ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဈေးကောင်းရရှိနေသော လိမ္မော်သီး

          လိမ္မော်သီးသည်လူကြိုက်များသော အသီးတစ်မျိုးဖြစ်သည့်အတွက် ဈေးကွက်ဝင်သီးနှံတစ်မျိုး ဖြစ်သည်ဟုလည်း ဆိုနိုင်ပါသည်။ လိမ္မော်ပင်သည် မြေသားထုနက်ပြီး သဲကဲ့သို့မဖွာ စနယ်ကဲ့သို့ မစေးသော မြေမျိုးတွင်ကောင်းစွာဖြစ် ထွန်းသည်။ ရေဝပ်သောမြေနှင့် စိမ့်ပေါက်သောမြေသို့တွင် မဖြစ်ထွန်းပေ။

          မြန်မာနိုင်ငံတွင် မန္တလေးတိုင်း၊ ပြင်ဦးလွင်၊ ထူးလိမ္မော်ခြံ ၊ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ် နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ရပ်စောက်၊ ရွာငံ၊ ပင်လောင်း၊ ကလောမြို့နယ် ပလောင်တောင် ကျေးရွာနှင့် ကျောက်တလုံးကြီးမြို့ ထီခေါင်းကျေးရွာစသည်တို့တွင် လိမ္မော်ပင်များ စိုက်ပျိုးကြကြောင်း သိရှိရသည်။

          လိမ္မော်သီးအရွယ်တော် တစ်လုံးမှာ ကယ်လ်လိုရီ ၈၀ ၊ ပိုတက်ဆီယမ် ၂၅၀ မီလီဂရမ်၊ ကာဗိုဟိုက်ဒရိတ် ၁၉ ဂရမ်၊ ပရိုတင်း ၁ ဂရမ်ပါဝင်ပြီး အဆီဓါတ်တော့ လုံးဝမပါဝင်ပါဘူး။ လိမ္မော်သီး တစ်လုံးက တစ်နေ့တာအတွက် လိုအပ်တဲ့ ဗီတာမင် C ၁၃၀ ရာခိုင်နှုန်း၊ ဗီတာမင် A ၂ ရာခိုင်နှုန်း၊ ကယ်လ်ဆီယမ် ၆ ရာခိုင်နှုန်းပါဝင်ပြီး  သံဓါတ် နဲ့ အဆီဓါတ်များ မပါဝင်ကြောင်းသိရှိရပါသည်။

မြန်မာနိုင်ငံတွင် လိမ္မော်သီးသည် မျိုးနှင့် ရာသီဥတုပေါ်မူတည်ပြီး အောက်တိုဘာလမှ ဒီဇင်ဘာလအထိ အသီးများကို စတင်ဆွတ်ခူးကြပါတယ်။ အသီးခွံသည် ရာသီဥတုအေးလျှင် အဝါဖျော့၊ အဝါရင့်ရောင်ရှိလာသဖြင့် အသီးမှည့်/ မမှည့် ခွဲခြားရန် လွယ်ကူသည်။ အရသာကို စားကြည့်ခြင်းဖြင့်သာ ဆုံးဖြတ်၍ ရနိုင်တယ်လို့ သိရှိရပါတယ်။ အသီးခူးရာတွင် တစ်လုံးချင်း စနစ်တကျခူးမှသာ အပင်လည်းမနာ၊ အသီးလည်းမနာပဲ ဈေးကောင်းရနိုင်သောကြောင့် စနစ်တကျ ခူးဆွတ်ပြီး ခြင်းကြားများတွင်ထည့်၍ ထိခိုက်မှုမရှိအောင် ကိုင်တွယ်ခြင်း၊ သယ်ယူခြင်းများကို ပြုလုပ်သင့်ပါသည်။

          လိမ္မော်သီးစားပေးခြင်းဖြင့် သွေးဖိအားကို ကျဆင်းစေသည့်အပြင် နှလုံးသွေးကြောကိုကာကွယ်၍ ကောင်းကျိုးပေးနိုင်သည်။ မျက်လုံးရောဂါမဖြစ်စေရန် ကြိုတင်ကာကွယ်ပေးသည်။ အမြင်အာရုံဝါးမှု ကိုလည်း လျော့ကျစေနိုင်သည်။ လိမ္မော်သီးစားပေးခြင်းဖြင့် အိုမင်းရင့်ရော်မှုကို ခုခံကာကွယ်ပေးနိုင်သည် ဟုလည်းလေ့လာသိရှိရပါသည်။

လက်ရှိရှမ်းပြည်နယ်တောင်ကြီးဈေးကွက်တွင် လိမ္မော်သီး(အကြီး) တစ်လုံးလျှင် ၅၀၀ ကျပ်မှ ၇၀၀ကျပ်ကြား နှင့် လိမ္မော်သီး(အသေး) တစ်လုံးလျှင် ၃၀၀ကျပ်မှ၄၀၀ကျပ်ကြားပေါက်ဈေးရှိပြီး အရွယ်အစားပေါ်မူတည်၍ ဈေးနှုန်းကွာခြားချက်ရှိပါသည်။ ဒေသတွင်း၌ အရောင်းအဝယ်သွက်လျက်ရှိသည့် အပြင် ရန်ကုန်၊ နေပြည်တော်၊ မော်လမြိုင် စသည့် မြို့များသို့ လည်းတင်ပို့ကြကြောင်း သိရှိရသည်။

DOCA(ရှမ်း)

 

“ဆောင်းရာသီစာ ကြွေမုန့်ခြောက်များ တောင်ကြီးမြို့၊ မြို့မဈေး၌ အရောင်းအဝယ်သွက်လျက်ရှိ”

          ကြွေမုန့်ခြောက်အား ရှမ်း/မြောက်တွင် ခေါက်ချပ်လို့ခေါ်ဝေါ်ကာ ရှမ်း/တောင်တွင် ကြွေမုန့်လို့ ခေါ်ကြကြောင်း သိရှိရပါသည်။ ကြွေမုန့်သည် အင်းသူ/အင်းသားများ နှစ်နှစ်ခြိုက်ခြိုက်စားသုံးလေ့ရှိ သည့် ရိုးရာအဆာပြေစားစရာတစ်ခုလည်း ဖြစ်ကြောင်း သိရှိရပါသည်။

          ကြွေမုန့်ကို ဆန်ကြမ်းမှ အဓိကထား ပြုလုပ်ထားပြီး နှမ်းစေ့အနည်းငယ်ပါဝင်ပါသည်။ ကြွေမုန့်ပြုလုပ်ရာတွင် ပထမဆုံး ကောက်ညှင်းဆန်ကို ရေစိမ်ကာ ရေစစ်ပြီးလျှင် အမှုန့်ဖြစ်အောင် ထောင်း၍ ရလာသည့်ဆန်မှုန့်ကို ပိတ်စပါးပါးထဲထည့်ပြီး ရေပွက်ပွက်ဆူနေသည့် အိုးပေါ် ပိတ်စခံ၍ ပေါင်းရပါသည်။ ပေါင်းခံ၍ ရလာသည့် မှုန့်ပေါင်းအား ပုံစံသွင်းထားသည့် ခုံပေါ်တင်ကာ လှိမ့်၍ ရရှိလာသည့် မုန့်အချပ်လေးများအား နေလှန်းပြီးလျှင် ရိုးရာအဆာပြေစားစရာ ကြွေမုန့်ခြောက်များ ရရှိကြောင်း သိရှိရပါသည်။ ဈေးကွက်အနေဖြင့် ကြွေမုန့်ခြောက်(၂၅)ကျပ်သားလျှင် (၁၅၀၀-၂၀၀၀) ကျပ် အရောင်းအဝယ်ရှိပြီး ဆောင်းရာသီတွင် အရောင်းအဝယ်ပိုမိုသွက်လျက်ရှိကြောင်း သိရှိရပါသည်။

          ဆောင်းရာသီ၌ မနက်/ညနေခင်းမီးလှုံရင်း စားလေ့ရှိကြသည့် အဆာပြေ ကြွေမုန့်ခြောက် အား အခွင့်ကြုံလျှင် မြည်းစမ်းကြည့်စေချင်ကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(ရှမ်း)

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံဒေသထွက် ဖရဲသီး

          ရှမ်းပြည်နယ်(အရှ့ပိုင်း)၊ ကျိုင်းတုံမြို့သည် ဆန်စပါးကိုအဓိကထားစိုက်ပျိုးကြသော်လည်း စပါးရိတ်သိမ်းပြီးချိန်တွင် လစ်လပ်လျက်ရှိသော လယ်မြေများအား ထွန်ယက်ပြီးရာသီပေါ်သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ယခု ဇန်နဝါရီလတွင် ဖရဲသီးပင်များကို စတင်စိုက်ပျိုးနေပြီဖြစ်ပါသည်။

          ဖရဲ စိုက်ပျိုးရာတွင် (၁) ဧကလျင် ဖရဲ မျိုးစေ့ နှစ်ဗူးခန့် ပျိုးထောင်ရပါသည်။ ဖရဲမျိုးစေ့များကို (၄)နာရီအကြာရေစိမ်ထားပြီး စိမ်ပြီးသောမျိုးစေ့များကို အဝတ်ဆုတ်များအပေါ်တွင် ရေခြောက်သွား သည်အထိထားရပါသည်။ ရေစိမ်၍အခြောက်ခံထားသော မျိုးစေ့များကို စတင်စိုက်ပျိုးကြပြီး စိုက်ပျိုးပြီး (၃)ရက်အကြာတွင် အပင်ပေါက်များထွက်ရှိလာပါသည်။ အပင်ပေါက်ပြီး (၅)ရက် အကြားတွင် အပင်များကို ပိုးမွားအန္တရာယ်မှကင်စေရန် ဆေးဖျန်းခြင်း၊ အပင်ကြီးထွားသန်မာစေရန် မြေဩဇာများ ဖြည့်သွင်းခြင်းများဆောင်ရွက်ရပါသည်။ ဆေးဖျန်းခြင်းကို အသီးစတင်ထွက်ရှိရန် တစ်ပတ်အလိုတွင် ရပ်ဆိုင်းရပါသည်။

          စိုက်ပျိုးပြီး ရက်(၉၀) အကြာတွင် ဖရဲသီးများကို ခူးဆွတ်ရပါသည်။ (၁) ဧကတွင် ဖရဲသီး အရေအတွက် အလုံးပေါင်း(၇၀၀) ခန့်ထွက်ရှိပါသည်။ အရွယ်အစား အမျိုးအစာအလိုက် ဈေးနှုန်းများ ကွာခြားပါပြီး အလုံးကြီးတစ်လုံးလျှင် အလေးချိန် နှစ်ကီလိုခန့်ရှိပြီး (၃၀၀၀) မှ (၅၀၀၀)အထိပေါက် ဈေးရှိပါသည်။ တစ်ဆင့်ခံရောင်းချသူများမှ လာရောက်ဝယ်ယူ၍ တာချီလိတ်၊ မိုင်းလာသွား ကားလမ်းဘေးဝဲ/ယာများတွင် ယာယီရွက်ဖျင်တဲများဖြင့် ရောင်းချလျက်ရှိရာ ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ ဝယ်ယူစားသုံးလျက်ရှိကြောင်းကို ဖရဲစိုက်ပျိုးသည့် တောင်သူတစ်ဦးထံမှ သိရှိရပါ သည်။

          ဖရဲစိုက်ပျိုးမှု (၁) ဧကလျှင် ပိုးသက်ဆေး၊ အရွက်ဖျန်းဆေး၊ မြေဩဇာ၊ အလုပ်သမားခ အပါအဝင်သွင်းအားစုကုန်ကျစရိတ် စုစုပေါင်း (၂၃၅၀၀၀၀) ကျပ်ခန့်ကုန်ကျပြီး  အကျိုးအမြတ် (၁၀) သိန်းကျော်ခန့်ရရှိကြောင်း သိရှိရပါသည်။ အကျိုးအမြတ်များသောကြောင့် စပါးရိတ်သိမ်းပြီးချိန်တွင် ဖရဲအများဆုံးစိုက်ပျိုးသည့် ကျေးရွာများမှာ ကတ်တောင်ကျေးရွာ၊ မိုင်းဇင်းကျေးရွာ၊ ကတ်ဖအုပ်စု ကျေးရွာများတွင် အများဆုံးစိုက်ပျိုးလျက် ရှိကြောင်းသိရပါသည်။

DOCA(ရှမ်း)

 

အောင်ပန်းရှိ အာတာလွတ်ဥများ ရှားပါးလာသော်လည်း ဝယ်လိုအားမြင့်တက်

အာတာလွတ်ဥ လက်ကျန် နည်းပြီး ရှားပါးရာသီအချိန်၌ ရန်ကုန်မှ အာတာလွတ်ဥ အများစုအား မှာယူထားကြောင်း အောင်ပန်းသစ်သီးဝလံဈေးကွက်အရ သိရှိရပါသည်။

အာတာလွတ်ဥရာသီ ကုန်ခါနီးအချိန်ဖြစ်သော်လည်း အာတာလွတ်ဥအများအပြား  ဝယ်ယူ လျက်ရှိကြပါသည်။ မှာယူမှုအများစုမှာ ရန်ကုန်၊ မန္တလေးနှင့် မြိတ်ဒေသများမှ ဖြစ်ကြပါသည်။ ၎င်းဒေသများထဲမှ ရန်ကုန်သည် ထိပ်ဆုံးမှ မှာယူသည့်မြို့တစ်မြို့ ဖြစ်ပါသည်။ ရန်ကုန်သည် သီးနှံ အများစုရောင်းချသည့် နေရာတစ်ခုဖြစ်ပါသည်။ အာတာလွတ်ဥ လက်ကားဈေးနှုန်းများမှာ တစ် ပိဿာလျှင် (၂၀၀၀-၂၅၀၀)ကျပ်မှ (၁၃၀၀)ကျပ်အထိ လျော့ကျသွားခဲ့ပြီး တဖန် (၁၅၀၀)ကျပ်အထိ ပြန်လည်မြင့်တက်လာခဲ့ကြောင်း အောင်ပန်းမှ အာတာလွတ်ဥစိုက်ပျိုးသည့် တောင်သူတစ်ဦးက ပြောကြားခဲ့ပါသည်။

လာမည့်ဇန်နဝါရီလလောက်တွင် အာတာလွတ်ဥ ရာသီကုန်ပြီဖြစ်သည့်အတွက် ဈေးကွက် ထဲ၌ လုံးဝပြတ်လပ်သွားမည်ဖြစ်သည်။ ဟင်းသီးဟင်းရွက်များနှင့် ဥစားသီးနှံများသည် ပေါများသည့် ရာသီ၌ ဈေးကျလေ့ရှိပြီး ရှားပါးလာသည့်အချိန်တွင် ဈေးနှုန်းအနည်ငယ် မြင့်တက်လာပါသည်။ ဒီဇင်ဘာလတွင် အာတာလွတ်ဥများသည် ရှားပါးလာမည်ဖြစ်ပြီး အရွယ်အစားသည်လည်း သေးငယ် သွားမည်ဖြစ်ပါသည်။ ဇန်နဝါရီလတွင် အာတာလွတ် ရာသီကုန် မည်ဖြစ်ပါသည်။ ကန်စွန်းဥ၊ အာတာ လွတ်ဥနှင့် ပိန်းဥကဲ့သို့သော ဥစားသီးနှံများ အားလုံးကို သီတင်းကျွတ်မတိုင်မီတွင်လည်း တူးဖော် လေ့ရှိပြီး ဈေးကွက်ထဲတွင်လည်း ရရှိနိုင်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန၏ ဝက်ဆိုက်များရှိ သတင်းအချက်အလက်များအရ သိရှိရပါသည်။

DOCA(ရှမ်း)

“ပဲပိုးတီများလှိုင်လှိုင်ပေါ်ထွက်”

        ပဲပိုးတီအပင်များသည် နွေ၊ မိုးနှင့်ဆောင်းရာသီသုံးမျိုးလုံး စိုက်ပျိုးနိုင်သော အပင်တစ်မျိုးဖြစ် သည်။ မူရင်းဒေသမှာ မြောက်အမေရိကတိုက်ဖြစ်ပြီး နေကြာမျိုးနွယ်ဝင်အပင်မျိုးဖြစ်သည်။

          ပဲပိုးတီဥများသည် နွေရာသီတွင်ဖြစ်ထွန်းပြီး ဆောင်းရာသီတွင် ရိတ်သိမ်းရသည်။ ပဲပိုးတီဥ များကို အစိမ်းအတိုင်းဖြစ်စေ၊ ချက်ပြုတ်၍ဖြစ်စေစားသုံးနိုင်သည်။ ရှမ်းပြည်နယ်ဘက်တွင် အများ အားဖြင့် အချဉ်ဖောက်၍စားသုံးကြသည်။ ပဲပိုးတီသည် မြေအမျိုးအစားမရွေးအပင်ဖြစ်ထွန်းနိုင်သည်။

          ဥတစ်လုံးမှ အပင်များစွာထွက်ရှိနိုင်သည်။ မြေကြီးအေးပြီး ဆောင်းဝင်စချိန်တွင် ဥများကို တူးဖော်ရသည်။ တူးဖော်ရရှိသောဥများကို ဈေးများတွင်ရောင်းချကြသည်။ ယခုအခါ တောင်ကြီးမြို့ အမှတ်(၅)ဈေးတွင် နို့ဆီဗူးတစ်ဗူးလျှင် ၁၀၀၀ကျပ်မှ၂၀၀၀ကျပ် ဖြင့်ရောင်းချလျက်ရှိကြောင်းသိရှိရ သည်။

          ပဲပိုးတီတွင် အမျှင်ဓာတ်ပေါကြွယ်ဝသောကြောင့် တခြားအပင်များထက် မဂ္ဂနီစီယမ်၊ ပိုတက် စီယမ်ဓာတ်များ ပိုမိုပါဝင်ကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)

“ဈေးကောင်းရနေသောရုံးပတီသီး”

        လူအများသိသော ရုံးပတီသီးကို ရခိုင်လိုချောတောက်သီးဟုလည်းခေါ်ကြပါသည်။ ရုံးပတီပင် သည် ပန်းပွင့်သောအပင်တစ်မျိုးဖြစ်သည်။ ၎င်းအပင်သည် ပူနွေးစိုစွတ်သောရာသီရှိသည့် ကမ္ဘာအနှံ့ အပြားတွင်ပေါက်ရောက်သည်။ ရုံးပတီပင်ကို အပူပိုင်း၊ အပူလျော့ပိုင်းဒေသတွင်စိုက်ပျိုးနိုင်ပါသည်။ ရုံးပတီပင်များကို ကဆုန်၊ နယုန်၊ သီတင်းကျွတ်၊ တန်ဆောင်မုန်းလများတွင် စိုက်ပျိုးရန်အသင့်တော် ဆုံးဖြစ်သည်။ ရေမဝပ်သောမြေများတွင် ပိုမိုဖြစ်ထွန်းပါသည်။

          ရုံးပတီပင်များကို မြေအမျိုးမျိုးတွင်စိုက်ပျိုးနိုင်သော်လည်း ချဉ်ငန်ဓာတ်ရှိသောမြေတွင် ပိုမို ဖြစ်ထွန်းသည်။ အစေ့များကိုမစိုက်ပျိုးမီ (၁၂)နာရီကြာ ရေစိမ်ပေးထားရသည်။ စိုက်ပျိုးရာတွင် မြေများကို တူးဆွပြီး မြေဘောင်ဖြစ်အောင်ပြုပြင်ပေးရသည်။ ခြောက်လက်မနက်သည့်ကျင်းများကို တူ၍ မြေဩဇာအဖြစ်နွားချေးနှင့်မြေဆွေးတို့ကိုထည့်ပြီး အစေ့များကိုဆွထားသည့် မြေကြီးတွင် တင်ရုံသာတင်ထားရသည်။ တစ်ပင်နှင့်တစ်ပင်(၁)ပေခြားစီထား၍စိုက်ပျိုးရသည်။

          ပန်းပွင့်ချိန်နှင့် အသီးသီးချိန်တွင် ရေကို များများလောင်းရန်လိုအပ်သည်။ ‌ရုံးပတီသီးများ(၂-၄) လက်မအထိရှည်လာသည့်အခါ(သို့မဟုတ်) ပန်းပွင့်ပြီးတစ်ပတ်ကြာလာတဲ့အခါမျိုးတွင် ခူးဆွတ်နိုင် သည်။ ရုံးပတီသီးများသည် ရင့်လွယ်သည့်အတွက် ပုံမှန်အားဖြင့် (၂)ရက်တစ်ကြိမ်ခူးဆွတ်ပေးရသည် ကိုလည်းလေ့လာသိရှိရပါသည်။

          ရုံးပတီသီးကို အာလူး၊ ခရမ်းသီး၊ ပဲသီးတို့ဖြင့် ရောနှော၍ဖြစ်စေကြော်ချက်စားနိုင်သလို ငါးပိရည်နှင့်တို့စား၍လည်းကောင်း၊ မီးကင်၍လည်းကောင်းစားသုံးနိုင်သည်။ ဈေးကွက်အနေနှင့် ရုံးပတီ (၂၅)ကျပ်သားလျှင် (၂၀၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်းသိရသည်။

DOCA(ရှမ်း)

 

ကန့်ဘလူမြို့နယ်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော နှမ်းဈေးနှုန်းအခြေအနေ

ကန့်ဘလူခရိုင်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသ တစ်ခုဖြစ်ပြီး ဒေသတွင်းစားသုံးဆီဖူလုံစေရေးအတွက် ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဆီထွက်သီးနှံဖြစ်သည့် နှမ်းသီးနှံကိုလည်းစိုက်ပျိုးကြကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူ ခရိုင်မှထွက်ရှိသော နှမ်းများကို မန္တလေးမြို့ရှိပွဲရုံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

ယခုအခါ နှမ်းများဈေးကွက်အတွင်း ဝင်ရောက်လျက်ရှိပြီး နှမ်းဈေးနှုန်းမှာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတတိယပတ်တွင် နှမ်းနက်(စမုံ)တစ်တင်းလျှင်(၂၁၀၀၀၀)ကျပ်၊ နှမ်းဖြူ(ဂျပန်)တစ်တင်း လျှင် (၁၁၂၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ယခုလစတုတ္ထပတ်အတွင်း နှမ်းနက်(စမုံ) တစ်တင်းလျှင် (၂၁၇၀၀၀)ကျပ်၊ နှမ်းဖြူ(ဂျပန်)တစ်တင်းလျှင် (၁၁၂၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေသောကြောင့် ယခုပတ်အတွင်း နှမ်းနက်(စမုံ)တစ်တင်းလျှင်(၇၀၀၀)ကျပ် ပြန်လည်မြင့်တက် လာပြီး နှမ်းဖြူ(ဂျပန်)မှာ ဈေးနှုန်းတည်ငြိမ်နေကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်ထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်၌ အရောင်းအဝယ်ဖြစ်နေသည့် ကြက်သွန်နီဈေးနှုန်းအခြေအနေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ် ငန်းများအပြင် စားဖိုဆောင်သီးနှံများဖြစ်သည့် ကြက်သွန်နီ၊ မုံလာဥဖြူ၊ မုံလာထုပ်တို့လည်း တစ်နိုင် တစ်ပိုင်စိုက်ပျိုးကြကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်အတွင်းရှိ ကာဘိုးကျေးရွာနှင့်အနီးကျေးရွာများတွင် မိသားစုစားသုံးရန်နှင့် ပိုလျှံသည်များကို ရောင်းချရန်အတွက် ကြက်သွန်နီကိုစိုက်ပျိုးကြကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတတိယပတ်အတွင်း ကန့်ဘလူမြို့မဈေး၌ ကြက်သွန်နီတစ်ပိဿာလျှင် ငွေကျပ် ၃၅၀၀-၄၀၀၀ ရှိခဲ့ရာ စတုတ္ထပတ်အတွင်း ကြက်သွန်နီတစ်ပိဿာလျှင် ငွေကျပ် ၃၅၀၀-၃၈၀၀ ဖြင့်ရောင်းချ ကြောင်း၊ ယခင်အပတ်ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ကြက်သွန်နီဈေးနှုန်းများ အနည်းငယ်ကျဆင်းသွားကြောင်း ကုန်မျိုးစုံရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့ရှိကုန်စုံဆိုင်များ၌ ရောင်းချနေသော ထန်းလျက်ဈေးနှုန်းအခြေအနေ

          စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အနေဖြင့် ဒေသတွင်း စိုက်ပျိုးထွက်ရှိသည့် သီးနှံဈေးနှုန်းများ၊ ရာသီပေါ်အစားအစာများ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေ တို့အား ရေးသားတင်ပြလျက်ရှိရာ ယခုအခါ ကန့်ဘလူမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင်ရောင်းချလျက် ရှိသည့် ထန်းလျက်များကို ရွှေဘိုမြို့လက္ကားဆိုင်များမှ ဝယ်ယူရောင်းချကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ စတုတ္ထပတ်တွင်ရောင်းချနေသော ထန်းလျက်ဈေးနှုန်းမှာ ပန်ထန်းလျက် တစ်ပိဿာလျှင် (၉၅၀၀)ကျပ်၊ ရိုးရိုးထန်းလျက် တစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ နို့ထန်းလျက် တစ်ပိဿာလျှင် (၇၅၀၀)ကျပ်နှင့် စမုံထန်လျက်အသေး(၁)ပိဿာလျှင် (၇၅၀၀)ကျပ် ဖြင့် ရောင်းချကြောင်း လုပ်ငန်းရှင်ထံမှ သိရသည်။

          ထန်းလျက်သည် ထန်းပင်မှထွက်ရှိသည့် တန်ဖိုးမြင့်ထုတ်ကုန်တစ်ခုဖြစ်ပြီး ထန်းလျက် ကိုအစားအသောက်များ၌ ထည့်သွင်းအသုံးပြုကြကြောင်း၊ ထန်းလျက်ကို မြေပဲယို၊ နှမ်းယို၊ ဇီးယိုစသည်တို့ပြုလုပ်ခြင်း၊ ဆေးဖော်စပ်ရာတွင်လည်း ထန်းလျက်ကိုအသုံးပြုကြသည့်အတွက် အရောင်းအဝယ်သွက်လျက်ရှိကြောင်း  သိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့ရှိကုန်စုံဆိုင်များတွင် ရောင်းချနေသော ကြံသကာဈေးနှုန်းအခြေအနေ

          စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အနေဖြင့် ဒေသတွင်း စိုက်ပျိုးထွက်ရှိသည့် သီးနှံဈေးနှုန်းများ၊ ရာသီပေါ်အစားအစာများ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေ တို့အား ရေးသားတင်ပြလျက်ရှိရာ ယခုအခါ ကန့်ဘလူမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင်ရောင်းချလျက် ရှိသည့် ကြံသကာများမှာ မန္တလေးမြို့နှင့် ရွှေဘိုမြို့တို့မှ ဝယ်ယူရောင်းချကြောင်းသိရသည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ စတုတ္ထပတ်တွင်ရောင်းချနေသော ကြံသကာဈေးနှုန်းမှာ တစ်ပိဿာလျှင် ၆၅၀၀ ကျပ်၊ (၅၀)ကျပ်သားလျှင် ၃၃၀၀ ကျပ်နှင့် (၁၀)ကျပ်သားလျှင် ၇၀၀ ကျပ်ဖြင့်ရောင်းချကြောင်း လုပ် ငန်းရှင်ထံမှ သိရသည်။

          ကြံသကာသည် ကြံပင်မှထွက်ရှိသည့် တန်ဖိုးမြင့်ထုတ်ကုန်တစ်ခုဖြစ်ကြောင်း၊ ကြံသကာကို မုန့်ပြုလုပ်ရာတွင်လည်းအသုံးပြုကြောင်း၊ အညာဒေသတွင် အိမ်အလည်လာသူ မိတ်ဆွေများကို တည်ခင်းဧည့်ခံရာတွင်လည်း အသုံးပြုကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှ မြို့တို့ကို ဖြန့်ဖြူးရောင်းချကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း