ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဂေါ်ရခါးသီး(ခေါ်)သက်မွန်သီးဈေးကွက်

             ယခုနိုဝင်ဘာလနောက်ဆုံးပတ်တွင် ပြည်ဈေးကွက်သို့ ရှမ်းပြည် ပင်းတယ၊ ကလော၊ ပင်လောင်း စသည့်မြို့နယ်များမှ ဝင်ရောက်လာသည့် ဂေါ်ရခါးသီးများ အရောင်းအဝယ်များနေကြောင်း သိရှိရပါသည်။ ကုန်ပစ္စည်းဝင်ရောက်မှုမှာ များနေပြီးအရောင်းအဝယ်လည်း သွက်လျက်ရှိပါသည်။ ယခင်က ဂေါ်ရခါးသီးကို ဟင်းချက်ပြီးကြော်စားသလို မုန့်နှစ်များဖြင့် ကြော်၍လည်း စားသုံးကြပါသည်။ ယခုအခါ ဂေါ်ရခါးသီးအရင့်ကို ပြုတ်၍စားသောက်ပါက အသီးမှာစေးပြီး လူကြိုက်များပါသည်။ ဂေါ်ရခါးသီးတစ်လုံးလျှင် ယခင်က (၅၀၀)ကျပ်ဖြင့် ရောင်းချပြီး ယခုနိုဝင်ဘာလနောက်ဆုံးပတ်တွင် အလုံးချော တစ်လုံးလျှင် (၈၀၀)ကျပ်ဖြင့် ရောင်းချကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

နာမည်ကြီးနေသောယာကွန်ဥ(ခေါ်)ရေကန်စွန်းဥဈေးကွက်

               ပြည်ဈေးကွက်အတွင်း ယခုနိုဝင်ဘာလ နောက်ဆုံးပတ်တွင် ရှမ်းပြည်ဒေသမှထွက်ရှိသော ယာကွန်ဥ(ခေါ်)ရေကန်းစွန်းဥများ အဝယ်လိုက်ပြီး အရောင်းအဝယ်သွက်နေကြောင်း သိရပါသည်။ ယခင်က ယာကွန်ဥတစ်ပိဿာလျှင် (၄၀၀၀)ကျပ် ရောင်းချပြီး ယခုနိုဝင်ဘာလ နောက်ဆုံးပတ်တွင် တစ်ပိဿာကို (၇၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။ Online ပေါ်တွင်လည်း ယာကွန်ဥ(ခေါ်)ရေကန်စွန်းဥကို စားသောက်သူများ အများအပြားရှိနေသောကြောင့် အရောင်းအဝယ် သွက်နေကြောင်းလဲ သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ကုန်စည်ဒိုင်၏ပဲမျိုးစုံဈေးကွက်အခြေအနေ

             ပြည်ခရိုင်၊ ပြည်မြို့နယ် ပြည်ကုန်စည်ဒိုင်၏ ပဲမျိုးစုံ‌ရောင်းဝယ်လျက်ရှိရာ မတ်ပဲ၊ ပဲတီစိမ်း၊ ကုလားပဲ၊ ပဲကြီးသီးနှံများအရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

          နိုဝင်ဘာလပထမပတ်တွင်မတ်ပဲတစ်တင်းကို (၁၂၀၀၀၀-၁၂၀၅၀၀)ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်လျင်အိတ်(၁၅၀/၂၀၀)ခန့်အဝယ်ရှိနေပါသည်။ နိုဝင်ဘာဒုတိယပတ်တွင် မတ်ပဲ တစ်တင်းကို (၁၁၇၀၀၀)ကျပ်ဖြင့် တစ်ရက်ကိုအိတ် (၂၀၀)ခန့်ရန်ကုန်အဝယ်ရှိပါသည်။ တတိယပတ်တွင် မတ်ပဲတစ်တင်းကို (၁၁၈၀၀၀ - ၁၁၉၀၀၀)ကျပ်၊ စတုတ္ထပတ်တွင် မတ်ပဲတစ်တင်းကို (၁၁၇၅၀၀/၁၁၈၀၀၀)ကျပ် ဖြင့်ရန်ကုန်အဝယ်တစ်ရက်ကို အိတ်(၁၅၀/၂၀၀)ခန့်ရှိပါသည်။

           နိုဝင်ဘာပထမပတ်တွင် ပဲတီစိမ်းအသစ်များပန်းတောင်း၊ ပေါက်ခေါင်း၊ ဝက်ထီးကန်ဘက်မှ တစ်ရက်လျှင်အိတ်(၃၀၀/၄၀၀)အဝင်ရှိပြီး ပဲတီစိမ်းတစ်တင်းကို (၉၀၀၀၀)ကျပ်ဖြင့် တစ်ရက်ကို အိတ်(၃၀၀-၄၀၀)ခန့် အရောင်းအဝယ်ရှိသည်ကိုတွေ့ရပါသည်။ နိုဝင်ဘာဒုတိယပတ်တွင် ပဲတီစိမ်း တစ်တင်းကို (၉၃၀၀၀)ကျပ်ဖြင့်တစ်ရက်ကို အိတ်(၃၀၀)ခန့် ရန်ကုန်အဝယ်ရှိပါသည်။ တတိယပတ်တွင် ပဲတီစိမ်းတစ်တင်းကို (၉၆၀၀၀-၉၇၀၀၀)ကျပ်ဖြင့် တစ်ရက်ကိုအိတ် (၄၀၀)ခန့်အရောင်းအဝယ်ဖြစ် လျက်ရှိပါသည်။ စတုတ္ထပတ်တွင် ပဲတီစိမ်းဈေးအေးနေပြီး တစ်တင်းကို (၉၆၀၀၀-၉၇၀၀၀)ကျပ်ဖြင့် တစ် ရက်ကို အိတ် (၇၀၀/၈၀၀)ခန့်အဝယ်ရှိနေပါသည်။

          ပြည်ကုန်စည်ဒိုင်၏ နိုဝင်ဘာလပထမပတ်တွင်ကုလားပဲ (HL)တစ်တင်းကို (၁၀၂၀၀၀)ကျပ်၊ မြကြေးမှုံတစ်တင်းကို (၁၂၂၀၀၀)ကျပ်ဖြင့် မြို့တွင်းခွဲဆက်သမားများနှင့် နယ်စုံအဝယ်တစ်ရက်ကို အိတ် (၁၅၀/၃၀၀)ခန့်အဝင်ရှိပါသည်။ နိုဝင်ဘာဒုတိယပတ်တွင် ကုလားပဲ (HL)တစ်တင်းကို (၁၀၁၅၀၀-၁၀၂၀၀၀)ကျပ်၊ မြို့တွင်းခွဲစက်သမားများ တစ်ရက်ကိုအိတ် (၂၅၀)ခန့် အဝယ်ရှိပါသည်။ နိုဝင်ဘာတတိယပတ်တွင် ကုလားပဲ(HL) တစ်တင်းကို (၁၀၂၀၀၀)ကျပ်ဖြင့် မြို့တွင်းအဝယ်တစ်ရက် ကိုအိတ် (၃၀၀)ခန့် အဝယ်ရှိပါသည်။ စတုတ္ထပတ်တွင် ကုလားပဲ (HL)တစ်တင်းလျှင် (၁၀၂၀၀၀)ကျပ်ဖြင့် မြို့တွင်းခွဲစက်သမားများ တစ်ရက်ကို အိတ် (၃၀၀)ခန့်အဝယ်ရှိပါသည်။

            နိုဝင်ဘာပထမပတ်တွင် ပဲကြီး(ရွှေကျွန်း)တစ်တင်းကို (၉၂၀၀၀)ကျပ်၊ ပဲကြီး (ကုန်းပဲ) တစ်တင်း ကို (၈၇၀၀၀)ကျပ်ဖြင့် မြို့တွင်းပဲကြော်သမားများနှင့် ရန်ကုန်အဝယ်တစ်ရက်ကိုအိတ် (၂၅၀)ခန့် အဝယ်ရှိနေပါသည်။ ဒုတိယပတ်တွင် ပဲကြီး(‌ရွှေကျွန်း)တစ်တင်းကို (၉၀၀၀၀)ကျပ်၊ ပဲကြီး (ကုန်းပဲ) တစ်တင်းကို (၈၅၀၀၀)ကျပ်ဖြင့် မြို့တွင်းပဲကြော်သမားများအဝယ်ရှိပါသည်။ တတိယပတ် တွင် ပဲကြီး (ရွှေကျွန်း)တစ်တင်းကို (၉၀၀၀၀)ကျပ်၊ ပဲကြီး (ကုန်းပဲ)တစ်တင်းကို (၈၅၀၀၀)ကျပ်ဖြင့် ပဲကြော်သမားများအဝယ်တစ်ရက်ကိုအိတ် (၂၅၀)ခန့်ရှိပါသည်။ စတုတ္ထပတ်တွင် ပဲကြီး(‌ရွှေကျွန်း) တစ်တင်းကို (၉၀၀၀၀)ကျပ်၊ ပဲကြီး (ကုန်းပဲ)တစ်တင်းကို (၈၅၀၀၀)ကျပ်ဖြင့် အရောင်း အဝယ် ဖြစ်လျက်ရှိနေပါသည်။

           ပြည်ကုန်စည်ဒိုင်တွင်ပဲလက်ကျန်နည်းနေပြီဖြစ်သောကြောင့် ပဲစဉ်းငုံ၊ ဘိုကိတ်ပဲများမှာ အ‌ရောင်းအဝယ်နည်းနေကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ချင်းများဈေးငြိမ်ပြီး အရောင်းအဝယ်အေးလျက်ရှိ

             ပြည်ချင်းပွဲရုံများတွင် ယခုအပတ်ချင်းအရောင်းအဝယ်အေးလာပြီး ချင်းဈေးများသည် ယခင်အပတ်ဈေးအတိုင်းငြိမ်လျက်ရှိနေပါသည်။ ယခင်က ပွဲတော်ရာသီနှင့် ကထိန်အလှူများရှိသဖြင့် အရောင်းအဝယ်ကောင်းလာ၍ ဈေးအနည်းငယ်မြင့်တက်လာပြီး ယခုနိုဝင်ဘာ နောက်ဆုံးအပတ်မှစပြီး ဓားလှီးချင်း (ဖတ်) လုပ်ငန်းရှင်တို့ ရောင်းဝယ်မှုနှင့် လက်လီဈေး ရောင်းဝယ်ရေးသမားတို့ အရောင်းအဝယ်အေးတာကြောင့် ချင်းပွဲရုံသမားများလည်း အရောင်းအဝယ်အေးလာသည်ဟုသိရှိရပါသည်။ ယခုနိုဝင်ဘာလနောက်ဆုံးပတ်ချင်းဈေးမှာ ပွဲရုံဈေး (၁၅၀၀-၁၈၀၀)ကျပ်မှာ အိတ်ဆွဲဈေးဖြစ်ပြီး ချင်းသန့်လက်ကားဈေးမှာ (၂၀၀၀-၂၂၀၀)ကျပ်ဈေးတို့ဖြင့် ရောင်းချနေကြောင်းတွေ့ရှိရပါသည်။ လက်လီဈေးများတွင် (ချင်းသန့်)တစ်ပိဿာ (၂၅၀၀-၂၈၀၀) ကျပ်ဈေးတို့ ဖြင့်ရောင်းချလျက်ရှိနေပါသည်။ ဒါးလှီးချင်းဖတ် တစ်ပိဿာဈေး (၃၅၀၀)ကျပ်ဖြင့် ရောင်းဝယ်မှုရှိနေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

အရောင်းသွက်သောသခွားသီး

          ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ တောင်ခွေးရဲကျေးရွာမှ တောင်သူဦးချင်း၏ လယ်ယာမြေ (၀.၂၅)ဧကတွင် သခွားသီးများကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုစားဝတ်နေရေးအတွက် ဝင်ငွေများတိုးပြီး စီးပွားရေးအဆင်ပြေလျက်ရှိကြောင်း သိရပါသည်။

          ဟင်းသီးဟင်းရွက်အုပ်စုဝင်ဖြစ်သော သခွားသီးများကို စားသုံးသူများမှ အများအပြားစားသုံးကြပါသည်။ သခွားမျိုးမှာ (၃၉၅)မျိုးကို ဝယ်ယူစိုက်ပျိုးပြီး မျိုးထုတ်တစ်ထုတ်လျှင် (၁၂၀၀၀)ကျပ်ပေးရကြောင်းသိရသည်။ စက်တင်ဘာလတွင် စတင်စိုက်ပျိုးခဲ့ပြီး ယခု နိုဝင်ဘာလတွင် ခူးဆွတ်ရောင်းချနေပြီဖြစ်ကြောင်းသိရသည်။ သခွားသီးများကို တစ်ရက်ချန်ခူး၍ရောင်းချပြီး တစ်ခါခူးလျှင် အလုံးရေ (၈၀၀ - ၁၀၀၀)လုံးခန့်ရရှိပါသည်။ ဈေးနှုန်းများမှာ တစ်လုံးလျှင် (၁၅၀-၂၀၀)ကျပ်ဖြင့် ရောင်းချကြောင်းသိရသည်။ သခွားသီးများကို ပြည်မြို့၊ ဈေးကြီးအပါအဝင် အခြားဈေးများတွင်လည်း ရောင်းချလျက်ရှိကြောင်းသိရသည်။

          သခွားသီးများ ရောင်းချရာတွင် ကျေးရွာအတွင်းမှ ဈေးသည်များမှ လာရောက်ဝယ်ယူကြသလို ပြည်မြို့ပေါ်ရှိ ဈေးများသို့လည်း သွားရောက်ရောင်းချမှုများရှိပါသည်။ ယခုအချိန်သည် သခွားသီးများ စတင်ထွက်ပေါ်ချိန်ဖြစ်သောကြောင့် စိုက်ပျိုးသူတောင်သူများ ဈေးကောင်းရကာ  အရောင်းသွက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဖြူးမြို့မှ ပိန်းဥဈေးကွက်

    ကျေးလက်ဒေသများတွင် ပိန်းဥကို ခြံဝင်းကျယ်ကျယ်အတွင်း မြေကွက်လပ်တွင် စိုက်ပျိုးကြပါသည်။ ပိန်းဥ ရေစိမ့်ဝင်မှုအားကောင်းသော မြေမျိုးကို နှစ်သက်ပါသည်။ မိုးဦးကျကာလတွင် စိုက်ပျိုးပြီး မိုးရာသီကုန်လျှင် ပိန်းဥများပေါ်ပြီဖြစ်ပါသည်။

     ပိန်းဥသည် ပိုတက်စီယမ်နှင့် အခြားသတ္ထုဓါတ်ပါဝင်သည့်အပြင် အမျှင်ဓါတ်လည်းပါဝင်သဖြင့် ကျန်းမာရေးကို အထောက်အကူပြုပါသည်။ စနစ်တကျ ချက်ပြုတ်၍ နူးအိ၍ အလွန်စားကောင်းသော ဥတစ်မျိုးဖြစ်ပါသည်။

     ယခင်နှစ် ပိန်းဥပေါ်ချိန်တွင် တစ်ပိဿာလျှင် ၂၈၀၀ ကျပ်မှ ၃၅၀၀ ကျပ်အထိရှိပြီး ယခုနှစ် ပိန်းဥပေါ်ချိန်တွင် ပိန်းဥတစ်ပိဿာလျှင် ၃၅၀၀ ကျပ်မှ ၄၀၀၀ ကျပ်အထိ ရှိကြောင်း ဖြူးမြို့မဈေးအတွင်းရှိ ပိန်းဥအရောင်းဆိုင်များမှ သိရပါသည်။

DOCA(ပဲခူး)

ဖြူးမြို့မှ ထန်းမြစ်ဈေးကွက်

      ထန်းမြစ်ဆိုသည်မှာ ထန်းသီးအရင့်များကို မြေကြီးထဲတွင် မြှုပ်ထားပြီး သုံးလခန့်အကြာတွင် ထွက်လာသည့် ထန်းပင်ပေါက်ကလေးများကို ခေါ်ပါသည်။ အရသာမှာ ဆိမ့်ပြီး အနည်းငယ်သက်သည်။ မီးဖုတ်၍ဖြစ်စေ၊ ပြုတ်၍ဖြစ်စေ ဆီဆမ်းစားရသည်။ အချို့ကလည်း ကြော်စားကြပါ သည်။

       ဖြူးမြို့မှ ထန်းမြစ်ရောင်းသူများသည် အညာဒေသမှလာသော ထန်းမြစ်များနှင့် တောင်ငူဒေသမှထွက်သော ထန်းမြစ်များကို ရောင်းချကြပါသည်။ အညာထန်းမြစ်သည် အခါးဓါတ်ပိုသဖြင့် လူကြိုက်နည်းပြီး တောင်ငူထန်းမြစ်မှာ အခါးဓါတ်နည်းသဖြင့် လူကြိုက်များသည်။ အညာထန်းမြစ်မှာ သယ်ယူစရိတ်ပို၍ ကုန်ကျသဖြင့် တောင်ငူထန်းမြစ်မှာ ပို၍အရောင်းကောင်းပါသည်။

      တောင်ငူထန်းမြစ်ကို ၁၀ ချောင်းပါ တစ်စည်းလျှင် ၁၄၀၀ ကျပ်မှ ၁၆၀၀ ကျပ်အထိ ဝယ်ယူရပြီး မီးဖုတ်၍ဖြစ်စေ၊ ပြုတ်၍ဖြစ်စေ အသင့်စား၍ရအောင်ပြုလုပ်ပြီးလျှင် အနုအရင့်ခွဲပြီး တစ်ချောင်းလျှင် ၂၀၀ ကျပ်မှ ၂၅၀ ကျပ်အထိဖြင့် ပြန်လည်ရောင်းချကြောင်း သိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့တွင် ရောင်းချလျက်ရှိသည့် ရှမ်းပြည်ထွက်စတော်ဘယ်ရီသီး

    တောင်ငူမြို့ ညောင်ပင်ဈေးသို့ အရပ်ဒေသအသီးသီးမှ ဒေသထွက်ကုန်များ၊ သစ်သီးဝလံများ လာရောက်ရောင်းချလျက်ရှိရာ ရှမ်းပြည်နယ်ထွက် စတော်ဘယ်ရီသီးများလည်း လူကြိုက်များ၍ ရောင်းအားကောင်းပါသည်။

    စတော်ဘယ်ရီသည် မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်များတွင် အများဆုံးစိုက်ပျိုးကြသည်ဟု သိရှိရပါသည်။ စတော်ဘယ်ရီသီကို သွားရည်စာအဖြစ်လည်းကောင်း၊ ဖျော်ရည်အဖြစ်လည်းကောင်း အများဆုံးစားသုံးကြပါသည်။

       ပေါ်ဦးပေါ်ဖျားဖြစ်သည့်အတွက် ၁၀ ကျပ်သားလျှင် ၃၀၀၀ ကျပ်မှ ၃၅၀၀ ကျပ်အထိ ရောင်းချလျက်ရှိပါသည်။ စတော်ဘယ်ရီသီးတွင် အဖြူသီးနှင့် အနီသီးဟူ၍ နှစ်မျိုးရှိပါသည်။ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သဖြင့် ရောင်းအားကောင်းကြောင်း ညောင်ပင်ဈေးရှိ သစ်သီးဆိုင်များမှ သိရပါသည်။

DOCA(ပဲခူး)

 

တောင်ငူမြို့ ညောင်ပင်ဈေးမှ ကြက်ပေါင်သီးများ

    တောင်ငူမြို့၊ ညောင်ပင်ဈေးတွင် ကြက်ပေါင်သီးများကို ပေါများစွာ ရောင်းချလျက်ရှိသည်ကို တွေ့ရပါသည်။ ကြက်ပေါင်သီးများကို ကြော်၍လည်းကောင်း၊ ထောင်း၍လည်းကောင်း၊ ချက်၍လည်းကောင်း အမျိုးမျိုးပြုလုပ်စားသုံးနိုင်ပါသည်။

   တောင်ငူမြို့ရှိ ဈေးများတွင် ကြက်ပေါင်သီး တစ်ပိဿာလျှင် ၃၅၀၀ ကျပ်မှ ၄၅၀၀ ကျပ်အထိ ရောင်းချနေသည်ကို တွေ့ရပါသည်။ ကြက်ပေါင်သီးထောင်း၊ ကြက်ပေါင်သီးဟင်းနှင့် ထမင်းစားလျှင် ခံတွင်းလိုက်၍ ထမင်းမြိန်စေသောကြောင့် လူအများကြိုက်နှစ်သက်ကြောင်း သိရပါသည်။

DOCA(ပဲခူး)

“ တစ်ပတ်အတွင်း စားအုန်းဆီ ထုတ်ပေးမှုအခြေအနေ ”

             ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် သန်လျင်မြို့နယ်ရှိ  သီလဝါစက်မှုဇုန်၊ Wilmar ဆီကန်မှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များနှင့်အခြားတိုင်းဒေသကြီးပြည်နယ်များရှိ ကိုယ်စားလှယ်များသို့ စားအုန်းဆီနေ့စဉ် ထုတ်ပေးလျက်ရှိပါသည်။ စားအုန်းဆီအား ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ အပတ်စဉ်ထုတ်ပြန်ထားသော အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းအပေါ် လက်ကားပြန်လည် ဖြန့်ဖြူးရောင်းချသူများအနေဖြင့် ဒေသအရောက်ဈေးနှုန်းများအပေါ် (၂)ရာခိုင်နှုန်းအမြတ်ထက်မပိုသော ဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချစေရေး ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းများ မပြုလုပ်စေရေးတို့အတွက်လည်း ဝန်ထမ်းများမှကွင်းဆင်းကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်းနှင့် (၂.၁၂.၂၀၂၄)ရက်နေ့မှ (၇.၁၂.၂၀၂၄)ရက်နေ့အထိ ဆီကုမ္ပဏီ(၁၆) ခုနှင့် စားအုန်းဆီတန်ချိန် (၄၃၈၀.၈၁)တန်ကို ထုတ်ပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း