ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပြည်ခရိုင်မှသကြားစက်များ၏ကြိတ်ခွဲထုတ်လုပ်မှုအခြေအနေ

             ၂၀၂၄-၂၀၂၅ ကြံကြိတ်ဝါးရာသီကာလတွင် ပြည်ခရိုင်၊ ပြည်မြို့နယ်မှ နဝဒေးသကြားစက်နှင့် ပေါက်ခေါင်းမြို့နယ်မှ အင်ငါးခွသကြားစက်တို့မှာ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၁၀)ရက်နေ့မှစတင်၍ လည်ပတ်ကြိတ်ဝါးနေပြီဖြစ်ပါသည်။ ကြိတ်ဝါးကာလမှာ (၃)လခန့်ကြာမြင့်မည်ဖြစ်ပြီးနဝဒေး သကြားစက်အနေဖြင့် ကြံတန် ၂၃၀၀၀၀ခန့်နှင့် အင်ငါးခွသကြားစက်အနေဖြင့် ကြံတန် ၁၃၀၀၀၀ခန့် ကြိတ်ဝါးရန်လျာထားပါကြောင်း သိရှိရပါသည်။

            ၂၀၂၅ခုနှစ် ဇန်နဝါရီလ လကုန်အထိ နဝဒေးသကြားစက်မှာ ကြံတန်ချိန် ၂၁၁၁၉၂.၇၂ ကြိတ်ဝါးပြီး သကြားတန်ချိန် ၂၂၃၄၉.၃၅ နှင့် အင်ငါးခွသကြားစက်မှာ ကြံတန်ချိန် ၈၇၁၀၆.၂၅ ကြိတ်ဝါးပြီး သကြားတန်ချိန် ၈၀၇၂.၈၀ထွက်ရှိသဖြင့် ပြည်ခရိုင်ရှိ သကြားစက်(၂)စက်အနေဖြင့် စုစုပေါင်းကြံတန်ချိန်မှာ ၂၉၈၂၉၈.၉၇ကြိတ်ခွဲပြီး သကြား ၃၀၄၂၂.၁၅တန်ချိန်ထွက်ရှိပါကြောင်း သိရှိရပါသည်။

           သကြားစက်များအနေဖြင့် ကြံစိုက်တောင်သူများထံမှ ယခင်နှစ်ကစက်အရောက်ဈေးဖြင့် ကြံတစ်တန်လျှင် ၁၂၅၀၀၀ကျပ်ဖြင့် ဈေးပေးဝယ်ယူခဲ့ပြီး ယခုနှစ်မှာတော့ စက်အရောက်ဈေး ၁၈၀၀၀၀ကျပ်ဖြင့် ဈေးကောင်းပေးဝယ်ယူကြိတ်ခွဲလျှက်ရှိနေပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ခရိုင်၊ ပြည်မြို့တွင် မန်ကျည်းမှည့်ဈေး

              ပြည်ဈေးကွက်တွင် ယခုအချိန်ဖြစ်သော ဖေဖော်ဝါရီလဆန်းပိုင်းမှစ၍ မန်ကျည်းသီးမှည့် ကြက်ဆူတက်များ ဈေးကွက်တွင် ရောင်းချနေတာဖြစ်ပါသည်။ ယခုလိုရာသီ နွေဦးပေါက်တွင် မန်ကျည်းသီးမှည့်အသစ်များ စတင်ထွက်ပေါ်လာ၍ ပြည်မြို့အနီးကျေးရွာများဖြစ်သော ပျဉ်းပြင် ကိုင်းရွာ၊ ဇလုပ်မရွာ၊ သဇင်လှရွာ၊ ကင်းပွန်းခြုံရွာ အစရှိသော မန်ကျည်းပင်များရှိသော ကျေးရွာများမှ လာရောက်ရောင်းချကြပါသည်။ ဈေးနှုန်းများအနေဖြင့် မန်ကျည်းသီးမှည့်အသစ် ကြက်ဆူတက် (၁၀)သားလျှင် ၈၀၀ကျပ်ဖြင့်ရောင်းချကြပါသည်။ မန်ကျည်းမှည့်မှာ ယခုလိုနွေရာသီ အချိန်တွင် လူနှင့်တည့်၍ ဆေးအဖြစ်စားသုံးကြသလို ဟင်းချက်၍လည်းစားသုံးကြသဖြင့် အိမ်တိုင်းလိုလို မန်ကျည်းမှည့်ကို ဆောင်ထားကြပါသည်။ ယခင်နှစ်ဖြစ်သော ယခုလိုအချိန်တွင် မန်ကျည်းသီးမှည့် ဈေးမှာ အစေ့ပါ တစ်ပိဿာလျှင် ၄၀၀၀ကျပ်၊ အစေ့မပါ တစ်ပိဿာလျှင် ၇၀၀၀ကျပ်ဖြင့်ရောင်းချ ကြပါသည်။ ယခုနှစ်တွင် မန်ကျည်းသီးမှည့် အသစ်ဈေးမှာ အစေ့ပါ တစ်ပိဿာလျှင် ၉၀၀၀ကျပ်နှင့် အစေ့လွတ်တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်ဖြင့် ရောင်းချနေကြောင်း သိရပါသည်။ ယခင်နှစ်ထက်စာ လျှင် ယခုနှစ်မှာ မန်ကျည်းမှည့်ဈေးမှာ အစေ့ပါတစ်ပိဿာလျှင် ၅၀၀၀ကျပ်၊ အစေ့လွတ်တစ်ပိဿာ လျှင် ၃၀၀၀ကျပ်ဖြင့် ဈေးများမြင့်တက်လာခဲ့ပါသည်။ ယခုလိုဈေးများမြင့်တက်လာရခြင်းမှာ မန်ကျည်းမှည့်အသစ်များ ပေါ်ခါစဖြစ်၍ ဈေးနှုန်းများ မြင့်တက်လာရခြင်းဖြစ်သည်ဟု သိရှိရပါသည်။

DOCA(ပဲခူး)

ရွှေတောင်မြို့နယ်တွင် ဇီးသစ်တော်(ခ)လေးပင်ဇီးသီးများစိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိ

           ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကသစ်ကိုင်းအုပ်စု၊ ကသစ်ကိုင်း ကျေးရွာ တွင် ဇီးသစ်တော်(ခ)လေးပင်ဇီးသီးများစိုက်ပျိုးထားရှိရာ အောင်မြင်ဖြစ်ထွန်းလျှက်ရှိကြောင်း သိရ ပါသည်။ ထိုဇီးသစ်တော်(ခ)လေးပင်ဇီးသီးများကို အောင်လံမြို့နယ် လေးပင်ကျေးရွာမှ ဝယ်ယူ စိုက်ပျိုးကြပါသည်။ ဇီးသီးမျိုးပင်ကို တစ်ပင်လျှင် ၅၀၀၀ကျပ်ဖြင့် အပင်(၁၀၀) စိုက်ပျိုးထား ရှိပါသည်။ ဇီးသစ်တော်(ခ)လေးပင်ဇီးသီးကို တစ်ဧကစိုက်ပျိုးထားရှိပြီး တစ်ဧကလျှင် အပင်ရေ (၁၀၀)ခန့် ဝင်ဆံ့ပြီး ကုန်ကျစရိတ် အနေဖြင့် (၆)သိန်းခန့် ကုန်ကျပါသည်။ ဇီးပင်ကို ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် စတင်စိုက်ပျိုးပြီး ၂၀၂၃ ခုနှစ်တွင် စတင်အသီးသီးပြီး၊ ၂၀၂၄ ခုနှစ်တွင် စတင်ရောင်းချနေပြီဖြစ်ပါသည်။ ၂၀၂၄ ခုနှစ်တွင် ဇီးသီးများခူးယူရောင်းချချိန်တွင် တစ်ပင်လျှင် နိုဆီဘူး(၂)ဘူးရရှိပြီး (၃)ရက်လျှင် တစ်ကြိမ်ခူးဆွတ်ရပါသည်။ ဇီးသီးကို ဇန်နဝါရီလနှင့် ဖေဖော်ဝါရီ လ(၂)လသာ ခူးဆွတ်ရပြီး တစ်ပြည်ကို ၆၀၀၀ကျပ်ဖြင့်ရောင်းချရ၍ အကျိုးအမြတ်အနေဖြင့် သိန်း(၃၀)ခန့်ရရှိကြောင် သိရပါသည်။

          ၂၀၂၅ ခုနှစ်တွင် ဇီးသီးထွက်ရှိမှုမှာ တစ်ပင်လျှင် နိုဆီဘူး(၄)ဘူးခန့်ခူးယူရရှိပြီး (၃)ရက်လျှင် တစ်ကြိမ်ဖြင့် (၂)လခန့်ခူးဆွတ်ရောင်းချရပါသည်။ ဈေးနှုန်းအနေဖြင့် တစ်ပြည်လျှင် ၇၀၀၀ကျပ် ဖြင့်ရောင်းချရသဖြင့် အကျိုးအမြတ်မှာ သိန်း(၇၀)ခန့် ရရှိနိုင်မည်ဟု ခန့်မှန်းသိရှိရပါသည်။ ဈေးကွက်အနေဖြင့် ရွှေတောင်မြို့ပေါ်ရှိ ဖောက်သည်များနှင့် ရန်ကုန်၊ မန္တလေးမြို့ကြီးများသို့ တင်ပို့ရောင်းချကြောင်း သိရပါသည်။

          ထို့ကြောင့် ဇီးသစ်တော်(ခ) လေးပင်ဇီးသီးကို နေရာဒေသမရွေးစိုက်ပျိုးနိုင်ပါက မိမိတို့ဒေသ အတွင်း စားသုံးနိုင်မည့်အပြင် စီးပွားဖြစ်လည်းစိုက်ပျိုးကြ၍ နှစ်စဉ်ဝင်ငွေများလည်း ရရှိနိုင် မည်ဖြစ်ပါသဖြင့် ထပ်မံတိုးချဲ့၍စိုက်ပျိုးသင့်ပါကြောင်း ရေးသားလိုက်ရပါသည်။

DOCA(ပဲခူး)

ပြည်မြို့၏မရမ်းသီးဈေးကွက်

              ပြည်မြို့ဈေးကွက်အတွင်း ဖေဖော်ဝါရီလဆန်းပိုင်းတွင် မရမ်းသီးများအနည်းငယ် ရောင်းချ နေကြောင်းတွေ့ရပါသည်။ ပေါ်စတွင် တစ်ဆယ်ကျပ်သားလျှင် ၁၀၀၀၀ကျပ်နှုန်းဖြင့် ဈေးသည် တစ်ဦး နှစ်ဦးသာရောင်းချကြောင်း သိရပါသည်။ ဥယျာဉ်မရမ်းသီးဖြစ်ပြီး ပြည်မြို့အနီးတဝိုက်ရှိ ကျေးရွာများရှိ ဉယျာဉ်များတွင် စိုက်ပျိုးသောမရမ်းသီးများဖြစ်ပါသည်။ မရမ်းသီးမှာ အရွယ်အစားသေးလျှင် ဈေးကောင်းရ၍ ယခုဖေဖော်ဝါရီဒုတိယပတ်တွင် အသီးများမှာ အရွယ်အစားကြီးလာပြီး ဈေးနှုန်းမှာလည်းအနည်းငယ်လျော့နည်းလာပါသည်။ ထို့ကြောင့် ယခုအချိန်တွင် မရမ်းသီးဈေးနှုန်းမှာ တစ်ဆယ်ကျပ်သားလျှင် ၃၀၀၀ကျပ်ဖြင့် ရောင်းချကြပါသည်။ ပေါ်ခါစတွင် စားသုံးမှုအနည်းငယ်ရှိသော်လည်း ယခုအချိန်တွင် မရမ်းသီးများ လှိုင်လှိုင်ထွက်ပေါ်လာသောကြောင့် စားသုံးသူများပြားလာကြောင်း သိရပါသည်။ ယခင်နှစ်တွင် မရမ်းသီးဈေးမှာ လှိုင်လှိုင်ပေါ်ချိန်တွင် တစ်ဆယ်သားလျှင် ၅၀၀ကျပ်နှုန်းဖြင့်ရောင်းချကြောင်းသိရပါသည်။ မရမ်းသီးများကို ပြည်မြို့အနီး ရှိကျေးရွာများနှင့် ရွှေတောင်မြို့နယ်အတွင်းကျေးရွာများမှထွက်ရှိသော မရမ်းသီးများကို အောင်လံ၊ မကွေး၊ ရန်ကုန်မြို့ရှိ သီရိမင်္ဂလာဈေးသို့တင်ပို့ရောင်းချကြောင်း သိရပါသည်။

DOCA(ပဲခူး)

ပြည်ကုန်စည်ဒိုင်၏ ဖေဖော်ဝါရီလဒုတိယပတ် ပဲမျိုးစုံဈေးနှုန်း

           ပြည်ကုန်စည်ဒိုင်တွင် မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲ၊ ပဲကြီး၊ ဘိုကိတ် စသဖြင့် ပဲမျိုးစုံများ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

           ဖေဖော်ဝါရီလ ဒုတိယပတ်တွင် မတ်ပဲတစ်တင်းကို ၉၄၀၀၀ကျပ် ဖြင့် တစ်ရက်ကိုအိတ် ၂၀၀ခန့် ရန်ကုန်အဝယ်ရှိပါသည်။ ပဲစင်းငုံတစ်တင်းကို ၉၁၀၀၀ကျပ်ဖြင့် ရန်ကုန်ဝယ်လက် တစ်ရက်ကို အိတ်၄၀၀ခန့်ရှိပါသည်။ ဖေဖော်ဝါရီ ဒုတိယပတ်တွင် ကုလားပဲသစ်များ အဝင်ရှိလာပြီး ကုလားပဲ(HL) တစ်တင်းကို ၈၀၀၀၀-၈၁၀၀၀ကျပ်၊ ကုလားပဲ(မြကြေးမှုံ) တစ်တင်းကို ၈၄၀၀၀-၈၅၀၀၀ကျပ်ဖြင့် ဈေးစဖွင့်ပြီး တစ်ရက်ကိုအိတ် ၂၅၀ခန့် အဝင်ရှိပြီးဝင်သလောက် အရောင်း အဝယ်ဖြစ်ပါသည်။ ကုလားပဲ(HL) အဟောင်းတစ်တင်းကို ၈၅၀၀၀ကျပ်ဖြင့် မြို့တွင်း ခွဲစက်သမား များ တစ်ရက်ကိုအိတ် ၂၀၀ခန့်အဝယ်ရှိပါသည်။ ဖေဖော်ဝါရီ ဒုတိယပတ်တွင် ပဲကြီး(ရွှေကျွန်း) တစ်တင်းကို ၈၅၀၀၀ကျပ်၊ ပဲကြီး(ကုန်းပဲ)တစ်တင်းကို ၈၀၀၀၀ကျပ်ဖြင့် မြို့တွင်းပဲကြော်သမားများ တစ်ရက်ကိုအိတ် ၂၀၀ခန့် အဝယ်ရှိပါသည်။ ဘိုကိတ်ပဲတစ်တင်းကို ၇၇၀၀၀-၇၈၀၀၀ကျပ်ဖြင့် ဈေးကျနေခဲ့ပြီး မြို့တွင်းနှင့်ရန်ကုန်အဝယ် တစ်ရက်ကိုအိတ် ၁၀၀/၁၅၀ခန့်အဝယ်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဝင်ငွေကောင်းတွက်ချေကိုက်သည့်ပြောင်းဖူးစိမ်း(ခ)သကြားပြောင်း

          ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ မှော်ဇာအုပ်စု၊ မှော်ဇာရွာနှင့် အနီးတဝိုက်ရှိရွာများတွင် ဥယျာဉ်၊ ခြံမြေလုပ်ငန်းဖြင့် စီးပွားရေးလုပ်ကိုင်စားသောက်နေသောကျေးရွာဖြစ်ကာ တောင်သူ အများစုသည် တစ်နှစ်ပတ်လုံး ပြောင်းဖူးများအား စိုက်ပျိုးကြပါသည်။

           ပြောင်းဖူးသည် မိုးရာသီပြောင်းဖူးစိုက်လျှင် ရက်(၉၀)နှင့် နွေရာသီစိုက်ပျိုး လျှင်(၇၅) ရက် အတွင်း ပြောင်းဖူးပေါ်ကြောင်း သိရှိရပါသည်။ တစ်နှစ်လျှင် ပြောင်းဖူးလေးကြိမ်စိုက်ပျိုးပြီးနိုင်ပြီး ပြောင်ဖူးသည်တစ်နှစ်ပတ်လုံး စိုက်ပျိုးခြင်းဖြင့် ဝင်ငွေကောင်းပြီး စီးပွားရေးတွက်ခြေကိုက်ပါသည်။ စိုက်ပျိုးထားပြီးထွက်ရှိလာသော ပြောင်းဖူးများအား တောင်သူများမှ ကုန်စည်ဒိုင်များသို့ သွားရောက်ရောင်းချခြင်းဖြင့်လည်းကောင်း၊ ရန်ကုန်-ပြည်ကားလမ်းဘေးများတွင် ပြောင်းဖူးများ အား ပုံ၍ရောင်းချခြင်း၊ (၅)ဖူးတွဲပါ အစည်းများစည်းပြီးရောင်းချခြင်းနှင့် ပြောင်းဖူး မီးဖုတ်ရောင်းချခြင်း၊ ပြောင်းဖူးပြုတ်သရေစာအဖြစ်ရောင်းချခြင်းများဖြင့် ရောင်းချကြပါသည်။

         အဝါရောင်သကြားပြောင်း၏ အရသာမှာချိုချိုလေးဖြစ်ပြီး ပြုတ်စားစား၊ ကြော်စားစား အရသာလွန်ကောင်းမွန်ပါသဖြင့် သကြားပြောင်းအားလူအများကြိုက်နှစ်သက်ပါသည်။ ဈေးကွက် အတွင်းရောင်းချနေသည့် သကြားပြောင်းဈေးနှုန်းမှာအစိမ်းတစ်ဖူးလျှင် ၈၀၀ကျပ်ဖြင့်လည်းကောင်း၊ ပြောင်းဖူးပြုတ်များအားရောင်းချရာတွင် တစ်ဖူးလျှင် ၁၀၀၀ကျပ်၊ ပြောင်းဖူး(အဖြူ) အစိမ်းတစ်ဖူး လျှင် ၅၀၀ကျပ် ဖြင့်ရောင်းချကြောင်း သိရပါသည်။ ပြောင်းဖူးအစိမ်းများအားခူးဆွတ်ပြီး ကျန်ရှိသောအပင်များကို နွားစာများအဖြစ် တစ်နိုင်တစ်ပိုင်နွားမွေးမြူသူများမှ ဝယ်ယူကြောင်း သိရှိရပါသည်။ ပြောင်းဖူးပင်သည် တစ်ပင်လုံးအသုံးဝင်သည့်အတွက် စိုက်ပျိုးရာတွင် တွက်ခြေကိုက်ပြီး ဝင်ငွေကောင်းမွန်ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် ရောင်းချနေသော ဘိလပ်မြေဈေးနှုန်း

            ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် ယခုဖေဖေါ်ဝါရီလအချိန်အတွင်းသို့ ရောက်ရှိလာပြီဖြစ်သောကြောင့် အိမ်ဆောက်ပစ္စည်းလုပ်ငန်းများ အရောင်းအဝယ်ဖြစ်လျက်ရှိပါ သည်။ အိမ်ဆောက်ပစ္စည်းများထဲတွင် မရှိမဖြစ်သောအရာသည် ဘိလပ်မြေဖြစ်ပါသည်။

          ဘိလပ်မြေလိုအပ်ချက်များအား ပြည်တွင်းဘိလပ်မြေစက်ရုံများ၏ ထုတ်လုပ်မှုများအပြင် ပြည်ပဘိလပ်မြေများကို နယ်စပ်ကုန်သွယ်ရေးနှင့် ပင်လယ်ရေကြောင်းတို့မှ တင်သွင်းခွင့်ပြုထား ကြောင်းလည်းသိရသည်။

          ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် ရောင်းချနေသော ဘိလပ်မြေများဖြစ်သည့် ကြံ့နီတစ်အိတ်လျှင် (၂၇၀၀၀)ကျပ်၊ Alpha တစ်အိတ်လျှင် (၂၇၀၀၀)ကျပ်တို့ဖြင့် ရောင်းဝယ်လျက်ရှိကြောင်းသိရသည်။ ပြည်ခရိုင်အနေဖြင့် ပစ္စည်းပြတ်လပ်မှုမရှိဘဲ ပစ္စည်းများအချိန်မီရောက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ရာသီပေါ် ဈေးကောင်းရနေသော ဒန့်သလွန်သီးဈေးကွက်

               ဒန့်သလွန်သီးနှင့် ဒန့်သလွန်ရွက်ကို မြန်မာလူမျိုးများက နှစ်သက်စွာ ချက်ပြုတ်စားသောက် လေ့ရှိကြပါသည်။ ဒန့်သလွန်သီးသည် နူးညံ့ပြီး အရသာရှိသောကြောင့် တန်ဖိုးထားစားသုံးသော လူကြိုက်များသော အသီးအနှံဖြစ်သကဲ့သို့ အရွက်များကိုလည်း ဟင်းချို၊ အတို့အမြှုပ် စသည်ဖြင့် အမျိုးမျိုးချက်ပြုတ် စားကြသောက်ကြပါသည်။ ဒန့်သလွန်သီးကို ချဉ်ရည်ဟင်း ချက်ပြုတ်လေ့ရှိပြီး ဒန့်သလွန်ရွက်ကို ကြော်လို့ တဖုံ၊ ဟင်းခါး ရည်ချက်လို့တမျိုး စားကြပါသည်။ ဒန့်သလွန်သီး အသီးနုများကို ဟင်းချက်စားကြပြီး ရင့်သော အသီးမှ အစေ့များကို မြေပဲကဲ့သို့ စားကြပါတယ်။ ဒန့်သလွန်သီး အစေ့မှ ဆီထုတ်ယူပြီး စားသုံးဆီ ၊ စက်သုံးဆီ အဖြစ် အသုံးပြုကြကြောင်း သိရပါ သည်။ အပင်တစ်ပင်လုံး အသုံးဝင်သော ဒန့်သလွန်ပင်မှာ အသီး ၊ အရွက်၊ အပွင့်တို့က အရသာ လည်းရှိတာကြောင့် အမျိုးမျိုး စီမံချက်ပြုတ် စားသောက်ခြင်းဖြင့် အစာ လည်းဆေး ၊ ဆေးလည်းအစာ ဖြစ်သောအပင်မျိုး ဖြစ်ပါသည်။ ရှည်လျား၍ အစိမ်းရင့်ရောင်ရှိပြီး အက်ကွဲသီး ဖြစ်သည်။ အမြောင်းပါသည်။ အသီးအတွင်းတွင် အစေ့များ တန်းစီလျက် ၅-၇ စေ့ ခန့် ပါဝင် သည်။ အတွင်းသား ထူသည်။ အစေ့၌ အတောင် ပါသည်။ ကဆုန်၊ နယုန်လတွင် သီး၏။ ချဉ်ရည်ဟင်း ပဲချက်စားစား၊ ငါးနဲ့ပဲချက်ချက်၊ မီးကင်ပြီး ဟင်းခါးပဲချက်သောက်သောက်၊ သီးစုံဟင်းထဲတွင် ထည့်၍ စားသုံးကြသဖြင့် အဆင်ပြေပြီး စားကောင်းတဲ့ သီးနှံတစ်ခုလည်းဖြစ်ပါသည်။ ဟင်းရဲ့ ရနံ့ကိုလည်း တိုးစေလို့ တော်တော်များများ ကြိုက်ကြပါသည်။ ယခုနှစ်ပေါ်ချိန်တွင် ဒန့်သလွန် သီးစျေးနှုန်းမှာ အရင် နှစ်ထက် ဈေးကောင်းရရှိကြောင်း သိရပါသည်။  ယခုနှစ် ဒန့်သလွန်သီး များမှာ ရောင်းလိုအား နည်းနေ သောကြောင့် အရင်နှစ်ကထက် စျေးနှုန်းပိုရကြောင်း သိရပါသည်။ ဒန့်သလွန်သီးက ဒီနှစ်အတွင်းမှာ စိုက်တဲ့သူတွေများလာပြီး ရောင်းလိုအားများလာတာကြောင့် စျေးနှုန်းက အရင်နှစ်ကဆို ဒန့်သလွန်သီး တစ်တောင့်ကို ကျပ် ၃၀၀ ဝန်းကျင်လောက်ရပေမယ့် ယခုနှစ်မှာတော့ ဒန့်သလွန်သီးအချော တစ်တောင့် ကို ကျပ် ၅၀၀၊ အလတ်တစ်တောင့်ကို ကျပ် ၄၀၀၊ အသေးတစ်တောင့်လျှင် ကျပ် ၃၀၀မှ ကျပ်၂၀၀ထိရှိပြီး ရာသီပေါ်သီးနှံဖြစ်၍ ဈေးကောင်း ရနေကြေင်း သိရှိရပါသည်။ ရာသီပေါ် ဒန့်ဒလွန်သီးကို ပြည်မြို့ အနီးတဝှိက်ကျေးရွာများနှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးသူများမှ ပြည်မြို့မစည်ပင်သာယာဈေးကြီးနှင့် အခြားဈေးများသို့ တင်ပို့ရောင်းချကြပြီး ဈေးကောင်းရသည့်အတွက် ရန်ကုန်သို့လည်း တင်ပို့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့တွင် ခရမ်းချဉ်သီးများဈေးနှုန်းကျဆင်း

           တောင်ငူမြို့နယ်အတွင်းရှိဈေးများသို့ ရှမ်းပြည်နယ်၊တောင်ကြီးဒေသထွက် ခရမ်းချဉ်သီးများ ဝင်ရောက်လျက်ရှိရာ ဖေဖေါ်ဝါရီလအတွင်း ခရမ်းချဉ်သီးဈေးနှုန်း အနည်းငယ်ကျဆင်းလျက် ရှိပါသည်။

          ယခုလအတွင်း တောင်ငူမြို့နယ်၊ ဒိုးသောင်ကျေးရွာအုပ်စု၊ ရှမ်းဝါးတီးကျေးရွာမှ ဒေသထွက် ခရမ်းချဉ်သီးများ လှိုင်လှိုင်ပေါ်နေပြီဖြစ်ရာ ရှမ်းပြည်နယ်၊ တောင်ကြီးဒေသထွက်ခရမ်းချဉ်သီးများ ယခင်လတွင် တစ်ပိဿာလျှင် ၃၀၀၀ကျပ်ရှိရာမှ ယခုလတွင် ၂၀၀၀ ကျပ်သို့လည်းကောင်း၊ ယခင်လက ဒေသထွက် ခရမ်းချဉ်သီးတစ်ပိဿာလျှင် ၂၀၀၀ ကျပ်ရှိရာမှ ယခုလတွင် ၁၀၀၀ ကျပ်သို့လည်းကောင်းအသီးသီး ဈေးနှုန်းကျဆင်းလျက်ရှိပါသည်။ ဒေသထွက်ခရမ်းချဉ်သီးများ လှိုင်လှိုင်ပေါ်လာသဖြင့် ကျေးရွာများတွင် ခရမ်းချဉ်သီးယိုများပြုလုပ်လေ့ရှိပါသည်။

          ခရမ်းချဉ်သီးဈေးများကျဆင်းလာသော်လည်း အရောင်းအဝယ်သွက်၍ ရောင်းအားကောင်း လျှက်ရှိကြောင်း ညောင်ပင်လေးဈေးမှ ဈေးသည်တစ်ဦးထံမှသိရှိရပါသည်။

DOCA(ပဲခူး)

ဖေဖေါ်ဝါရီလအတွင်း တောင်ငူမြို့နယ်တွင် မော်တော်ဆိုင်ကယ်များဈေးနှုန်းမြင့်တက်

            တောင်ငူမြို့နယ်လူဦးရေ၏ ၈၀% ခန့်သုံးစွဲလျှက်ရှိသော မော်တော်ဆိုင်ကယ်များအား ဖြန့်ဖြူးရောင်းချလျက်ရှိရာ လူကြိုက်များပြီး အရောင်းသွက်နေသော မော်တော်ဆိုင်ကယ် အမျိုးအစားမှာ NCX 100 နှင့် CLICK 125 များသည် ဈေးကွက်တွင် ဝယ်လိုအားမြင့်တက်လျက် ရှိပါသည်။

          NCX Wave 100 အမျိုးအစားမော်တော်ဆိုင်ကယ်မှာ ယခင်လကတစ်စီးလျှင် ကျပ်သိန်း(40) ခန့်ရှိရာမှ ယခုလတွင် ကျပ်သိန်း(50)ခန့်ထိ မြင့်တက်သွားပြီး CLICK 125 အမျိုးအစားမော်တော် ဆိုင်ကယ်မှာ ယခင်လကတစ်စီးလျှင် ကျပ်သိန်း(60)ရှိခဲ့ရာမှ ယခုလတွင်ကျပ်သိန်း(70)ခန့်ထိ မြင့်တက်သွားခဲ့ကြောင်းသိရှိရပါသည်။ မော်တော်ဆိုင်ကယ်ဈေးနှုန်းများ မြင့်တက်နေသော်လည်း ယခုလအတွင်း အရောင်းအဝယ်အနည်းငယ်အေးလျက်ရှိပြီး တစ်လအတွင်း မော်တော်ဆိုင်ကယ် (20)စီးခန့်သာရောင်းချရကြောင်း “ထက်” မော်တော်ဆိုင်ကယ်အရောင်းဆိုင်ပိုင်ရှင်၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း