ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပေါင်မြို့နယ်ရှိ ကျေးရွာအချို့တွင် စားဖိုဆောင်သီးနှံဖြစ်သည့် ရုံးပတီသီးနှံ စိုက်ပျိုးခြင်းဖြင့် တောင်သူများ စီးပွားဖြစ်နေ

          မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ မုတ္တမကျွဲခြံကျေးရွာနှင့် အနီးဝန်းကျင်များတွင် စားဖိုဆောင်သီးနှံဖြစ်သည့် ရုံးပတီသီးနှံအား စီးပွားဖြစ်စိုက်ပျိုးလာကြောင်း သိရသည်။

          ရုံးပတီသီးနှံသည် စတင်စိုက်ပျိုးသည်မှ နှစ်လခန့်အကြာတွင် ခူးဆွတ်ရကြောင်း၊ အပင်ပု၊ အပင်လတ်၊ အပင်ရှည်ဟု (၃) မျိုးရှိရာ အပင်ရှည်သာ အစိုက်များပြီး ဈေးကွက်ရရှိ ကြောင်း၊ တစ်ဧကလျှင် မျိုးစေ့အပါအဝင်သွင်းအားစု၊ လုပ်အားခအပြီး စုစုပေါင်း ကျပ် (၁၀) သိန်းခန့် ကုန်ကျကြောင်း၊ ရုံးပတီသီးနှံအား တစ်ရက်ခြားလျှင်တစ်ကြိမ်ခူးဆွတ်ရပြီး နှစ်လအထိခူးဆွတ်နိုင်ကြောင်း၊ မြေအမျိုးအစား၊ သီးနှံမျိုး၊ သွင်းအားစုအပေါ်မူတည်၍ အထွက်နှုန်းနှင့် ဈေးကွက်အခြေအနေကွဲပြားမှုရှိကြောင်း၊ အဆိုပါကျေးရွာရှိ တောင်သူများမှ ခူးဆွတ်ပြီး သီးနှံများကို ပေါင်မြို့နယ်၊ မင်္ဂလာဈေးရှိ ကုန်စိမ်းဒိုင်များနှင့် မော်လမြိုင်မြို့ထိ ရောင်းချကြောင်း သိရသည်။

          ရုံးပတီသီးနှံသည် ရာသီမရွေးစိုက်ပျိုးနိုင်သဖြင့် တောင်သူများအနေဖြင့် တစ်ဖက် တစ်လမ်းဝင်ငွေရရှိသည့် သီးနှံတစ်မျိုးလည်းဖြစ်ကြောင်း သိရသည်။

DOCA(မွန်)

 

မွန်ပြည်နယ်၏ ဆန်ဈေးနှုန်းနှင့် စီးဝင်/စီးထွက်မှု အခြေအနေ

          မွန်ပြည်နယ်အတွင်းသို့ ဆန်အိတ်များ စီးဝင်၊ စီးထွက်လျှက်ရှိပြီး ဇန်နဝါရီလ၏ နောက်ဆုံးအပတ်၌ ဆန်ဈေးနှုန်းမှာ တည်ငြိမ်လျှက်ရှိပါသည်။ အခြားတိုင်းဒေသကြီးများမှ မွန်ပြည်နယ်သို့ ဆန်စီးဝင်မှုများမှာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ဒုတိယအပတ်တွင် ဧရာဝတီမှ (၄၅၀၀) အိတ်ခန့်၊ စစ်ကိုင်းမှ (၁၁၇၂၀) အိတ်ခန့်၊ ပဲခူးမှ (၂၆၈၀) အိတ်ခန့်၊ ရန်ကုန်မှ (၁၆၁၀၀) အိတ်ခန့် စုစုပေါင်း (၃၅၀၀၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၁၇၅၀) တန်ခန့် စီးဝင်ခဲ့သည်။ ယခု ဇန်နဝါရီလ၏ နောက်ဆုံးအပတ်တွင် ဧရာဝတီမှ (၄၁၆၀) အိတ်ခန့်၊ စစ်ကိုင်းမှ (၁၁၈၈၀) အိတ်ခန့်၊ ပဲခူးမှ (၂၆၀၀) အိတ်ခန့်၊ ရန်ကုန်မှ (၁၆၄၄၀) အိတ်ခန့်၊ စုစုပေါင်း (၃၅၀၈၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၁၇၅၄) တန်ခန့် စီးဝင်ခဲ့ပြီး ယခင်ဒုတိယ အပတ်နှင့် နှိုင်းယှဉ်ပါက  အနည်းငယ်ပို၍ စီးဝင်ခဲ့သည်။

          မွန်ပြည်နယ်မှ အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ဆန်စီးထွက်ရာတွင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ဒုတိယအပတ်တွင် ကရင်ပြည်နယ်သို့ (၂၁၄၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၁၀၇) တန်ခန့်စီးထွက်ခဲ့ပြီး၊ ယခု ဇန်နဝါရီလ နောက်ဆုံးအပတ်တွင် ကရင်ပြည်နယ်သို့ (၁၉၄၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၉၇) တန်ခန့်စီးထွက်ခဲ့ပြီး ယခင်ဒုတိယအပတ်နှင့် နှိုင်းယှဉ်ပါက အနည်းငယ်လျော့၍ စီးထွက်ခဲ့သည်။

          မွန်ပြည်နယ်၌ ဇန်နဝါရီလ၏ နောက်ဆုံးအပတ်တွင် ဆန်ဈေးနှုန်းမှာ (၂၄) ပြည်ဝင် ဆန် တစ်အိတ်လျှင် ပေါ်ဆန်း(ဒေသ) (၁၁၀၀၀၀) ကျပ်ခန့်၊ ရွှေဘိုပေါ်ဆန်း (၁၅၈၀၀၀) ကျပ်ခန့်၊ ဧည့်မထ(ဒေသ) (၇၂၀၀၀) ကျပ်ခန့်ရှိပြီး  ယခုအပတ်တွင် ဆန်ဈေးနှုန်းမှာ တည်ငြိမ်လျက် ရှိကြောင်း သိရှိရပါသည်။

DOCA(မွန်)

ပေါင်မြို့နယ်၌ စားဖိုဆောင်သီးနှံဖြစ်သည့် ပန်းဂေါ်ဖီစိုက်ပျိုး၍ တောင်သူများဝင်ငွေတိုး

          မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ ဒရိန်းကျေးရွာ၊ ကျုံကော်ကျေးရွာ၊ အဟောက်ကျေးရွာရှိ စိုက်ကွင်းများတွင် ယခုလိုဆောင်းရာသီ၌ အများဆုံးစိုက်ပျိုးကြသည့် စားဖိုဆောင်သီးနှံ ဖြစ်သည့် ပန်းဂေါ်ဖီအား တောင်သူများမှ စီးပွားဖြစ်စိုက်ပျိုးလာကြောင်း သိရသည်။

          ပန်းဂေါ်ဖီကို အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် စိုက်ပျိုးကြပြီး ဒီဇင်ဘာလနှင့် ဇန်နဝါရီလတို့တွင် ခူးဆွတ်ရကြောင်း သိရသည်။ ပန်းဂေါ်ဖီစိုက်ပျိုးရာတွင် မြေကိုထွန်ယက် ၍ဘောင်ခတ်စနစ်ဖြင့် စိုက်ပျိုးကြပြီး ယခင်က မျိုး၊ ထွန်ယက်ခ၊ သွင်းအားစု၊ သယ်ယူပို့ဆောင်ခ၊ လုပ်အားခ အပါအဝင် တစ်ဧကလျှင် ငွေကျပ် (၁၀) သိန်းခန့် ကုန်ကျကြောင်း၊ ယခုအခါ သွင်းအားစုများ ဈေးတက်နေ၍ ငွေကျပ် သိန်း (၂၀) ကျော်ခန့် ကုန်ကျကြောင်းလည်း သိရသည်။

          ထွက်ရှိလာသော ပန်းဂေါ်ဖီများကို ပေါင်မြို့နယ်၊ မင်္ဂလာဈေးနှင့် မော်လမြိုင်မြို့ရှိ ကုန်စိမ်းဒိုင်များသို့ တင်ပို့ရောင်းချကြောင်း သိရသည်။ အရွယ်အစားအပေါ်မူတည်၍ ပန်းဂေါ်ဖီ ဈေးနှုန်းအနေဖြင့် အပွင့်ကြီးလျှင် ကျပ် ၃၅၀၀ မှ ၄၀၀၀၊ အပွင့်သေးလျှင် ကျပ် ၁၅၀၀ မှ ၂၀၀၀ ခန့်ဖောက်သည်ဈေးပေးရကြောင်း သိရသည်။

DOCA(မွန်)

ကျိုက်ထိုမြို့နယ်တွင် ယူရီးယားဓာတ်မြေဩဇာရောင်းချသည့်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

          ၂၄.၁.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ကျိုက်ထိုမြို့နယ်တာဝန်ခံ ဦးဇော်ဦးသည် အခြားမိတ်ဖက်ဌာန ဆိုင်ရာဝန်ထမ်းများနှင့် ပူးပေါင်း၍ ယူရီးယားဓာတ်မြေဩဇာရောင်းချလျက်ရှိသော အရောင်း ဆိုင်များသို့ ရည်ညွှန်းဈေးအပေါ် ထိုက်သင့်သောအကျိုးအမြတ်ရယူ၍ ရောင်းချပေးခြင်း ရှိ/မရှိ ကိုဓာတ်မြေဩဇာအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ကျိုက်ထိုမြို့နယ်အတွင်း ဓာတ်မြေဩဇာရောင်းချနေသည့်ဆိုင်များတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ယူရီးယားဓာတ်မြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက်အရ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေနှင့်မသက်ဆိုင်သည့် စိုက်ပျိုးရေးလုပ်ငန်းများအတွက် ရန်ကုန်အထိုင်ဈေးနှုန်း ယူရီးယား(အလုံးကြီး) ၅၀ ကီလိုတစ်အိတ်လျှင် ကျပ် ၉၇၀၀၀၊ ရောင်းချသည့်ဈေးနှုန်း ကျပ် ၁၁၀၀၀၀၊ ဈေးနှုန်းကွာခြားချက်မှာ ကျပ် ၁၃၀၀၀ ဖြစ်ပြီး၊ Rock Phosphate အခြေခံ ၁၅ ပတ်လည် ၅၀ ကီလိုတစ်အိတ်လျှင် ရန်ကုန်အထိုင်ဈေးနှုန်း ကျပ် ၁၂၄၀၀၀၊ ရောင်းချသည့် ဈေးနှုန်း ကျပ် ၁၅၀၀၀၀၊ ဈေးနှုန်းကွာခြားချက်မှာ ကျပ် ၂၆၀၀၀ ဖြင့်အရောင်းအဝယ်ဖြစ်နေ ကြောင်းသိရသည်။

          မြို့နယ်အတွင်းရောင်းချလျှက်ရှိသော ယူရီးယားဓာတ်မြေဩဇာအရောင်းဆိုင်များတွင် သတ်မှတ်ထားသော ရည်ညွှန်းဈေးအပေါ် သယ်ယူပို့ဆောင်စရိတ်၊ လုပ်သားခ၊ သိုလှောင်ထိန်း သိမ်းခနှင့် ထိုက်သင့်သော အကျိုးအမြတ်ရယူ၍ ရောင်းချလျှက်ရှိကြောင်း သိရသည်။

DOCA(မွန်)

 

မော်လမြိုင်မြို့ပေါ်ရှိ ဘိလပ်မြေအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

          ၂၇.၁.၂၀၂၅ ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာ ဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်တာဝန်ခံ ဦးအောင်ညီညီခန့်နှင့် ဝန်ထမ်းများ သည် မော်လမြိုင်မြို့ပေါ်ရှိ ဘိလပ်မြေအရောင်းဆိုင်များသို့ သွားရောက်၍ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာ မော်လမြိုင်မြို့ပေါ်ရှိ ကျော်ကြားအိမ်ဆောက်ပစ္စည်းဆိုင်၊ PRO 1 Global Home Center၊ AToZ အိမ်ဆောက်ပစ္စည်းဆိုင်၊ ရွှေဟင်္သာမင်း အိမ်ဆောက်ပစ္စည်းဆိုင်များတွင် ဘိလပ်မြေပြတ်လပ်မှု ရှိ/မရှိနှင့် မြေပြင်လက်ကျန် အခြေအနေများ၊ ဈေးနှုန်း၊ ဈေးကွက် အခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ရာ ပစ္စည်းပြတ်လပ်မှုမရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် ကြံ့တစ်ကောင် အမှတ်တံဆိပ် ဘိလပ်မြေတစ်အိတ်လျှင် (၂၆၀၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မွန်)

ကြံခင်းမြို့နယ်တွင် သခွားစိုက်ပျိုးမှု

               ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် သီးနှံမျိုးစုံကို စီးပွားဖြစ် စိုက်ပျိုးကြပြီး သခွားသီးနှံကိုလည်း နှစ်စဉ်စိုက်ပျိုးလျက်ရှိပါသည်။ ယခုနှစ်တွင် ဟင်သီးဟင်းရွက် စိုက်ဧက (၄၈၂၉) ဧကရှိပြီး သခွားစိုက်ဧက ၅၀ ခန့် ရှိကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာန စာရင်းအရ သိရသည်။

          မျိုးအနေဖြင့် ဒေသမျိုးဖြစ်သည့် ဆင်စွယ်သခွား၊ 999နှင့် H24 မျိုးတို့ကိုစိုက်ပျိုးကြပြီး H24 မျိုးသည် အထွက်နှုန်းကောင်းပြီး လူကြိုက်များသည့် အတွက် ပိုမိုစိုက်ပျိုးကြကြောင်း သိရသည်။ သခွားစိုက်ဧက ၀.၂၅ ဧကအား သခွားမျိုး H24 တစ်ထုတ်ကို ၂၇၀၀ ကျပ်ဖြင့် ဝယ်ယူရပြီး ၁၀ ထုပ်ခန့် စိုက်ပျိုးရပါသည်။ ဒီဇင်ဘာလဆန်းရက်တွင်  စိုက်ပျိုးသော သခွားပင်များသည် ဇန်နဝါရီလ ဒုတိယပတ်တွင် စတင်ခူးဆွတ်နိုင်ကြောင်း သိရသည်။ စိုက်ပျိုးမှု ကုန်ကျစရိတ်အနေဖြင့် ၀.၂၅ ဧကတွင် ငွေကျပ် ၃၀၀၀၀၀/- ကျပ်ခန့် ကုန်ကြကြောင်း၊ အထွက်နှုန်းအနေဖြင့် ၂ရက်ခြားတစ်ခါ အလုံးရေ ၅၀၀မှ ၈၀၀အထိထွက်ရှိကြောင်း သိရသည်။ ဈေးနှုန်းအနေဖြင့် ခြံတွင်းဖောက်သည်ဈေး တစ်လုံးလျှင် ၈၀ မှ ၁၀၀ ကျပ်အထိရရှိပြီး၊ အကျိုးအမြတ်အနေဖြင့် ၀.၂၅ ဧကလျှင် ၅၀၀၀၀၀/- ကျပ်ခန့် ရရှိပါသည်။ ဈေးကွက်အနေဖြင့် ဒေသတွင်း စားသုံးမှုနှင့် ပုသိမ်၊ ဟင်္သာတ၊ ပြည်မြို့သို့ ဖောက်သည်များမှ တစ်ဆင့် တင်ပို့ရောင်းချလျက်ရှိကြောင်း သခွားစိုက်တောင်သူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(ဧရာဝတီ)

အင်္ဂပူမြို့နယ်၏ မတ်ပဲအသစ် ထွက်ရှိမှု၊ဈေးနှုန်းဈေးကွက် အခြေအနေ

              ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တွင် မိုးစပါးစိုက်ပျိုးပြီးချိန်၌ မတ်ပဲ သီးနှံကို သီးထပ်အဖြစ်စိုက်ပျိုးကြပြီး  (၇၃၅၃၉)ဧက စိုက်ပျိုးထားကြောင်း သိရှိရပါသည်။ အင်္ဂပူမြို့ နယ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် မတ်ပဲ စိုက်ပျိုးမှု တစ်ဧက ကုန်ကျစရိတ်မှာ ၇ သိန်းခွဲကျပ်ခန့်ရှိပြီး လယ်မြေ တစ်ဧက ပျမ်းမျှအထွက်နှုန်းမှာ ၁၅ တင်းခန့်ရှိပါသည်။ နုန်းတင်မြေနုနေရာများတွင်  စိုက်ပျိုးသောမတ်ပဲများမှာ ပိုမိုအထွက်နှုန်းများကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။ ယခုအခါ မတ်ပဲအသစ်များ စတင်ထွက်ရှိပြီဖြစ်ရာ  ဟင်္သာတဈေးကွက်သို့ ရက်ခြား၍ ပျမ်းမျှ အိတ် ၈၀၀ မှ ၁၅၀၀ ကြား တင်ပို့ကာ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ အင်္ဂပူမြို့နယ်မှ တင်ပို့ရောင်း ချရာတွင် မတ်ပဲအသစ် တစ်တင်းလျှင် အရည်အသွေး အလိုက် ၉၀၀၀၀ ကျပ်မှ ၉၅၀၀၀ ကျပ်ကြား ဈေးပေါက်လျက်ရှိရာ တောင်သူများ တစ်ဧက ပျမ်းမျှ ၇ သိန်းကျပ်ခန့် အကျိုးအမြတ်ရလျက်ရှိပါ သည်။၂၀၂၄ ခုနှစ် ဇန်နဝါရီမှစ၍ မတ်ပဲဈေးမှာ ကျဆင်းခြင်းမရှိပဲ တစ်တင်းလျှင်  ၁၀၀၀၀၀ ကျပ် ဝန်းကျင်တွင် ဆက်လက်တည်ရှိနေသဖြင့် မတ်ပဲစိုက်တောင်သူတို့အား အကျိုးဖြစ်ထွန်းစေသော ဆောင်းသီးနှံ ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဟင်္သာတမြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများအား ဆီနှင့်ကြက်ဥများအား ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချပေး

            ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် (၂၁.၁.၂၀၂၅) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဟင်္သာတမြို့နယ်ဦးစီးမှူး ဦးမိုးကျော်၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ဟင်္သာတခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် ပူးပေါင်း ၍  ဟင်္သာတမြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများအား ကြက်ဥနှင့် စားအုန်းဆီများ အား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

          ထိုသို့ရောင်းချခဲ့ရာတွင်  အငြိမ်းစားဝန်ထမ်းတစ်ဦးလျှင် ကြက်ဥ(၁၀)လုံးနှင့် ဆီ(၅၀)ကျပ် သား ရောင်းချခဲ့ပါသည်။ ကြက်ဥ(၁၀)လုံးလျှင် ၃၈၀၀/- ကျပ်ဖြင့် အလုံးရေပေါင်း(၃၀၀၀)လုံး၊ ဆီ(၅၀)ကျပ်သား (၁)ဗူးလျှင် ၃၉၀၀/- ကျပ်ဖြင့် ပိဿာချိန် ၂၅၀ အား ရောင်းချခဲ့ပြီး သက်ဆိုင်ဌာန ဆိုင်ရာများမှ  ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း  သိရှိရပါသည်။

DOCA (ဧရာဝတီ)

အင်္ဂပူမြို့နယ် နွေစပါးစိုက်ပျိုးမှု အခြေအနေ

           ဧရာဝတီတိုင်းဒေသကြီး မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တွင် မိုးစပါးစိုက်ဧက(၁၁၇၅၁၂)ဧက စိုက်ပျိုးပြီး၊သီးထပ်အဖြစ် မတ်ပဲ၊ပဲအမျိုးမျိုး၊အစေ့ထုတ်ပြောင်းနှင့် နွေစပါးတို့ကိုစိုက်ပျိုးကြ ပါသည်။ ၂၀၂၄  ခုနှစ်တွင် မြန်အောင်ခရိုင်၌ နွေစပါးစိုက်ဧက(၃၇၃၄၄)ဧက စိုက်ပျိုးပြီး၊ အင်္ဂပူမြို့နယ်တွင် (၂၆၂၀၃)ဧက စိုက်ပျိုးပါသည်။ အင်္ဂပူမြို့နယ်တွင် နွေစပါးကို ထိုင်းရက်(၉၀)၊ နယူးဧရာ(၁)၊ GW 11 စသော စပါးမျိုးများကို အဓိကစိုက်ပျိုးကြကြောင်းသိရသည်။

           ယခုအခါ နွေစပါးစိုက်တောင်သူများအနေဖြင့် မြေပြင်ထွန်ယက်စိုက်ပျိုးကြရာ သီးနှံထွက် ပေါ်ချိန် မိုးလွတ်လေလွတ် ရိတ်သိမ်းနိုင်ရန်အတွက် သက်ယဉ်စပါးမျိုးကိုသာ စိုက်ပျိုးကြပါသည်။ ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ ဒေသတွင်း ဆည်ရေလွှတ်ရာနေရာများတွင် ဆည်ရေသောက်နွေစပါးများကို စတင်စိုက်ပျိုးလျက်ရှိပါသည်။ နွေစပါး စိုက်ပျိုးမှု(၁)ဧက မျိုးအနေဖြင့် ၂ တင်းစိုက်ပျိုးရပြီး၊  မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် ၈ သိန်းကျပ်ခန့်ကုန်ကျပါသည်။ နွေစပါးသည် နေရောင် ခြည်ကောင်းစွာရရှိသောကြောင့် အစေ့အဆံများ အောင်မြင်ဖြစ်ထွန်းကာ မိုးစပါးထက်အထွက်နှုန်း ပိုကြောင်းသိရှိရပါသည်။ နွေစပါးပေါ်ချိန်တွင်လည်း ဈေးနှုန်းကောင်းမွန်ပါက တောင်သူများ အကျိုး အမြတ်ပိုမိုရရှိမည်ဖြစ်ကြောင်း နွေစပါးစိုက်ပျိုးသူ ဒေသခံတောင်သူများထံမှ သိရှိရပါသည်။  

DOCA(ဧရာဝတီ)  

“ ဝင်း ” မိသားစု သင်ဖြူးဖျာရောင်းဝယ်ရေးလုပ်ငန်း

          ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည်(၂၂.၁.၂၀၂၅) ရက်နေ့ နံနက်(၁၁း၀၀)နာရီအချိန်တွင် လေးမျက်နှာမြို့နယ်၊ ဗိုလ်ချုပ်လမ်း၊ အမှတ်(၁)ရပ်ကွက်ရှိ “ဝင်း”  မိသားစု သင်ဖြူးဖျာရောင်းဝယ်ရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ SMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေး သင်ဖြူးဖျာ ယက်လုပ်ပုံအဆင့်ဆင့်နှင့် တင်ပို့ရောင်းချမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးခြင်း များဆောင်ရွက်ခဲ့ပါသည်။

             ထိုသို့ကွင်းဆင်းခဲ့ရာတွင် “ဝင်း”မိသားစုသင်ဖြူးဖျာရောင်းဝယ်ရေး လုပ်ငန်းရှင်သည် ထိုလုပ် ငန်းကို ၂၀၁၀ ခုနှစ်မှ စတင်လုပ်ကိုင်လျက်ရှိပြီး ယခုအချိန်ထိ တွင်ကျယ်စွာ ရောင်းချလျက်ရှိပါ သည်။ သင်ဖြူးဖျာကို ကိုယ်တိုင်ယက်လုပ်လျက်ရှိပြီး လုပ်သားတစ်ဦးလျှင် တစ်နေ့ပျှမ်းမျှ (၁)ချပ် နှုန်းယက်လုပ်နိုင်ပါသည်။ ကုန်ကြမ်းပစ္စည်း(သင်မ)ကို ပန်းတနော်မြို့မှအများဆုံးမှာယူပြီး ဒေသ တွင်း ထွက်ရှိသော သင်မ များကိုလည်း ဝယ်ယူထုတ်လုပ်လျက်ရှိကြောင်းသိရှိရပါသည်။ သင်ဖြူးဖျာ ပြုလုပ်ရာတွင် စိတ် ၊ ငယ် ၊ ယပ် ၊ ချုပ် ၊ ကွတ် စသည့်အဆင့်အလိုက်အနေဖြင့် (၅)ဆင့် ပြုလုပ် ရပါသည်။ ကုန်ကျစရိတ်နည်းပါးသည့် ဒေသအိမ်တွင်းမှု လုပ်ငန်းဖြစ်ပါသည်။ တင်ပို့ရောင်းချရာတွင် ထိုင်ဖျာ တစ်ချပ်လျှင် ၇၀၀၀/- ကျပ်၊ တစ်ယောက်အိပ် ၃ ပေခွဲ ၆ပေ တစ်ချပ်လျှင် ၂၅၀၀၀/- ကျပ်မှ ၃၀၀၀၀/-ကျပ်ကြား၊ ကုတင်ခင်းဖျာ ၅ ပေခွဲ ၆ ပေ တစ်ချပ်လျှင် ၅၅၀၀၀/-ကျပ်ဝန်းကျင်နှင့် ၆ ပေ ၆ ပေခွဲ တစ်ချပ်လျှင် ၆၅၀၀၀/-ကျပ်မှ ၇၀၀၀၀/-ကျပ် ဝန်းကျင်ဖြင့် ရောင်းချလျက်ရှိကြောင်း၊  ဧရာဝတီတိုင်းဒေသကြီးအတွင်းနှင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်းသို့တင်ပို့ရောင်းချလျက်ရှိပြီး ၁၂လ ရာသီဒေသပွဲတော်များတွင်လည်း ရောင်းချလျက်ရှိပါသည်။ ဒေသတွင်းအသုံးပြုမှုများသည့်အတွက်  ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။  

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း