Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အုတ်တွင်းမြို့အတွင်းရှိ ဆန်ဆိုင်နှင့် ဆန်သိုလှောင်ရုံများအား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်

     စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ဦးစီးမှူးရုံးရှိ ထုတ်ကုန်လုံခြုံ စိတ်ချရမှုဌာနခွဲတာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းများသည် ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ (၁၃.၉.၂၀၂၄)ရက်နေ့ ၊နေ့လယ်(၁၄:၀၀)နာရီတွင် အုတ်တွင်းမြို့ပေါ်ရှိ လက်လီ/ လက်ကားရောင်းချနေသော ဆန်ဆိုင်များနှင့် ဆန်သိုလှောင်ရုံများသို့ သွားရောက်ကာ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

     အဆိုပါ ကွင်းဆင်းစစ်ဆေးရာ လက်လီ/ လက်ကားရောင်းချနေသော ဆန်ဆိုင်များအနေဖြင့် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် ဆန်များသိုလှောင်ထားခြင်း မပြုလုပ်ကြစေရန်၊ သတ်မှတ်ထား သည့် သင့်တင့်မျှတသောဈေးနှုန်းများဖြင့် ရောင်းချနိုင်ရန်နှင့် ဈေးနှုန်းများကို အများပြည်သူ မြင်သာသောနေရာတွင် မြင်သာသည့်အရွယ်အစားနှင့် ‌ရေးသားဖော်ပြ၍ ရောင်းချရန်၊ လက်လီ/ လက်ကားရောင်းချနေသော ဆန်ဆိုင်များနှင့် ဆန်သိုလှောင်ရုံများအနေဖြင့် မြန်မာဆန်စပါး အွန်လိုင်း (Myanmar Rice Online) (MyRo)တွင် မှတ်ပုံတင်ထားခြင်း ရှိ/မရှိနှင့် မှတ်ပုံတင်ထားခြင်း မရှိပါက သက်ဆိုင်ရာမြို့နယ်အလိုက် စားသုံးသူရေးရာဦးစီးဌာနရုံးများနှင့် ချိတ်ဆက်၍ မှတ်ပုံတင် ခြင်း ဆောင်ရွက်နိုင်ရေးတို့ကို အသိပညာပေးဆွေးနွေးကာ အလေးချိန်ပြည့်ဝ မှန်ကန်စွာ ရောင်းချခြင်း ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

DOCA(ပဲခူး)

 

အုတ်တွင်းမြို့နယ် ကျွဲပွဲမြို့တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေး

     စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်သည် ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ညှိနှိုင်းချက်အရ စက်တင်ဘာလ (၁၂)ရက် နေ့ နံနက်ပိုင်းတွင် အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့၌ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ရာတွင် ပူးပေါင်း ပါဝင်ဆောင်ရွက်ခဲ့ပါသည်။

      ပူးပေါင်းအဖွဲ့သည် ကျွဲပွဲဈေးအတွင်းနှင့် ဈေးပြင်ပကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသော အစားအသောက်နှင့် အလှကုန်ပစ္စည်းများ၌ ခွင့်မပြုဓါတုဆေးများပါဝင်မှုရှိ/မရှိနှင့် ရက်လွန်/ မလွန်ကိုလည်းကောင်း၊ ကျွဲပွဲမြို့ပေါ်ရှိ ဆေးဆိုင်များ၌ တရားမဝင်ဆေးဝါးများနှင့် ရက်လွန်ဆေးဝါးများ ရောင်းချမှု ရှိ/မရှိကိုလည်းကောင်း စစ်ဆေးခဲ့ပါသည်။

     ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ခရိုင်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ဦးစီးဌာနမှ ဌာနခွဲစာရေး ဒေါ်သူသူဟန်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တိုက်နယ်ကျန်းမာရေးမှူး ဒေါက်တာ ခန့်မင်းထွေးနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ကျွဲပွဲဈေးတာဝန်ခံ ဦးသူလွင်ထွန်းတို့ ဦးဆောင်သော အဖွဲ့ဝင်များ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

တောင်ငူခရိုင်ဦးစီးမှူး ကုမ္ပဏီသစ်ထူထောင်သည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံ

       စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ဒုတိယခရိုင်ဦးစီးမှူး ဦးမင်းဇော်၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးတို့နှင့်အတူ စက်တင်ဘာလ ၁၂ ရက်နေ့  နေ့လယ် (၁၃:၃၀) နာရီအချိန်တွင် ကုန်သွယ်ရေးဦးစီးဌာနသို့ လုပ်ငန်းသစ်ထူထောင်ရန် လျှောက်ထားသည့် တောင်ငူခရိုင်၊ ဖြူးမြို့၊ အုတ်ဖြတ်လမ်းရှိ ASAYA TOKYU Company Limitedသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

     ခရိုင်ဦးစီးမှူးနှင့်အဖွဲ့သည် ကုမ္ပဏီ၏ မြေပြင်အခြေအနေများကို စစ်ဆေးခဲ့ရာ ဒါရိုက်တာဒေါ်ပြည့်ဖြိုးအိက ရှင်းလင်းတင်ပြပါသည်။ ASAYA TOKYU Company Limited လယ်ယာသုံး စက်ကိရိယာများ ဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီဖြစ်ပါသည်။

      ထို့နောက် ခရိုင်ဦးစီးမှူးက လုပ်ငန်းဆောင်ရွက်ရာတွင် စားသုံးသူကာကွယ်ရေးဥပဒေနှင့် အခြားသက်ဆိုင်ရာ ဥပဒေပြဌာန်းချက်များ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန်၊ စားသုံးသူနစ်နာဆုံးရှုံးမှု မဖြစ်ပေါ်စေရေးကို အလေးထားဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဝေါမြို့ စည်ပင်သာယာဈေးအတွင်း အခြေခံလူသုံးကုန်ပစ္စည်းများနှင့် အိမ်သုံးဆေးဝါးများအား ပြတ်လပ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

    စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးရှိ ထုတ်ကုန်လုံခြုံစိတ်ချရမှု ဌာနခွဲတာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၂.၉.၂၀၂၄)ရက်နေ့ ၊နံနက်(၁၁:၀၀)နာရီတွင် ဝေါမြို့ စည်ပင်သာယာဈေးအတွင်းရှိ အခြေခံလူသုံးကုန်ပစ္စည်းနှင့် အိမ်သုံးဆေးဝါးများအား ပြတ်လပ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

     အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် လူသုံးကုန်ပစ္စည်းများဖြစ်သော သွားတိုက်ဆေး၊ ကိုယ်တိုက်ဆပ်ပြာ၊ ဆပ်ပြာအမျိုးမျိုး၊ တစ်ကိုယ်ရည်သုံးသန့်ရှင်းရေးပစ္စည်းများ၊ အခြေခံစားကုန်(၁၄)မျိုးဖြစ်သော ဆန်၊ ဆီ၊ ငရုတ်၊ ကြက်သွန်၊ အသား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ ကုလားပဲ၊ အာလူး၊ အိမ်သုံးဆေးဝါးများဖြစ်သော အဖျားပျောက်ဆေး၊ နှာစေးပျောက်ဆေး၊ ပိုးသတ်ဆေး၊ အစာအိမ်ဆေး၊ ဓာတ်ဆား၊ လိမ်းဆေးအမျိုးမျိုး ရောင်းချသော စတိုးဆိုင်များနှင့် အိမ်သုံးဆေးဝါးဆိုင်များအား ကွင်းဆင်းကာ ပစ္စည်းများ ပြတ်လပ်မှု ရှိ/မရှိစစ်ဆေးရာ ပြတ်လပ်မှုမရှိပါကြောင်းနှင့် ပုံမှန်အတိုင်း အ‌ရောင်းအဝယ်ဖြစ်နေပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

သနပ်ပင်မြို့အတွင်းရှိ ဆန်ဆိုင်နှင့် ဆန်သိုလှောင်ရုံများအား ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

     စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးရှိ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ တာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းများသည် ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ (၁၃.၉.၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၄:၂၀)နာရီအချိန်တွင် သနပ်ပင်မြို့အတွင်းရှိ လက်လီ/ လက်ကား ရောင်းချနေသော ဆန်ဆိုင်များနှင့် ဆန်သိုလှောင်ရုံများသို့ သွားရောက်ကာ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

     အဆိုပါ ကွင်းဆင်းစစ်ဆေးရာ လက်လီ/ လက်ကားရောင်းချနေသော ဆန်ဆိုင်များအနေဖြင့် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် ဆန်များသိုလှောင်ထားခြင်း မပြုလုပ်ကြစေရန်၊ သတ်မှတ်ထားသည့် သင့်တင့်မျှတသောဈေးနှုန်းများဖြင့် ရောင်းချနိုင်ရန်နှင့် ဈေးနှုန်းများကို အများပြည်သူမြင်သာသောနေရာတွင် မြင်သာသည့်အရွယ်အစားနှင့် ‌ရေးသားဖော်ပြ၍ ရောင်းချရန်၊ လက်လီ/ လက်ကားရောင်းချနေသော ဆန်ဆိုင်များနှင့် ဆန်သိုလှောင်ရုံများအနေဖြင့် မြန်မာဆန်စပါး အွန်လိုင်း (Myanmar Rice Online) (MyRo)တွင် မှတ်ပုံတင်ထားခြင်း ရှိ/မရှိနှင့် မှတ်ပုံတင်ထားခြင်းမရှိပါက သက်ဆိုင်ရာမြို့နယ်အလိုက် စားသုံးသူရေးရာဦးစီးဌာနရုံးများနှင့် ချိတ်ဆက် ၍ မှတ်ပုံတင်ခြင်း ဆောင်ရွက်နိုင်ရေးတို့ကို အသိပညာပေးဆွေးနွေးကာ အလေးချိန်ပြည့်ဝမှန်ကန်စွာ ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

DOCA(ပဲခူး)

ကဝမြို့ပေါ်ရှိ စားအုန်းဆီလက်လီလက်ကားရောင်းချသောကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေး

       စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးရှိ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှု ဌာနခွဲတာဝန်ခံ၊ ပဲခူးမြို့နယ်တာဝန်ခံနှင့် တာဝန်ရှိသူတို့သည်  (၁၃.၉.၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၃၀)နာရီတွင် ကဝမြို့ပေါ်ရှိစားအုန်းဆီ လက်လီ/လက်ကား ရောင်းချနေသော ကုန်စုံဆိုင်များအား သွားရောက်ကွင်းဆင်းစစ်ဆေးခြင်း ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

     ကွင်းဆင်းဆောင်ရွက်ရာတွင် စားအုန်းဆီလက်လီ/ လက်ကားရောင်းချလျက်ရှိသော လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ရောင်းချဖြန့်ဖြူးကြရန်တို့ကို ရှင်းလင်းပြောကြားခဲ့၍ စားအုန်းဆီခွဲတမ်းများကို သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဖြန့်ဖြူးရောင်းချရန်၊ အချိန်အတွယ်မှန်ကန်စွာ ရောင်းချကြရန်နှင့် ခွဲတမ်းရရှိသည့်ဆိုင်များအနေဖြင့် ဈေးနှုန်းကို အများမြင်သာသောနေရာများတွင် မြင်သာ သော စာလုံးအရွယ်အစားများဖြင့် Vinyl ချိတ်ဆွဲထားရှိရန် အသိပညာပေးပြောကြားခဲ့၍ ကွင်းဆင်း စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

မော်လမြိုင်မြို့နယ်၊ သီရိမြိုင် မူလွန်ကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

    ၁၃.၉.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် မော်လမြိုင်မြို့နယ်၊ သီရိမြိုင် မူလွန်ကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

     အဆိုပါဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခိုင်သင်္ကြန်မွန်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ အငယ်တန်းစာရေး ဒေါ်သဇင်ဖြိုးမြတ်က ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူကာကွယ်ရေးဆိုင်ရာဥပဒေများအကြောင်း၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့် ဖော်ပြထားသော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူသင့်ကြောင်း၊ ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများကို ရွေးချယ်ဝယ်ယူ စားသုံးကြရန်နှင့် ကုန်စည်၊ ဝန်ဆောင်မှုများကြောင့် စားသုံးသူများနစ်နာဆုံးရှုံးမှုများရှိလာပါက  အရေးဆိုတိုင်ကြား နိုင်သည့် Consumer Call Center No. (1535) သို့ ဆက်သွယ်မေးမြန်းတိုင်ကြား နိုင်ကြောင်း၊ စားသုံးသူကိစ္စရပ်များနှင့် သိလိုသည်များကိုလည်း ဆက်သွယ်မေးမြန်းတိုင်ကြား နိုင်ကြောင်း ဟောပြောခဲ့ပြီး ကျောင်းသား/ကျောင်းသူများမှ သိလိုသည်များကို အပြန်အလှန်မေးမြန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

    ဟောပြောပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ (၁၀၅) ဦး တက်ရောက်ခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးထံသို့ လက်ကမ်းစာစောင်များပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

 

မုဒုံမြို့နယ် ဝက်တဲကျေးရွာနှင့် ညောင်ကုန်းကျေးရွာတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

     ၁၂.၉.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးရုံး ဒုတိယပြည်နယ်ဦးစီးမှူး ဦးဆောင်၍ မော်လမြိုင်ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မုဒုံမြို့နယ်တာဝန်ခံတို့ ပူပေါင်း၍ မုဒုံမြို့နယ် ဝက်တဲကျေးရွာနှင့် ညောင်ကုန်းကျေးရွာသို့ သွားရောက်ပြီး စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲအား ကျင်းပခဲ့ပါသည်။

     အဆိုပါဟောပြောဆွေးနွေးပွဲကို နံနက် (၁၀း၀၀) နာရီအချိန် ဝက်တဲကျေးရွာ၊ နေ့လယ် (၁၂း၃၀)အချိန် ညောင်ကုန်းကျေးရွာတို့တွင် စတင်ကျင်းပခဲ့ပြီး ရှေးဦးစွာ သက်ဆိုင်ရာကျေးရွာ အုပ်ချုပ်ရေးမှူးများမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန ဒုတိယ ပြည်နယ်ဦးစီးမှူးမှ ဦးစီးဌာန၏ ရည်မှန်းချက်၊ မျှော်မှန်းချက်များ၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ Online ရောင်းချခြင်းဆိုင်ရာအသိပညာပေး သိကောင်းစရာများ၊ မော်လမြိုင် ခရိုင်ဦးစီးမှူးမှ ကုန်စည်နှင့်ဝန်ဆောင်မှုများအား ဝယ်ယူသုံးစွဲရာတွင် သတိပြုရမည့်အချက်များ၊ ကုန်ညွှန်းအမှတ်အသားနှင့်ပတ်သက်သည့် ဥပဒေပါပြဌာန်းချက်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှု ဖြစ်ပေါ်ပါက တိုင်ကြားနိုင်သည့် နည်းလမ်းများအား အကျယ်တဝင့်ဟောပြောဆွေးနွေးခဲ့ပြီး သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများသို့ လက်ကမ်းစာစောင်များ ပေးအပ်ခဲ့ပြီး ဟောပြောပွဲသို့ ကျေးရွာနေပြည်သူ (၂၃၉)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

DOCA(မွန်)

 

မွန်ပြည်နယ်စီးပွားရေးရာဝန်ကြီး စားအုန်းဆီကိုယ်စားလှယ် လက်ကား၊ လက်လီ ကုန်သည်များနှင့် တွေ့ဆုံ

   ၁၂.၉.၂၀၂၄ ရက်နေ့ နံနက် (၉:၃၀) နာရီအချိန်တွင် မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်  မွန်ပြည်နယ်စီးပွားရေးရာဝန်ကြီး နိုင်လယိတမမှ မွန်ပြည်နယ်အတွင်း စားအုန်းဆီဖြန့်ဖြူးပေးလျက်ရှိသော ဆီအရောင်းကိုယ်စားလှယ်၊ လက်ကား၊ လက်လီ ဆီကုန်သည်များနှင့် တွေ့ဆုံခဲ့သည်။ အခမ်းအနားသို့ စားသုံးသူရေးရာဦးစီး ဌာန၊ ပြည်နယ်ဦးစီးမှူး ဦးမြင့်ဝင်းနှင့် ဝန်ထမ်းများ၊ ပြည်နယ်စားသုံးသူရေးရာကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ်အလိုက်စားအုန်းဆီ ဖြန့်ဖြူးရောင်းချသည့် ကိုယ်စားလှယ်၊ လက်ကား၊ လက်လီ ဆီကုန်သည်များ စုစုပေါင်း (၈၄) ဦး တက်ရောက်ခဲ့ပါသည်။

    အဆိုပါအခမ်းအနားတွင် စီးပွားရေးရာဝန်ကြီး နိုင်လယိတမမှ မွန်ပြည်နယ်အတွင်း ဆီဖြန့်ဖြူး ရောင်းချကြသည့် ဆီလက်ကား၊ လက်လီကုန်သည်များအနေဖြင့် စားသုံးသူပြည်သူများသို့ ရောင်းချရာတွင် သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချရေးနှင့် သတ်မှတ်အရေအတွက်အတိုင်း ရောင်းချရေး တာဝန်ယူမှုတာဝန်ခံမှု အဆင့်ဆင့်ဆောင်ရွက်ကြရန်၊ သတ်မှတ်ခွဲတမ်းအတိုင်း ရောင်းချခြင်းမရှိဘဲ သိုလှောင်ထားပြီး ပြင်ပပေါက်ဈေးဖြင့် ရောင်းချခြင်း ရောနှောဆီဖြန့်ဖြူး ခြင်းများ လုံးဝမပြုလုပ်ကြရန်၊ စားအုန်းဆီဖြန့်ဖြူးမှုစနစ်သစ်အရ၊ အဆင့်ဆင့်တာဝန်ရှိသဖြင့် ကုမ္ပဏီမှ ဆီထုတ်ကိုယ်စားလှယ်၊ ဆီထုတ်ကိုယ်စားလှယ်မှ လက်ကားကုန်သည်၊ လက်ကား ကုန်သည်မှ လက်လီကုန်သည်များအထိ အဆင့်ဆင့်ကြီးကြပ်ဆောင်ရွက်ရန်၊ နိုင်ငံတော်မှ ပြည်သူများသက်သာစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်၍ ပြည်သူမျက်နှာကြည့်ပြီး ဆောင်ရွက်ရန် မသမာမှုများမပြုလုပ်ကြရန်၊ ဖြန့်ခွဲရောင်းချသည့်‌ နေရာများကို တစ်နေရာတည်း မဟုတ်ဘဲ နေရာများခွဲ၍ တစ်ပြိုင်တည်း၊ တစ်ချိန်တည်းရောင်းချ ဆောင်ရွက်ကြရန်၊ လူအများကြီး တန်းစီတိုးဝှေ့ဝယ်ယူရခြင်း မရှိအောင် စီမံဆောင်ရွက်သွားရန်၊ တန်းစီစနစ်၊ တုံကင်စနစ်၊ စာအုပ်စနစ်များတွင် မည်သည့်စနစ်ဖြင့် ရောင်းချသည်ဖြစ်စေ ပြည်သူလက်ဝယ်သို့ ပြည့်ပြည့်ဝဝရောက်ရှိအောင် ရောင်းချပေးရန် လမ်းညွှန်မှာကြားပါသည်။ ဆက်လက်ပြီး ပြည်နယ်ဦးစီးမှူးနှင့် တက်ရောက်လာသူများမှ အပြန်အလှန် ဆွေးနွေးကြပြီး အခမ်းအနားကို နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် ရုပ်သိမ်းကြောင်း သိရပါသည်။

DOCA(မွန်)

 

မွန်ပြည်နယ်ဝန်ကြီးချုပ် ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ (၃/၂၀၂၄) အစည်းအဝေးသို့ တက်ရောက်

    ၁၁.၉.၂၀၂၄ ရက်နေ့ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ပြည်ထောင်စုကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီ (၃/၂၀၂၄) အစည်းအဝေးကို ကော်မတီဥက္ကဌ၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးစီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ဦးဆောင်ကျင်းပရာ မွန်ပြည်နယ် ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ မွန်ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ စီးပွားရေးရာဝန်ကြီး စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီအဖွဲ့ဝင်များ စုစုပေါင်း (၁၁) ဦး၊ မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး video conference ခန်းတွင် Zoom ဖြင့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

   အဆိုပါအစည်းအဝေးတွင် ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီဥက္ကဌ ဒုတိယ ဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက အဖွင့်အမှာစကား ပြောကြားပြီး ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ ဒုတိယဥက္ကဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဆက်လက်ဆွေးနွေးပါသည်။ ဆက်လက်ပြီး နေပြည်တော်ကောင်စီဥက္ကဌနှင့် တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်များက ဆွေးနွေးရာ မွန်ပြည်နယ်ဝန်ကြီးချုပ်မှ ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ၏ (၂/၂၀၂၄) အစည်းအဝေးဆုံးဖြတ်ချက်အပေါ်ဆောင်ရွက်ပြီးစီးမှု၊ အခြေခံစားကုန်များအပေါ် လအလိုက်နှိုင်းယှဉ်မှု၊ အဓိကကုန်စည်များအပေါ်သုံးသပ်ချက်၊ စားအုန်းဆီရရှိမှု၊ ဖြန့်ဖြူး ရောင်းချမှုနှင့် သုံးသပ်ချက်၊ စက်သုံးဆီအရောင်းဆိုင်များအားကြီးကြပ်ဆောင်ရွက်မှု၊ အခြေခံ စားသောက်ကုန်ဈေးနှုန်းများတည်ငြိမ်စေရန် ဆောင်ရွက်နေသည့် အစီအမံများအား ဆွေးနွေးခဲ့ ပြီး အစည်းအဝေးကို ညနေ (၁၇:၃၀) တွင်ပြီးဆုံးကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ