ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့မဈေးတွင် ဂျင်း(ချင်း)တက်နှင့် ဂျင်းပေါက်ဈေးနှုန်းမြင့်တက်လာ

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် အရောင်းအဝယ်ဖြစ်လျက် ရှိသည့် ဂျင်း(ချင်း)တက်များကို ရှမ်းပြည်နယ် အောင်ပန်းမြို့မှလည်းကောင်း၊ မန္တလေးမြို့မှ လည်းကောင်း ဝယ်ယူရကြောင်း၊ ဂျင်း(ချင်း)တက်ကို အစားအသောက်များတွင် အရသာပိုမိုကောင်း မွန်ရန်အတွက် အသုံးပြုကြသလို၊ ဂျင်းပေါက်ပြုလုပ်သည့် လုပ်ငန်းရှင်များကလည်း ဝယ်ယူကြောင်း သိရသည်။

       ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသည့်  ဂျင်း(ချင်း)တက်ဈေးနှုန်းများမှာ လက္ကား(၁)ပိဿာလျှင် (၆၀၀၀)ကျပ်၊ လက်လီ(၁)ပိဿာလျှင် (၆၅၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ကန့်ဘလူမြို့နယ်အတွင်း တစ်နိုင်တစ်ပိုင် ဂျင်းပေါက်လုပ်ငန်း များလုပ်ကိုင်လျက်ရှိရာ ဂျင်းပေါက်လက်လီ(၁)ပိဿာလျှင် (၆၀၀၀)ကျပ်နှင့် လက္ကားတစ်ပိဿာ လျှင် (၅၅၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ဩဂုတ်လ ဒုတိယပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခု ပတ်အတွင်း ဂျင်းတက်(၁)ပိဿာလျှင် (၅၀၀)ကျပ်မြင့်တက်လာကြောင်း ဂျင်းတက်ရောင်းချသည့် လုပ်ငန်းရှင်ထံမှ သိရှိရသည်။

DOCA (စစ်ကိုင်း)

                                               

ကန့်ဘလူမြို့ဟင်းသီးဟင်းရွက်ဈေးကွက်ရှိ ဒေသထွက် ခဝဲသီးဈေးနှုန်း

                စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် ရာသီချိန်အလိုက် ဟင်းသီး ဟင်းရွက်များ စိုက်ပျိုးရောင်းချလျက်ရှိရာ ကန့်ဘလူမြို့မဈေး အပြင်ဘက်တန်းတွင်  ကန့်ဘလူမြို့ ပေါ်ရပ်ကွက်များနှင့် ကန့်ဘလူမြို့နယ် နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများမှ ဝင်ရောက် လျက်ရှိသည့် ဒေသထွက်ခဝဲသီးများ ရောင်းချလျက်ရှိကြောင်း သိရသည်။

       ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း ဒေသထွက် ခဝဲသီးဈေးနှုန်းများမှာ လက္ကား(၁) ပိဿာလျှင်(၃၀၀၀)ကျပ်၊ လက်လီ(၁)ပိဿာ(၃၅၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၉၀၀)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ခဝဲသီး(၁) ပိဿာလျှင် (၅၀၀)ကျပ်ကျဆင်းလာကြောင်း၊ ဟင်းသီးဟင်းရွက်ရောင်းချသည့် လုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။

DOCA (စစ်ကိုင်း)

                                                         

ကန့်ဘလူမြို့မဈေး၌  ခရမ်းချဉ်သီးဈေးနှုန်းပြန်လည်ကျဆင်း

         စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းမျာ ဆောင်ရွက်လျက်ရှိသလို   စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန် များ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေများကို လေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

        ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိသည့် ခရမ်းချဉ်သီးများကို မန္တလေးမြို့မှ ဝယ်ယူရ ကြောင်း၊ ၂၀၂၅ ခုနှစ် ၊ ဩဂုတ်လ တတိယပတ်အတွင်း ခရမ်းချဉ်သီးဈေးနှုန်းများမှာ အင်းသီးအလုံး ကြီး(၁)ပိဿာလျှင်(၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၂၅၀၀)ကျပ်နှင့် အလုံးသေး(၁)ပိဿာလျှင် (၄၀၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ခရမ်းချဉ်သီးသည် ဟင်းလျာအမျိုးမျိုးနှင့် တွဲဖက်အသုံးပြုကြ သည့်အတွက် အိမ်ရှင်မများ၊ စားသောက်ဆိုင်များနှင့် ထမင်းဆိုင်များမှ ဝယ်ယူအသုံးပြုကြသည့် အတွက် ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ခရမ်းချဉ်သီး ရောင်းချသူများထံမှ သတင်းရရှိပါသည်။

DOCA (စစ်ကိုင်း)

 

ကန့်ဘလူမြို့နယ်၌ နေ့စဉ်ဝင်ငွေရနေသည့် မိသားစုကောက်ရိုးမှိုစိုက်ပျိုးရေးလုပ်ငန်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ အမှတ်(၂)ရပ်ကွက်တွင် တစ်နိုင်တစ်ပိုင်ကောက်ရိုးမှို စိုက်ပျိုးခြင်းဖြင့် တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေရရှိနေကြောင်း၊ ထိုသို့ကောက်ရိုးမှိုစိုက်ပျိုး ရာတွင် ၆ပေ ၃ပေရှိ မှိုတစ်ဘောင်ကို မှိုမျိုးစေ့ထုတ်(၄)ထုတ်နှင့် ကုန်ကြမ်းပစ္စည်းများဖြစ်သည့် ထုံး အနည်းငယ်၊ ဂျပ်စက္ကူ(၁၀)ပိဿာခန့်၊ ဖွဲနု၊ နွားချေး (၃)အိတ်၊ ဝါး၊ ဗေဒါပင်နှင့် ကောက်ရိုးတို့အသုံး ပြုရကြောင်း သိရသည်။

          ကောက်ရိုးမှိုစိုက်ပျိုးခြင်းဟာ ပထမအဆင့် မှိုဘောင်ပြုလုပ်ရပါတယ်၊ ပြီးရင်တော့ ထုံးအ နည်းငယ်ဖြူးရပါမယ်၊ ထုံးဖြူးပြီး နွားချေးဖြူးရပါတယ်၊ နောက်နုတ်နုတ်စင်းထားတဲ့ ဗေဒါနဲ့ ရေစိမ်ထားတဲ့ ဂျပ်စက္ကူတွေကို ဘောင်ပေါ်မှာ ဖြူးပေးရကြောင်း၊ အဲဒီအပေါ်ကနေ ဖွဲနုနဲ့ မှိုမျိုးစေ့ ကိုရောပြီး ဖြူးပေးရပါတယ်၊ နောက်ပြီး နွားချေးနဲ့ ပြန်ဖုံးပေးပြီး ရေလောင်ပေးရကြောင်း၊ မှိုဘောင်ကို ပေါင်းမိုးပြုလုပ်ပြီး လေလုံအောင် ပလပ်စတစ်အကြည်နဲ့(သို့မဟုတ်) ကောက်ရိုးနဲ့ ဖုံးအုပ်ပေးထားရကြောင်း၊ (၅)ရက်မြောက်တဲ့နေ့မှာတော့ မိနစ်(၂၀)ခန့်အထိကြာအောင် အမိုးကိုဖွင့် ပေးပြီး ပြန်ဖုံးအုပ်ပေးရပါတယ်၊ (၁၀)ရက်မြောက်နေ့မှာတော့ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကွက် ဝင်တဲ့ မှိုတွေကို နှုတ်ယူရောင်းချနိုင်ပါကြောင်း၊ ကိုယ့်မိသားစုအတွက်လည်း ဟင်းတစ်ခွက်ဖြစ်တာ ကြောင့်  အိမ်ခြံဝင်းကျယ်ပြီး မြေပိုရှိတဲ့ သူတွေအနေနဲ့ ကောက်ရိုးမှိုကို စီးပွားဖြစ်မဟုတ်တောင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးသင့်ကြောင်း၊  ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း ကန့်ဘလူမြို့မ ဈေးတွင်  ကောက်ရိုးမှိုတစ်ပိဿာလျှင် လက်လီဈေး(၁၃၀၀၀)ကျပ်၊ လက်ကားဈေး (၁၂၅၀၀)ကျပ် နှင့် (၅၀)ကျပ်သားလျှင် (၆၅၀၀)ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်း၊ စိုက်ပျိုးသူဦးဝင်းဦးထံမှ သိရှိ ရပါသည်။

DOCA (စစ်ကိုင်း)

ကန့်ဘလူမြို့မဈေးတွင် အရောင်းအဝယ်ဖြစ်သည့်  ကြက်ဥ၊ ဘဲဥ၊ ငုံးဥဈေးနှုန်း

         စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိသည့် ကြက်ဥ၊ ဘဲဥများကို ကန့်ဘလူမြို့နယ်အတွင်းရှိ ကြက်ခြံများနှင့် မန္တလေးမြို့မှ ဝင်ရောက်လျက်ရှိ ကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ကြက်ဥအကြီး (၁)လုံးလျှင် (၆၀၀)ကျပ်၊ အသေး(၁)လုံးလျှင် (၅၇၀)ကျပ်၊ လက်ကား(၁၀)လုံးလျှင် (၅၅၀)ကျပ် တို့ဖြင့်ရောင်းချကြောင်း၊ ဩဂုတ်လ တတိယပတ်အတွင်း ဘဲဥ(၁)လုံးလျှင် (၇၀၀)ကျပ်နှင့် ငုံးဥ (၇)လုံးလျှင် (၁၀၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ကြက်ဥ(၁)လုံးလျှင် (၅၀)ကျပ် ဈေးနှုန်းကျဆင်းသွားကြောင်း၊ ကြက်ဥလက်လီ /လက္ကားရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA (စစ်ကိုင်း)

 

                                                         

ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသည့် CPကြက်နှင့် ဗမာကြက်သားဈေးနှုန်း

             စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းမျာ ဆောင်ရွက်လျက်ရှိသလို   စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန် များ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေများကို လေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း၊ ကန့်ဘလူ“မြို့မဈေး”တွင် ရောင်းချလျက်ရှိသည့် CPကြက်သား များကို ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်အတွင်းမှ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

              ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း  CPကြက်သား(၁)ပိဿာလျှင် (၂၅၀၀၀)ကျပ်၊ ကြက်ရင်ပုံသားသန့် (၅၀)ကျပ်သားလျှင် (၁၃၀၀၀)ကျပ်နှင့် ပေါင်သား(၂၅)ကျပ်သားလျှင် (၆၀၀၀) ကျပ်၊  ဒေသကြက်(၁)ပိဿာလျှင် (၃၀၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ကြက်သားများကို စားသောက်ဆိုင်များ၊ ထမင်းဆိုင်များနှင့် အကင်ဆိုင်များမှဝယ်ယူကြကြောင်း၊  ကြက်သားရောင်း ဝယ်ရေးလုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA (စစ်ကိုင်း)

                                     

ဂျူးဖူးဈေးနှုန်းဈေးကွက်အခြေအနေ

           မြင်းခြံမြို့နယ်ရှိ အေးမြသီတာဈေးတွင် ဟင်းသီးဟင်းရွက်မျိုးစုံ ရောင်းချလျက်ရှိရာ ဂျူးဖူးများကို ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့မှ မှာယူရောင်းချကြောင်းသိရှိရသည်။ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ နောက်ဆုံးပတ်တွင် ရောင်းချနေသော ဂျူးဖူး တစ်စည်းလျှင် ၇၀၀ ကျပ်၊ ပေါက်ဈေးများဖြင့် ရောင်းချလျက်ရှိကြောင်း၊ အာဟာရဓာတ် ကြွယ်ဝသောကြောင့် ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ နေ့စဉ် ဂျူးဖူးအစည်းအရေအတွက် (၅၀-၁၂၀)စည်းခန့် ရောင်းချရကြောင်း၊ စားသောက်ဆိုင်များ သို့လည်းဖောက်သည် ပေးရကြောင်း၊ အရောင်းအဝယ်ကောင်းကြောင်း ကုန်စိမ်းရောင်း ချသူတစ်ဦး၏ ပြောပြချက်အရသိရှိရသည်။ ဂျူးဖူးတွင်ပါဝင်သော အာဟာရဓာတ်များသည် အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်ပြီး အစာချေစနစ်ကို ကောင်းမွန်စေကြောင်း၊ ခန္ဓာကိုယ်အတွင်ပိုင်းက အဆိပ်အတောက်များကို ဖယ်ရှားပေးကြောင်း၊ ဖောလစ်အက်ဆစ် ပါဝင်သောကြောင့် ကိုယ်ဝန်ဆောင်သည်အမျိုးသမီးများ စားသုံးသင့်ကြောင်း၊ ဗီတာမင်အေပါဝင်သောကြောင့် အမြင်အာရုံနှင့် အဆုတ်ခံတွင်း ကင်ဆာမဖြစ်အောင် ကာကွယ်ပေးကြောင်း၊ ဂျူးဖူးသည်လူကြိုက်များပြီး ချက်ပြုတ်ရာတွင် လွယ်ကူမြန်ဆန်သဖြင့် စားသုံးမှုများပြားကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ဈေးကျလာသောရုံးပတီသီးဈေးနှုန်းဈေးကွက်အခြေအနေ

          မြင်းခြံမြို့ရှိ လေးအိမ်တန်းကျေးရွာ၊ ပတ္တာကျေးရွာနှင့် နဘူးအိုင်ကျေးရွာများတွင် ရုံးပတီသီးပင်များ စီးပွားဖြစ်စိုက်ပျိုးထားရှိကြောင်း၊ အေးမြသီတာဈေးတွင် ၂၀၂၅ခုနှစ်၊ ဩဂုတ်လ နောက်ဆုံးပတ်တွင် ရောင်းချနေသော ရုံးပတီသီးလက်လီ (၂၅)ကျပ်သားလျှင် (၈၀၀) ကျပ်၊  လက်ကားတစ်ပိဿာလျှင် (၃၀၀၀)ကျပ် ပေါက်ဈေးများ ရှိကြောင်း၊ ယခင်ဇူလိုင်လ နောက်ဆုံး ပတ်တွင် ရုံးပတီသီး ၂၅ ကျပ်သားလျှင် (၁၀၀၀)ကျပ်၊ တစ်ပိဿာလျှင် (၃၅၀၀)ကျပ် ပေါက်ဈေးများဖြင့် ရောင်းချခဲ့ကြောင်း၊ ကာလတူနှိုင်းယှဉ်ပါက ယခုလတွင် ရုံးပတီသီး၂၅ ကျပ်သား လျှင်(၂၀၀)ကျပ်၊  တစ်ပိဿာလျှင် (၅၀၀) ကျပ်ဈေးနှုန်းကျဆင်းခဲ့ကြောင်း၊ ဒေသတွင်း ကျေးရွာများမှ စိုက်ပျိုး ထွက်ပေါ်ချိန်ဖြစ်သောကြောင့် ဈေးနှုန်းကျဆင်းခြင်းဖြစ်ကြောင်း၊  ကျေးရွာများမှထွက်ရှိသော ရုံးပတီသီးများကို ဒေသတွင်းစားသုံးရန်နှင့် ရန်ကုန်မြို့သို့လည်း တင်ပို့ရောင်းချကြောင်း ရုံးပတီစိုက်တောင်သူ၏ပြောကြားချက်အရ သိရှိရသည်။ ကျန်းမာရေးအကျိုးကျေးဇူးများအနေဖြင့် ဗီတာမင်အေ၊ ဗီတာမင်စီ၊ သံဓာတ်၊ ကယ်လ်စီယမ်၊ အမျှင်ဓာတ်နှင့် အချဉ်ဓာတ်ကြွယ်ဝစွာ ပါဝင်သောကြောင့် အစာခြေစနစ်ကိုကောင်းမွန်၍ အူလမ်းကြောင်းကျန်းမာရေးကို မြှင့်တင်ပေးကြောင်း၊ ကယ်လ်စီယမ်ပါဝင်မှုကြောင့် အရိုးပွခြင်းနှင့် သွားပျက်စီးမှုကိုကာကွယ်ပေးကြောင်း၊ ဗီတာမင်အေပါဝင်မှုကြောင့် အသားအရေစိုပြေစေပြီး မျက်လုံးအားကောင်းစေသောကြောင့် စိုက်ပျိုးရလွယ်ကူပြီး အာဟာရဓာတ်များစွာပါဝင်သောကြောင့် ရုံးပတီသီးကို မိမိခြံဝင်းအတွင်း၌ စားသုံးရန်နှင့် ဝင်ငွေရရှိရန် တစ်ပိုင်တနိုင် စိုက်ပျိုးသင့်ကြောင်းသိရှိရသည်။

DOCA(မန္တလေး)

မြင်းခြံကုန်စည်ဒိုင်၏လယ်ယာထွက်ကုန်သီးနှံဈေးနှုန်းဈေးကွက်အခြေအနေ

           မြင်းခြံကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ၂၀၂‌၅ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ်၌ လယ်ယာထွက်ကုန်သီးနှံ ဈေးနှုန်းများမှာ  ပဲစဉ်းငုံနီတစ်တင်းလျှင် (၈၀၈၀၀) ကျပ်၊ မတ်ပဲ တစ်တင်းလျှင် (၆၀၀၀၀) ကျပ်၊ ပဲဇီးကွက် တစ်တင်းလျှင် (၉၀၀၀၀)ကျပ်၊ ထောပတ်ပဲဖြူ တစ်တင်းလျှင် (၇၀၃၀၀) ကျပ်၊ ကုလားပဲV2 တစ်တင်းလျှင် (၈၅၁၅၀)ကျပ်၊ ကုလားပဲ 929 တစ်တင်းလျှင် (၈၄၄၀၀) ကျပ်၊ ကုလားပဲဝါအထွက်တိုးတစ်တင်းလျှင် (၈၁၇၀၀) ကျပ်၊ ပဲပုပ်တစ်တင်းလျှင် (၁၂၂၄၀၀) ကျပ်၊ ပဲဘိစပ်တစ်တင်းလျှင် (၃၄၀၀၀) ကျပ်၊ စီပီပြောင်း တစ်တင်းလျှင် (၂၅၇၄၀)ကျပ်၊ နှမ်းညိုတစ်တင်းလျှင် (၉၀၀၀၀)ကျပ်၊ မြေပဲ S1လုံးဆံ(ဟောင်း) တစ်တင်းလျှင် (၁၀၃၆၀၀) ကျပ် ပေါက်ဈေးများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ နေ့စဉ်သီးနှံမျိုးစုံ အိတ်အရောင်း  အဝယ်အနေဖြင့် အိတ်(၁၀၀-၃၀၀) အထိအရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ပဲမျိုးစုံပြောင်း တင်ပို့မှုအနေဖြင့် ရန်ကုန်ဘုရင့်‌နောင်ပွဲရုံ၊ လှိုင်သာယာ၊ ရွှေပြည်သာမြို့များသို့ တင်ပို့ကြောင်း၊ နှမ်းတင်ပို့မှုအနေဖြင့် မကွေးမြို့သို့လည်း တင်ပို့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

လူကြိုက်များလာသည့် မြန်မာ့ရိုးရာအစားအစာ မုန့်ကျွဲသည်း

          မုန့်ပဲသရေစာများတွင် ပြည်တွင်း၊ ပြည်ပမှထုတ်လုပ်ရောင်းချလျက်ရှိသည့် အသင့်စားမုန့်အမျိုးမျိုးရှိသည့်အနက် အညာဒေသထွက် မြန်မာ့ရိုးရာအစားအစာတစ်ခုဖြစ်သည့် မုန့်ကျွဲသည်းသည်လည်း ဈေးကွက်အတွင်း နေရာတစ်ခုရရှိနေကြောင်း သိရှိရသည်။

            မြင်းခြံမြို့၊ အေးမြသီတာဈေးအတွင်း ရောင်းချလျက်ရှိသည့် မု့န်ကျွဲသည်းများကို ဆန်မှုန့်၊ ထန်းလျက်(သို့မဟုတ်)သကြား၊ ဆီ၊ ဆား၊ ထုံးရည်ကြည်၊ အုန်းသီးတို့ဖြင့် ကျိုချက်ရကြောင်း၊ ထန်းလျက်ဖြင့် ကျိုချက်ပါက အညိုရောင်ရရှိပြီး သကြားဖြင့် ကျိုချက်ပါက အဖြူရောင်ရရှိကြောင်း၊ ထန်းရည်ချိုရရှိချိန်တွင် ထန်းလျက်၊သကြားအစား ထန်းရည်ချိုကို ထည့်သုံးကြောင်းနှင့် ထန်းရည် ချိုဖြင့် ကျိုချက်ပါက အနံ့အရသာပိုမိုကောင်းမွန်ကြောင်း၊ မြင်းခြံမြို့နယ် အေးမြသီတာ ဈေးတွင် ၂၀၂၅ခုနှစ်၊ ဩဂုတ်လ နောက်ဆုံးပတ်တွင်ရောင်းချနေသော မုန့်ကျွဲသည်း ၂၅ ကျပ်သားလျှင် (၂၅၀၀) ကျပ်၊ တစ်ပိဿာလျှင် (၉၀၀၀) ကျပ်ပေါက်ဈေးများရှိကြောင်း၊ နေ့စဉ် မုန့်ကျွဲသည်း ပိဿာချိန် (၁၀-၁၅) ပိဿာခန့်ရောင်းချရကြောင်း၊ မြန်မာ့ရိုးရာမုန့်ဖြစ်သောကြောင့် ဒေသတွင်း စားသုံးမှုများပြီး တဆင့်ပြန်ရောင်းချသူများလည်းဖောက်သယ်ပေးရကြောင်း၊ အရောင်းအဝယ်ကောင်းသောကြောင့် MSME လုပ်ငန်းဖြစ်သော မုန့်ကျွဲသည်းလုပ်ငန်းသည် ရပ်ကွက်ကျေးရွာများတွင် စီးပွားဖြစ်အဆင်ပြေသောမုန့်လုပ်ငန်းတစ်ခုဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း