Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“ တွံတေးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ ဂယက်လမီးအခြေခံပညာမူလတန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပခြင်း ”

      ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ ဂယက်လမီးကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို စက်တင်ဘာလ(၂၀)ရက်နေ့၊ နေ့လယ်(၁၃:၃၀)နာရီအချိန်တွင် ကျင်းပခဲ့ကြောင်းသိရသည်။

   အဆိုပါစားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ အကြီးတန်းစာရေး ဦးအာကာမင်းက အ.မ.က ဂယက်လမီးကျောင်းရှိ ကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးများဖြစ်သည့် စားသုံးသူ၏အခြေခံလိုအပ်ချက်များပြည့်စုံနိုင်စေမှု၊ လုံခြုံစိတ်ချစွာ ဘေးအန္တရာယ်ကင်းရှင်းနိုင်စေမှု၊ သတင်းအချက်အလက်ပြည့်စုံစွာရရှိနိုင်စေမှု၊ လွတ်လပ်စွာရွေးချယ်နိုင်စေမှု၊ နစ်နာဆုံးရှုံးမှုများအတွက် ပြောဆိုတင်ပြကြားနာနိုင်စေမှု စသည့်စားသုံးသူအခွင့်အရေးပါအချက်များနှင့် လိုက်နာဆောင်ရွက်သင့်သည့် စားသုံးသူ၏တာဝန်များ၊ စားသုံးသူပြည်သူများအနေဖြင့် ကုန်ပစ္စည်းနှင့်ဝန်ဆောင်မှုများဝယ်ယူသုံးစွဲခြင်းမပြုမီ သတိပြုဆောင်ရွက်ရမည့်အချက်များ၊ ကုန်ပစ္စည်းတစ်ခုခြင်းစီ၌ ဖော်ပြပါရှိသည့်ကုန်အညွှန်းအမှတ်အသားများအား သေချာဖတ်ရှုဝယ်ယူသုံးစွဲပါရန်နှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၏ ထောက်ခံချက်ရရှိထားသော ကုန်ပစ္စည်းများအား ရွေးချယ်ဝယ်ယူသုံးစွဲသင့်ကြောင်း စသည်တို့ကို ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

အုတ်တွင်းမြို့တွင်အခြေခံလူသုံးကုန်ပစ္စည်းများနှင့် အိမ်သုံးဆေးဝါးများအား ပြတ်လပ်မှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

    စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးရှိ ခရိုင်ဦးစီးမှူး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှု ဌာနခွဲတာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ၊ အုတ်တွင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၅.၉.၂၀၂၄)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် အုတ်တွင်းမြို့အတွင်းရှိ အခြေခံလူသုံးကုန်ပစ္စည်းနှင့် အိမ်သုံးဆေးဝါးများအား ပြတ်လပ်မှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

     အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် အခြေခံစားကုန် (၁၄)မျိုးဖြစ်သော ဆန်၊ ဆီ၊ ငရုတ်၊ ကြက်သွန်၊ အသား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ ကုလားပဲ၊ အာလူး၊ လူသုံးကုန်ပစ္စည်းများဖြစ်သော သွားတိုက်ဆေး၊ ကိုယ်တိုက်ဆပ်ပြာ၊ ဆပ်ပြာအမျိုးမျိုး၊ တစ်ကိုယ်ရည်သုံးသန့်ရှင်းရေးပစ္စည်းများ၊ အိမ်သုံးဆေးဝါးများဖြစ်သော အဖျားပျောက်ဆေး၊ နှာစေးပျောက်ဆေး၊ ပိုးသတ်ဆေး၊ အစာအိမ်ဆေး၊ ဓာတ်ဆား၊ လိမ်းဆေးအမျိုးမျိုးရောင်းချသော စတိုးဆိုင်များနှင့် အိမ်သုံးဆေးဝါးဆိုင်များအားကွင်းဆင်းကာ ပစ္စည်းများပြတ်လပ်မှုရှိ/ မရှိစစ်ဆေးရာ ပြတ်လပ်မှုမရှိပါကြောင်းနှင့် ပုံမှန်အတိုင်း အ‌ရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

“ ကော့မှူးမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီဖြန့်ဖြူးရောင်းချမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခြင်း ”

      ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီခွဲတမ်းရရှိမှုနှင့် ဖြန့်ဖြူးရောင်းချမှုအခြေအနေအား စက်တင်ဘာလ (၂၂)ရက်နေ့၊ နေ့လယ်(၁၃း၀၀)နာရီအချိန်တွင် စက်သုံးဆီဆိုင်များသို့ အဖွဲ့စုံဖြင့် သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

      ထိုသို့ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကော့မှူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်တပ်ဖွဲ့ဝင်များ၊ မီးသတ်ဦးစီးဌာနမှမြို့နယ်ဦးစီးမှူး၊ လျှပ်စစ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိနှင့်ဝန်ထမ်းများ၊ မြို့နယ်သတင်းတပ်ဖွဲ့မှ တာဝန်ရှိသူများနှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့ ပူးပေါင်းအဖွဲ့သည် ကော့မှူးမြို့နယ်၊ ဗိုလ်ချုပ်လမ်းမကြီး၊ မကျီးကန်ကျေးရွာရှိ Apex စက်သုံးဆီဆိုင်၊ ဗိုလ်ချုပ်လမ်းမကြီး၊ ဇလုပ်ကြီးကျေးရွာရှိ Max ဆီဆိုင်များတွင် ယာဉ်တန်းစီ စောင့်ဆိုင်းဝယ်ယူနေရခြင်းရှိ/မရှိ၊ စက်သုံးဆီအမျိုးအစားအလိုက် ခွဲတမ်းအချိုးကျစနစ်ဖြင့် ရောင်းချနေခြင်းရှိ/မရှိ၊ စက်သုံးဆီအရောင်းဆိုင်၏ PO ခွင့်ပြုချက်ရရှိပြီးသော စက်သုံးဆီအမျိုးအစားအလိုက် ဂါလံ၊ မည်သည့် Terminal (ဆီကန်)မှထုတ်ယူခဲ့ပြီး ဆိုင်သို့ရောက်ရှိသည့်အချိန်တို့အား စနစ်တကျထားရှိခြင်းရှိ/မရှိနှင့် စက်သုံးဆီအမျိုးအစားအလိုက် လက်ကျန်အခြေအနေတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

 

ပဲခူးမြို့အတွင်းရှိ ဆန်ဆိုင်နှင့် ဆန်သိုလှောင်ရုံများအားကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

    စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၅.၉.၂၀၂၄)ရက်နေ့ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် ပဲခူးမြို့အတွင်းရှိ လက်လီ/ လက်ကား ရောင်းချနေသော ဆန်ဆိုင်များနှင့် ဆန်သိုလှောင်ရုံများသို့ သွားရောက်ကာ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

    အဆိုပါ ကွင်းဆင်းစစ်ဆေးရာ လက်လီ/ လက်ကားရောင်းချနေသော ဆန်ဆိုင်များအနေဖြင့် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်များသိုလှောင်ထားခြင်းမပြုလုပ်ကြစေရန်၊ သတ်မှတ်ထားသည့် သင့်တင့်မျှတသောဈေးနှုန်းများဖြင့်ရောင်းချနိုင်ရန်နှင့် ဈေးနှုန်းများကို အများပြည်သူ မြင်သာသောနေရာတွင် မြင်သာသည့်အရွယ်အစားနှင့် ‌ရေးသားဖော်ပြ၍ ရောင်းချရန်၊ လက်လီ/ လက်ကား ရောင်းချနေသော ဆန်ဆိုင်များနှင့် ဆန်သိုလှောင်ရုံများအနေဖြင့် မြန်မာဆန်စပါးအွန်လိုင်း (Myanmar Rice Online) (MyRo)တွင် မှတ်ပုံတင်ထားခြင်းရှိ/ မရှိနှင့် မှတ်ပုံတင်ထားခြင်းမရှိပါက သက်ဆိုင်ရာမြို့နယ်အလိုက် စားသုံးသူရေးရာဦးစီးဌာနရုံးများနှင့် ချိတ်ဆက်၍ မှတ်ပုံတင်ခြင်း ဆောင်ရွက်နိုင်ရေးတို့ကို အသိပညာပေးဆွေးနွေးကာ အလေးချိန်ပြည့်ဝမှန်ကန်စွာ ရောင်းချခြင်းရှိ/ မရှိတို့ကို ကွင်းဆင်း စစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ကမ်းရိုးတန်းသွားရေယာဉ်များဆိုက်ကပ်သည့် ဆိပ်ကမ်းများအား ကွင်းဆင်းစစ်ဆေးခဲ့

      ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လမ်းညွှန်မှုအရ အလုံခရိုင်၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့  ဦးဇော်မင်းလတ်၊ ခရိုင်ဦးစီးမှူးဦးဆောင် သော ပူးပေါင်းအဖွဲ့သည်  ၁၇-၉-၂၀၂၄ ရက်နေ့မှ ၂၃.၉.၂၀၂၄ ရက်နေ့အထိ ကမ်းရိုးတန်းသွားရေယာဉ်များဆိုက်ကပ်သည့် ဆိပ်ကမ်းများဖြစ်သော သိန်းဦးဆိပ်ကမ်း၊ ဝါးတန်းဆိပ်ကမ်း၊ ချောင်းဝဆိပ်ကမ်း၊ ဘုရင့်နောင်ဆိပ်ကမ်း၊ ဗားကရာဆိပ်ကမ်း၊ ထူးဆိပ်ကမ်းများအား အကောက်ခွန်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊  မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ အမှတ်(၃) ရေကြောင်းရဲတပ်ဖွဲ့ စသည့် ပူးပေါင်းအဖွဲ့များနှင့်ပူးပေါင်း၍ ရေယာဉ်များတွင် တင်ဆောင်ထားသော တင်ဆောင်ကုန်များအား ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ပြီး လက်နက်ခဲယမ်းများတင်ဆောင်မှုမရှိစေရေးအတွက် ရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍ စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

ကျောင်းမုန့်ဈေးသို့ ကွင်းဆင်းစစ်ဆေးခြင်း

   (၂၄-၉-၂၀၂၄)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဉီးစီးဌာန၊ မှော်ဘီမြို့နယ်ခွဲရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒု-ကြီးကြပ်ရေးမှူးသည် အ.လ.က(လေထီး)ကျောင်းရှိ မုန့်ဈေးတန်းသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

     ထို့သို့ စစ်ဆေးရာတွင် ကျောင်းမုန့်ဈေးတန်းအတွင်းရောင်းချနေသော လေဖောင်းမုန့်များ၊ ဖျော်ရည်ဘူးများ စသည့် အသင့်စားမုန့်များ၌ စားသုံးသူကာကွယ်ရေးဥပဒေတွင် ပြဋ္ဌာန်းထားသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအချက်များနှင့်ကိုက်ညီမှုရှိ/မရှိစစ်ဆေးခဲ့ရာ လေဖောင်းမုန့်များနှင့် ဖျော်ရည်ဘူးများတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားသည်ကိုစစ်ဆေးတွေ့ရှိရပြီး ဆိုင်ရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)တွင် ပြဋ္ဌာန်းထားသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်များနှင့်ကိုက်ညီမှုရှိသည့် ကုန်စည်များကိုသာ စားသုံးသူများလက်ဝယ်အရောက် ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ဖြန့်ဖြူးရောင်းချရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ ဥပဒေများအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များအကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဆောင်ရွက်နေသည့် လုပ်ငန်းများအကြောင်းတို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ၊ တိုင်းဦးစီးမှူးရုံးတွင် စားသုံးသူကာကွယ်ရေးနှင့် အသိပညာပေး online မှတ်ပုံတင်ခြင်းဆိုင်ရာလုပ်ငန်းစွမ်းဆောင် ရည်မြှင့်တင်ရေးသင်တန်းကျင်းပပြုလုပ်

       ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန တိုင်ဦးစီးမှူးရုံးတွင် (၁၈.၉.၂၀၂၄)ရက်နေ့တွင် စားသုံးသူရေးရာဌာနခွဲမှ သင်တန်းအမှတ်စဉ် (၂/၂၀၂၄) ဖွင့်လှစ်ဆောင်ရွက်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာဗဟုသုတများ ၊ လက်ရှိအရေးယူဆောင်ရွက်မှုများ ၊ထုတ်ကုန်လုံခြုံစိတ်ချရမှုအခြေအနေများအား သင်တန်းပို့ချဆောင်ရွက်ခဲ့ပြီး မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ပါသည်။

     (၁၈.၉.၂၀၂၄)ရက်နေ့တွင်သင်တန်းအမှတ်စဉ် (၂/၂၀၂၄) ဖွင့်လှစ်ဆောင်ရွက်၍ စားသုံးသူရေးရာဌာနခွဲမှ စားသုံးသူကာကွယ်ရေးနှင့် အသိပညာပေးခြင်း၊ online မှတ်ပုံတင်ခြင်း ဆိုင်ရာလုပ်ငန်း စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းသို့ ဧရာဝတီတိုင်း ဒေသကြီး ၊ တိုင်းဦးစီး မှူးရုံးမှ ဝန်ထမ်း (၃၇) ဦးတက်ရောက်ခဲ့ပါသည်။

      ပထမဦးစွာ တိုင်းဒေသကြီးဦးစီးမှူးဦးဇေယျာဆွေမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက်ဒုတိုင်းဦးစီးမှူးဦးထွန်းထွန်းမှ online မှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်း ပြောကြားသင်တန်းပို့ချခဲ့ပါသည်။ ဆက်လက်၍ စားသုံးသူရေးရာဌာနခွဲမှ ဌာနခွဲတာဝန်ခံ   ဦးကျော်စိုးရီက စားသုံးသူအကြောင်း သိကောင်းစရာများ၊ CICC ကိစ္စရပ်များအား ပို့ချခဲ့ပါသည်။ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ ဦးစီးမှူး ဒေါ်မိုးမိုးခိုင်မှ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ လုပ်ငန်းရှင်အသိပညာပေးခြင်းကုန်ညွှန်းစိစစ်ခွင့်ပြုခြင်းများကို ပို့ချခဲ့ပါသည်။

DOCA(ဧရာဝတီ)

ပုသိမ်မြို့ရှိ online တွင် မှတ်ပုံတင်ရောင်းချသည့်ကုန်စည်များ မှန်ကန်မှုရှိမရှိစိစစ်ခြင်းနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    ဧရာဝတီတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ စစ်ဆေးရေးအရာရှိ ဒေါ်မိုးမိုးခိုင်နှင့်အဖွဲ့သည် (၂၄.၉.၂၀၂၄)ရက်နေ့၊ နံနက် (၁၁:၀၀)နာရီတွင် ပုသိမ်မြို့၊ အုန်းတောလမ်းရှိ Social Media App ဖြစ်သည့် Facebook တွင် Live လွှင့်၍ online sale ရောင်းချနေသည့် jasmine Queen–bkk အထည်ဆိုင်သို့ သွားရောက်ခဲ့ပါသည်။ ထိုဆိုင်အား online မှတ်ပုံတင်ထားသည့် ကုန်စည်များအတိုင်း ရောင်းချခြင်း ရှိ/မရှိ စိစစ်ခြင်းနှင့် (၂)နှစ်ကြာလျှင် မှတ်ပုံတင်သက်တမ်းတိုးရန် အသိပညာပေးခဲ့ပါသည်။

    ဆက်လက်၍ ဦးအောင်မင်းနှင့်ညီများမုန့်မျိုးစုံတွင် ရောင်းချသည့် ကုန်စည်များတွင် စားသုံးသူရေးရာဦးစီးဌာနညွှန်ကြားချက် ၂/၂၀၁၉ ပါ ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ကုန်ညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

DOCA(ဧရာဝတီ)

ပဲခူးမြို့ အ.ထ.က(၃)ကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်

     စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၅.၉.၂၀၂၄)ရက်နေ့ နံနက် (၀၉:၃၀)နာရီအချိန်တွင် မင်းလမ်းမပေါ်ရှိ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

     အဆိုပါ အသိပညာပေးဟောပြောဆွေးနွေးပွဲတွင် ပထမဦးစွာ ကျောင်းအုပ်ဆရာကြီးမှ အဖွင့်အမှာစကားပြောကြားပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ဦးကျော်ဆန်းဝင်းမှ စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံ၊ စားသုံးကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ စားသုံးသူများ၏အခွင့်အ‌ရေးနှင့် တာဝန်များကို အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ စားသုံးသူရေးရာဌာနခွဲ တာဝန်ခံ ဦးစိုးမိုးမှ အွန်လိုင်းမှ တဆင့်ဝယ်ယူရောင်းချခြင်းနှင့်စပ်လျဉ်း၍ သိကောင်းစရာများ၊ အွန်လိုင်း မှ ဈေးဝယ်ယူခြင်း၏ အားသာချက်၊ အားနည်းချက်များ၊ အွန်လိုင်းမှ လိမ်လည်မှုများ၊ စားသုံးသူများ အနေဖြင့် အွန်လိုင်းမှဈေးဝယ်ယူရာတွင် စိစစ်သင့်သည့် အချက်အလက်များအား ရှင်းလင်းပြောကြားပြီး အွန်လိုင်းရောင်းဝယ်မှုပြုလုပ်မည်ဆိုပါက မှတ်ပုံတင်ခြင်းဆိုင်ရာနည်းလမ်းများအား အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပါသည်။

        အဆိုပါဟောပြောဆွေးနွေးပွဲသို့ အထက်တန်းကျောင်းသား/ ကျောင်းသူ(၂၅၀)ဦးနှင့် ဆရာ/ ဆရာမ (၄၅)ဦး တက်ရောက်ကာ ဟောပြောဆွေးနွေးပွဲအား (၁၁:၄၅) နာရီအချိန်တွင် ပြီးမြောက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

မှော်ဘီမြို့နယ်၊ အ.လ.က (လေထီး)ကျောင်းတွင် ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး

   စားသုံးသူရေးရာဦးစီးဌာန၊ မှော်ဘီမြို့နယ်ခွဲရုံးမှ ဝန်ထမ်းများသည် ၂၄-၉-၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မှော်ဘီမြို့နယ်၊ အ.လ.က(လေထီး)ကျောင်းရှိ ဆရာ/ဆရာမနှင့် ကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးအသိပညာများဟောပြောခဲ့ပါသည်။

      အဆိုပါအသိပညာပေးပွဲတွင် ကုန်စည်၊ ဝန်ဆောင်မှုများအကြောင်း၊ စားသုံးရန်မသင့်သော အစားအစာများအကြောင်း၊ ဘေးအန္တရာယ်ရှိသော ဓာတုဆိုးဆေးများအကြောင်း၊ ကုန်စည် (သို့) ဝန်ဆောင်မှုနှင့်ပတ်သက်၍ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ဈေးကွက်အတွင်း ရောင်းချနေသောကုန်စည်နှင့် ဝန်ဆောင်မှုများကို ရွေးချယ်ဝယ်ယူစားသောက်ကြရန် ဥပမာပေးခြင်း၊ ဘေးအန္တရာယ်ရှိသော အီလက်ထရောနစ်အငွေ့ရူစက်များအကြောင်းကိုလည်း အသိပညာပေးရှင်းလင်းခဲ့ပြီး ယင်းဟောပြောပွဲသို့ ဆရာ/ဆရာမ(၂၀)ဦးနှင့် ကျောင်းသား/ ကျောင်းသူ (၁၂၀)ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ