Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မြိတ်မြို့ပေါ်ရှိ Hass ထောပတ်ဈေးနှုန်း

    တနင်္သာရီတိုင်းဒေသကြီး၊မြိတ်မြို့ပေါ်တွင် ဒေသထွက်ကုန်နှင့် အနယ်နယ် အရပ်ရပ်မှ တင်သွင်းလာသောလူသုံးကုန်၊ စားသောက်ကုန်များ အများအပြားရောင်းချလျက်ရှိရာမှ Hass မျိုး ထောပတ်သီးသည်လည်း လူကြိုက်များလျက်ရှိသည်။ ဗီတာမင်နှင့် အဆီဓာတ်များ ပါဝင်ပြီး အရိုးများသန်မာစေသော အာနိသင်များပါဝင်သည်။  ရှမ်းပြည်နယ်မှ တင်သွင်းလာသော Hass မျိုး ထောပတ်သီးကို မြိတ်မြို့ပေါ်ရှိ ဆိပ်ငယ်ဈေး၊ ကမ်းနားလမ်း ဈေးတန်းတစ်လျှောက် သီရိမင်္ဂလာဈေးတို့တွင် ရောင်းချလျက်ရှိသည်။

     ယခင်အောက်တိုလတွင် ထောပတ်သီး ၁ကီလိုလျှင် (၇၀၀၀)ကျပ်  ရောင်းချလျက်ရှိရာမှ ယခုအောက်တိုဘာလ နောက်ဆုံးပတ်တွင် Hass ထောပတ်သီး ၁ကီလိုလျှင် (၆၀၀၀) ကျပ်သို့ ဈေးကျဆင်းသွားကြောင်း သစ်သီးရောင်းချသူထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

မြိတ်မြို့ပေါ်ရှိ ငါးချဉ်၊ ပုဇွန်ချဉ်ဈေးနှုန်း

      ကမ်းရိုးတန်းဒေသဖြစ်ပြီး ရေထွက်ပစ္စည်းများ၊ စိုက်ပျိုးသီးနှံများနှင့် ဒေသတွင်းထွက် ရှိသော စားဖိုဆောင်သီးနှံများကို အကြီးအကျယ်ရောင်းချလျက်ရှိသည့် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့သည် အလွန်စည်ကားလှပါသည်။ ထိုသို့ရောင်းချရာတွင် စျေးကွက်၌ အရည်အသွေးကောင်းသည်ဟု ထင်ရှားသည့် ငါးချဉ်၊ ပုဖွန်ချဉ်တို့သည်လည်း မြိတ်မြို့ပေါ်ရှိ ဈေးကွက်တွင် အလွန်ရောင်းအား ကောင်းပါသည်။ ဧည့်သည်များအတွက် အိမ်ပြန်လက်ဆောင်ထည့်ပေးရာတွင် မျက်နှာပန်းလှသည့် အပြင် လူကြိုက်များသော အစားအစာတစ်ခုဖြစ်ပါသည်။

    ယခု ၂၀၂၅ခုနှစ်၊အောက်တိုဘာလ နောက်ဆုံးပတ်တွင် ငါးချဉ်တစ်ဆယ်သား(၅၀၀၀) ကျပ်နှင့် ပုဇွန်ချဉ်တစ်ဆယ်သား (၅၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်းသိရပြီး ယခင် စက် တင်ဘာလထက် ငွေ(၅၀၀)ကျပ် ဈေးကျသွားကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 ကျွန်းလှမြို့နယ်အတွင်း ရောင်းချလျက်ရှိသော  တီလားဗီးယားငါး နှင့် ငါးလေးဒေါင့် ဈေးနှုန်း

       ကျွန်းလှမြို့တွင်  ကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ အသားငါး ဈေးနှုန်းများထဲမှ ငါးဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိရာ ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အတွင်းမှ ထွက်ရှိသည့် ဒေသထွက်ရေချိုငါးများကို  ဝယ်ယူရောင်းချကာ ဈေးကောင်းရရှိပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

        ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ နောက်ဆုံးအပတ်တွင် ကျွန်းလှမြို့၏ တီလားဗီးယားငါး ဈေးနှုန်းများ အနေဖြင့် တီလားဗီးယားငါး(အကြီး)()ပိဿာလျှင်(၁၆၀၀၀)ကျပ်၊ တီလားဗီးယားငါး အကြီး(၅၀)ကျပ်သားလျှင်(၈၀၀၀)ကျပ်၊ တီလားဗီးယားငါး အသေး()ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ (၅၀) ကျပ်သားလျှင်(၆၀၀၀)ကျပ် ဈေးနှုန်းဖြင့် လည်းကောင်း ငါးလေးဒေါင့် ဈေးနှုန်းအနေဖြင့် ငါးလေးဒေါင့် အကြီး တစ်ပိဿာလျှင်(၁၄၀၀၀)ကျပ်၊ ငါးလေးဒေါင့်(၅၀)ကျပ်သားလျှင်(၇၀၀၀)ကျပ် နှင့်(၂၅)ကျပ်သား လျှင်(၃၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချကြောင်း ငါးအရောင်းအဝယ် လုပ်ကိုင်သူထံမှ သိရပါသည်။

DOCA (စစ်ကိုင်း)    

 ကျွန်းလှမြို့တွင် တတိုင်းမွှေးပျိုးပင်များ စိုက်ပျိုးရောင်းချလျက်ရှိ

           ကန့်ဘလူခရိုင် ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်တွင် အပိုဝင်ငွေရရှိရန်အတွက်  စိုက်ပျိုးရေးနှင့် မွေးမြူရေးကို လုပ်ကိုင်ကြရာမှ သစ်ပင်ပန်းပင်အမျိုးမျိုးကို အပင်ပေါက်ရော အပွင့်ပါ ရောင်းချရန်  တစ်နိုင် တစ်ပိုင် စိုက်ပျိုးလာကြသည်။

      တတိုင်းမွှေးပင်ကို မြေအောက်ရေတင်စနစ်ဖြင့် မြေကျင်းတူးစိုက်ပျိုးရသော နှစ်ရှည်အပင်တစ်မျိုးဖြစ် ပြီး တတိုင်းမွှေးပင်သည် အပူပိုင်းနှင့်သမပိုင်းဒေသများတွင် စိုက်ပျိုးနိုင်ပြီး တတိုင်းမွှေးပင်သည် နှစ်(၁၀၀) သက်တမ်းအထိ ရှင်သန်နိုင်ကြောင်း၊တတိုင်းမွေးပင်များသည် အပင်မျိုးစိတ်ပေါ်မူတည်၍ အဖြူရောင်၊ အနီရောင်၊ ပန်းရောင်၊ အဝါရောင် ခရမ်းရောင်၊ နှင့် ကြက်သွေးရောင်ဟူ၍ အမျိုးမျိုးရှိကြပြီး ယခုချိန်တွင် တတိုင်းမွှေးပျိုးပင် ဈေးနှုန်းများမှာ တတိုင်းမွှေးပျိုးပင် တစ်ပင်လျှင်(၃၅၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချ လျက်ရှိပြီး လူအများကအနံ့ရောအပင်ကိုကြိုက်ကြကြောင်း  သိရှိရပါသည်။

DOCA (စစ်ကိုင်း)    

ကျွန်းလှမြို့နယ်တွင် ရောင်းချလျက်ရှိသော ဒေသထွက် ရေချို  ငါးရံ့ နှင့် ငါးရံ့ခြောက် ဈေးနှုန်း

           ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်း ငါးဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ ငါးရံ့ နှင့် ငါးရံ့ခြောက်ဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ နောက်ဆုံးပတ်တွင် ကျွန်းလှမြို့နယ်အတွင်း ရောင်းချနေသော ငါးရံ့ဈေးနှုန်းများမှာ ငါးရံ့ အကြီး တစ်ပိဿာလျှင်(၃၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၅၀၀၀) ကျပ် ငါးရံ့(အသေး)တစ်ပိဿာလျှင်(၂၄၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၂၀၀၀)ကျပ် ဈေးနှုန်းဖြင့် လည်းကောင်း၊ ငါးရံ့ခြောက် ဈေးနှုန်းများမှာ ငါးရံ့ခြောက်အကြီးလက်လီဈေးတစ်ပိဿာလျှင်(၈၅၀၀၀)ကျပ်၊ငါးရံ့ခြောက်(၅၀)ကျပ်သားလျှင်(၄၃၀၀၀)ကျပ်၊ငါးရံ့ခြောက်(အ‌သေး)လက်လီဈေးတစ်ပိဿလျှင်(၇၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၃၈၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရပါသည်။

DOCA (စစ်ကိုင်း)    

ဈေးကြီးသော်လည်း ရောင်းအားကောင်းသော ငါးပတ် နှင့် ငါးပေါက်စ  

       ငါးပတ်နှင့်ငါးပေါက်စကို ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ သဖန်းဆိပ်ဆည်အတွင်းမှ ထွက်ရှိသည့်ဒေသထွက်ရေချိုငါးများကို  လက်လီ/လက္ကား ငါးအရောင်းအဝယ်ပြုလုပ်သည့် ဒိုင်များမှ ဝယ်ယူရောင်းချကာ  ဈေးကောင်းရရှိပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

         ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ နောက်ဆုံးပတ်တွင် ကျွန်းလှမြို့၏ ငါးပတ် ဈေးနှုန်းများမှာ ငါးပတ် ရှယ်ဆိုက်ဝင်(အကြီး) တစ်ပိဿာလျှင်(၃၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၅၀၀၀)ကျပ်၊ (၂၅) ကျပ်သားလျှင်(၈၀၀၀)ကျပ် နှင့် ငါးပတ် အကောင်သေး တစ်ပိဿာလျှင်(၂၅၀၀၀)ကျပ်၊ (၅၀)ကျပ် သားလျှင်(၁၃၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၆၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး  ငါးပေါက်စဈေးနှုန်းများမှာ ငါးပေါက်စ(ခေါင်းဖြတ် ချေးဖောက်ပြီး) လက်လီ တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ (၅၀)ကျပ် သားလျှင်(၇၅၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၄၀၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း သိရှိရပြီးငါးဘတ်သားသည် အခြားငါးအသား များနှင့်မတူ အသားနုညံ့ပြီး အရိုးနည်းကာ အရသာ ရှိသည့်အတွက် ဈေးကြီးသော်လည်း ရောင်းအားကောင်းလျက် ရှိကြောင်း ငါးအရောင်းအဝယ်လုပ်ကိုင်သူ ထံမှသိရပါသည်။

DOCA (စစ်ကိုင်း)         

ထားဝယ်မြို့ရှိ ပုစွန်ချဉ်ဈေးနှုန်း/ဈေးကွက်

     တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့ပေါ်ရှိ ဈေးများတွင် ရာသီပေါ်သီးနှံများ၊ အသားမျိုးစုံနှင့် ဒေသထွက်ငါးမျိုးစုံအပြင် ငါးကိုအချဉ်သိပ်၍ ငါးချဉ်အဖြစ်လည်းကောင်း၊ ပုစွန်ကိုအချဉ်သိပ်၍ ပုစွန်ချဉ်အဖြစ်လည်းကောင်းပြုလုပ်၍ရောင်းချလျက်ရှိကြောင်း သိရသည်။ ပုစွန်ချဉ်ပြုလုပ်ရာအသုံးပြုသော ပုစွန်များကို ကမ်းနားဈေးမှ ဝယ်ယူကြပြီး ပုစွန်ချဉ်(၁၀)သား တစ်ထုပ်လျှင်(၁၀၀၀)ကျပ်ရှိကြောင်း၊ ပုစွန်ချဉ်များကို ကြော်၍လည်းကောင်း၊ အစိမ်းအတိုင်း သုပ်စား၍လည်းကောင်း စားသုံးကြသဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း  ပုစွန်ချဉ်ရောင်း ဝယ်သူများထံမှ သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)

ကန့်ဘလူမြို့တွင် သနပ်ခါးပန်းပျိုးပင်များ ရောင်းချလျက်ရှိ

   ကန့်ဘလူမြို့ပေါ်ရှိ ပန်းပျိုးပင်အရောင်းဆိုင်သည် ပန်းပျိုးပင်မျိုးစုံကို ရောင်းချလျက်ရှိရာ လူကြိုက်များသော သနပ်ခါးပန်းပျိုးပင်များကို မန္တလေးမြို့နှင့် ပြင်ဦးလွင်မြို့မှလည်းမှာယူ ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ သနပ်ခါးပန်းပင်သည် အလှပန်းပင်ဖြစ်ပြီး ကြီးမားသော ချုံပင်ကနေ small treeအထိ ရှိကြပါသည်။ အရွက်ကလေးများမှာလည်း တစ်နှစ်ပတ်လုံးစိမ်းနေ တတ်သော  အပင်ကလေးမျိုးဖြစ်ပါသည်။ ကိုင်းဖြာထွက်မှုအများဆုံးအပင်ဖြစ်သည်။ သနပ်ခါး ပန်းသည် တစ်နှစ်ပတ်လုံးပွင့်ပြီး ဘဲဥပုံသေးငယ်လှသော ရွှေဝါရောင်ပန်းပွင့်ချပ်(၆)ခုပါရှိကာ အသီးမှာ အနီရောင်ဖြစ်၍ အစေ့တစ်စေ့ကနေ နှစ်စေ့အထိပါဝင်သော ပန်းမျိုးဖြစ်သည်။ လှပ ရုံသာမက ရနံ့သင်းသင်းလေးရှိသော ပန်းဖြစ်သည်။ သနပ်ခါးပန်းများကို အလှပန်းအဖြစ်စိုက် ပျိုးကြသော်လည်း ကျန်းမာရေးအတွက်ပါ အသုံးဝင်သော ပန်းပင်တစ်မျိုးဖြစ်ကြောင်း သိရှိရ ပါသည်။ ဒေသမရွေး စိုက်ပျိုးနိုင်သော နှစ်ရှည်ပင်မျိုးဖြစ်ပြီး သနပ်ခါးပန်းပင်များကို  နေအိမ်ခြံ ဝင်း၊ ဥယျာဉ်၊ ဘုရားကျောင်းကန်များ၊ လမ်းဘေးဝဲယာများတွင် အလှပန်းပင်အဖြစ် စိုက်ပျိုးလေ့ ရှိကြောင်း၊ သနပ်ခါးပန်းပျိုးပင် တစ်ပင်လျှင်  အပင်အရွယ်အစားပေါ်မူတည်၍ အသး (၁)ပင်လျှင် (၅၀၀၀)ကျပ်၊ အကြီး(၁)ပင်လျှင်(၇၀၀၀)ကျပ်ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း ပန်းပျိုးပင် အရောင်းဆိုင်မှ  သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ထားဝယ်မြို့ရှိ စံပယ်ပန်းဈေးနှုန်း

        ထားဝယ်မြို့ရှိ ကမ်းနားဈေး၊ ညနေဈေး၊ စည်ပင်သာယာဈေးနှင့် ပိန္နဲတောဈေးတို့တွင် ဘုရားပန်းမျိုးစုံဖြစ်သည့် သပြေပန်း၊ နှင်းပန်း၊ ဂန္ဓမာပန်း၊ ဇွန်ပန်း၊ စံပယ်ပန်း၊ စကားဝါပန်း၊ စကားဖြူပန်း၊ ရွှေပန်း၊ ငွေပန်း၊ ပန်းတိမ်ငိုပန်း၊ နှင်းဆီပန်း၊ ခိုင်ရွှေဝါပန်းနှင့် ဇော်စိမ်းပန်း(ထားဝယ်အခေါ်) ညောင်အိုးပန်းများ ရောင်းချလျက်ရှိရာ လူကြိုက်များကြပြီး နေရာတိုင်း၌ အသုံးပြုတတ်သော  စံပယ်ပန်းများကို ထားဝယ်ဒေသအနီးတစ်ဝိုက်ရှိကျေးရွာများမှ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချလျက်ရှိပြီး မြို့ပေါ်ရှိဈေးများသို့ အုန်းလက်အတံများဖြင့်လည်းကောင်းသီ၍ လာရောက်ရောင်းချက အုန်းလက်တံဖြင့်သီပြီးသား (၁၀)တံစည်းတစ်စည်းလျှင် (၂၅၀၀)ကျပ်ဈေးနှုန်းအသီးသီးရောင်းချလျက်ရှိပြီးလူကြိုက်များကြကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ခရမ်းသီးခြောက် နှင့် ဇီးဖြူသီးခြောက် ဈေးနှုန်း

          ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေး လုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြရာ နှစ်ရှည်သီးနှံပင်များ၊ ဆီထွက်သီးနှံပင်များနှင့် စားဖိုဆောင်သီးနှံပင် များကို မိမိတို့ နေအိမ်ခြံဝင်များတွင်လည်းကောင်း တောင်ယာများတွင်လည်းကောင်း စိုက်ပျိုးကြ သည့်အနက် ခရမ်းသီးပင်ကိုလည်း စိုက်ပျိုးကြကြောင်း စိုက်ပျိုးပြီး ရရှိလာသည့်အသီးများကို ရှားပါးသောရာသီတွင် ရောင်းချရန် အသီးမျိုးစုံကို  အခြောက်လှမ်းထားပြီး  ဈေးကွက်သို့ လာရောက်ရောင်းချကြောင်းသိရသည်။

         ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း ခရမ်းသီးခြောက်ဈေးနှုန်း အနေဖြင့် ခရမ်းသီးခြောက် တစ်ပိဿာလျှင်(၃၅၀၀)ကျပ်၊ ခရမ်းသီးခြောက်(၅၀)ကျပ်သားလျှင်(၁၈၀၀)ကျပ်၊ ခရမ်းသီးခြောက်(၂၅)ကျပ်သားလျှင်(၉၀၀)ကျပ် နှင့် ဇီးဖြူသီးခြောက် ဈေးနှုန်း အနေဖြင့် ဇီးဖြူသီး ခြောက် တစ်ပြည်လျှင်(၈၀၀၀)ကျပ်၊ ဇီးဖြူသီးခြောက် နို့ဆီတစ်ဘူးလျှင်(၁၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်း ချလျက်ရှိပြီး ခရမ်းသီးပေါသည့်ရာသီဖြစ်သည့်အတွက် ခရမ်းသီးခြောက်ဈေး ကျဆင်းကာ အရောင်း အဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။  

DOCA (စစ်ကိုင်း)                            

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း