် ငရုတ် အမှည့်စို ဈေးနှုန်းမှာမြင့်တက်လာခဲ့ပြီး မိုးထောင်အမှည့် စို တစ်ပိဿာလျှင် ၄၀၀၀ ကျပ်ထိ ဈေးမြင့်တက်ခဲ့ပါသည်။ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံသို့ တင်ပို့ရန် အတွက် ငရုတ်တင်ပို့သည့် လုပ်ငန်းရှင်များ၏ ကိုယ်စားလှယ်များ ငရုတ်ထွက်ရှိရာဒေသသို့ အအေး ခန်းကား များဖြင့် လာရောက်ဝယ်ယူသည့်အတွက် ဈေးကောင်းရခဲ့ခြင်းဖြစ်ပါသည်။

          ဟင်္သာတမြို့နယ်၊ လယ်တော်ရပ်ကွက်မှ ငရုတ်သီးအမှည့်စို ရောင်းဝယ်သည့် ကုန်သည် တစ်ဦးလည်းဖြစ်သူ၊ ဧရာဝတီတိုင်းဒေသကြီး ငရုတ်စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်း ဒုဥက္ကဌ လည်း ဖြစ်သူ ဦးရဲဂေါင်နှင့် တွေ့ဆုံမေးမြန်းခဲ့ရာ သူ့အနေဖြင့် ယခုနှစ်တွင် အစပ်ဒီဂရီ မြင့်မားပြီး မိုးထောင်မျိုးများထဲတွင် အရွယ်အစား သေးငယ်သော ဆကာတာမျိုး မိုးထောင်ငရုတ် အမှည့်စိုကို ပေ(၄၀) အအေးခန်း ကွန်တိန်နာ ဖြင့် (၉) လုံးခန့် ရောင်းချခဲ့ရကြောင်း၊ ပြည်ပတင်ပို့သူ လုပ်ငန်းရှင်များ၏ ကိုယ်စားလှယ်များလိုက်ပါသော အအေးခန်းကားများဖြင့် ဒေသသို့ လာရောက် ဝယ်ယူခြင်းဖြစ်ပြီး၊ ဦးရဲဂေါင်အနေဖြင့် ကားတင်ငွေချေစနစ်ဖြင့် ရောင်းချခဲ့ကြောင်းတို့ကို ပြောကြား ခဲ့ပါ သည်။

          မိုးထောင်ငရုတ် အမှည့်စိုကို အအေးခန်းကားဖြင့် သယ်ယူရောင်းချနိုင်ရန်အတွက် နေ့ချင်း ခူးသော မိုးထောင်ငရုတ်အမှည့်စိုများကို လိုအပ်သော အရွယ်အစားနှင့် အရည်အသွေးကို လုပ်သား များဖြင့် ရွေးချယ်၍ ပလတ်စတစ်ခြင်းတွင် စက္ကူခံ၍ ထည့်ပြီး ၂၄ နာရီအတွင်း အအေးခန်း ကား အတွင်းသို့ ထည့်သွင်းနိုင်ရေး ဆောင်ရွက် ရပါသည်။ အအေးခန်းကားများသို့ ရောင်းချနိုင်ရေး ဆောင်ရွက်နေသည့် ကာလအတွင်း နေ့စဉ် ငရုတ်ရွေးလုပ်သား (၁၀၀) ခန့်ဖြင့် ရွေးချယ်ရပြီး ငါးပိဿာ တစ်ခြင်းလျှင် ၈၀၀ ကျပ်နှုန်းဖြင့် ရွေးခ ပေးချေရပါသည်။ အအေးခန်းကားတစ်စီးလျှင် ငရုတ်မှည့်အစို ငါးပိဿာခြင်း ၂၀၀၀၊ ပိဿာချိန်အားဖြင့် ၁၀၀၀၀ ခန့်တင်ဆောင်နိုင်ကြောင်းလည်း သိရှိရပါသည်။ လုပ်သား တစ်ဦးအနေဖြင့် တစ်ညလျှင် ငါးပိဿာခြင်း ၃၀ မှ ၄၀ ကြားရွေးနိုင်ပြီး လုပ်သားတစ်ဦးလျှင် တစ်ညကို လုပ်သားခ ၂၅၀၀၀ ကျပ်မှ ၃၀၀၀၀ ကြားရရှိနိုင်ကြောင်းလည်းသိရှိ ရပါသည်။ ငါးပိဿာဝင် ပလတ်စတစ် ခြင်းတစ်ခြင်း၏ ဈေးနှုန်းမှာလည်း ၃၀၀၀ ကျပ်ခန့်ရှိပါသည်။

           ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီနောက်ဆုံးပတ်မှစ၍ အအေးခန်းကားများဖြင့် ဝယ်ယူမှု နည်းသွား ပြီး ဈေးနှုန်းမှာလည်း အမှည့်စို တစ်ပိဿာ လျှင် ၂၀၀၀ မှ ၂၂၀၀ ကျပ်သာ ရရှိ တော့သည့်အတွက် အမှည့်စို အဖြစ်  ရောင်းချခြင်း  မပြုတော့ပဲ အမှည့်ခြောက်အဖြစ်  ရောင်းချနိုင်ရေး   နေလှန်းခြင်းကို ဆောင်ရွက်လျက်ရှိ ကြောင်းသိရှိရပါသည်။ မိုးထောင်ငရုတ်ခြောက်တစ်ပိဿာလျှင် ၈၀၀၀ ကျပ်နှင့် အောက်ဆွဲငရုတ် ခြောက်တစ်ပိဿာလျှင် ၆၀၀၀ ကျပ်ခန့်ရရှိလျက်ရှိပါသည်။

          ဟင်္သာတခရိုင်နှင့် မြန်အောင်ခရိုင်မှ ငရုတ်စိုက်တောင်သူများအနေဖြင့် ယခုနှစ် ကိုင်းသီးနှံ ငရုတ်လှိုင်လှိုင်ပေါ်ချိန် ဇန်နဝါရီလတွင် မိုးထောင်ငရုတ်အမှည့်စို တစ်ပိဿာလျှင် ၄၀၀၀ ကျပ်ခန့်ထိ ဈေးကောင်းရရှိခဲ့ပြီး ဝယ်ယူတင်ပို့သူ ကုန်သည်များသည်လည်း ငရုတ်ရွေးခ၊ သယ်ယူစရိတ်၊ ခြင်းဘိုး နှုတ်ပြီး တစ်ပိဿာအပေါ်တွင် အကျိုးအမြတ် ၃၀၀ ကျပ်မှ ၃၅၀ ကျပ်ခန့်ရရှိခဲ့သည့်အတွက် စိုက်ပျိုးသူ တောင်သူနှင့် ကုန်သည်များ၊ ဒေသရှိလုပ်သားများ အကျိုးရှိခဲ့သော သီးနှံလည်းဖြစ်ပါသည်။ ငရုတ်သီးနှံ သည် လမ်းပန်းဆက်သွယ်ရေးများကောင်းမွန်ပြီး ဒေသရှိစိုက်ပျိုးထုတ်လုပ်သူများ ၊ ကုန်သည်များအနေဖြင့် တိုက်ရိုက်တင်ပို့ရောင်းချနိုင်ပါက ပိုမိုအကျိုးရှိစေမည့် စားဖိုချောင်းသီနှံ တစ်မျိုးဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

DOCA(ဧရာဝတီ)

ကန့်ဘလူမြို့နယ်၌ မုန့်ညှင်းရွက်စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

            စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စားဖိုဆောင်သီးနှံများကို ရာသီချိန်အလိုက်စိုက်ပျိုးကြကြောင်း ဈေးကွက်အတွင်းလူကြိုက်များပြီး အရောင်းအဝယ်သွက်သည့် မုန့်ညှင်းရွက်များ ရောင်းချလျက်ရှိသည်။

          မုန့်ညှင်းရွက်ကို မြို့ပေါ်ရပ်ကွက်များမှ အဓိကထွက်ရှိကြောင်း၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများတွင်လည်း မိမိတို့ယာကွက်များ၌ တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်း၊ မုန့်ညှင်းရွက်ကို မုန့်ညှင်းချဉ်ပြုလုပ်သူများ၊ စားသောက်ဆိုင်များ၊ ထမင်းဆိုင်များစသည့်တို့မှ ဝယ်ယူအသုံးပြုသည့်အတွက် အရောင်းအဝယ်သွက်လျက်ရှိကြောင်း၊ မတ်လ ပထမပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် မုန့်ညှင်းရွက်တစ်စီးလျှင်(၃၀၀)ကျပ်၊ (၁၀)စီးပါတစ်ထုံးလျှင်(၂၇၀၀)ကျပ်ဖြင့် ရောင်းချရသည့်အတွက် မိသားစုအပိုဝင်ငွေရရှိကြောင်း မုန့်ညှင်းရွက်စိုက်ပျိုးသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ ကိုက်လန်ရွက် စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

             စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စားဖိုဆောင်သီးနှံများကို ရာသီချိန်အလိုက်စိုက်ပျိုးကြကြောင်း ဈေးကွက်အတွင်းလူကြိုက်များပြီး အရောင်းအဝယ်သွက်သည့် ကိုက်လန်ရွက်များ ရောင်းချလျက်ရှိသည်။

            ကိုက်လန်ရွက်ကို မြို့ပေါ်ရပ်ကွက်များမှ အဓိကထွက်ရှိကြောင်း၊ ကန့်ဘလူမြို့နယ် နတ်အင်းကျေးရွာတွင်လည်း မိမိတို့ယာကွက်များ၌ တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်း၊ ကိုက်လန်ရွက်ကို စားသောက်ဆိုင်များ၊ ထမင်းဆိုင်များစသည့်တို့မှ ဝယ်ယူအသုံးပြုသည့်အတွက် အရောင်းအဝယ်သွက်လျက်ရှိကြောင်း၊ မတ်လ ပထမပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ကိုက်လန်ရွက်တစ်စီး လျှင်(၂၀၀)ကျပ်၊ (၃)စီလျှင် ၅၀၀ကျပ်နှင့်(၁၀)စီးပါတစ်ထုံးလျှင်(၁၇၀၀)ကျပ်ဖြင့် ရောင်းချရကြောင်း၊ ကိုက်လန်ရွက်သည် စိုက်ပျိုးစရိတ်ကုန်ကျမှု နည်းသည့်အတွက် ထိုက်သင့်သည့်အကျိုးအမြတ်ရရှိကြောင်း စိုက်ပျိုးသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း