
တရုတ်နိုင်ငံသည် ပဲပိစပ်တင်သွင်းမှုများကို ၂၀၂၁ ခုနှစ်ကတည်းက စတင်ပြုလုပ်ခဲ့ပြီး ၂၀၂၅ ခုနှစ်တွင် အမေရိကန်နိုင်ငံနှင့် ကုန်သွယ်ရေးစစ်ပွဲ ယာယီစစ်ပြေငြိမ်းမှု ဆောင်ရွက်အပြီးတွင် တောင်အမေရိကနိုင်ငံမှ ပဲပိစပ်ဝယ်ယူမှုအားကောင်းလာမှုကြောင့် ယခုနှစ်အတွက် ပဲပိစပ်တင်သွင်းမှုများ မြင့်တက်လျက်ရှိကြောင်း သိရပါသည်။ ကမ္ဘာ့ပဲပိစပ်အများဆုံး ဝယ်ယူသည့် တရုတ်နိုင်ငံသည် နိုဝင်ဘာလတွင် ပဲပိစပ်တန်ချိန် ၈.၁၁ သန်း မက်ထရစ်တန်ခန့်ဝယ်ယူခဲ့ကြောင်းနှင့် အဆိုပါပမာဏသည် ၂၀၂၅ ခုနှစ်အစောပိုင်းကာလတွင် ဝယ်ယူခဲ့သော တန်ချိန် ၇.၁၅ သန်း တန်ထက် ၁၃.၄ ရာခိုင်နှုန်းခန့် မြင့်တက်လာကြောင်း အကောက်ခွန်အထွေထွေစီမံခန့်ခွဲရေးဌာနမှ ထုတ်ပြန်သော ထုတ်ပြန်ချက်များအရ သိရပါသည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ နိုဝင်ဘာလအတွင်းတွင် တရုတ်နိုင်ငံသည် ပဲပိစပ်တန်ချိန် ၁၀၃.၇၉ သန်းတန်ခန့် တင်သွင်းခဲ့ကြောင်း သိရပါသည်။ အဆိုပါတင်သွင်းမှုများမြင့်တက်လာခြင်းသည် တရုတ်ကုန်သည်များက တောင်အမေရိကနိုင်ငံမှ ပဲပိစပ်များကို အမြောက်အများဝယ်ယူခြင်းကြောင့်ဖြစ်ကြောင်း သိရပါသည်။ Sublime China Information မှ လေ့လောစမ်းစစ်သူ Wang Wenshen က ဒီဇင်ဘာလတင်သွင်းမှုသည် တန်ချိန် ၈.၆ သန်းတန်ခန့် ရောက်ရှိနိုင်ကြောင်းနှင့် ၂၀၂၅ ခုနှစ် တစ်နှစ်ပတ်လုံးတင်သွင်းမှုသည် တန်ချိန် ၁၁၂ သန်း မက်ထရစ်တန်ခန့်ရောက်ရှိနိုင်ကြောင်း ခန့်မှန်းခဲ့ပါသည်။ နိုင်ငံပိုင် သီးနှံဝယ်ယူသည့် ကုမ္ပဏီဖြစ်သော COFCO သည် အမေရိကန်နိုင်ငံပဲပိစပ်တန်ချိန် ၂.၇ သန်းတန်ခန့် ကြိုတင်ဝယ်ယူမှုများကို အောက်တိုဘာလ နောက်ပိုင်းကတည်းက ပြုလုပ်ခဲ့ကြောင်း အမေရိကန်နိုင်ငံ စိုက်ပျိုးရေးဌာနမှ ထုတ်ပြန်သော အချက်အလက်များအရ သိရပါသည်။ လက်ရှိတွင် ယခုနှစ်အဆုံး၌ အမေရိကန်ပဲပိစပ်တန်ချိန် ၁၂ သန်းတန်ခန့် ဝယ်ယူရန် သဘောတူညီမှုပြုလုပ်ခဲ့ကြောင်း ဘဏ္ဍာရေးအတွင်းရေးမှူး Scot Bessent က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
Source: The Edge Malaysia
DOCA (ရန်ကုန်)
