ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဖေဖော်ဝါရီလ တတိယပါတ်အထိ မတ်ပဲ‌ဈေးနှုန်း အခြေအနေ

           ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် နတ်တလင်းမြို့နယ်ရှိ ပဲမျိုးစုံရောင်းဝယ်ရေး ပွဲရုံများတွင် ဇန်နဝါရီလ စတုတ္ထပါတ်မှ ယခုဖေဖော်ဝါရီလ တတိယပတ်အထိ အရောင်းအဝယ် ဖြစ်နေသော မတ်ပဲဈေး နှုန်းများမှာ အတက်အကျ အနည်းငယ်သာရှိပြီး အရောင်းအဝယ် ဖြစ်နေသည်ကို တွေ့ရပါသည်။

            ယခင် ဇန်နဝါရီလ တတိယပါတ်တွင် အရောင်းအဝယ် ဖြစ်ခဲ့သော မတ်ပဲဈေးနှုန်းမှာ ပိဿာ(၂၀)တစ်တင်းလျှင် ငွေကျပ် (၈၅၀၀၀-၉၅၀၀၀) နှုန်းဖြင့် ရောင်းဝယ်ခဲ့ပြီး  စတုတ္ထပတ်တွင် ငွေကျပ် (၉၇၆၀၀-၉၇၈၀၀)နှုန်းအထိ ဈေးမြင့်တက်ခဲ့ပါသည်။

           ယခု ဖေဖော်ဝါရီလ ပထမပတ် အဖွင့်ဈေးမှာ ပိဿာ(၂၀)တစ်တင်းလျှင် (၉၅၅၀၀-၉၅၀၀၀)နှုန်း အထိ ပြန်လည်ကျဆင်းခဲ့ပါသည်။ ဖေဖော်ဝါရီလ ဒုတိယပတ်တွင်လည်း ဈေးနှုန်းများ ဆက်လက်ကျဆင်း လျက်ရှိပြီး  ငွေကျပ် (၉၅၀၀၀-၉၄၃၀၀)နှုန်းဈေးဖြင့် ရောင်းဝယ်ခဲ့ပါသည်။

            ယခု တတိယပတ်တွင်လည်း ဈေးနှုန်းများ အတက်အကျမရှိတည်ငြိမ်နေပြီး ပိဿာ(၂၀)တစ်တင်း လျှင် ငွေကျပ်(၉၄၃၀၀-၉၅၀၀၀)နှုန်း အတွင်းသာ အရောင်းအဝယ်ဖြစ်နေကြောင်း လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)

သဲကုန်းမြို့နယ်တွင်မတ်ပဲများစတင်ရိတ်သိမ်း

          သဲကုန်းမြို့နယ်တွင် ယခုနှစ်၂၀၂၄-၂၀၂၅ မတ်ပဲရာသီတွင် ရာသီဥတုနောက်ကျခဲ့သည့်အတွက် မတ်ပဲစိုက်ပျိုး ပြီးစီးမှုလဲနောက်ကျခဲ့ပါသည်။ သဲကုန်းတစ်မြို့နယ်လုံးတွင် မတ်ပဲစိုက်ပျိုး ဧက စုစုပေါင်း(၃၇၇၁၁)ဧက ရှိပါသည်။

          ၂၀၂၅ခုနှစ် ဖေဖော်ဝါရီပထမပတ်မှစတင်၍ မတ်ပဲများရိတ်သိမ်းနေပြီဖြစ်ရာ ဖေဖော်ဝါရီလ ဒုတိယပတ်အထိ ရိတ်သိမ်းပြီးစီးမှုဧကမှာ (၁၁၉၅၇)ဧကရှိပြီး အထွက်နှုန်းအနေဖြင့် (၂၇.၆၂%)နှင့် အထွက်တင်းပေါင်း (၃၃၂၅၂)တင်း ထွက်ရှိကြောင်း သက်ဆိုင်ရာဦးစီးဌာနမှ သိရှိရပါသည်။

          ဈေးနှုန်းအနေဖြင့် ယခုဖေဖော်ဝါရီလ တတိယပတ်တွင် မတ်ပဲပိဿာ(၂၀)တစ်တင်းလျှင် ကွင်းဈေး အရည်အသွေးအပေါ်မူတည်၍ ငွေကျပ်(၈၀၀၀၀-၉၀၀၀၀)နှုန်း ပေါက်ဈေးရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

နတ်တလင်းမြို့နယ်တွင်ဖြစ်ပေါ်နေသောစက်သုံးဆီဈေးနှုန်းအခြေအနေ

             မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။

            ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် စက်သုံးဆီဆိုင်(၈)ဆိုင်ရှိရာ ၂၀၂၅ခုနှစ် ယခင်ဇန်နဝါရီလ (တတိယပတ်)တွင် ဖြစ်ပေါ်ခဲ့သော စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ (92) တစ်လီတာလျှင်(၃၁၁၄)ကျပ်၊ ဓာတ်ဆီ(95) တစ်လီတာ လျှင်(၃၁၇၉)ကျပ် ဒီဇယ်ရိုးရိုး တစ်လီ တာလျှင်(၂၇၇၉)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၃၄၀၉)ကျပ် ဖြင့်ရောင်းချလျက်ရှိ ကြောင်းသိရပါသည်။

           ယခုဖေဖေါ်ဝါရီလ (တတိယပတ်)တွင် ဖြစ်ပေါ်ခဲ့သော စက်သုံးဆီ ဈေးနှုန်းများမှာ ဓာတ်ဆီ(92) တစ်လီတာလျှင်(၃၁၉၉)ကျပ်၊ ဓာတ်ဆီ(95) တစ်လီတာ လျှင်(၃၂၅၉)ကျပ် ဒီဇယ်ရိုးရိုး တစ်လီတာ လျှင်(၂၇၆၉)ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၃၄၁၉)ကျပ် ဖြင့်ရောင်းချလျှက်ရှိ ကြောင်းသိရပါသည်။

           ယခုအပတ်နှင့် နှိုင်းယှဉ်ပါက ဓာတ်ဆီ (92)တစ်လီတာလျှင် (၈၅)ကျပ်၊ ဓာတ်ဆီ (95) တစ်လီတာလျှင် (၈၀)ကျပ် ဈေးမြင့်သွာပြီး ဒီဇယ်ရိုးရိုးဈေးနှုန်းမှာ တစ်လီတာ (၁၀)ကျပ်၊ ဒီဇယ် (ပရီမီယမ်)  တစ်လီတာ လျှင်(၁၀)ကျပ် ဈေးကျသွားကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

နတ်တလင်းမြို့နယ်၌ ဖြစ်ပေါ်နေသော ကြောင်လျှာဆံ ဈေးနှုန်းဈေးကွက်

           ပဲခူးတိုင်း‌ဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် ကြောင်လျှာသီး (အနု)ကို စားစရာ ဟင်းလျှာအဖြစ် စားသုံးလေ့ရှိပြီး စီးပွားဖြစ်စိုက်ခင်းအနေဖြင့် စိုက်ပျိုးမှုမရှိသလောက် ရှားပါးပြီး  တပိုင်တနိုင်သာစိုက်ပျိုးကြပါသည်။ နတ်တလင်းမြို့နယ် ဈေးကွက်အတွင်း အသီး(အနု) ကို စားသုံးရန်အတွက်ရောင်းဝယ်နေသလို စားလို့မရတော့သည့် ကြောင်လျှာသီး (အရင့်)များကို အတောင့်အရွယ်အစားကိုလိုက်၍ တစ်တောင့် ငွေကျပ် (၁၀၀-၁၅၀) နှုန်းဖြင့်  ကြောင်လျှာဆံထုတ်ရန် ဝယ်ယူကြောင်းသိရပါသည်။

            ကြောင်လျှာဆံများကို နတ်တလင်းမြို့နယ် အတွင်းရှိ တောင်ညို၊ မကျည်းပင်၊ ကျောက်ခွက်၊  ထန်းတော၊ ပဲမခမ်း နှင့် ကျေးရွာအချို့မှ  တစ်ပိဿာလျှင် ငွေကျပ် (၂၂၀၀၀) နှုန်းဖြင့်ဝယ်ယူပြီး တစ်ခါ တင်ပို့ပါက ပိဿာချိန် (၅၀)ခန့် ပြည်မြို့သို့တင်ပို့ကြောင်း ကြောင်လျှာဆံများကို တိုင်းရင်းဆေးဝါးထုတ်လုပ်ရာ တွင်အသုံးပြုခြင်းဖြစ်ကြောင်း ကြောင်လျှာဆံ ရောင်းဝယ်သူများ ထံမှသိရှိရပါသည်။

DOCA(ပဲခူး)

နတ်တလင်းမြို့ငါးရှဉ့် ဈေးနှုန်းဈေးကွက်

            ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သည့် ဒမငယ်ရွာ၊ ကြို့ပင်သာရွာ၊ သရက်ပင်ကန်ရိုးရွာ၊ အုတ်တန်းရွာ၊ ရေကြည်ရွာ၊ ခြောက်ခမ်းရွာ၊ ရင်းတိုက်စမ်းရွာ စသည့်ကျေးရွာများတွင် ချောင်း၊ မြောင်း၊ အင်းအိုင်နှင့် ကွင်းရေများရှိသည့်အတွက် ရောင်းဝယ်ရေးဒိုင်များသို့  ငါးရှဉ့်များ တစ်နှစ်ပတ်လုံးဝင်ရောက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း ၊ ဆောင်းတွင်းကာလနှင့် မိုးတွင်းကာများတွင် ငါးရှဉ့်  ဝင်ရောက်မှု ပိုမိုများပြားပြီး ဧပြီလနှင့် မေလများတွင်    ငါးရှဉ့်ဝင်ရောက်မှုနည်းပါး၍ အရောင်းအဝယ်ဖြစ်ကြောင်းသိရပါသည်။

            နတ်တလင်းမြို့နယ်      ငါးရှဉ့်ရောင်းဝယ်ရေးဒိုင်သို့ တစ်ရက်လျှင် အနည်းဆုံးပိဿာချိန် (၁၀၀)မှ ပိဿာ ချိန်(၁၅၀)အထိ ဝင်ရောက်၍ တစ်လလျှင် ပိဿာချိန်(၄၀၀၀)ခန့်ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုနှစ်မိုးတွင်းနှင့် ဆောင်းတွင်းကာလများတွင် ငါးရှဉ့် ကိုအကောင် အကြီးအသေး ခွဲခြားခြင်းမရှိဘဲ ငွေကျပ်(၁၀၀၀၀-၁၂၀၀၀)ဈေးနှုန်းရှိပြီး ယခု ဖေဖော် ဝါရီလ တတိယပတ်တွင်  ငါးရှဉ့် တစ်ပိဿာလျှင် ငွေကျပ်(၁၇၅၀၀)ဈေးနှုန်းဖြင့် ဝယ်ယူပြီး ရန်ကုန်ဈေးကွက်သို့ တစ်ရက်ခြား တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

လက်ပံတန်းမြို့နယ်မတ်ပဲ ဈေးကွက်

              ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်လက်ပံတန်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ် မတ်ပဲစိုက်ဧက (၉၉၂၉၅) ဧက ရှိခဲ့ပြီး စိုက်ပျိုးထားသော မတ်ပဲမျိုးများမှာ TBL-9၊ ရေဆင်း-၂၊ ရေဆင်း-၇၊ ပဲမြွေဟောက်မျိုးတို့ အများဆုံးစိုက်ပျိုးကြသည်။ ရေလိုက်ပဲခေါ်(ကိုင်းမြေ) တွင် စိုက်ပျိုးသောရေလိုက်ပဲများ လှိုင်လှိုင်ထွက်ရှိကာ ပျမ်းမျှအထွက်နှုန်း(၂၀)တင်းကျော် ထွက်ရှိကြပြီးဈေးနှုန်း အနေဖြင့်  ပေါ်ကာစအချိန် တစ်တင်းလျှင်(၁၀၅၀၀၀)ကျပ်ရရှိခဲ့ပြီး ယခုပေါက်ဈေးနှုန်းမှာ  (၉၅၀၀၀)  ကျပ်ဈေးသို့ပြန်လည်ကျဆင်းသွားကြောင်းသိရှိရပါသည်။ မြေပြန့်တွင် စိုက်ပျိုးသောလယ်ကွင်းပဲ များလည်း စတင်ထွက်ရှိနေပြီဖြစ်သော်လည်း အရွက်များဝါခြင်း၊ အပင်သေခြင်းများကြောင့် အထွက်နှုန်းများကျဆင်းခဲ့ပါသည်။ ပျမ်းမျှအထွက်နှုန်းမှာ( ၁၀) တင်း ခန့်သာထွက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပေါက်ခေါင်းဒေသထွက် ကြက်သွန်နီဈေးနှုန်းဈေးကွက်အခြေအနေ

          ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့ရှိ သဖန်းချိုအုပ်စု၊ လေးကြီးကျေးရွာတွင် ကြက်သွန်များ စိုက်ပျိုးထားရှိကြောင်း သိရပါသဖြင့် စိုက်ပျိုးထွက်ရှိမှုနှင့် ဈေးနှုန်းဈေးကွက် အခြေအနများ အားသိရှိနိုင်ပါရန် ပေါက်ခေါင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများအဖွဲ့သည် ၂၄.၂.၂၀၂၅ ရက်နေ့တွင် ကွင်းဆင်းခဲ့ပါသည်။

         သဖန်းချိုအုပ်စု၊ လေးကြီးကျေးရွာရှိ တောင်သူဦးခင်လေးမှ ကြက်သွန်နီ ၀.၂၅ဧကကို စိုက်ပျိုးထားရှိပြီး စိုက်ပျိုးပြီး (၂)ခန့် အကြာတွင် ကြက်သွန်များကို နှုတ်ယူရောင်းချကြပါသည်။ ၀.၂၅ဧကတွင် စိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်အနေဖြင့် ၈ သိန်းကျပ်ခန့်ကုန်ကျပြီး ထွက်ရှိမှုမှာ ပိဿာ ၆၃၀ခန့်ထွက်ရှိကြောင်း သိရပါသည်။ ကြက်သွန်ဘောင်တစ်ဘောင်လျှင် ၁၄ပိဿာခန့် ထွက်ရှိ၍ စိုက်ပျိုးဘောင် ၄၅ဘောင်ရှိပါသည်။ ကြက်သွန်များထွက်ရှိလာသောအခါ တစ်ပိဿာလျှင် ၂၅၀၀ကျပ်ဖြင့် စိုက်ခင်းသို့လာရောက်ဝယ်ယူသလို ဈေးများနှင့် ပွဲရုံများသို့လည်း တင်ပို့ရောင်း ချကြပါသည်။  ၀.၂၅ဧကတွင် ရရှိသောဝင်ငွေမှာ ၁၅၇၅၀၀၀ကျပ်ဖြစ်၍ တောင်သူအကျိုးအမြတ်မှာ ၇၇၅၀၀၀ကျပ်ခန့်ရရှိကြောင်း သိရပါသည်။ တောင်သူအကျိုးအမြတ်မှာ အထွက်နှုန်းနှင့် ဈေးနှုန်းအပေါ်မူတည်၍ အပြောင်းအလဲရှိကြောင်း သိရပါသည်။ ထို့ကြောင့် ကြက်သွန်နီစိုက် တောင်သူများအနေဖြင့် အထွက်နှုန်းကောင်းမွန်အောင် မျိုးကောင်းများရွေးခြယ်၍ နည်းပညာများ စနစ်တကျဖြင့်စိုက်ပျိုးနိုင်မည်ဆိုလျှင် ဒီထက်မက အကျိုးအမြတ်များလည်းရရှိနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ဈေးကွက်တွင် ဒေသသီး သရက်သီးစိမ်းသီးများ ရောင်းချလျက်ရှိ

           ပြည်မြို့ရှိ ဈေးကွက်များအတွင်းသို့ ပြည်မြို့အနီးရှိ ကျေးရွာများနှင့် ဉယျာဉ်များမှ သရက်သီးအစိမ်းများ လာရောက်ရောင်းချလျက်ရှိပြီး စားသုံးသူများကဝယ်ယူစားသုံးကြပါသည်။ ပေါ်ခါစဖြစ်၍ သရက်သီးစိမ်းများမှာ အချဉ်ဓါတ်နည်းပြီး မွှေးကြွပ်မှုရှိသဖြင့် ဈေးကောင်းပေး၍ ဝယ်ယူစားသုံးကြပါသည်။ ယခုအချိန်သည် သရက်သီးစိမ်းများစတင်ပေါ်လာသဖြင့် ရန်ကုန်ဘက်မှ ဝင်ရောက်လာသော သရက်သီးစိမ်း(အကြီး) သီးများမှာ အရောင်းအဝယ် အနည်းငယ် အေးသွားခဲ့ပါသည်။ ထိုသရက်သီးများကို ချဉ်ပေါင်းသည်များကသာဝယ်ယူမှုရှိပါသည်။ စားသုံးသူများ ဝယ်ယူစားသုံးသော တို့စရာအဖြစ်ဝယ်ယူစားသုံးသော သရက်သီးမှာ မန္တလေးရင်ကွဲသီး၊ မြကျောက် သရက်သီး၊ သရက်သခွားသီး နှင့် ဆိုင်သီးများဖြစ်ပါသည်။ ဈေးနှုန်းများအနေဖြင့် မန္တလေး ရင်ကွဲ(အသေး)တစ်လုံးလျှင် ၃၅၀ကျပ်၊ မြကျောက်သရက်သီးအစိမ်း(အသေး)တစ်လုံးလျှင် ၄၀၀ ကျပ်၊ သရက်သခွားသီးအလုံးသေးတစ်လုံးလျှင် ၅၀၀ကျပ်၊ (၅)လုံးပါအတွဲတစ်တွဲလျှင် ၂၀၀၀ကျပ်၊ ဆိုင်သီးတစ်လုံးလျှင် ၇၀၀ကျပ်ဖြင့် အသီးသီးရောင်းချလျက်ရှိပါသည်။ နောက်မကြာမီ ကာလများတွင် သရက်သီးအမှည့်များထွက်ပေါ်လာတော့မည်ဖြစ်ပါသဖြင့် ပေါ်စတွင် ဈေးများမြင့်နေမည်ဖြစ် ကြောင်းခန့်မှန်းရကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပြည်မြို့ရှိဈေးကွက်များတွင် ရောင်စုံပန်းအမျိုးမျိုးအရောင်းအဝယ်ဖြစ်လျက်ရှိ

           ဆောင်းရာသီကုန်ခါနီးအချိန်ဖြစ်၍ ရာသီဥတုမှာ နေ့ခင်းအချိန်များတွင် ပူပြင်းလာပြီး မနက်ခင်းအချိန်တွင် အေးလျက်ရှိနေပါသည်။ ထို့ကြောင့် ပြည်ခရိုင်၊ ပြည်မြို့ရှိ ပန်းဈေးကွက် အနေဖြင့် ယခုအချိန်တွင် ရောင်စုံပန်းများဖြစ်သော ဂန္ဓမာပန်း၊ သစ္စာပန်း၊ နှင်းဆီပန်း ၊ မေမြို့ပန်း အစရှိသဖြင့် ပန်းများဈေးကွက်တွင် ရောင်းချလျက်ရှိနေပါသည်။ ထိုပန်းများကို ပြည်မြို့အနီးတဝိုက် ရှိ မှော်ဇာ၊ ကင်းပွန်းခြုံနှင့် ရွှေတောင်မြို့နယ်ရှိ ကသစ်ကိုင်းကျေးရွာများမှ လာရောက်ရောင်းချ ကြပါသည်။ ထိုကျေးရွာများမှ ပန်းများကို စီးပွားဖြစ်စိုက်ပျိုးကြသလို တစ်နိုင်တစ်ပိုင်လည်း စိုက်ပျိုးပါသည်။ ထွက်ရှိလာသော ပန်းများကို ပန်းဒိုင်များ၊ ဈေးသည်များက အခင်းထဲအထိ လာရောက်ဝယ်ယူရောင်းချကြပါသည်။ ဈေးများတွင်ရောင်ချသော ပန်းများ၏ ဈေးနှုန်းများမှာ ဂန္ဓမာပန်း (အဖြူ၊ အဝါ) အကြီးအသေးရောရာ(၅)ခက်ပါတစ်စည်းလျှင် ၄၅၀၀ကျပ်၊ သစ္စာပန်း (၅)တံပါတစ်စည်းလျှင် ၂၀၀၀ကျပ်၊ နှင်းဆီပန်း အပွင့်အသေး (၁၀)ပွင့်ပါတစ်စည်းလျှင် ၃၅၀၀ကျပ်၊ နှင်းဆီပန်း (အကြီး) တစ်ပွင့်လျှင် ၅၀၀-၇၀၀ကျပ်၊ မေမြို့ပန်း (ကြွေဖြူ)တစ်စည်းလျှင် ၂၀၀၀ကျပ်၊ မေမြို့ပန်း (အက်စတာ)တစ်စည်းလျှင် ၅၀၀-၁၀၀၀ကျပ်ဖြင့် ရောင်းချလျှက်ရှိပါသည်။

            ပန်းဈေးများမှာ ယခင်နှစ်ထက်စာလျှင် ယခုနှစ်မှာဈေးများထက်ဝက်ခန့် မြင့်တက်လာရခြင်းမှာ မျိုးဈေးများကြီးမြင့်ခြင်း၊ အထွေထွေကုန်ကျစရိတ်များလည်း ကြီးမြင့်လာခြင်းတို့ကြောင့် ဖြစ်သည်ဟု သိရပါသည်။ ပြည်ဈေးမှတစ်ဆင့် ရန်ကုန်မြို့ရှိဈေးများနှင့် နေပြည်တော်မြို့သို့လည်း တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ကံ့ကော်စိုက်ပျိုးဝင်ငွေတိုး

           ကံ့ကော်ပန်းသည် လူကြိုက်များသောပန်းပင်တစ်မျိုးပင်ဖြစ်ပါသည်။ ပန်းရနံ့မှာ အလွန်မွှေးကြိုင်ပြီး အမြဲစိမ်းလန်းစိုပြေနေသည့် သစ်မာပင်တစ်မျိုးဖြစ်ပါသည်။ သဘာဝကံ့ကော်ပင်မှာ တစ်နှစ်လျှင်တစ်ကြိမ်သာဖူးပွင့်ပြီး အမြင့်ပေရှစ်ဆယ်၊ လုံးပတ် ဆယ်ပေအထိရှိသော အရိပ်အာဝါသကောင်းသော အပင်မျိုးဖြစ်ပါသည်။ ကိုင်းဆက်ကိုင်းကူးဖြင့် ပြုလုပ်ထားသော စိုက်ပျိုးရေး ကံ့ကော်ပန်းပင်သည် တစ်နှစ်ပတ်လုံးပွင့်ပါသည်။ စိုက်ပျိုးရေးကံ့ကော်ပန်းပင်မှာ အပင်ပုလေး များဖြစ်ပြီး လုံးပတ်မှာလည်းသေးပါသည်။ ကံ့ကော်ကိုင်းဆက်စိုက်ပျိုးရာတွင် ထိုင်ဝမ်မျိုး၊ စစ်ကိုင်း မျိုးစသည်ဖြင့် မျိုးများရှိပါသည်။ ယခုလက်ရှိစိုက်ပျိုးရေးသမားများသည် စစ်ကိုင်းမျိုးကို စိုက်ပျိုး ကြပါသည်။ ရွှေတောင်မြို့နယ်အတွင်းရှိ တောင်လုံးညိုရွာတွင် ကိုင်းဆက်မျိုးဖြစ်သည့် စစ်ကိုင်းမျိုး ကို စိုက်ပျိုးထားကြောင်း သိရပါသည်။ ကံ့ကော်ပင်စတင်စိုက်ပျိုးပြီး တစ်နှစ်အကြာတွင် ပန်းပွင့်များ ပွင့်လာပါသည်။ စတင်ပွင့်လာသည့် ပန်းများသည် အပွင့်ရေ(၂၀)မှ (၂၅)အထိသာပွင့်သေး၍ အပွင့် ရေနည်းပါးပါသည်။ ထို့နောက်သက်တမ်းကြာလာသည့်အခါ ရာသီဥတုပေါ်မူတည်ပြီး ပန်းပွင့်များ လှိုင်လှိုင်ပွင့်လာပါသည်။ ကံ့ကော်ပန်းပင်အား ပန်းပွင့်ခူးရာတွင်နံနက်အချိန်တွင်ခူးယူရပါသည်။ သို့မှသာအပွင့်များမှာချောမောပြီး ရောင်းပန်းလှမှာဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း