ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျွန်းလှမြို့တွင် ရောင်းချနေသော ငှက်ပျောသီး ဈေးနှုန်း

          စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကျွန်းလှမြို့တွင် ငှက်ပျောပင်များကို တစ်နိင်တစ်ပိုင်အနေဖြင့် စိုက်ပျိုးလျက်ရှိပါသည်။ ငှက်ပျောပင်စိုက်ပျိုးရာတွင် မိမိတို့ပိုင်ဆိုင်သည့် ယာမြေကွက်များ (သို့မဟုတ်) အိမ်ခြံဝင်းအတွင်းရှိမြေကွက်လပ် ပတ်ချာလည်များတွင် စိုက်ပျိုးကြပြီး ငှက်ပျောစိုက်ပျိုးသည့် အမျိုးအစားများမှာ ဖီးကြမ်း(စိမ်း) ဖီးကြမ်း(ငှက်ပြာ) ကသည်းငှက်ပျော(ခေါ်)ရခိုင်ငှက်ပျော၊ ဝက်မလွတ်ငှက်ပျောနှင့် ဝက်မလွတ်(ဘရာဇီး)ငှက်ပျောတို့ကို အများဆုံးစိုက်ပျိုးလျက်ရှိပါသည်။

          ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း ဖြစ်ပေါ်နေ‌သော ငှက်ပျောသီးဈေးနှုန်းအနေဖြင့် ဖီးကြမ်းငှက်ပျောသီး အကြီးတစ်ဖီးလျှင်(၃၅၀၀)ကျပ်၊ အသေးတစ်ဖီး (၃၀၀၀)ကျပ်၊ ဝက်မလွတ် (ဘရာဇီး)ငှက်ပျော အကြီးတဖီးလျှင်(၃၅၀၀)ကျပ်၊ အသေးတစ်ဖီး (၃၀၀၀)ကျပ်၊ ကသည်းငှက်ပျော (ခေါ်)ရခိုင် ငှက်ပျောသီး  အကြီးတစ်ဖီးလျှင်(၂၅၀၀)ကျပ်၊ အသေးတစ်ဖီး (၂၀၀၀) ကျပ် ဝက်မလွတ် ငှက်ပျောရိုးရိုး အကြီးတစ်ဖီးလျှင်(၂၅၀၀)ကျပ် နှင့် အသေး တစ်ဖီး(၂၀၀၀)ကျပ် ဈေးနှုန်းအသီးသီးတို့ဖြင့် ရောင်းချလျက်ရှိသောကြောင့် ယခင်အပတ်နှင့် နှိုင်းယှဥ်လျှင် ဖီးကြမ်းငှက်ပျောသီးဈေးနှုန်း အနည်းငယ်မြင့်တက်လာပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငှက်ပျောသီးရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ခါကြက်ဥနှင့် မုန့်ညှင်ထုတ် ဈေးနှုန်း မြင့်တက်လျက်ရှိကြောင်း

          ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြရာမှ စားဖိုဆောင်သီးနှံဖြစ်သည့် ခါကြက်ဥ(ဗမာ)မျိုးကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြပြီး သစ်ရာမြိုင်ဈေးကွက်အတွင်းသို့ လာရောက်ပို့ဆောင်ရောင်းချကြပါသည်။

           ခါကြက်ဥများကို ခါကြက်ဥ(တရုတ်)နှင့်ခါကြက်ဥ(ဗမာ)ဟူ၍ ခါ(၂)မျိုးရောင်းချလျက်ရှိရာ ယခုအချိန်တွင် ဒေသတွင်းထွက်ရှိသည့် ခါကြက်ဥ(ဗမာ)ဥများ ရှားပါးလာသည့် အချိန်ဖြစ်၍ တရုတ်ခါကြက်ဥကိုတော့ မန္တလေးမြို့နှင့် ရှမ်းပြည်နယ်တို့မှ ဝယ်ယူရောင်းချလျက်ရှိပါသည်။

           ၂၀၂၅ခုနှစ် ဩဂုတ်လ တတိယအပတ်၌ သစ်ရာမြိုင်ဈေးအတွင်း ဖြစ်ပေါ်နေသော  ခါကြက်ဥဈေးနှုန်းမှာ ခါကြက်ဥ(ဗမာ)ဥ တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ မုံညှင်းထုတ်ဈေးနှုန်းအနေဖြင့် မုံညှင်းထုတ် တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ (၅၀) ကျပ်သားလျှင် (၆၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၂၅၀၀) ကျပ်ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိသောကြောင့် ယခင်အပတ်ထက် ခါကြက်ဥ(ဗမာ)တစ်ပိဿာလျှင် (၄၀၀၀)ကျပ်နှင့် မုံညှင်းထုတ် တစ်ပိဿာလျှင်(၂၀၀၀)ကျပ်ဈေးနှုန်းတို့ မြင့်တက်လျက်ရှိပြီး အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

တစ်ပတ်အတွင်း ဈေးနှုန်း ပြန်လည်ကျဆင်းလာသော ခရမ်းချဉ်သီး

          ကျွန်းလှမြို့နယ် သံဘိုကျေးရွာ၊ ရှမ်းစုကျေးရွာတို့မှ ထွက်ရှိသည့် ဒေသထွက် ခရမ်းချဉ်သီးများ ဈေးကွက်အတွင်းသို့ ဝင်ရောက်မှုနည်းပါးလာသည့်အတွက် မန္တလေးမြို့နှင့် ရှမ်းပြည်နယ် အောင်ပန်းမြို့တို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊  ဩဂုတ်လ တတိယပတ်တွင် ပိတောက်မြိုင်ဈေး၌ ဖြစ်ပေါ်နေသော ခရမ်းချဉ်သီးဈေးနှုန်းအနေဖြင့် ခရမ်းချဉ်သီး အလုံးကြီး တစ်ပိဿာလျှင်(၅၀၀၀)ကျပ်၊ (၅၀)သားလျှင်(၂၅၀၀)ကျပ်နှင့် (၂၅)ကျပ်သားလျှင် (၁၃၀၀)ကျပ်၊ ခရမ်းချဉ်သီးအလုံးသေး တစ်ပိဿာလျှင်(၄၀၀၀)ကျပ်၊ (၅၀)သားလျှင်(၂၀၀၀)ကျပ် နှင့် (၂၅) ကျပ်သားလျှင်(၁၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ယခင်အပတ်ထက် ခရမ်းချဉ်သီးဈေး  တစ်ပိဿာလျှင် (၃၀၀၀) ကျပ် ဈေးနှုန်း ပြန်လည်ကျဆင်းလာပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

တစ်ပတ်အတွင်း ဈေးမြင့်တက်လာသော ကြက်ဥ၊ ငုံးဥနှင့် ဘဲဥ ဈေးနှုန်း

           ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် အသား/ငါး၊ ဥမျိုးစုံနှင့် အခြားစား‌သောက် ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများကို ရောင်းချလျက်ရှိရာ ကြက်ဥ၊ ဘဲဥနှင့် ငုံးဥ များကို မိမိတို့ဒေသထွက် ကြက်ခြံ၊ ဘဲခြံများနှင့် မန္တလေးမြို့တို့မှ ဝယ်ယူရောင်းချလျက်ရှိပါသည်။

        ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ် ကျွန်းလှမြို့ ဈေးကွက်အတွင်း၌ ရောင်းချနေသည့် ကြက်ဥ၊ ဘဲဥနှင့် ငုံးဥ ဈေးနှုန်းများမှာ ကြက်ဥ အကြီး(၁)လုံးလျှင်(၆၅၀/၆၈၀)ကျပ်၊ အသေး(၁)လုံးလျှင်(၅၅၀/ ၆၀၀)ကျပ် နှင့် ဘဲဥ(၁)လုံးလျှင်(၇၅၀)ကျပ် နှင့် ငုံးဥ(၁)လုံးလျှင်(၁၂၀)ကျပ် ငုံးဥ(၁၀)လုံးလျှင်(၁၁၀၀) ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ကံကော်ပန်း ဈေးနှုန်း

          ကျွန်းလှမြို့နယ်တွင် မိသားစုစားဝတ်နေရေးအတွက် ပန်းမျိုးစုံရောင်းချခြင်းလုပ်ငန်း လုပ်ကိုင်ကြရာတွင် နှင်းဆီပန်းအရောင်မျိုးစုံ၊ နှင်းပန်း၊ ဂန္ဓမာပန်း၊ ကံကော်ပန်း၊ အောင်သပြေပန်း၊ အာစီယံသပြေပန်း၊ သစ္စာပန်း၊ စံပါယ်ပန်း၊ ဇွန်ပန်း ဂမုန်းပန်း စသည်တို့ကိုလည်း ရောင်းချကြပါသည်။ ကံကော်ပန်းသည် ဘူရားပန်းကပ်လှူရန်အတွက်သာ အသုံးပြုကြသည်မဟုတ်ပဲ ယတြာချေရာတွင်လည်းကောင်း  အမျိုးသမီးထုများ ဦးခေါင်းတွင် အလှပန်ဆင်ရန်အတွက်လည်းကောင်း အသုံးပြုကြပြီး ကံကော်ပန်း၏ ရနံ့သည်မွှေးကြိုင်နေသော အဆင်းအနံ့ရှိသည့်အတွက် လူတိုင်းကကြိုက်နှစ်သက်ကြပြီး ရောင်းကောင်းသည့် ပန်းတစ်မျိုးလည်းဖြစ်ပါသည်။ ကံကော်ပန်းများကို မိမိတို့ဒေသတွင်းထွက်ရှိသည်များကိုသာ ဝယ်ယူရောင်းချကြောင်း သိရှိရပါသည်။

        ၂၀၂၅ခုနှစ်၊  ဩဂုတ်လ တတိယပတ်တွင် ကံကော်ပန်းဈေးနှုန်းအနေဖြင့် ကံကော်ပန်း(၅)ခက်ပါ တစ်စီး လျှင်(၂၀၀၀)ကျပ်၊ (၁၀)စီးတစ်ထုံးလျှင်(၁၈၀၀၀)ကျပ် ဈေးနှုန်းဖြင့်လည်းကောင်း ကံကော်ပန်း အပွင့် (၅/၇)ပွင့်ပါ တစ်ကုံးလျှင်(၃၅၀)ကျပ် ငွေကျပ်(၁၀၀၀)ဖိုး(၃)ကုံး ဈေးနှုန်းတို့ဖြင့်  အရောင်းအဝယ် ဖြစ်လျက်ရှိပါကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကလေးမြို့ပေါ်ရှိ ရှောက်ပန်းသီးနှင့် ဂွေးသီး ဈေးနှုန်းဈေးကွက်အခြေအနေ

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ဆည်တော်ဦး၊ ကျောင်းတိုက်၊ သာစည်ကျေးရွာများမှ ထွက်ရှိသည့် ရှောက်ပန်းသီးနှင့် ဂွေးသီးစိမ်းများ အရောင်းအဝယ်ကောင်းလျက်ရှိပါသည်။ မိမိတို့ ခြံများမှ ထွက်ရှိသည့် အသီးအနှံများကို မြို့ပေါ်တွင် ရောင်းချလျက်ရှိသည့် သစ်သီးဆိုင်များသို့ ဖောက်သည်သွင်းကာ နှစ်စဉ်ရောင်းချလျက် ကလေးမြို့ပေါ်တွင် ရောင်းချနေသည့် သစ်သီးဆိုင်များတွင် ရောင်းချသည့် လက်လီဈေးနှုန်းများအနေဖြင့် ရှောက်ပန်းသီးတစ်လုံးလျင်( ၂၀၀၀ ) ကျပ်၊ ဂွေးသီး ( ၆ ) လုံးလျင် ( ၁၀၀၀ ) ကျပ် ပေါက်ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိပါကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

မအူပင်မြို့နယ် ကျုံစုတ် ကျေးရွာထိပ်က လှေထိုးစပါး၏ ဈေးကွက်ရ ရောင်းဝယ်မှု

      မအူပင်မြို့နယ်၊ မအူပင်၊ ဖျာပုံကားလမ်းဘေး၊ ကျုံစုတ်ကျေးရွာ ကုန်းလမ်းနှင့် ရေလမ်းဆုံရာတွင် ၂-၂၅ခုနှစ် မိုးစပါးထွက် လှေထိုးစပါးများ ဈေးကွက်ရနေပြီး ရောင်းဝယ်မှု အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

   လှေထိုးစပါးဆိုသည်မှာ မအူပင်၊ ကျိုတ်လတ်အစပ်ကျေးရွာများတွင် မိုးရွာပြီးဆိုသည်နှင့် ရေတဖွေးဖွေး မြင်ရပြီး ရေပြင်ကျယ်ဖြစ်လာသည့် ကျေးရွာအုပ်စုများရှိ လယ်များတွင် ကဆုန်လ မိုးမရွာခင် စပါးများ၊ စိုက်ပျိုးပြီး မိုးရွာလာသောအခါ စပါးပင်များ သန်မာကြီးထွားလာပြီး ရေဖွေးဖွေးပေါ်မှာ စိမ်းစိုနေသော စပါးခင်းကြီးများ ဖြစ်ပါသည်။

     ၎င်းလှေထိုးစပါးများသည် နှစ် တစ်နှစ်၏ ဩဂုတ်လလယ်မှစ၍ စပါးစတင်ထွက်ရှိပြီး စပေါ်ကာစ အချိန်တွင် ကျုံစုတ် ကျေးရွာထိပ်တွင် နေ့စဉ်လှေထိုးစပါး တင်း ၃၀၀၀ တင်းခန့် အရောင်းအဝယ်ဖြစ်နေပြီး ဩဂုတ်လကုန် လောက်တွင် စပါးလှိုင်လှိုင်ပေါ်ပြီး တစ်နေ့လျှင် တင်း ၅၀၀၀ ခန့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်ကို ကျုံစုတ်ကျေးရွာထိပ်မှ စပါးပွဲစား ဒေါ်သူဇာခင်၏ ပြောပြချက်အရသိရသည်။

    လှေထိုးစပါးအဖြစ်စိုက်ပျိုးသော စပါးများမှာ ဧည့်မထစပါးအုပ်စု ဆာဖိုးသာ၊ 219 , GE-11, စပါးများဖြစ်ကြောင်းနှင့် စပါးစိုက်ပျိုးသောကျေးရွာအုပ်စုများမှာ ကျိုတ်လတ်မြို့နယ်မှ ကျီးချောင်း၊ သပြေကုန်း၊ ကွမ်းခြံကုန်း၊ တမာချိုင့်၊ လက်ပံချောင်း၊ သာယာဝဲ၊ ဖောင်ရိုးဆိပ်၊ လှည်းဆိပ်ဒေသများဖြစ်ပြီး မအူပင်မြို့နယ်မှ မင်းဘော၊ ကျုံစုတ်၊ တာဝှေအရှေ့၊ တာဝှေ့အနောက်၊ ကျီးချောင်း၊ အချော၊ ပိန်းချောင်း၊ ကနူး၊ ကညင်ဝ ဒေသများဖြစ်ကြောင်း  စပါးစိုက်တောင်သူ ဦးကြည်ညွှန့်၏ ပြောပြချက်အရ သိရှိရပါသည်။

    စပါးရောင်းဝယ်မှုနှင့် ပတ်သက်၍ စပါးတင်း ၁၀၀ လျှင် ဆယ်သိန်း ၊ ဆယ်တစ်သိန်းအကြားတွင် အရောင်းအဝယ်ဖြစ်နေပြီး ကျိုတ်လတ်မြို့နယ် ဝေမာဆန်စက်သိူ့ ပေးပို့ အရောင်းအဝယ်ပြုလုပ်ကြောင်း စပါးပွဲစား ဒေါ်သူဇာခင်မှ ထပ်မံရှင်းပြပါသည်။

   မအူပင်မြို့ ရှိ ဆန်စက်များသို့လည်း အနည်းငယ်အရောင်းအဝယ်ဖြစ် ပေးပို့လျက်ရှိကြောင်း သိရှိရပြီး လှေထိုးစပါးများကို အခြောက်ခံစက် များသို့ ပေးပို့၍ အခြောက်ခံလျှင် ငွေကျပ် ၁သိန်းပေးရပြီး အလျော့စပါးအနေဖြင့် တင်း(၂၀)ခန့် ရှိကြောင်းလည်း လေ့လာသိရှိရပါသည်။

    မအူပင်မြို့နယ် ကျုံစုတ်ကျေးရွာထိပ် မအူပင်၊ ဖျာပုံ ကားလမ်းဘေးတွင် လှေထိုးစပါးများ ရောင်းဝယ်မှု ဈေးကွက် ရရှိမှုကို မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် (၂၂-၈-၂၀၂၅) နေ့တွင်င် ကွင်းဆင်း၍ ဈေးကွက်ရရှိမှု စပါးထွက်ရှိမှုအခြေအနေများနှင့် စပါးအရည်အသွေးဈေးကောင်းမွန်မှုတို့ရှိစေရန် အသိပညာပေး  ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 ကန့်ဘလူမြို့သစ်သီးဈေးကွက်တွင် အရောင်းသွက်သည့် ဒေသထွက်နဂါးမောက်သီး

        စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ပြီး လယ်ယာထွက်ကုန်သီးနှံများအပြင် ဥယျာဉ်ခြံသီးနှံဖြစ်သည့် နဂါးမောက်ပင်များကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

          ကန့်ဘလူမြို့ပေါ်ရပ်ကွက်နှင့် ကန့်ဘလူမြို့နယ် ဆိတ်ဖူးမြောင်ကျေးရွာ၊ အင်ကြင်းစုကျေး ရွာနှင့် အခြားကျေးရွာများတွင် နဂါးမောက်ကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိပြီး ကန့်ဘလူမြို့ သစ်သီးဈေးကွက်သို့ ရောင်းချလျက်ရှိကြောင်း၊ ဩဂုတ်လ တတိယပတ်အတွင်း နဂါးမောက်သီး အသေးတစ်လုံးလျှင်(၅၀၀မှ ၈၀၀)ကျပ်နှင့် အကြီးတစ်လုံးလျှင် (၁၂၀၀မှ ၁၅၀၀)ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း၊ နဂါးမောက်သီးများသည် ဒေသထွက်ဖြစ်သည့်အတွက် ဈေးနှုန်းချိုသာ ခြင်း၊ အသီးလတ်ဆတ်မှုရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA (စစ်ကိုင်း)

                                                         

ကလေးမြို့နယ်အတွင်း ရောင်းအားလိုက်လာသည့် ရာသီပေါ် မာလကာသီး ဈေးနှုန်းဈေးကွက်

         စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ အင်တိုင်းကြီးကျေးရွာအတွင်း စိုက်ပျိုးထားရှိသည့် မာလကာခြံမှထွက်ရှိသော မာလကာသီးများသည် ကလေးမြို့ပေါ်ဒေသများတွင် ရောင်းအားလိုက်လာသည်ဟု သိရှိရပါသည်။

            မာလကာသီးတစ်လုံးသည် ဗီတာမင်အေ ကြွယ်ဝစွာပါဝင်နေခြင်း၊ ပိုတက်ဆီယမ်နှင့် ဓါတ်တိုးဆန့်ကျင်ပစ္စည်းများကြောင့် သွေးဖိအားကို ကျစေသည့် ကျန်းမာရေးအကျိုးကျေးဇူးများ၊ သွေးလည်ပတ်စီးဆင်းမျုကိုကောင်းမွန်စေသည့် ဂုဏ်သတ္တိများပါဝင်ပြီး ဗီတာမင်၊ ပရိုတိန်းနှင့် အဟာရဓါတ်များ ပေါများစွာပါဝင်သည့်အတွက် လူကြိုက်များပြီး ရာသီစာသီးနှံဖြစ်သည့် မာလကာသီးသည် နှစ်စဉ်ရောင်းအားကောင်းလျက်ရှိပါသည်။ ရောင်းဈေးနှုန်းများအနေဖြင့် မာကလာသီး အကြီးတစ်လုံးလျင် ( ၂၀၀၀ ) ကျပ်၊ အလတ်တစ်လုံးလျင် ( ၁၅၀၀ ) ကျပ်နှင့် အသေးတစ်လုံးလျင် ( ၁၀၀၀ ) ကျပ် ပေါက်ဈေးနှုန်းများဖြင့် ရောင်းဝယ်ဖောက်ကားလျက်ရှိကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

​​​​​​​ ကန့်ဘလူမြို့မဈေးတွင်  ဆီတို့ဟူးသေတ္ထာနှင့် ဆီတို့ထုတ်ဟူးဈေးနှုန်း အနည်းငယ်ကျဆင်း

        စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးတွင်  ရောင်းချလျှက်ရှိသော ဆီတို့ဟူးများကို ကချင်ပြည်နယ် ဟိုပင်မြို့နှင့် မိုးညှင်းမြို့တို့မှ ဝယ်ယူရောင်းချကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း ဆီတို့ဟူးလက်လီ(၁)သေတ္တာလျှင် (၄၅၀၀)ကျပ်၊ လက္ကား(၁) သေတ္တာလျှင် (၄၂၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင်(၁၀၀၀)ကျပ်နှင့် (၁)ထုပ်လျှင် (၅၀၀)ကျပ်ဖြင့် ရောင်းချကြောင်း၊ ထမင်းဝိုင်းများတွင် ဆီတို့ဟူးကို ကြက်သွန်နီပါးပါးလှီးကာ ဆီစိမ်းဆမ်းပြီး သုပ်စားကြသလို၊ တစ်ချို့ကကြော်ချက်၍ စားသုံးကြကြောင်း၊ ဆီတို့ဟူးသည် မည်သည့်ဟင်းလျာ ဖြင့်ဖြစ်စေ တွဲဖက်စား၍ရသည့် အရန်ဟင်းတခွက်ဖြစ်ပြီး ခံတွင်းမြိန်စေကြောင်း၊ ဆီတို့ဟူကို ကျေးလက်နေပြည်သူများက ဝယ်ယူစားသုံးကြသည့်အတွက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA (စစ်ကိုင်း)

                                                         

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း