
မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက် ဒေသတစ်ခုဖြစ်သော ကြောင့် သီးနှံမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိရာ ၄င်းသီးနှံများအနက် ဈေးကွက်ဝယ်လိုအားရှိသော ငရုတ်သီးနှံကိုလည်း စီးပွားဖြစ်တိုးချဲ့ စိုက်ပျိုးလာကြပါသည် ။ ကျောက်ဆည်ခရိုင်အတွင်းတွင် ငရုတ် စိုက်ပျိုးမှုအနေဖြင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ်တွင်(၈၇၇)ဧက ၊ စဉ့်ကိုင်မြို့နယ်တွင်(၂၇၉၂)ဧက ၊ မြစ်သားမြို့နယ်တွင် (၂၈၄၅)ဧက ၊ စုစုပေါင်း(၆၅၁၄)ဧက စိုက်ပျိုးထားရှိပြီး စဉ့်ကိုင်မြို့နယ်တွင်(၄၇၂)ဧက ရိတ်သိမ်းပြီးကြောင်း သက်ဆိုင်ရာဌာန၏ စာရင်း များအရသိရှိရပါသည်။ အများဆုံးစိုက်ပျိုးသော မျိုးများမှာ သာမို ၊ ဒီမွန်နှင့် (၆၉၂)မျိုးများဖြစ်ပြီး အထွက်နှုန်းကောင်းသော (၆၉၂)မျိုးကို ပိုမိုစိုက်ပျိုးကြကြောင်း ၊ ငရုတ် (၁)ဧက ကုန်ကျစရိတ် အနေဖြင့် မျိုး ၊ သွင်းအားစု ၊ လုပ်သားခအပါအဝင် စုစုပေါင်း (၁၅)သိန်းကျပ်ခန့် ကုန်ကျကြောင်း ၊ စျေးနှုန်းအနေဖြင့် စက်တင်ဘာလတွင် ငရုတ်သီးအညှာပါအခြောက် (၁)ပိဿာလျှင် (၁၅၀၀၀/-) ကျပ် ၊ ငရုတ်သီးအညှာခြွေ(၁)ပိဿာလျှင်(၁၈၀၀၀/-)ကျပ်စျေးနှုန်းများဖြင့်အရောင်းဖြစ်ခဲ့ပြီးအောက်တိုဘာလဒုတိယပတ်တွင်ငရုတ်သီးအညှာပါအခြောက်(၁) ပိဿာလျှင်(၁၆၀၀၀/-) ကျပ် ၊ ငရုတ်သီးအညှာခြွေ(၁)ပိဿာလျှင် (၂၀၀၀၀/-)ကျပ် စျေးနှုန်းများဖြင့် အရောင်းဖြစ်နေပြီး စျေးနှုန်း မြင့်တက်လျက်ရှိကြောင်း၊ သီးနှံထွက်ပေါ်ချိန်တွင် ငရုတ်စိုက် တောင်သူများမှ ပွဲရုံများသို့ တိုက်ရိုက် ရောင်းချကြကြောင်း ၊ ပွဲရုံများမှတဆင့် မန္တလေး၊ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချလျက်ရှိ ကြောင်း ပွဲရုံများမှသိရှိရပါသည်။
DOCa(မန္တလေး)
