ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျေးလက်မြို့ရွာ စီးပွားဖြာ သင်ဖြူးဖျာအကြောင်း တစေ့တစောင်း

            ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် မိသားစုနေ့စဉ်ဝင်ငွေအတွက် သော်လည်းကောင်း၊ စီးပွားရေးအရသော်လည်းကောင်း သင်ဖြူးဖျာလုပ်ငန်းလုပ်ကိုင်သူ အများအပြား ရှိကြပါသည်။ သင်ဖြူးဖျာမြုလုပ်သည့် သင်မများကို တိုင်းဒေသကြီးအတွင်း သင်မ အများဆုံးစိုက်ပျိုးသော ပန်းတနော်ဒေသမှ ဝယ်ယူပြီး ဖျာလုပ်ငန်းကို လုပ်ကိုင်ကြပါသည်။ သင်တစ်မ (၅ တောင်အရှည်) တစ်စီးလျှင် အချောင်းရည် ၁၀၀ မှ ၁၅၀ အတွင်း ပါဝင်ပြီး တစ်စီးလျှင် အိမ်အရောက် ၃၀၀၀၀/- ကျပ်ဖြင့် ဝယ်ယူရပါသည်။ သင်မများကို ဦးစွာ (၃)ရက်ခန့်ရေစိမ်ပြီး သင်ထိုး၊ သင်စိတ်၊ သင်နှင်ခြင်း လုပ်ငန်းများ လုပ်ရပါသည်။ ထိုသို့ ပြုလုပ်ရာတွင် သင်တူး၊ သင်ချော၊ သင်ပိန်းများ ထွက်ရှိလာပါသည်။ သင်တူကို ကြိုးအဖြစ် ပြန်အသုံးပြုပြီး သင်ချောကို ဖျာလုပ်ငန်းတွင် အသုံးပြုပါသည်။ သင်တစ်မလျှင် ဖျာချော(၂)ချပ် (၅ တောင်ဖျာ) ထွက်ရှိပါသည်။ ၅ တောင်ဖျာ တစ်ချပ်ရရှိရေးအတွက် ကုန်ကြမ်း၊ ဖျာယက်ခ၊ အနားကွပ်ခ အပါအဝင် ၄၅၀၀၀ ကျပ်ကုန်ကျပြီး  ၆၀၀၀၀/- ကျပ်ဖြင့် ရောင်းချရပါသည်။ ဖျာတစ်ချပ်လျှင် ၁၅၀၀၀ ကျပ် အကျိုးအမြတ်ရရှိပြီး တစ်နေ့လျှင် လူတစ်ဦး ဖျာ ၂ ချပ် ယက်လုပ်နိုင် ပါသည်။ ဖျာအချပ်ရေ များများ ထွက်ရှိ‌ရေးအတွက် လုပ်သားဦးရေကို အများအပြားအသုံးပြုရပါသည်။ ထွက်ရှိလာသော ဖျာ များကို ဒေသတွင်းရှိ အသုံးပြုသူများအားရောင်းချခြင်း၊ အရောင်းဆိုင်များသို့ ဖောက်သည်ပေးခြင်းနှင့် ရန်ကုန်တိုင်းဒေသကြီးသို့လည်း တင်ပို့ရောင်းချကြပါသည်။ သို့ဖြစ်ပါ၍ သင်ဖြူးဖျာလုပ်ငန်းသည် စီးပွားရေးတွက်ချေကိုက်သော လုပ်ငန်းတစ်ခုဖြစ်ကြောင်း လေ့လာတင်ပြအပ်ပါသည်။

DOCA(ဧရာဝတီ)

တိုးချဲ့စိုက်ပျိုး ငရုတ်သီးနှံ စီးပွားတိုး

             ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ဆောင်း သီးနှံအဖြစ် ဆီထွက်သီးနှံ  ၂၂၈၉၃ ဧက ၊ ပဲမျိုးစုံ ၁၆၈၁၈၇ ဧက ၊ စားဖိုဆောင်သီးနှံ ၃၁၀၉ ဧက နှင့် အခြားသီးနှံ စိုက်ဧက ၁၅၁၃၀ ဧက စိုက်ပျိုးခဲ့ပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ဆောင်းသီးနှံအဖြစ် ဆီထွက်သီးနှံ ၁၃၉၁၁ ဧက ၊ ပဲမျိုးစုံ ၁၆၈၁၈၇ ဧက ၊ စားဖိုဆောင်သီးနှံ ၃၁၀၉ ဧက နှင့် အခြားသီးနှံ စိုက်ဧက ၁၅၆၇၈ ဧက၊ စုစုပေါင်း ၂၀၁၈၈၆ ဧက စိုက်ပျိုးခဲ့ပါသည်။ စားဖိုဆောင်သီးနှံ တစ်ခုဖြစ်သော ငရုတ်သီးနှံနှင့်ပတ်သတ်၍ ကွင်းဆင်းလေ့လာရာတွင် ငရုတ်သီးနှံသည် နှုန်းတင်မြေနု ကိုင်းမြေတွင် ပိုမို ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းကြောင်း သိရှိရပါသည်။ ဟင်္သာတမြို့နယ်တွင် ငရုတ်စိုက်ဧက ၃၁၀၉ ဧက စိုက်ပျိုးခဲ့ပြီး ယခုအချိန်တွင် ငရုတ်သီးနှံများလှိုင်လှိုင်ထွက်ရှိလာပြီဖြစ်ရာ တစ်ပတ်ခြားတစ်ကြိမ်  ခူးဆွတ်လျက်ရှိပါသည်။ ငရုတ်သီးတွင် မိုးထောင်သီးနှင့် အောက်ဆွဲသီးဟူ၍ (၂)မျိုးရှိပြီး မိုးထောင်သီး သည် အထွက်ကောင်းပြီးဈေးကောင်းရရှိသဖြင့်တောင်သူအများစိုက်ပျိုးကြပါသည်။ ငရုတ်သီးကိုအမှည့် စိုအဖြစ် လည်းကောင်း၊ ငရုတ်ခြောက်အဖြစ်သော်လည်းကောင်း အရောင်းအဝယ်ပြုလုပ်ကြပြီး လက်ရှိ တွင် မိုးတောင်သီး အစိုတစ်ပိဿာလျှင်  ၂၉၀၀ ကျပ်မှ ၃၀၀၀ ကျပ်အတွင်း အရောင်းအဝယ်ရှိပြီး ငရုတ်ခြောက် တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ် အရောင်းအဝယ်ရှိပါသည်။ ငရုတ်အမှည့်စိုကို ကွန်တိန်နာ ကားများဖြင့် ရန်ကုန်၊ မြဝတီသို့ တိုက်ရိုက် ဝယ်ယူတင်ပို့နေပြီး ၊ ငရုတ်ခြောက်ကို ရန်ကုန်၊ ဘုရင့်နောင် ပွဲရုံများသို့ တင်ပို့ရောင်းချကြပါသည်။ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် အစိုပိဿာချိန် ၃၀၀၀ ခန့် ရှိပြီး၊ငရုတ်အခြောက်အနေဖြင့် ပိဿာချိန် ၁၀၀၀ ခန့်ထွက်ရှိပါသည်။ယခင်နှစ် ကာလတူ ငရုတ်ဈေးမှာ အစိုတစ်ပိဿာလျှင် ၁၂၀၀ ကျပ် နှင့် အခြောက်တစ်ပိဿာလျှင် ၇၀၀၀ ကျပ်မှ ၈၀၀၀ ကျပ်သာ ရှိပါသည်။ ယခုကာလ သီးနှံပေါ်ချိန်တွင် ဈေးနှုန်းတစ်ဆ မြင့်တက်သွားပြီး အထွက်နှုန်းမှာလည်း ပိုမို မြင့်မားမှု ကြောင့် တစ်ဧကလျှင် ကျပ်သိန်း ၆၀ မှ ၇၀ ကျပ်ခန့်အကျိုးအမြတ် ရရှိသည့်အတွက် ကိုင်းစိုက်တောင်သူများအတွက် ငရုတ်သီးနှံသည် ဝင်ငွေတိုးစေသော မီးဖိုချောင်သုံးသီးနှံတစ်မျိုးဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ်တွင် ပင်စင်စားများအား ဆီ၊ ဆန်၊ ကြက်ဥ ရောင်းချပေးမှုနှင့် ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးနှင့်ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စားအုန်းဆီကိုယ်စားလှယ်တို့နှင့် ပူးပေါင်း၍ (၂၁.၂.၂၀၂၅) ရက်နေ့ နံနက်(၀၈:၀၀) နာရီအချိန်တွင် လပွတ္တာမြို့နယ် အမှတ်(၄)ရပ်ကွက် မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် ပင်စင်စားဝန်ထမ်းများအား ဆီ၊ ဆန်၊ ငရုပ်သီး၊ ကြက်သွန်၊ မန်ကျည်းသီး ရောင်းချပေးမှုနှင့် ဆေးစစ်ဆေးမှုများပြုလုပ်ခဲ့ပါသည်။

           ထိုသို့ရောင်းချရာတွင် ဌာနဆိုင်ရာများမှ ပင်စင်စားဝန်ထမ်းများအား သက်သာသောဈေးနှုန်းများဖြင့် ဆီ၊ ဆန်၊ ငရုပ်သီးနှင့် ကြက်သွန်၊ မန်ကျည်းသီးများ ဝယ်ယူရရှိနိုင်ရေးအတွက် ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။ ဆီတပိသာလျှင် (၇၇၀၀)ကျပ်၊ ဧည့်မထဆန်တစ်ပြည်လျှင် (၂၅၀၀)ကျပ်၊ ငရုပ်သီး(၂၅) ကျပ် သားလျှင်(၂၀၀၀)ကျပ်၊ ကြက်သွန်နီ(၂၅)ကျပ်သားလျှင်(၇၅၀)ကျပ်၊ ကြက်သွန်ဖြူ(၂၅)ကျပ်သားလျှင် (၃၅၀၀)ကျပ်နှင့် မန်ကျည်းသီး(၁၀)ကျပ်သားလျှင် (၉၀၀)ကျပ်ဖြင့်ရောင်းချပေးကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ မော်ကျွန်းမြို့နယ်တွင် ပင်စင်စားများအား ဆီ၊ ဆန်၊ ကြက်ဥ ရောင်းချပေးမှုနှင့် ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်

         ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် မော်ကျွန်းမြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်နှင့်ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ စားအုန်းဆီကိုယ်စားလှယ်တို့နှင့် ပူးပေါင်း၍ (၂၁.၂.၂၀၂၅) ရက်နေ့ နံနက်(၀၈:၀၀) နာရီအချိန်တွင် မော်ကျွန်းမြို့နယ် ၁၃ လမ်းရှိ စီးပွားရေးဘဏ်ရှေ့တွင် ပင်စင်စားဝန်ထမ်းများအား ဆီ၊ ဆန်၊ ကြက်ဥ ရောင်းချပေးမှုနှင့် ဆေးစစ်ဆေးမှုများပြုလုပ်ခဲ့ပါသည်။

               ထိုသို့ရောင်းချရာတွင် ဌာနဆိုင်ရာများမှ ပင်စင်စားဝန်ထမ်းများအား သက်သာသောဈေးနှုန်းများဖြင့် ဆီ၊ ဆန်၊ ကြက်ဥများ ဝယ်ယူရရှိနိုင်ရေးအတွက်ဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါသည်။ ဆီတပိသာလျှင် (၇၈၀၀)ကျပ်၊ ဧည့်မထဆန်တစ်ပြည်လျှင် (၂၈၀၀)ကျပ် နှင့် ကြက်ဥ(၁၃)လုံးလျှင် (၅၀၀၀)ကျပ် ဖြင့်ရောင်းချပေး ကြောင်းသိရှိရပါသည်။ ဆက်လက်၍လည်း ပင်စင်စားဝန်ထမ်းများအား ဌာနဆိုင်ရာများမှ ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဓနုဖြူမြို့ မြို့သစ်ရပ်ကွက်တွင် ထုတ်လုပ်ဖြန့်ဖြူးရောင်းချသော မုန့်ဖတ်လုပ်ငန်း

           ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် အသေးစား၊ အလတ်စား၊ အငယ်စား ဖွံ့ဖြိုးတိုးတက်ရန် ကူညီ အားပေးဆောင်ရွက်လျက်ရှိသည်။ ဒေသတွင် စီးပွားရေးလုပ်ငန်းများ ဈေးကွက်ရရှိရေး ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် မုန့်လုပ်ငန်းများ တပိုင်တနိုင် ထုတ်လုပ်မှုမှ စီးပွားဖြစ်လုပ်ကိုင်နိုင်ရေး နည်းလမ်းကောင်း ရှာဖွေပြီး ပူးပေါင်းဆောင်ရွက်လျှက်ရှိသည်။  မုန့်ဖတ်သည် မြန်မာလူမျိုးတို့ နံနက်စာစားသုံးရန် ကြိုက်နှစ်သက်သော အစားအစာဖြစ်၍ မုန့်ဖတ်လုပ်ငန်း၏ ထုတ်လုပ်မှုအခြေအနေများကို လေ့လာခဲ့သည်။

          မုန့်ဟင်းခါးဖတ်ထုတ်လုပ်သော လုပ်ငန်းသည် ဓနုဖြူမြို့နယ် ၆လမ်း၊ ၁၇ ရပ်ကွက်တွင် ထုတ်လုပ်ကြောင်း သိရပြီး ကုန်ကြမ်းအနေဖြင့် ဆန်(ငစိန်)ကိုသာ အသုံးပြုကြောင်း၊ ထုတ်လုပ်မှု အနေဖြင့် တစ်နေ့ကို ၂၄ပြည် ဆန် ၂အိတ် ကုန်ကျပြီး တစ်နေ့ ရင်းနှီးမြုပ်နှံမှု ကုန်ကျစရိတ်  ၃၀၀၀၀၀ကျပ်မှ -၃၅၀၀၀၀ကျပ် ဝန်းကျင်ခန့်ကုန်ကျကြောင်းသိရသည်။ မုန့်ဖတ် ထွက်ရှိမှု အနေဖြင့် တစ်နေ့ထုတ်လုပ်မှု၏ ပိဿာချိန် ၁၀၀မှ ၂၀၀ခန့် ထွက်ရှိသည်၊၊ မုန့်ဖတ်ရောင်းချမှု ဈေးနှုန်းအနေဖြင့် လက်ကားဈေး ၂၅၀၀ကျပ် လက်လီဈေး ၃၀၀၀ကျပ်ဖြင့် ရောင်းချပြီး ဓနုဖြူမြို့အတွင်းသာ ရောင်းချကြောင်း သိရသည်။ တစ်နေ့ထုတ်လုပ်မှု ထွက်ရှိမှုအပေါ် ရရှိသောအကျိုးအမြတ်အနေဖြင့် ငွေကျပ် ၁၅၀၀၀၀ခန့် ရရှိကြောင်း၊ အလှူ၊ မင်္ဂလာရက်များ ရှိပါက မုန်ဖတ်ပိုမိုထုတ်လုပ်ရောင်းချရသည်။ မုန့်ဖတ်ထုတ်လုပ်သည့် လုပ်ငန်းကို ၁၉၉၄ခုနှစ် ကတည်းက လုပ်ကိုင်လာခြင်းဖြစ်ပြီး စီးပွားဖြစ် တပိုင်တစ်နိုင်လုပ်ကိုင်လျက်ရှိကြောင်း မုန့်ဖတ်ထုတ်လုပ်သူပိုင်ရှင်ထံမှ သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဓနုဖြူမြို့နယ်တွင် ထုတ်လုပ်သော ကောင်းစံမရွေး မုန့်လုပ်ငန်း

           ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် အသေးစား၊ အလတ်စား၊ အငယ်စား မုန့်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေပြီး စီးပွားဖြစ်တပိုင်တနိုင် ထုတ်လုပ်သော ကောင်းစံ မရွေးလုပ်ငန်း ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိပြီး ဈေးကွက်ရှာဖွေလျက်ရှိကြောင်း သိရသည်။

            မုန်လုပ်ငန်းလုပ်ကိုင်သူ ဓနုဖြူမြို့နယ် (၁၁)ရပ်ကွက်၊ (၃)လမ်းမှ ဦးကိုကိုလွင် ကောင်းစံမရွေးလုပ်ငန်း ထုတ်လုပ်မှု ကုန်ကျစရိတ် အကျိုးအမြတ်ကို ရှင်းလင်းရာ မုန့်ထုတ်လုပ်ရာ တွင် ပါဝင်ကစ္စည်းများမှာ ဆီ၊ ဆန်ခေါက်ဆွဲ၊ ကပ်စေးနဲ၊ ထန်းညှပ်၊ သကြား၊ နှမ်း စသည့် ကုန်ကြမ်းများ ပါဝင်ပြီး ကုန်ကြမ်းများကို ဓနုဖြူမြို့နယ်အတွင်းသာ ဝယ်ယူရရှိကြောင်း၊ မရွေးလုပ်ငန်းကို ၂၀၂၃ခုနှစ်မှ စတင်လုပ်ကိုင်ခဲ့ပြီး  ထုတ်လုပ်သည့် မုန့်  ပုံစံ ၂မျိုး ရှိပြီး အထုတ်ရေ (၁၀)ထုတ်ပါ ပါကင်ထုတ်ပြီး အတွဲ၊  အထုတ်ရေ ၂၅ထုတ်ပါ အတွဲ ထုတ်လုပ်ပြီး ဈေးနှုန်းအနေဖြင့် (၁၀)ထုတ်ပါကင်ဈေး ငွေကျပ် ၂၂၀၀ကျပ်၊ (၂၅)ထုတ်ပါ အတွဲ ငွေကျပ် ၅၅၀၀ကျပ်ဖြင့် ရောင်းချကြောင်းသိရသည်။ လုပ်သားအင်အား ၇ဦးဖြင့် လုပ်ကိုင်လျှက်ရှိကြောင်း သိရသည်။

            ထုတ်လုပ်မှုကုန်ကျစရိတ် ၁ရက်ထုတ်လုပ်အရင်းအနှီး ၁ ၅၀၀၀၀၀သိန်းခန့် ကုန်ကျကြောင်း၊ ထုတ်လုပ်မှုအနေဖြင့် ၁၀ထုတ်ပါကင် အတွဲ ၄၀၀ခန့်၊ ၂၅ထုတ် ပါကင်အတွဲ ၁၀၀ မှ ၁၅၀ ခန့် ထုတ်လုပ်နိုင်ကြောင်း၊ အကျိုးအမြတ်အနေဖြင့် ၁ရက်ထုတ်လုပ်မှု အမြတ် ၂၀၀၀၀၀ကျပ် ခန့် ရရှိကြောင်းနှင့် ၁လလျှင် ၂ကြိမ်သာထုတ်လုပ်ရောင်းချကြောင်း လုပ်ငန်းရှင်ထံမှ သိရသည်။ ဈေးကွက်တင်ပို့မှုအနေဖြင့် ဓနုဖြူ၊ ပန်းတနော်၊ ညောင်တုန်းမြို့နယ်ဘက်သို့ တင်ပို့ရောင်းချပြီး အခြားတိုင်းမြို့နယ်များသို့ ဈေးကွက်ရှာဖွေရောင်းချနိုင်ပါက အောင်မြင်သော လုပ်ငန်းတစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း လုပ်ငန်းရှင်မှ ရှင်းလင်းပြောကြား၍ သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကုန်ကျစရိတ်သက်သာသည့် ဗူးစိုက်ပျိုးမှု

            ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ဗူးပင်စိုက်ပျိုး၍ ဗူးသီးထွက်ရှိနေပြီး ရန်ကုန်သို့ တင်ပို့လျက်ရှိကြောင်း သိရသည်။  ဓနုဖြူမြို့နယ်တွင် ဟင်းသီးဟင်းရွက်သီးနှံစုံကို ဆောင်း၊ နွေရာသီတို့တွင် စိုက်ပျိုးတောင်သူများပေါများကြောင်း သိရသည်။

            စိုက်ပျိုးမှုအနေဖြင့် ဗမာမျိုးဗူးကိုသာစိုက်ပျိုးပြီး မြို့နယ်အတွင်း ဝယ်ယူ၍ ရရှိသည်။  ဗူးမျိုးစေ့ ၂၀စေ့ပါ တစ်ထုတ်ကို ၁၅၀၀၀ကျပ် ဝယ်ယူပြီးစိုက်ပျိုးကြောင်း၊ နှစ်စဉ်စိုက်ပျိုးလာ၍ ဗူးပင်မှ မျိုးစေ့ခံ၍ နှစ်စဉ် ဗူးမျိုးစေ့ပါရောင်းချနေပြီး ဗူးစေ့ ၁စေ့ကို ၃၀၀ ကျပ်ထိဈေးရရှိသည်။  စိုက်ပျိုးရာတွင် စင်တင်စိုက်ပျိုးခြင်းနည်းဖြင့်သာ စိုက်ပျိုးကြသည်။ အခြားသော ဗူးစိုက်ပျိုးသူများက မြေချစင်မဲ့စိုက်ပျိုးခြင်းလဲရှိကြောင်း၊ စင်ထိုးစိုက်ပျိုးပါက ဝါးစင်သည် ၂နှစ်အတွင်း ပြန်လည်အသုံးပြု၍ ရရှိကြောင်းသိရသည်၊ ဗူးသက်တမ်းမှာ ၂၀၂၄ခုနှစ် နိုဝင်ဘာလတွင် စိုက်ပျိုးပါက ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလမှ မေလအထိထွက်ရှိကြောင်း၊ စိုက်ပျိုးရာတွင် ၀.၃၀ ဧကတွင် အပင်ရေ ၅၀ ခန့် စိုက်ပျိုးပြီး  ၂လခွဲ အကြာတွင် အသီး စတင်ခူးရကြောင်း ဗူး စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျ စရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ၊ ဝါး ဖိုး အပါအဝင် ငွေကျပ် ၁၈၀၀၀၀ခန့် ကုန်ကျကြောင်း၊ ၁လကို ၄ကြိမ်ခူးရပြီး ၁ကြိမ်ခူးလျှင် ၅၀လုံးခန့်ထွက်ရှိသည်။ ၄လအကြာအထိ အသီးလှိုင်လှိုင်ထွက်ရှိသောကြောင့်  ဗူးသီးထွက်ရှိမှု  အလုံး ၄၀၀-၅၀၀ ထိ ထွက်ရှိကြောင်းသိရသည်။

            ယခု ဗူးသီးဈေးနှုန်းအနေဖြင့် အလုံးကြီး(၁)လုံးလျှင် (၁၅၀၀-၂၀၀၀)ကျပ်ဖြင့် လက်ကားဈေးရောင်းချ ရပြီး  ရန်ကုန်တင်ပို့မည်ဆိုပါက ဗူးသီးတစ်လုံး ၁၀၀၀ ကျပ်ဖြင့် တင်ပို့ရောင်းချရသည်။    အကျိုးအမြတ်အနေဖြင့် ယခုနှစ်တွင်  ၃၅၀၀၀၀-၄၀၀၀၀၀ကျပ် နီးပါး အကျိုးအမြတ်ရရှိ၍ ဗူးပင်စိုက်သူများ စီးပွာဖြစ်အဆင်ပြေလျက် ရှိကြောင်း၊   ဈေးကွက်တင်ပို့မှုအနေဖြင့် ရန်ကုန်သို့ အဓိကထားတင်ပို့ပြီး  မြို့နယ်တွင်းနှင့် ပန်းတနော် မြို့များရှိ ဗူးသီးကျော်သူများထံသို့လဲ တင်ပို့ရောင်းချရပြီး ဗူးပင်စိုက်ပျိုးမှု ကုန်ကျစရိတ်သက်သာ၍ အကျိုးအမြတ်ရရှိ၍  နှစ်စဉ်စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဗုံလုံသီး စိုက်ပျိုး၍ စိုက်ပျိုးသူ အကျိုးအမြတ်ရရှိ

            ဓနုဖြူမြို့နယ်သည် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် တပိုင်တနိုင် ကုန်ထုပ်လုပ်ငန်း များဖြင့် ဖွံ့ဖြိုးတိုးတက်သော မြို့နယ်တစ်ခုဖြစ်သည်။ ဆန်၊ စပါးကို အဓိက စိုက်ပျိုးနေပြီး ဒေသတွင် ထုတ်ကုန်များလည်း ရှိသည်။ လယ်ယာလုပ်ငန်း၊ ဥယာဉ်ခြံမြေစိုက်ပျိုးသူလည်းများပြားပြီး စီးပွားဖြစ်လုပ်ကိုင်နေကြပြီး ဒေသတွင်းမှ စိုက်ပျိုးသော ဟင်းသီးဟင်း ရွက် တစ်ခုဖြစ်သော ဗုံလုံသီ’နှံကိုလည်း စိုက်ပျိုးနေပြီး ရန်ကုန်သို့ တင်ပို့ရောင်းချကြောင်း သိရသည်။

            ဗုံလုံစိုက်ပျိုးမှုအနေဖြင့် ၀.၃၀ ဧက စိုက်ပျိုးထွက်ရှိနေသည့် ဦးအောင်သန်း၏ ခြံသို့ စိုက်ပျိုးထွက်ရှိနေမှုကို ကွင်းဆင်းလေ့လာခဲ့သည်။ ဗုံလုံမျိုးကို ၁ထုတ်လျှင် ငွေကျပ် ၁၂၀၀၀ ကျပ်ဖြင့် စိုက်ဧက ၀.၃၀တွင် ၃ထုတ်စိုက်ပျိုးသည်။ ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် စတင်စိုက်ပျိုးပြီး  ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလတွင် ခူးဆွပ်ကြောင်း သိရသည်။  စိုက်ပျိုးမှု ကုန်ကျစရိတ်အနေဖြင့် ငွေကျပ် ၃၀၀၀၀၀ ကျပ်ခန့်ကုန်ကျကြောင်း၊ ထွက်ရှိမှုအနေဖြင့် ၁ပတ်ကို ၁ကြိမ် ခူးရပြီး ၁ကြိမ်ခူးလျှင် အတောင့် ၁၀၀ မှ ၁၅၀ ထိခူးရပြီး စိုက်ဧကအထွက် ပျမ်းမျှအတောင့်ရေ (၂၀၀၀)ခန့် ထွက်ရှိသည်။

            ဈေးနှုန်းအနေဖြင့် စတင်ထွက်ရှိချိန်က တစ်တောင့်လျှင် ၇၀၀-၁၀၀၀ ကျပ်ခန့် လက်ကားရောင်းချရသည်။ ယနေ့ဈေးအနေဖြင့် လက်ကားဈေး ၄၀၀ ကျပ်လက်ကားရောင်းချ၍ ရန်ကုန်သို့ တင်ပို့ခြင်း မြို့နယ်အတွင်းရောင်းချခြင်းများလည်းရှိသည်။ စိုက်ပျိုးပြီးစီးချိန်တွင် တောင်သူအကျိုးအမြတ် ငွေကျပ် ၅၀၀၀၀၀ ခန့် ကျန်ရှိကြောင်း သိရပြီး ဗုံလုံသီးနှံကို နှစ်စဉ်စိုက်ပျိုးပြီး အခြားသော သခွား၊ ငရုတ်၊ ဗူး၊ ခရမ်းချဉ်သီး၊ မုန်လာဥ စသောသီးနှံများလည် စိုက်ပျိုးကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဓနုဖြူမြို့နယ် တပိုင်တနိုင် စိုက်ပျိုးသီးနှံ ခရမ်းကျွတ်သီးထွက်ရှိ၍ စိုက်ပျိုးတောင်သူ နှစ်စဉ်ဈေးကောင်းရ

            မြန်မာလူမျိုးများသည် ဟင်းသီးဟင်းရွက်၊ သား၊ ငါး၊ များကို မိသားစု ထမင်းဝိုင်တွင် စုံလင်စွာဖြင့် စားသောက်နေထိုင်ကြသည်။ အတို့အမြုတ် ငပိ ရေဖြင့် ထမင်းစားကြပြီး သား၊ငါးကို အဓိကဟင်းလျာဖြင့် စားလေ့ရှိသည်။ ဟင်းသီးဟင်းရွက်သည် လူခန္ဓာကိုယ်အတွက် အဟာရဓါတ်ပြုခြင်းကြောင့် စားသုံးသင့်သည်။ ဟင်းသီးဟင်းရွက်များကို ဓနုဖြူမြို့နယ်တွင် နှစ်စဉ်စိုက်ဧက (၆၅၇၉) ဧက စိုက်ပျိုးလျှက်ရှိပြီး တပိုင်တစ်နိုင် စိုက်ပျိုးမှုမှ စီးပွားဖြစ် စိုက်ပျိုးခြင်းများလည်းရှိကြောင်း လေ့လာသိရှိရသည်။

            ဟင်းသီးဟင်းရွက် စိုက်ဧကများထဲမှ ၁၇ရပ်ကွက် ဓနုဖြူမြို့ ရှိ ဦးအေးလွင်၏ ခရမ်းကျွတ်သီး ၀.၅၀ ဧက စိုက်ပျိုးထွက်ရှိမှုကို ကွင်းဆင်းလေ့လာခဲ့သည်။ စိုက်ပျိုးမှုအနေဖြင့် ပဒေသာ ခရမ်းကျွတ်သီး (ထိုင်ဝမ်) မျိုးကို  ဓနုဖြူမြို့နယ် စိုက်ပျိုးသီးနှံအရောင်းဆိုင်များမှ ဝယ်ယူစိုက်ပျိုးသည်။ ၂၀၂၄ခုနှစ် နိုဝင်ဘာလတွင် စတင်စိုက်ပျိုးပြီး ၂လအကြာတွင် အသီးစတင်ထွက်ရှိပြီး   ၂၀၂၅ခုနှစ်  ဇန်နဝါရီလမှ မေလ အထိ  ခရမ်းကျွတ်သီး ၅လ အကြာထိ ထွက်ရှိသည်။ ထွက်ရှိမှု အနေဖြင့် ၅ ရက် တကြိမ် ခူးဆွပ်ရပြီး အလုံရေ ၁၅၀၀ ခန့် ခူးရသည်။ ၅လအတွင်း ခရမ်းကျွတ်သီး ထွက်ရှိမှု ၄၀၀၀၀ ခန့် ခူးဆွပ်ရရှိသည်။  စိုက်ပျိုးမှု ကုန်ကျစရိတ် ၀.၅၀ ဧက တွင် ၅၀၀၀၀၀ကျပ် ကုန်ကျကြောင်းသိရသည်။

            ခရမ်’ကျွတ်သီး ရောင်းချမှု ဈေးနှုန်း အနေဖြင့်  အလုံး ၁၀၀၀ ကို ငွေကျပ် ၅၀၀၀၀ဖြင့် လက်ကား ရောင်းချသည်။ စိုက်ဧက အကျိုးအမြတ်အနေဖြင့် ငွေကျပ် ၁၅၀၀၀၀၀ အကျိုးအမြတ်ရရှိသဖြင့် တပိုင်တစ်နိုင် စိုက်ပျိုးမှုမှ မိသားစုအပိုဝင်ငွေရရှိသဖြင့် စိုက်ပျိုးလျက်ရှိပြီး  ဒေသတွင်းကုန်စိမ်းရောင်းချသူထံသို့  ဖြန့်ဖြူးရောင်းချပြီး ကုန်သည်များမှ တဆင့် ရန်ကုန်ဈေးကွက်သို့ တင်ပို့ကြောင်း စိုက်ပျိုးသူထံမှ သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဓနုဖြူမြို့နယ်အတွင်း စိုက်ပျိုးထွက်ရှိနေပြီဖြစ်သော မတ်ပဲစိုက်ပျိုးထွက်ရှိမှုနှင့် ဈေးကွက်အခြေအနေ တောင်သူအကျိုးအမြတ်ရရှိ

            ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ဆောင်းသီးနှံ မတ်ပဲစိုက်ဧက (၈၉၃၃၄)ဧက ရှိပြီး ထွက်ရှိမှုအနေဖြင့် (၄၂၈၂၄) ဧကထွက်ရှိနေပြီဖြစ်ကြောင်း သိရသည်။ မတ်ပဲစိုက်ပျိုးထွက်ရှိမှု အခြေအနေကို ရေတွင်းကုန်ကျေးရွာအုပ်စု၊ ဓနုဖြူမြို့နယ် ဦးတင်ဝင်းနိုင် မတ်ပဲ ၄ဧကစိုက်ပျိုးထွက်ရှိနေပြီဖြစ်၍ မတ်ပဲထွက်ရှိမှုအခြေအနေနှင့် တစ်ဧကအကျိုးအမြတ် ဈေးကွက်ရရှိမှု အခြေအနေများကို ကွင်းဆင်းလေ့လာခဲ့သည်။

            အတ်ကဲစိုက်ပျိုးမှု အနေဖြင့် ၄ဧက စိုက်ပျိုးထားရှိပြီး စိုက်ပျိုးစဉ်က မျိုးပဲဈေးနှုန်းအနေဖြင့် ၁တင်းကို ငွေကျပ် ၁၅၀၀၀၀ ဖြင့် ဓနုဖြူမြို့နယ်အတွင်းမှ ဝယ်ယူစိုက်ပျိုးသည်၊၊ မတ်ပဲ စတင်စိုက်ပျိုးချိန်မှာ အောက်တိုဘာလက စတင်စိုက်ပျိုးပြီး ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလက ထွက်ရှိကြောင်းသိရသည်။ မတ်ပဲတစ်ဧက ကို  ၆ပြည်ကျဲပတ်၍ ပင်ထောင်မျိုး စိုက်ပျိုးခြင်းဖြစ်သည်။ စိုက်ပျိုးမှု ၁ဧက မျိုး၊သွင်းအားစု၊ လုပ်သားခ၊ မြေဩဇာ၊ ကုန်ကျစရိတ် ၇၀၀၀၀၀ ကျပ် ကုန်ကျကြောင်း၊ ထွက်ရှိမှု အနေဖြင့် ၁ဧက ကို ၁၂ တင်းမှ ၁၅တင်း ကြားထွက်ရှိကြောင်း စိုက်ပျိုးတောင်သူထံမှ သိရသည်။ ဈေးနှုန်းအနေဖြင့် ရောင်းချချိန် ပေါက်ဈေး ငွေကျပ် ၉၆၀၀၀ကျပ်ဖြင့် ရောင်းချပြီး  ဈေးအပြောင်းအလဲပေါ်တွင်လည်း ရောင်းချကြောင်း၊ စိုက်ပျိုးမှု ၁ဧက အကျိုးအမြတ်အနေဖြင့် ငွေကျပ် ၇၀၀၀၀၀ ခန့် ရရှိသည်။ တင်ပို့ ရောင်းချမှုအနေဖြင့် ဓနုဖြူမြို့နယ်အတွင်းရှိ ပဲပွဲရုံများသို့ ရောင်းချပြီး ပွဲရုံများမှ ရန်ကုန်အဓိကထား တင်ပို့ပြီး ထိုမှတဆင့် ပြည်ပဈေးကွက်တင်ပို့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း