Main menu

ပခုက္ကူကုန်စည်ဒိုင်၌  ပဲတီစိမ်း ဈေးနှုန်းများ ပြန်လည်မြင့်တက်

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူကုန်စည်ဒိုင်၌ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (ဒုတိယပတ်)တွင် ပဲတီစိမ်းဈေးနှုန်းမှာ (၁၉ပိဿာ)တစ်တင်းလျှင် ပဲတီစိမ်းကြီး(ကျွန်း) ကျပ်(၇၅၀၀၀)၊ ပဲတီစိမ်းသေး(ပဲနှောက်) ကျပ်(၈၃၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေပါသည်။ ယခင်တစ်ပတ် ဈေးနှုန်းမှာ ပဲတီစိမ်းကြီး(ကျွန်း)တစ်တင်းလျှင် ကျပ်(၇၂၀၀၀)၊ ပဲတီစိမ်းသေး(ပဲနှောက်) တစ်တင်းလျှင် ကျပ်(၈၁၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သောကြောင့် ပဲတီစိမ်းကြီး(ကျွန်း) ကျပ်(၃၀၀၀)၊ ပဲတီစိမ်း သေး(ပဲနှောက်) ကျပ်(၂၀၀၀) ဈေးပြန်လည်မြင့်တက်လာသည်ကို တွေ့ရှိရပါသည်။

        ပဲတီစိမ်းဈေးနှုန်းသည် ပြည်ပဝယ်လိုအားနှင့် ရာသီအထွက်နှုန်းအပြောင်းအလဲများကြောင့် ဈေးမြင့်တက်ခြင်းဖြစ်သည်။ ဥရောပ(EU)နိုင်ငံများ၊ အိန္ဒိယနိုင်ငံတို့မှ ဝယ်လိုအားတိုးတက်လာခြင်း၊ ရာသီဥတုဖောက်ပြန်မှုများကြောင့် အချို့စိုက်ပျိုးဒေသများတွင် အထွက်နှုန်းလျော့ကျခြင်း၊ ကုန်သည်များ၏ ဈေးနှိမ်ဝယ်ယူမှုကို ကာကွယ်ရန် တောင်သူများဘက်မှ ကုန်ပစ္စည်းကို ဈေးနှုန်းအခြေအနေကိုကြည့်၍ ထိန်းထိန်းသိမ်းသိမ်း ဖြန့်ဖြူးရောင်းချခြင်းတို့ကြောင့် ဈေးနှုန်းမြင့်တက်ခြင်းဖြစ်ကြောင်း သိရသည်။

         လာမည့် တရုတ်နှစ်သစ်ကူးကာလ နီးကပ်လာချိန်ဖြစ်၍ ဈေးနှုန်းထပ်မံ မြင့်တက်လာနိုင်သည်။ အိန္ဒိယနိုင်ငံတွင် ရာသီဥတုကြောင့် ပဲလိုအပ်ချက်မြင့်မားခြင်းသည် မတ်ပဲနှင့် ပဲစင်းငုံကို ပိုမိုတွန်းအားပေးနေသကဲ့သို့ ပဲတီစိမ်းဈေးကွက်ပါ သွယ်ဝိုက်သောအကျိုးသက်ရောက်မှုရှိနိုင်သည်။ ပဲတီစိမ်းကို တောင်သူများနှင့် ကုန်သည်များအနေဖြင့် ပိုးသတ်ဆေးအသုံးပြုမှုနှင့် အခြောက်ခံ သိုလှောင်မှုစနစ်ကို အထူးဂရုပြုရန်လိုအပ်ပြီး ဓာတ်ကြွင်းကင်းစင်၍ အရည်အသွေးကောင်းမွန်သော ပဲမျိုးဖြစ်ပါက ပြည်ပဈေးကွက်တွင် ဆက်လက်အလားအလာ ကောင်းမွန်နိုင်သည်ဟုကုန်သည်များ၏ သုံးသပ်ချက်အရ သိရှိရပါသည်။

DOCA(မကွေး)