
မိတ္ထီလာခရိုင်၊မိတ္ထီလာမြို့သည် သီးနှံမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းလျှက်ရှိရာ ဖူးစားပြောင်းသီးနှံကို ၃၅၉၇ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ယခုအချိန်တွင် မိတ္ထီလာမြို့နယ်၌ စိုက်ပျိုးဧက အားလုံးရိတ်သိမ်းပြီးဖြစ် ကြောင်းသိရသည်။
ဖူးစားပြောင်းစိုက်ပျိုးရာတွင် ထိုင်ဝမ်သကြားပြောင်း၊ထောပတ်ပြောင်းနှင့် ရှမ်းပြောင်းမျိုးများ ကိုသာ အများဆုံးစိုက်ပျိုးကြသည်။ တစ်ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊လုပ်သားခ အပါအဝင် စုစုပေါင်း ကျပ် (၁၀)သိန်းကျော်ကုန်ကျကြောင်း၊ (၁)ဧက အထွက်နှုန်းအနေဖြင့် ပြောင်းဖူး (၆၀၀၀)ခန့်ထွက်ရှိပြီး ထိုင်ဝမ်သကြားပြောင်းဖူးသည် လူကြိုက်များသောကြောင့် အရောင်းသွက်ပြီး ဈေးကောင်းရကြောင်း၊ ဈေးနှုန်းအနေဖြင့် ပြောင်းဖူးအရွယ်အစားအပေါ် မူတည်ပြီး ဈေးနှုန်းကွာခြားမှု ရှိ၍ ယခင်နှစ် ပြောင်းဖူးပေါ်ချိန်တွင် ဖောက်သည်ဈေး ၊ လက်ကားဈေးအနေဖြင့် ပြောင်းဖူးတစ်ဖူးလျှင် (၅၀၀)ကျပ်နှင့် ရောင်းချခဲ့ရပြီး ယခုနှစ်ဖောက်သည်ဈေးအနေဖြင့် ထိုင်ဝမ်သကြားပြောင်းဖူး (၁)ဖူးလျှင် (၇၀၀)ကျပ် လက်လီဈေးအနေဖြင့် တစ်ဖူးလျှင် (၈၀၀-၁၀၀၀)ကျပ်ဖြင့် ရောင်းချရကြောင်း သိရသည်။
ဈေးကွက်အနေဖြင့် မိတ္ထီလာမြို့သို့တိုက်ရိုက်ရောင်းချကြသည့်အပြင် ပွဲစားများမှလည်း စိုက်ခင်းအထိ လာရောက်ဝယ်ယူကြသည်။ မိတ္ထီလာမြို့ရှိ ပိတောက်မြိုင်ဈေး၊ မြို့မဈေး၊ ကွက်သစ်ဈေး၊ ပေါက်ချောင်းဈေး၊မြို့သစ်ဈေး၊ချည်စက်ဈေးများတွင် လက်လီရောင်းချကြသည်။ အကျိုးအမြတ်အနေဖြင့် အထွက်နှုန်းနှင့်ဈေးနှုန်းအပေါ် မူတည်၍ ကျပ်သိန်း(၂၀)ဝန်းကျင်ခန့် မြတ်ကြောင်း ၊ ယခုနှစ် ပြောင်းဖူးဈေးနှုန်းသည် ယခင်နှစ်ထက် ဈေးပိုမိုကောင်းမွန်သောကြောင့် ဖူးစားပြောင်းသီးနှံကို ပိုမိုတိုး ချဲ့ စိုက်ပျိုးသင့်ကြောင်း ရေးသားလိုက်ရပါသည်။
DOCA(မန္တလေး)
