ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဈေးကောင်းဈေးတက် လှောင်ထန်းလျက်

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့တွင် ထန်းလျက်ပွဲရုံ(၅)ရုံခန့်ရှိပြီး ထန်းလျက် ပွဲရုံများသို့ လှောင်ထန်းလျက်များ ပုံမှန်ဝင်ရောက်လျက်ရှိနေကြောင်းနှင့် အရောင်းအဝယ်သွက် သော်လည်း လိုသလောက်ဝယ်ယူ၍မရကြောင်း ထန်းလျက်ပွဲရုံလုပ်ငန်းရှင်တစ်ဦးထံမှ သိရှိရပါ သည်။

ထန်းလျက်လုပ်ငန်းတွင် ထန်းဖိုထန်းလျက်၊ ထန်းမထန်းလျက်နှင့် ညှပ်ထန်းလျက်ဟူ၍ သုံးမျိုးရှိကြောင်း၊ ထန်းဖိုထန်းလျက်သည် တပို့တွဲ၊ တပေါင်းလများတွင် စတင်ထွက်ရှိပြီး ကဆုန်၊ နယုန်လများတွင် ထန်းဖိုရာသီပြီးဆုံးကြောင်း၊ ထန်းမထန်းလျက်သည် နယုန်၊ ဝါဆိုလများတွင် စတင်ထွက်ရှိပြီး တော်သလင်းလတွင် ပြီးဆုံးကြောင်းနှင့် ထန်းဖို၊ ထန်းမ ရာသီပြီးဆုံးပြီးနောက် ထန်းနို့ချောင်းကို လှီးဖြတ်ညှပ်၍ ရရှိသည့်ထန်းရည်ကို ချက်လုပ်ရာမှထွက်ရှိသည့် ညှပ်ထန်းလျက် သည် တော်သလင်း၊ သီတင်းကျွတ်လများတွင် ထွက်ရှိပါကြောင်း၊ ထန်းဖို၊ ထန်းမနှင့်ညှပ်ထန်းလျက် များ ထွက်ပေါ်သည့် ရာသီချိန်များတွင် ထန်းလျက်ထွက်ရှိမှုများပြီး ရောင်းလိုအားများသဖြင့် ထန်းလျက်ဈေးနှုန်းများမှာ ပုံမှန်သာရှိခဲ့ကြောင်းသိရှိရပါသည်။ တန်ဆောင်မုန်း၊ နတ်တော်၊ပြာသိုလ များသည် ထန်းလျက်ထွက်ပေါ်ချိန်မဟုတ်သည့်အတွက် သိုလှောင်ထားသော လှောင်ထန်းလျက် များသာ အရောင်းအဝယ်ဖြစ်ကာ ရောင်းလိုအားနည်းပြီး ဝယ်လိုအားများသဖြင့် ယခုကာလများ သည် ထန်းလျက်ဈေးအမြင့်ဆုံးကာလ ဖြစ်ကြောင်းသိရှိရပါသည်။ ထန်းဖို၊ ထန်းမ ထွက်ပေါ်ချိန် များတွင် တစ်ပိဿာလျှင် ၄၅၀၀-၅၅၀၀ကျပ် ဝန်းကျင်ဖြင့် စတင်အရောင်းအဝယ်ဖြစ်ခဲ့ပြီး ညှပ်ထန်း လျက်များထွက်ပေါ်ချိန်တွင် တစ်ပိဿာလျှင် (၄၀၀၀)ကျပ်ဖြင့်ဈေးငြိမ်လျက်အရောင်းအဝယ်ဖြစ် ခဲ့ကြကြောင်း၊ ယခုနတ်တော်လတွင် လှောင်ထန်းလျက်များကို လက်ကားဈေး (၇၅၀၀)ကျပ်နှုန်းနှင့် လက်လီဈေး (၈၃၀၀/၈၈၀၀)ကျပ်နှုန်းဖြင့် ရောင်းဝယ်လျက်ရှိကြောင်းသိရှိရပါသည်။

အညာဒေသတွင် ညောင်ဦးမြို့နယ်၊ ရေစကြိုမြို့နယ်တို့သည် ထန်းလျက်အများဆုံးထွက်ရှိရာ မြို့နယ်များဖြစ်ပြီး ညောင်ဦးမြို့နယ်၊ ရေစကြိုမြို့နယ်၊ တောင်သာမြို့နယ်၊ မလှိုင်မြို့နယ်၊ နွားထိုးကြီးမြို့နယ် ကျောက်ပန်းတောင်းမြို့နယ်၊ ငါန်းဇွန်မြို့နယ်စသည့် မြို့နယ်အစုံမှ မြင်းခြံမြို့ရှိ ထန်းလျက်ပွဲရုံများသို့ လက်ရှိကာလအတွင်း တစ်ရက်လျှင်ပျမ်းမျှကုန်ချိန် ပိဿာ (၃၀၀၀) ခန့် ဝင်ရောက်လျက်ရှိပါကြောင်းနှင့် မြင်းခြံမြို့ရှိပွဲရုံများမှ ရန်ကုန်မြို့သို့သာ တင်ပို့ရောင်းချကြကြောင်း သိရှိရပါသည်။ “ထန်းလျက်တစ်ပိဿာ၊ဆန်တစ်ပြည်”ဟု ထန်းတောင်သူများ၏ ဆိုရိုးရှိပြီး ယခုအခါ ထန်းလျက် တစ်ပိဿာရောင်းရဈေးသည် ဆန်တစ်ပြည်မက ရရှိနေသဖြင့် ထန်းတောင်သူများ တွက်ခြေကိုက်ပြီး စားဝတ်နေရေးအဆင်ပြေလျက်ရှိနေကြောင်း၊ ယခုနှစ်အပါအဝင်သုံးနှစ်ခန့် ထန်းလျက်ဈေး ကောင်းခဲ့သဖြင့် လာမည့်နှစ်တွင်လည်း ထန်းတောင်သူများအနေဖြင့် ထန်းလျက် ကိုပိုမိုထုတ်လုပ်ရန် စိတ်အားထက်သန်လျက်ရှိနေကြကြောင်း ထန်းလျက်ပွဲရုံ လုပ်ငန်းရှင်တစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။

DOCA(မန္တလေး)

 

မအူပင်မြို့နယ် အရှေ့ဘက်ကမ်း ကျေးရွာမှ စိုက်ပျိုးထွက်ရှိနေသော တို့စရာသရက်သီးစိမ်း၊ သရက်ကင်းများထွက်ရှိရောင်းချလျက်ရှိ

          မအူပင်ခရိုင်၊ မအူပင်မြို့နယ် အခွန်လွတ်ဈေးအတွင်း တို့စရာ သရက်ကင်းသီးစိမ်းများ ရောင်းချလျက်ရှိ၍ သရက်သီးစိုက်ပျိုးသူထံ ထွက်ရှိမှုနှင့် ရောင်းချနေမှုများကို ကွင်းဆင်းမေးမြန်းခဲ့ကြောင်းသိရသည်။

          မအူပင်မြို့နယ် အရှေ့ဘက်ကမ်း ကျေးရွာတွင် သရက်စိုက်ပျိုးသူများ ရှိကြောင်း သိရသည်။ မအူပင်အနေဖြင့် သရက်စိုက်ပျိုးမှု ဧက ၁၂၇၉၀ဧက ရှိကြောင်း သိရသည်။ တို့စရာ သရက်သီးစိမ်း ထွက်ရှိနေ၍ အရှေ့လက်ကမ်းကျေးရွာမှ သရက် ၁ဧက စိုက်ပျိုးထားကြောင်းသိရသည်၊၊ စိုက်ပျိုးသရက်များမှ မန္တလေးရင်ကွဲသရက်၊ သရက်သီး ပါးနီ၊ အစိမ်းစားသီးသရက်၊ ဆိုင်သီး သရက်၊ မချစ်စု သရက်များ စိုက်ပျိုးထား ကြောင်းတွေ့ ရှိရသည်။ သရက်အပင်ပေါင်း ၁၅၀၀ နီးပါးစိုက်ပျိုးထားကြောင်း သိရသည်။

          သရက်သီးကင်းများ အမျိုးအစားပေါ်မူတည်ပြီး သရက်ကင်း ၁လုံး ၃၀၀ကျပ်မှ  ၅၀၀ကျပ် အထိ ဈေးကောင်းလျှက်ရှိပြီး လက်လီဈေး ရောင်းချနေကြသည်။ သရက်ကင်း များ ဇန်နဝါရီ လဆန်းပိုင်းက စတင်ထွက်ရှိပြီး လဆန်းပိုင်ဈေးမှာ သရက်ကင်း ၁လုံး ၅၀၀ကျပ်ထိ လက်လီဈေး ပေါက်ခဲ့သည်။ ဘားအံဘက်မှ သရက်သီး အလုံးကြီး ၁လုံးကို ၁၀၀၀-၁၅၀၀ကျပ် ရောင်းချကြ သည်။  ၂၅.၁.၂၀၂၅ ရက်နေ့နောက်ပိုင်းမှ ဈေးကျဆင်းလာသည်။ တစ်နေ့ကို သရက်ခြံမှ သရက်သီး ၅ပြည် ခန့် ထွက်ရှိပြီး မအူပင်ဈေးနှင့် ရန်ကုန်မြို့သို့လည်း တင်ပို့ရောင်းချကြောင်း သိရသည်။ ရန်ကုန်သို့ သရက်ကင်း ၁ပိဿာ ၇၀၀၀ ကျပ်ဖြင့် တင်ပို့ရောင်းချရသည်။ ရန်ကုန်သို့ သရက်ကင်း ပိဿာချိန်  ၃၀နီးပါးခန့် ၁၀ရက်တစ်ကြိမ် ၁လအတွင်း တင်ပို့ထားကြောင်း သိရသည်။ ၃လပိုင်းနှင့် ၄လပိုင်းတွင် သရက်သီးအမှည့် ရောင်းရန်ထားရှိသလို သရက်ပျဉ်ထုတ်လုပ်သူများမှ လာရောက်ဝယ်ယူခြင်း ရှိသည့်အတွက် အလုံးကြီးသီးသန့် ရောင်းချရန်ထားရှိပြီး အပင်ပြတ်ရောင်းချပေးကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကုန်စိမ်းစျေးကွက်မှ သံပုရာသီးနှင့်သံပုယိုသီး

          မန္တလေးကုန်စိမ်းစျေးကွက်အတွင်း သံပုရာသီးနှင့် သံပုယိုသီးဝင်ရောက်မှုမှာ   ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ပုံမှန်ဝင်ရောက်ကြောင်း သိရပါတယ်။ စျေးကွက်အတွင်း ရောက်ရှိလာသည့် သံပုရာသီးမှာ  တောင်အင်းမြောက်အင်း ကျေးရွာ၊ မီချောင်းတပ်ကျေးရွာတို့မှာ စိုက်ပျိုးထွက်ရှိ သည့် အသီးများနှင့် သံပုယိုသီးမှာ ရွှေစာယံကျေးရွာ၊  မီးသွေးဘုတ်ကျေးရွာတို့မှ စိုက်ပျိုး ထွက်ရှိသည့် အသီးများပိုမိုဝင်ရောက်ပြီး၊မန္တလေးတိုင်းဒေသကြီးအတွင်းအခြားမြို့နယ်များနှင့်စစ်ကိုင်းတိုင်းဒေသ ကြီး တို့မှလည်း   ဝင်ရောက်ကြောင်း   သိရှိရပါတယ်။သံပုရာသီးနှင့် သံပုယိုသီးများမှာ မိုးရာသီတွင် ပိုမိုထွက်ရှိပြီး၊ ဆောင်းရာသီတွင် ထွက်ရှိမှုလျော့ကျသည့်အတွက် စျေးအနည်းငယ်မြင့်ကြောင်း သိရှိရပါတယ်။သံပုရာသီးနှင့်သံပုယိုသီးများအား သံပုရာဖျော်ရည်၊သံပုရာယို၊သံပုရာချဉ်ဖတ်၊ အသုပ် မျိုးစုံနှင့်သရေစာတို့တွင်ထည့်သွင်းစားသုံးခြင်း၊လူသုံးကုန်နှင့် ကျန်းမာ‌‌ရေးဓါတ်စာအဖြစ် စားသုံး ခြင်းတို့ကြောင့်တစ်နှစ်ပတ်လုံးသုံးစွဲမှုများသည့်သီးနှံဖြစ်ကြောင်း သိရပါတယ်။မန္တလေးမြို့၊၄၁ လမ်း၊ ကုန်စိမ်းသီးနှံများ လက္ကားရောင်းချသည့်စျေးတွင် အသီးအရွယ်အစားအလိုက် စျေးအနည်းငယ် ကွာခြားမှုရှိပြီး၊ ဇန်နဝါရီလနောက်ဆုံးပတ်အတွင်းဖြစ်ပေါ်လျက်ရှိသော  သံပုရာသီး လက္ကားစျေးမှာ ၂၅လုံးလျှင် ၃၀၀ဝိ/- နှင့် ၄၀၀ဝိ/- စျေး၊  သံပုယိုသီးလက္ကားစျေးမှာ ၂၅ လုံးလျင် ၁၅၀ဝိ/- နှင့်   ၂၀၀ဝိ/-စျေး၊သံပုယိုနှင့်သံပုရာချဉ်ထုတ်တစ်ထုတ်(တစ်ပိဿာပါ)လျင်  လက္ကားစျေး ၂၀၀ဝိ/- နှင့် ၄၀၀ဝိ/- စျေးအသီးသီးရောင်းချလျက်ရှိပြီး၊ လက်လီစျေးမှာ သံပုရာသီးတစ်လုံးလျင် ၂၀ဝိ/- နှင့် ၂၅ဝိ/-စျေး၊သံပုယိုသီးတစ်လုံးလျှင် ၁၀ဝိ/- နှင့် ၂၀ဝိ/- စျေးတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်း ရောင်းချသူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါတယ်။

DOCA(မန္တလေး)

အရောင်းသွက်သည့်ဆီထွက်သီးနှံနှမ်း

           ပြည်တွင်းစားဆီကြိတ်ခွဲမှုတွင် အရေးပါသည့်ဆီထွက်သီးနှံနှမ်းမှာ ပြည်တွင်းစားသုံးခြင်းနှင့် ပြည်ပတင်ပို့သည့်စျေးကွက်ရရှိထားသော အမယ်တစ်ခုဖြစ်ပြီး၊မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှာ အဓိကစိုက်ပျိုးလျက်ရှိကြောင်းသိရပါတယ်။ မန္တလေး တိုင်းဒေသကြီးအတွင်း အောင်မြေသာစံခရိုင်၊ အမရပူရခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်၊ မိတ္ထီလာခရိုင်၊ ရမည်းသင်းခရိုင်၊ မြင်းခြံခရိုင်နှင့် ညောင်ဦးခရိုင်တို့တွင် နှမ်းသီးနှံကို နွေနှမ်း၊ မိုးနှမ်း နှင့် ဆောင်းနှမ်း (မိုးနှောင်းနှမ်း)အဖြစ် စိုက်ပျိုးလျက်ရှိပါတယ်။ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်တွင် နှမ်းသီးနှံအနေဖြင့်  စိုက်ပျိုးမှု(၉၆၂၃၂၈)ဧက၊ရိတ်သိမ်း (၈၈၉၄၂၈)ဧကနှင့် ထွက်ရှိမှု (၃၉၆၂၈၆၉)တင်းဖြစ်ကြောင်း သိရပါတယ်။  နှမ်းသီးနှံသုံးစွဲမှုများမှာ စားဆီကြိတ်ခွဲ၍ နှမ်းဆီ အဖြစ်စားသုံးခြင်း၊ နှမ်းလှော်ဆီမွှေး၊ နှမ်းယို၊ နှမ်းဖတ်၊ နှမ်းလှော်နှင့် သရေစာမုန့် အမျိုးမျိုး တို့တွင် သုံးစွဲကြောင်းတွေ့ရပါတယ်။ နှမ်းသီးနှံမှာ  ပရိုတင်းဓာတ်များစွာ ပါဝင်ပြီး၊ ဆေးဖက်ဝင် ကြောင်း သိရပါတယ်။ နိုင်ငံတော်မှ ဆီထွက်သီးနှံ မြေပဲ၊ နှမ်းနှင့် နေကြာသီးနှံများအား  စားဆီကြိတ်ခွဲ၍ ပြည်တွင်းစားဆီဖူလုံမှုရှိစေရန်နှင့်စားအုန်းဆီတင်သွင်းမှု လျော့ချတင်သွင်းနိုင်ရန် အတွက် တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ ဒေသအသီးသီးမှ ထွက်ရှိသည့်ပဲ၊ ပြောင်း၊နှမ်းသီးနှံမျိုးစုံဝင်ရောက်လျက်ရှိသည့်မန္တလေးပွဲစား၊ကုန်သည်စက်ပိုင်များမဟာကထိန်တော် အသင်းတွင် ဇန်နဝါရီလနောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့်အမျိုးအစားအလိုက်ပေါက်စျေး များမှာ  နှမ်း ၃ တင်းဝင်အိတ်(၄၅ ပိဿာပါ) တစ်အိတ်လျှင် နှမ်းဖြူ(ဗမာ)၃၅၀၀၀ဝိ/- နှင့် ၃၆၀၀၀ဝိ/-နှမ်းညို(သစ်) ၃၀၅၀၀ဝိ/-နှင့် ၃၂၀၀၀ဝိ/-၊နှမ်းနက်(စမုံ) ၆၆၀၀၀ဝိ/- နှင့် ၇၀၀၀၀ဝိ/-၊ ပန်းနှမ်း ၂၃၀၀၀ဝိ/-နှင့် ၂၃၅၀၀ဝိ/-၊ နှမ်းဖတ်တစ်ပိဿာလျှင် ၄၈၀ဝိ/-နှင့် ၄၉၀ဝိ/-တို့ အသီးသီး ဖြစ်ပေါ်လျက်ရှိပြီး၊ စျေးနှုန်းအနေဖြင့် ရက်အလိုက်အနည်းငယ်ပြောင်းလဲမှုရှိနိုင်ကြောင်း  သိရပါ တယ်။ နှမ်းသီးနှံပေါက်စျေးအနေဖြင့် ဇန်နဝါရီလတတိယပတ်နှင့် နှိုင်းယှဉ်ပါက အနည်းငယ်သာ ပြောင်းလဲမှုရှိကြောင်း သိရပါတယ်။ ဆီထွက်သီးနှံနှမ်းသီးနှံမှာ စားသုံးဆီကြိတ်ခွဲလုပ်ငန်းနှင့် သရေစာ အမျိုးမျိုးတို့တွင် သုံးစွဲခြင်းတို့ကြောင့် ပြည်တွင်းစျေးကွက်တွင် အရောင်းသွက်လျှက်ရှိပြီး၊ ပြည်ပ တင်ပို့သည့်သီးနှံတစ်မယ် ဖြစ်ကြောင်း သိရပါတယ်။         

DOCA(မန္တလေး)

                                                  

အရောင်းသွက်သည့်မန္တလေးကုလားပဲစျေးကွက်

           ကုလားပဲသီးနှံမှာမန္တလေးစျေးကွက်အတွင်းအ‌ရောင်းသွက်သည့်ကုန်စည်ုဖြစ်ပြီး၊ ပြည်တွင်း စျေးကွက်တွင် စားသုံးမှုများပြားပြီး၊ပြည်ပတင်ပို့သည့်အမယ်တစ်မျိုးဖြစ်ပါတယ်။ မန္တလေးတိုင်း ဒေသကြီးအတွင်း အောင်မြေသာစံခရိုင်၊ အမရပူရခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်၊ မိတ္ထီလာခရိုင်၊ ရမည်းသင်းခရိုင်၊ မြင်းခြံခရိုင်နှင့် ညောင်ဦးခရိုင်တို့တွင် ဆောင်းသီးနှံကုလားပဲအဖြစ် နိုဝင်ဘာလမှ စတင်စိုက်ပျိုးလျက်ရှိပြီး၊ ဖေဖော်ဝါရီလ လယ်ခန့်တွင် ခူးဆွတ်နိုင်မည်ဖြစ်ကြောင်း သိရပါတယ်။ မန္တလေးတိုင်း‌ဒေသကြီးအနေဖြင့် ပဲမျိုးစုံအဓိက စိုက်ပျိုးထွက်ရှိသည့် တိုင်းတစ်ခုအပါ အဝင်ဖြစ်ပြီး၊၂၀၂၄-၂၀၂၅ ခုနှစ်တွင် ပဲမျိုးစုံစိုက်ပျိုးမှုအနေဖြင့် စိုက်ပျိုးမှုပေါင်း (၁၃၇၆၂၅၃)ဧကဖြစ် ကြောင်းသိရပါတယ်။ကုလားပဲစားသုံးမှုအနေဖြင့်၊ ကုလားပဲလုံး၊ကုလားပဲခြမ်း၊ ကုလားပဲအစိမ်းမှုန့်၊ ကုလားပဲအကြက်မှုန့်၊ ကုလားပဲကြော်၊ကုလားပဲသုံးစွဲသည့်စားသောက်ကုန်များ၊ ကုလားပဲပင်ပေါက်၊ ကုလားပဲဟင်းရည်၊ အသားများဖြင့် တွဲဖက်၍ ချက်စားခြင်း၊ ကြော်စား၊ နှပ်စား၊ အသုပ်အဖြစ် စားခြင်း၊ အရည် သောက်ချက်စားသုံးခြင်း၊ ကုလားပဲကြော်အား လက်ဖက်နှင့်တွဲဖက်၍ စားသုံးကြ ကြောင်း သိရပါတယ်။ ကုလားပဲသီးနှံမှာ အဟာရဓာတ်များစွာပါဝင်ပြီး၊ အသားဓာတ်နှင့် ကစီဓာတ် တို့ ပါဝင် သည့်အတွက် သတ်သတ်လွတ်စားသုံးသူများမှ အသားအစားထိုးစားသုံးသင့်တဲ့ အစားအစာတစ်မျိုး ဖြစ်ပါတယ်။ဆောင်းသီးနှံကုလားပဲမှာ တစ်နှစ်ပတ်လုံး ပြည်တွင်းစားသုံးမှု စျေးကွက်တွင် သုံးစွဲမှုများသည့်အမယ်ဖြစ်ပြီး၊ပြည်ပသို့ တင်ပို့သည့်စျေးကွက်လိုအပ်ချက်များသည့် ပဲတစ်မျိုးဖြစ်ကြောင်း သိရပါတယ်။ဒေသအသီးသီးမှထွက်ရှိသည့်ပဲ၊ပြောင်း၊နှမ်းသီးနှံမျိုးစုံ ဝင်ရောက် လျက်ရှိသည့် မန္တလေးပွဲစား၊ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ဇန်နဝါရီလ နောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့်ကုလားပဲ အမျိုးအစားအလိုက်ပေါက်စျေးများမှာ တစ်တန်လျှင် ကုလားပဲ (ဗမာ) ၂၈၃၀၆၀၃ ကျပ်၊ကုလားပဲ(ထိုင်ဝမ်) ၂၈၃၀၆၀၃ ကျပ်နှင့် ၂၈၀၈၈၂၉ ကျပ်၊ကုလားပဲဖြူ(လုံးကြီး) ၂၆၇၄၁၉၂ ကျပ်၊တစ်ပိဿာပေါက်စျေးများမှာ  ကုလားပဲ(ဗမာ) ၄၆၂၂ ကျပ်၊ ကုလားပဲ (ထိုင်ဝမ်)၄၆၂၂ကျပ် နှင့် ၄၅၈၇ ကျပ်၊ကုလားပဲဖြူ(လုံးကြီး) ၄၃၆၇ ကျပ်အသီးသီး ဖြစ်ပေါ်လျက်ရှိပြီး၊စျေးနှုန်းအနေဖြင့် ရက်အလိုက်အနည်းပြောင်းလဲမှု ရှိနိုင်ကြောင်းသိရပါတယ်။ ကုလားပဲသီးနှံမှာ ပြည်တွင်းစျေးကွက်တွင် အရောင်းသွက်သည့်ပဲတစ်မျိုးဖြစ်ပြီး၊ ပြည်ပတင်ပို့သည့် သည့်စျေးကောင်းရသီးနှံတစ်မယ်ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။   

DOCA(မန္တလေး)

မန္တလေးမြို့၏ ထန်းမြစ်ဈေးကွက်

               ဆောင်းရာသီကာလဖြစ်သည့် အားလျော်စွာ မန္တလေးမြို့အနီးတဝိုက်ရှိ ကျောက်ဆည်၊ မြစ်သား၊ စဉ့်ကိုင်၊ တံတားဦး၊ မြို့သာ၊ ငါန်းဇွန်နှင့် စစ်ကိုင်းတိုင်းဒေသတို့မှ ထွက်ရှိသည့် ထန်းမြစ်များ အရောင်းအဝယ်သွက်လျက်ရှိကြောင်း၊ မြန်မာလူမျိုးများ၏ ရာသီစာဖြစ်ပြီး စားသုံး သူများလည်း ကြိုက်နှစ်သက်ခြင်းကြောင့် ဝယ်ယူမှုများရှိနေကြောင်း ထန်းမြစ်ရောင်းချသည့် ဆိုင်များမှ သိရှိရပါသည်။

              ယခုအချိန်သည် ထန်းမြစ်ရာသီကာဖြစ်သည့်အတွက် ထန်းမြစ်(၂၅-၃၀-၃၅)ချောင်း (၁)စီးလျှင် ၂၅၀၀-၃၀၀၀-၃၅၀၀ ကျပ်ဈေးနှုန်းများဖြင့် ထွက်ရှိသည့်ဒေသအပေါ်မူတည်၍ ဈေးနှုန်းများဖြစ်ပေါ်နေသည်။ မန္တလေးမြို့တွင် ထန်းမြစ်များကို ဆား၊ဆီ၊နှမ်းလှော်များထည့်၍ အသင့်စားအနေဖြင့်လည်း ထုတ်လုပ်ကြပြီး ၂၅ ကျပ်သား ၁ ထုပ်လျှင် ၁၀၀၀-၁၅၀၀ ကျပ်ဖြင့် ရောင်းချကြောင်းလည်း သိရှိရပါသည်။

DOCA(မန္တလေး)

တောင်သူတွေဝင်ငွေတိုးရေး နေကြာသီးနှံတိုးမြှင့်စိုက်ပျိုးပေး

               မန္တလေးတိုင်းဒေသကြီးအတွင်းနေကြာသီးနှံကို ရမည်းသင်းခရိုင်နှင့် ကျောက်ဆည် ခရိုင်တို့တွင် အများဆုံးစိုက်ပျိုးပါသည်။၂၀၂၃-၂၀၂၄ ခုနှစ်တွင် ဧက(၁.၇)သိန်းစိုက်ပျိုးရန် လျာထားသော်လည်း (၁.၈) သိန်းကျော်စိုက်ပျိုးမှုရှိခဲ့ရာ လျာထားချက်ထက် ဧက (၂၀၀၀)ကျော် ပိုမိုစိုက်ပျိုးခဲ့ပြီး ပျှမ်းမျှအထွက်နှုန်း(၂၃.၉၆)တင်းဖြင့် အထွက်တင်းပေါင်း (၄၃)သိန်းကျော် ထွက်ရှိခဲ့ပါသည်။နေကြာတစ်ဧကစိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် (၄)သိန်း‌ကျော်ခန့်ကုန်ကျပြီး၊ ဈေးကောင်းရရှိခဲ့သဖြင့်တောင်သူများ တွက်ချေကိုက်မှုရှိသောသီးနှံဖြစ်ပါသည်။ ယခုနှစ်တွင် စိုက်ဧက(၁.၈)သိန်းကျော် စိုက်ပျိုးရန်လျာထားကြောင်းသိရှိရပါသည်။ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ဆီစက်များအနေဖြင့် နေကြာကို မန္တလေးကုန်စည်ဒိုင်မှ တစ်ဆင့်ဝယ်ယူကြပြီး ရောင်းဝယ်ကြိတ်ခွဲလျက်ရှိပါသည်။နေကြာဆီကြိတ်ခွဲ ထုတ်လုပ်မှုအနေဖြင့် နေကြာစေ့တစ်တင်း ကြိတ်ခွဲပါက နေကြာဆီ (၂.၅ မှ ၃) ပိဿာထွက်ရှိပါသည်။တိုင်းဒေသကြီးအတွင်းသို့ နေကြာ သီးနှံများ နယ်စုံမှဝင်ရောက်မှုရှိပြီး တိုင်းတွင်းဒေသများဖြစ်သော တံတားဦး၊ မန္တလေးမြို့နှင့် အနီးတစ်ဝိုက်ဒေသများ၊စစ်ကိုင်းတိုင်း(မြင်းမူ)၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့်မြောက်ပိုင်း၊ ကချင် ပြည်နယ်(မိုးကောင်း၊မိုးညှင်း)ဒေသများမှဝင်ရောက်လေ့ရှိပါသည်။မန္တလေးကုန်စည်ဒိုင်ဈေးကွက် တွင် လက်ရှိဖြစ်ပေါ်နေသောဈေးနှုန်းများမှာ ဆီနေကြာ(၂၇)ပိဿာဝင် တစ်အိတ်လျှင် (၁၇၅၀၀၀-၁၈၀၀၀၀)ကျပ်၊ နေကြာဆီ တစ်ပိဿာလျှင် (၁၄၅၀၀-၁၅၀၀၀)ကျပ်၊ နေကြာဖတ် (၁)ပိဿာလျှင် (၃၇၀၀-၃၈၀၀)ကျပ်ဈေးရှိပြီး၊ ယခင်နှစ်ကာလတူ ဈေးနှုန်းများအနေဖြင့် ဆီနေကြာ (၂၇)ပိဿာဝင် တစ်အိတ်လျှင် (၁၂၀၀၀၀-၁၂၅၀၀၀)ကျပ်၊ နေကြာဆီ တစ်ပိဿာ လျှင် (၁၃၀၀၀)ကျပ်၊ နေကြာဖတ်(၁)ပိဿာလျှင်(၁၈၀၀-၁၈၅၀)ကျပ်ဈေးရှိကြောင်း ကုန်စည်ဒိုင် ဈေးကွက်မှသတင်းရရှိပါသည်။

DOCA(မန္တလေး)

 

ရာသီစာဆလပ်ရွက်

ဆလပ်ရွက်ကို ဒေသမရွေးစိုက်ပျိုးနိုင်ပြီး မိုးအကုန် သတင်းကျွတ်တန်ဆောင်မုန်းလ များတွင် စိုက်ပျိုးကြပြီး ဆောင်းရာသီတွင်ထွက်ပေါ်သောကြောင့် ဆောင်းရာသီစာသီးနှံပင် တစ်မျိုးဖြစ်သည်။ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ ရန်ပုံနှစ်ရွာ၊ ကျီးပြရွာ၊ ကြက်ဆင်ရွာ၊ သပြေသာရွာ၊ ပင်တလည်ရွာစသည်ဖြင့် ပန်းလောင် မြစ်ရိုး တစ်လျောက်တွင်ရှိသော သဲနုကျွန်းမြေပေါ်တွင် အများဆုံး စိုက်ပျိုးကြကြောင်း သိရှိရသည်။ဆလပ်ရွက်သည်အရွက်တွန့်တွန့်လေးများဖြင့် အစိမ်းနုရောင်ရှိသော အပင်မျိုး ဖြစ်သည်။ ဆလပ်ရွက်ကိုတိုက်ရိုက်အစေ့ချ၍သော်လည်းကောင်း၊ ပျိုးထောင်ပြီးအပင်ရွှေ့၍ သော်လည်းကောင်းစိုက်ပျိုးကြပါသည်။ ဆလပ်ရွက်ကို စားသုံးပေးခြင်းဖြင့် ကိုယ်အလေးချိန် ကျစေခြင်း၊ အရိုးများကြံ့ခိုင်ပြီး ကိုယ်ခံအားကိုမြှင့်တင်ပေးခြင်း၊ဆီးချိုရောဂါကို ထိန်းညှိပေး ခြင်း၊ နှလုံးသွေးကြောကျဉ်းရောဂါကိုကာကွယ်ပေးခြင်း၊ ခြေဖျားလက်ဖျားထုံကျဉ်ခြင်းမှ သက်သာစေခြင်း၊ အသားအရည်လှပစေခြင်း စသည်ဖြင့် အကျိုးကျေးဇူးများစွာ ရရှိနိုင် ပါသည်။ ဈေးကွက်အတွင်း၌ ဆလပ်ရွက်များ ဖြိုင်ဖြိုင်ဝင်ရောက်လျက် ရှိပါသည်။ ကုန်စိမ်းဒိုင်များမှလည်း စိုက်ခင်းအထိဆင်း၍ ဝယ်ယူလျက်ရှိပါသည်။ဆလပ်ရွက်ကို အတို့အမြှုပ်လုပ်၍သော်လည်းကောင်း၊ အသုပ်သုပ်၍ သော်လည်းကောင်း စားသုံးကြ သည်။ဈေးကွက်အတွင်း၌ ဆလပ်ပင်တစ်ပင်လျှင် အကြီးအသေးပေါ်မူတည်၍ (၃၀၀၊၄၀၀၊ ၅၀၀)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရှိရသည်။

DOCA(မန္တလေး)

ဆီးသီးများလှိုင်လှိုင်ထွက်ပေါ်

          ဆီးသီးပင်ကို     မြန်မာနိုင်ငံဒေသအနှံအပြားတွင်     တွေ့မြင်နိုင်သည်။  ဆီးသီးတွင် ဆီးချိုသီး ၊  ဆီးချဉ်သီး  ၊  ဆီးပန်းသီး  ၊  ဆီးကြက်ဥ  ၊  ဆီးပုလဲသီး၊ စလေဆီးသီး စသည်ဖြင့် အမျိုးအစား များစွာ ရှိပါသည်။ ဆီးချဉ်သီးပင်သည်  အလေ့ကျ ပေါက်ပင်မျိုး ဖြစ်ပြီး အခြားဆီးသီးမျိုးများ  သည် ကိုင်းကူး၍မျိုးပွား  စိုက်ပျိုးကြခြင်းဖြစ်ပါသည်။ ဆီးသီး ကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးရာမှ ဧကလိုက်  စီးပွားဖြစ်   စိုက်ပျိုးလာကြပြီး   ဈေးကွက် ကောင်းလျက်ရှိပါသည်။မန္တလေးတိုင်းအတွင်း၌စဉ့်ကိုင် ၊ ပုလိပ် ၊ပုသိမ်ကြီးမြို့နယ်များတွင်   အများဆုံးစိုက်ပျိုးကြပြီး ကျန်ဒေသများတွင်လည်း     အနည်းငယ် စိုက်ပျိုးကြကြောင်း      သိရှိရသည်။   ဆီးသီးသည် တစ်နှစ်မှ တစ်ခါပေါ်သော ရာသီစာ သီးနှံ့လည်း ဖြစ်သည်။ ဒီဇင်ဘာလအတွင်းမှ စတင်ထွက်  ပေါ်ခဲ့ပြီး ဇန်နဝါရီလအတွင်း၌ အသီးများရင့်မဲ့ကာ လှိုင်လှိုင်ထွက်ပေါ်နေပြီဖြစ်ပါသည်။ ဈေးကွက်အတွင်း၌ အများအပြား ရောင်းချနေကြောင်း တွေရှိရသလို လမ်းဘေးဆိုင်တန်း များတွင်လည်း ရောင်းခလျက်ရှိကြောင်းသိရှိရသည်။ မန္တလေး ကျောက်ဆည် လမ်းဘေးဝဲရာ တစ်လျောက် ပလိပ် ၊ စဉ့်ကိုင်မြို့များနှင့် ထုံဘိုပြင်ဦးလွင်လမ်းတစ်လျောက် ဈေးဆိုင်တန်း များတွင်လည်း ရောင်းချလျက်ရှိပါသည်။ ပုသိမ်ကြီးမြို့နယ် ကုလားကြီးရွာ ခြံဆီးသီးသည် နာမည်ကြီးဖြစ်ပါသည်။ အရည်ရွှမ်းပြီး ချိုမွှေး၍အရသာကောင်းမွန်ပါသည်။ ဆီးသီးကို ဆီးချိုသီးယို ၊ ဆီးချဉ်သီးယို ၊ ဆီးချိုသီးပေါင်း ၊ ဆီးချဉ်သီးပေါင်း ၊ ဆီးပြား ပြုလုပ်၍ တံဆိပ်အမျိုးမျိုးဖြင့် ဈေးကွက်အတွင်း၌ ရောင်းချလျက်ရှိပါသည်။ ဆီးဖျော်ရည် ထုပ်လုပ်၍ လည်း ရောင်းချလျက်ရှိသောကြောင့် (SME)လုပ်ငန်းများအတွက် ဆီးသီးသည် မရှိမဖြစ် လိုအပ်သော အဓိကကုန်ကြမ်းအဖြစ်လည်း အသုံးဝင်လျက်ရှိပါသည်။ ဈေးကွက်အတွင်း၌ စလေဆီးသီး တစ်ပြည်လျှင် (၄၀၀၀  )ကျပ် တစ်ဗူးလျှင် (၅၀၀)ကျပ်၊ ဆီးပန်းသီး တစ်ပြည်လျှင်(၆၀၀၀)ကျပ် တစ်လုံးလျှင်(၂၅၀)ကျပ်၊  ဆီးကြက်ဥ တစ်ပြည်လျှင် (၄၀၀၀)ကျပ် တစ်ဗူးလျှင်(၅၀၀)ကျပ် ၊ ဆီးပုလဲသီး တစ်ပြည်လျှင်(၄၀၀၀)ကျပ်၊ တစ်ဗူးလျှင်(၅၀၀)ကျပ်၊ဆီးချဉ်သီးတစ်ပြည်လျှင် (၄၀၀၀)ကျပ်တစ်ဗူးလျှင်(၅၀၀)ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်လျက် ရှိကြောင်း သစ်သီးမျိုးစုံရောင်းဝယ်လျက်ရှိသော ဆိုင်မှသိရှိရသည်     

DOCA(မန္တလေး)

ရာသီစာပဲမြစ်

ပဲမြစ်ကို   မန္တလေးတိုင်းဒေသကြီး    အတွင်း၌   ကျောက်ဆည်  ၊ စဉ်ကိုင် ၊ မြစ်သား ၊ တံတားဦးမြို့နယ်များတွင်  အများဆုံစိုက်ပျိုးကြပြီး အခြားဒေသများတွင်လည်း အနည်းငယ် စိုက်ပျိုးကြကြောင်းသိရှိရသည်။ ပဲမြစ်သည် ပူအိုက်စိုဆွတ်သော ရာသီဥတုကို ကြိုက်နှစ် သက်သောကြောင့်မြန်မာနိုင်ငံအလယ်ပိုင်းမန္တလေးဒေသမှ များစွာထွက်ရှိ ပါသည်။ ပဲမြစ် သည် ပဲစောင်းလျားသီးပင်၏  အမြစ်ဖြစ်ပြီး ပဲမြစ်ပင်မှ သီးသောအသီးကို ပဲမြစ်သီး (သို့) ပဲစောင်းလျားသီးဟု   ခေါ်ဝေါ်ကြပါသည်။ ပဲစောင်းလျားသီး   အနုကိုပြုတ်ပြီး  အတို့အမြုပ် လုပ်၍ သော်လည်းကောင်း   ချက်ပြုပ်၍သော်လည်းကောင်း စားသုံးကြသည်။  ပဲမြစ်မျိုးစေ့ နှစ်မျိုးရှိပြီး ရှမ်းပြည်နယ်ထီးလှိုင်နယ်မှလာသော ထီးလှိုင်မျိူးနှင့် ကျောက်မဲ ၊ ပြင်ဦးလွင် နယ်မှလာသော ဘန့်ဘွေးမျိုး (ခေါ်)  လားဟူမျိုး  (သို့) ဝက်ဝံမျိုးတို့ဖြစ်ပါသည်။ စိုက်ပျိုးရာ ဒေသ ရေမြေအပေါ်မူတည်၍လည်း ပဲမြစ်စားကောင်းမကောင်း ၊ စေးမစေးလည်း ဖြစ်တတ် ပါသည်။ တံတားဦးမြို့နယ် မကျည်းတော ၊ သူငယ်တော်၊ ထန်းလုံးတပ်  ၊   အေးကြည်ကုန်း ၊စကားအင်းနယ်မှထွက်ရှိသော     ပဲမြစ်များသည်    စေးပိုင်ပြီး    အလယ်အူတိုင်သေးကာ အရသာကောင်းမွန်သောကြောင့်   မကျည်းတောပဲမြစ်သည် နာမည်ကြီးဖြစ်ပါသည်။ ဝါခေါင် တော်သလင်းလများတွင်   စတင်စိုက်ပျိုးခဲ့ကြပြီး  နတ်တော်ပြာသို  ချမ်းအေးသော ရာသီတွင် ထွက်ပေါ်သော်ကြောင့်   ဆောင်းရာသီစာလည်း  ဖြစ်ပါသည်။ ပဲမြစ်ပြုတ်ကိုဆီ  ၊ ဆားနှင့် တို့စားကြသလို ပဲမြစ်ပြုပ်ကို အခွန်နွှာ၍ ထုထောင်းကာ ပဲမြစ်ထောင်းပေါ် မြေပဲဆံ ၊  အုန်းသီး ဆံဖြူး    သော်လည်းကောင်း      ပဲမြစ်အုန်းနို့ဆန်းလုပ်၍    သော် လည်းကောင်း   စားသုံးကြ သောကြောင့် လူကြိုက်များသော အစားအစာ တစ်မျိုးလည်းဖြစ်ပါသည်။ ဈေးကွက်အတွင်း၌  ပဲမြစ်စတင်ထွက်ပေါ်ချိန်မှစ၍   ယခု အချိန်ထိ ပဲမြစ်အတောင့်အကြီးအသေးပေါ်မူတည်၍  ပဲမြစ်တစ်ပိဿာလျှင် (၄၀၀၀ မှ  ၆၀၀၀ )ကျပ် ဈေးနှုန်းများဖြင့်  ရောင်းဝယ်လျက်ရှိပြီး  ဈေးနှုန်းကျသွားခြင်း တက်သွားခြင်းမရှိပဲ ဈေးကွက် တည်ငြိမ်စွာ ရောင်ဝယ်လျက်ရှိကြောင်း သိရှိရသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း