ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

“ဧရာဝတီတိုင်းဂုဏ်တောက် ဓနိဖူးခြောက်” လုပ်ငန်း

             ရခိုင်လို “ရီအုန်းပင်” လို့ခေါပြီး မြန်မာလို “ဓနိပင်” လို့ခေါ်တဲ့ ဒီရေတောပင်များသည်   များသောအားဖြင့် မြန်မာနိုင်ငံ ပင်လယ်ကမ်းရိုးတန်းဒေသနှင့် မြစ်ကန်းရိုးဒီရေတောများပေါ များသည့်  ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ် နှင့် ပဲခူးမြစ်ကမ်းဘေးရှိ ဒီရေတော များတွင်အများဆုံးပေါက်ရောက်လေ့ရှိကြပါတယ်။ ဓနိပင်သည် အခြားသီးနှံများကဲ့သို့ မြေဩဇာ ကျွေးမွေးရခြင်း၊ ပေါင်းမြက်ရှင်းလင်းနှုတ်ဖယ်ရခြင်းတို့ကို ပြုလုပ်စရာ မလိုသော အပင် ဖြစ်ကာ ဒီရေများနှင့် ပါလာသော နုန်းမြေများသည် ဓနိခြံတွင် တင်ကျန်ခဲ့ပြီး သဘာဝမြေဩဇာအဖြစ်နှင့် ဓနိပင်များကို ကြီးထွားစေသောကြောင့် ဓနိမှထွက်သော အစားအစာမှန်သမျှ သဘာဝစစ်စစ် ဖြစ်ပြီးလူသားတို့အတွက် များစွာအကျိုးပြုနေသော အပင်များဘဲ ဖြစ်ပါတယ်။  ဓနိပင်လို့ ဆိုလိုက် သည်နှင့် အများစုသည် ဓနိရွက်ကို အိမ်မိုးတယ်၊ ဓနိရည်ကို အရက်ချက်တယ်၊ ဓနိဖူးကိုစားရင် သွားကိုက်ပျောက်တယ် လို့ဘဲ သိထားကြတာများပါတယ်။ တစ်ကယ်တော့ ဓနိပင်တစ်ပင်လုံး သည် လူသားများအတွက်များစွာ အသုံးဝင်သော အထောက်အကူပြု အပင်တစ်မျိုး ဖြစ်ပါတယ်။

             ဓနိပင်တစ်ပင်လုံး၏ အသုံးဝင်ပုံကို ရှင်းပြရရင်တော့ ဓနိပင်၏အရွက်ကို အိမ်အမိုးအကာ မိုးရန်အတွက်လည်းကောင်း၊ အရိုးကိုခြံစည်းရိုးကာရန်အတွက် လည်းကောင်း၊ ဓနိပင်၏ အရွက် နု သည် သင်းပျံ့သောရနံ့ရှိသဖြင့် မြန်မာမုန့်များထုပ်ပိုးရာတွင် ဖက်အဖြစ်လည်းကောင်း၊ ဓနိပင် မှရရှိသောဓနိသီးမှာ ထန်းသီးနှင့်ပုံသဏ္ဍာန်ဆင်၍ အလွန်စားကောင်းလှသော အသီးတစ်မျိုး ဖြစ်ပြီး အစိမ်းစား၍ရသည့်အပြင် ဖျော်ရည် နှင့် ရေခဲမုန့်များ ပြုလုပ်ရာတွင်လည်းကောင်း၊ ဓနိ အရည်ကိုထန်းရည်ကဲ့သို့သောက်နိုင်သကဲ့သို့ ဓနိရည်ကိုကျိုချက်၍ ဓနိအရက်၊ ဓနိသကြား ၊ ပအုန်းရည် နှင့် ဓနိဝိုင် တို့ ထုတ်လုပ်ရာတွင် လည်းကောင်း အသုံးပြုကြပါတယ်။ သို့သော် ဓနိဖူး နှင့်ပတ်သက်သည့် ထုတ်ကုန်များတော့ ထုတ်လုပ်နိုင်ခြင်း မရှိသေးသော်လည်း ၂၀၁၂ ခုနှစ် လောက်တွင် ဓနိပင်မှ “ဓနိဖူးကိုအခြောက်ပြုလုပ်ကာဓနိဖူးခြောက်”  များအဖြစ် ကို နောက် ထပ် Value Added ပြုလုပ်လာကြပါတယ်။

            ဒီရေတောများ ပေါများလှသည့် ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာတော့ ဓနိပင်များကို အများဆုံးတွေ့ရှိရပြီး ဓနိပင်မှ ဓနိဖူးသည် ဆောင်းရာသီအကုန်တွင် စတင်ဖူးပြီး နွေရာသီ ကာလအထိ ပေါများစွာဖူးပွင့်လေ့ရှိသည်။ ဓနိဖူးခြောက်များ ထုတ်လုပ်နိုင်ရန်အတွက် ကိုယ်ပိုင်ဓနိခြံများ စိုက်ပျိုးလာသည်အထိ ဓနိဖူးခြောက်လုပ်ငန်းများအား လုပ်ကိုင်လာကြပါတယ်။ ဓနိပင်မှဓနိဖူးသည် ဆောင်းရာသီအကုန်ဖြစ်သည့် ဒီဇင်ဘာလတွင် စတင်ဖူးပြီး နွေရာသီ ကာလ ဖြစ်သော ဧပြီကာလအထိ ပေါများစွာ ဖူးပွင့်လေ့ရှိပါသည်။ ဓနိဖူးသည်  ဂျင်ဆင်းထက် Antioxidant အဆပေါင်း ၄၄ ဆပိုမို ပါဝင်သော အင်မတန်မှ ဆေးဖက်ဝင်လှသည့် အဖိုးတန် ရတနာတစ်ပါးဖြစ်သည့်အတွက် ဓနိဖူးသည်ဓနိပင်တစ်ပင်လုံး၏ အသက်လို့ပင် တင်စားလို့ရပါတယ်။

             ဓနိဖူးကို ခြောက်သွေ့အောင် နေလှန်းရတဲ့အတွက် နွေရာသီမှာရောက်မှသာလျှင် ဓနိဖူး များကို ခုတ်ယူကာ အထပ်ထပ်ဆေးပြီး ရေစစ်ထားရပါတယ်။ ထို့နောက် ပွင့်ဖတ်၊ ရိုးတံ စသည် ဖြင့် အမျိုးအစားခွဲကာ ကွမ်းညှပ်ဖြင့်ပါးပါးဖြတ်၍ ခြောက်သွေ့ပြီး စိုထိုင်းဆမကျန်အောင် ချက်ချင်း နေလှန်းရပါတယ်။ နေလှန်းနောက်ကျပါက အရောင်ပြောင်းပြီး လေလွင့်ခြင်း၊ အာနိသင် ပျက်ခြင်း ဖြစ်ပေါ်တတ်သဖြင့် အထူးဂရုထားကာနေလှန်းခြင်းများကို ဆောင်ရွက်ပြီး မှသာ ဓနိဖူးခြောက်များအား ထုပ်ပိုး သိမ်းဆည်းခြင်းများ ဆောင်ရွက်ကြပါသည်။ ဓနိဖူး ခြောက်၏ အနံ့မှာလွန်စွာသင်းပျံ့လှသည့်အတွက် ရေနွေးကြမ်းသဖွယ် သောက်ရလွယ်ကူ သကဲ့သို့ သဘာဝ ဓနိဖူးခြောက်အထုပ်ကလေးတစ်ထုပ်ကို ရေတစ်လီတာစိမ်ပြီး သောက် သုံးပါကသွေးတိုး၊ ဆီးချို နှင့် သွေးတွင်း အဆီဓာတ်တွေကို ချေဖျက်နိုင်တယ်၊ အစာအိမ်သမား၊ ကင်ဆာ ဖြစ်နေသူများအတွက် သက်သာစေတယ် လို့သိရပါတယ်။

DOCA(ဧရာဝတီ)

သစ်တောပြုန်းတီးမှုအား လျှော့ချစေနိုင်သည့်အပြင် လူကြိုက်များအရောင်းသွက်လာတဲ့ ထင်းနှင့် မီးသွေးအစားထိုး စပါးခွံလောင်စာတောင့်လုပ်ငန်း

           မြန်မာနိုင်ငံရဲ့စပါးကျီဖြစ်သော ဧရာဝတီတိုင်းဒေသကြီးတွင် ဆန်စက်များစွာတည်ရှိ ပါ တယ်။ စပါးများကိုဆန်အဖြစ်ကြိတ်ခွဲရာမှ ထွက်ရှိလာတဲ့စပါးခွံများအား ယခင်ကအရက်ချက် စက်ရုံ နှင့် အုတ်ဖုတ်သည့် လုပ်ငန်းများတွင်သာ အသုံးပြုကြပါသည်။ သို့သော်စပါးလှိုင်လှိုင် ပေါသည့်ရာသီများတွင် စပါးကြိတ်ခွဲမှုများ မြင့်တက်လာသည့် နှင့်အညီ စပါးခွံများပေါများ လာ သည့်အတွက်စွန့်ပစ်ရသည့် အနေအထားအထိရောက်ရှိလာခဲ့ပါသည်။ ထိုကဲ့သို့စပါးခွံများ စွန့် ပစ်ရန် နေရာရှာရခြင်းမှာလည်း ဆန်စက်ပိုင်ရှင်များအတွက် အခက်အခဲတစ်ခု ဖြစ်နေခဲ့ပါတယ်။ စပါးခွံများပြည့်လာသည့်အတွက် ဆန်စက်များအားရပ်ထားရသည့်အထိ စပါးခွံဖြေရှင်းခန်း ပြသနာဟာ ဆန်စက်ပိုင်ရှင်များအတွက် ခေါင်းခဲစေခဲ့ပါတယ်။ ဆန်စက်ပိုင်ရှင်များဟာ နည်းလမ်းပေါင်းစုံရှာဖွေပြီးသည့်နောက်ပိုင်းမှာတော့ စပါးခွံများကို ထင်းနှင့် မီးသွေးများနေရာတွင် အစားထိုးအသုံးပြုနိုင်မည့် လောင်စာတောင့်များ အဖြစ်ပြောင်းလဲ ထုတ်လုပ်ခဲ့ပါသည်။

           စပါးခွံလောင်စာတောင့်များပြုလုပ်ရာတွင် ကုန်ကြမ်းအဖြစ် စပါးခွံများအား တစ်မျိုးထဲကိုသာ အသုံးပြုပြီး စပါးခွံများကို လောင်စာတောင့်ထုတ်လုပ်မည့် စက်အတွင်းသို့ ထည့်သွင်းရပါတယ်။ စက်၏အောက်ခြေတွင်ရှိသောလွန်သွားလေးများသည် စပါးခွံများအား အမှုန့်ဖြစ်စေရန် အနည်းငယ်ချေဖျက်ပြီးမှသာလျှင် အပူချိန် ၃၈၀ ဒီဂရီ ရှိသော ရေနွေးငွေ့စက်အတွင်းသို့ ထည့်၍ ဖိအားဖြင့်လောင်စာတောင့်များအား ထုတ်လုပ်ပါတယ်။ ထွက်ရှိလာသော လောင်စာတောင့် များအား (၁၅) ပိသာ အထုပ်များထုပ်ပိုး၍ ရန်ကုန်၊ ပဲခူး၊ မန္တလေး တို့ရှိ အထည်ချုပ်စက်ရုံများ၊ အရက်ချက်စက်ရုံများ၊ သံရည်ကျိုစက်ရုံများ၊ ခေါက်ဆွဲခြောက်စက်ရုံများနှင့် ရေနံချက်စက်ရုံများထံသို့ နေ့စဉ်တင်သွင်း ရောင်းချလျက်ရှိကြောင်းကိုလည်း သိရှိရပါတယ်။ စပါးခွံလောင်စာတောင့် များ၏ အပူစွမ်းအားသည် ကျောက်မီးသွေးကိုအပူပေးပါက ထွက်ရှိလာသော အပူပမာဏအထိ ပူပြင်းသည့်အတွက် ထင်း၊ မီးသွေးနှင့် ကျောက်မီးသွေး အစားထိုးနေရာတွင် အသုံးပြုလာကြပါ တယ်။ နောက်ပိုင်းမှာတော့ အိမ်ရှင်မများပါ အသုံးပြုမှုများလာသည့်အပြင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပင်လယ်ပိုင်းဒေသများရှိ ငါးဖမ်းယာဉ်များကပါ ဝယ်ယူလာသည့်အထိ လူကြိုက်များလာကြောင်း သိရှိရပါတယ်။ အနည်းဆုံး အလုပ်သမား(၃၀)ဦးဖြင့် နေ့ဆိုင်း/ညဆိုင်းများ ခွဲကာလည်ပတ်လျက်ရှိသော စပါးခွံလောင်စာတောင့်ထုတ်လုပ်သည့် စက်ရုံတစ်ရုံ၏ တည်ထောင် ငွေများ သိန်း(၆၀၀၀) ခန့်ရှိပြီး ၎င်းစက်ရုံမျ တစ်နေ့လျှင် စပါးခွံလောင်စာတောင့် ၂၀ပိဿာဝင်အိတ် (၄၀၀၀)ခန့် ၊ တန်အားဖြင့် (၂၀)တန်ခန့်ထွက်ရှိကြောင်း နှင့် တစ်နှစ်လျှင် အမြတ်ငွေသိန်း(၁၂၀၀) ခန့်ရရှိနေကြောင်းလည်း သိရှိရပါတယ်။ ဆန်စက်လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံမှ ထုတ်လုပ် သည့် စပါးခွံလောင်စာတောင့် များကို ပြည်တွင်းအပြင် ပြည်ပပို့ပါ တင်ပို့ နိုင်ရန်အတွက် Mass Production စနစ်အား ဆောင်ရွက်နေပြီဖြစ်ကြောင်းလည်း လေ့လာသိရှိခဲ့ရပါတယ်။

စပါးခွံလောင်စာတောင့်များအား ထင်း နှင့် မီးသွေးများနေရာတွင် အစားထိုး အသုံးပြုကြ သည့်အတွက် သစ်တောပြုန်းတီးမှု နှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများအား လျှော့ချနိုင်သောကြောင့် သဘာဝပတ်ဝန်းကျင်သည် နောင်အနာဂါတ်မျိုးဆက်သစ်များအတွက် စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကောင်းမွန်သောထုတ်လုပ်မှုမျိုးလည်း ဖြစ်ပါကြောင်းနှင့် ပြည်တွင်းလုပ်သားများအတွက အလုပ်အကိုင်များလည်း ဖန်တီးပေးနေသည့် မွန်မြတ်သောလုပ်ငန်းတစ်ခုလည်း ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(ဧရာဝတီ)

ပုသိမ်မြို့ရဲ့ ကြက်အူချောင်း၊ ဝက်အူချောင်းတို့ကမ္ဘာ ဘွက်ကြီးတန်းလမ်း

           ကြက်အူချောင်၊ ဝက်အူချောင်းကို တရုတ်လို လာ့ချန်၊ အင်္ဂလိပ်လို Sausage ဟုခေါ်ဆို ကြပါတယ်။ တရုတ်ပြည်တွင် ဘီစီ ၅၀၀ ဝန်းကျင်လောက် ကတည်းက ဝက်သား များကို တောက်တောက်ဆင်းပြီး အချိုအရသာထွက်စေရန် ပြုလုပ်ထားပြီး တရုတ်မဆလာ၊ ဆား၊ ဆန်အရက်၊ ပဲငံပြာရည်၊ ငရုတ်ကောင်းမှုန့်တို့ဖြင့် အသားကို ကြိတ်ပြီး ဝက်အူချောင်း ပြုလုပ်ကာ ရိက္ခာခြောက် အနေဖြင့် စတင်ပြုလုပ်ခဲ့ကြတယ်လို့လည်း လေ့လာသိရှိရပါတယ်။ နောက်ပိုင်းတွင် ကြက်အူချောင်း၊ ဝက်အူချောင်း ပြုလုပ်တဲ့နည်း ပညာဟာ ကမ္ဘာအရပ်ရပ် ရောက်ရှိလာခဲ့ပြီး မြန်မာတွေရဲ့ ကြိုက်နှစ်သက်တဲ့ အစားအစာ တစ်မျိုးလည်း ဖြစ်လာခဲ့ ပါတယ်။ ဧရာဝတီတိုင်းရဲ့ ဒေသထွက်ကုန်များတွင် ကြက်အူချောင်း၊ ဝက်အူချောင်းတို့ ပါဝင်ပြီး လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်ကြသည့် အစားအသောက် တစ်မျိုးပင် ဖြစ်ပါတယ်။ ဧရာ ဝတီတိုင်းဒေသကြီး အတွင်းမှာ ကြက်အူချောင်း၊ ဝက်အူချောင်း လုပ်ငန်းကို တစ်ပိုင်တစ်နိုင် လုပ်ကိုင်နေတဲ့ အသေးစားစက်မှုလုပ်ငန်း များစွာရှိပါတယ်။ ပုသိမ် မှာဆိုရင်တော့ “ဒေါ်ကျင်မြ” ဝက်အူချောင်း နှင့် “ဝကြည်စံ”ဝက်အူချောင်း တို့ကတော့ လူကြိုက် များလှ ပါတယ်။ ပုသိမ် မြို့ရဲ့ အချက်အချာကျတဲ့ ဘွက်ကြီးတန်းလမ်းဟာ ကြက်အူချောင်း၊ ဝက်အူချောင်း ကမ္ဘာလို့ တောင် တင်စားလို့ရပါတယ်။ ဝက်အူချောင်၊ ကြက်အူချောင်း၊ ကြက်သားပြား၊ ဝက်သား ပြား၊ ဝက်ခေါက်ကြော် နှင့် ဝက်ဆီဖတ်  များကိုလိုအပ်သလောက် ကြိုက်နှစ်သက်သလို ဝယ်ယူနိုင် သည့် အထိ ကြက်အူချောင်း/ ဝက်အူချောင်း ရောင်းချသည့် ဆိုင်တော်တော်များများကို အောင်ရတနာ လမ်း (ခေါ်) ဘွက်ကြီးတန်းလမ်း တွင် တွေ့မြင်နိုင်ပါတယ်။ အဆိုပါ ဘွက်ကြီးတန်းလမ်း တွင် “ဒေါ်ကျင်မြ” ကြက်အူချောင်း၊ ဝက်အူချောင်း လုပ်ငန်း ၏ မူလအစ စတင်ရာနေရာ ဖြစ်သကဲ့သို့ ဘွက်ကြီးတန်းလမ်း တစ်လျှောက်လုံးတွင်လည်း ဒေါ်ကျင်မြ၏သား/မြေး/ တူ/ တူမစသည့် ဆွေးမျိုးများက အမွေဆက်ခံ၍ ရောင်းချနေကြသည့်အတွက် ဘွက်ကြီးတန်းလမ်း တစ်လျှောက် လုံးတွင် “ဒေါ်ကျင်မြ” အမည်ဖြင့် ရောင်းချနေသည် ကြက်အူချောင်း၊ ဝက်အူ ချောင်းဆိုင်ပေါင်း များစွာကို တွေ့ရှိနေရခြင်းဖြစ်ပါသည်။ သို့သော် နယူးဇီဘိန်၊ မြို့ချစ်၊ ထက်ထက် အစရှိသည်ဖြင့် အခြားသော နာမည်များဖြင့် ဖွင့်လှစ်ရောင်းချနေသည့် ကြက်အူချောင်း၊ ဝက်အူချောင်း ဆိုင်များ လည်း ရှိနေပါသေးသည်။ မည်သို့ပင်ဆိုစေကာမူ ပုသိမ်မြို့ရဲ့ နာမည်ကြီး “ဒေါ်ကျင်မြ” ကြက်အူ ချောင်း၊ ဝက်အူချောင်းလုပ်ငန်း စတင်ရာ ဘွက်ကြီးတန်း လမ်းတွင် ပုသိမ်မြို့ပြန်လက်ဆောင် အနေဖြင့် ဝက်အူချောင်၊ ကြက်အူချောင်း၊ ကြက်သားပြား၊ ဝက်သား ပြား၊ ဝက်ခေါက်ကြော် နှင့် ဝက်ဆီဖတ်  များကို တစ်နေရာထဲ၌ စိတ်ကြိုက် လတ်လတ်ဆက်ဆက် ဝယ်ယူအားပေးနိုင်သည့် “ပုသိမ်မြို့ရဲ့ ကြက်အူချောင်း၊ ဝက်အူချောင်း တို့ကမ္ဘာ ဘွက်ကြီးတန်းလမ်း” အကြောင်း သတင်းပေးရေးသားလိုက်ရပါသည်။

DOCA(ဧရာဝတီ)

မတ်လအတွင်း ဟင်္သာတကုန်စည်ဒိုင် အရောင်းအဝယ်ဖြစ်မှုအခြေအနေ

          ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတကုန်စည်ဒိုင်တွင် ၂၀၂၄-၂၀၂၅ခုနှစ်ထွက် ဆောင်းသီးနှံ ပဲမျိုးစုံများလည်း ဈေးကွက်သို့ ဝင်ရောက်နေပြီဖြစ်သဖြင့် မတ်ပဲ၊ ပဲတီစိမ်းဆီပြောင်၊ ပဲတီစိမ်းအနီ၊ ပဲယင်းနီ၊ ပဲပုတ်ဆီတိုး၊ ပဲလွန်းဖြူ၊ ပဲလွန်းနီအစရှိသော ပဲများကိုအရောင်းအဝယ် ပြုလုပ်နေကြောင်းသိရှိရပါသည်။ ယခုတစ်ပတ်မတ်ပဲဈေးမှာ ပိဿာ(၂၀)တစ်တင်းကို (၉၆၀၀ဝိ/) ပဲယင်းနီဈေးမှာ ပိဿာ(၂၀)တစ်တင်းကို ( ၇၉၀၀၀ )ကျပ် ၊ ပဲတီစိမ်း ဆီပြောင်ဈေးမှာ ပိဿာ(၂၀) တစ်တင်းကို (၁၀၂၀၀၀)ကျပ်၊ ပဲတီစိမ်းအနီဈေးမှာ ပိဿာ(၂၀)တစ်တင်းကို (၁၂၃၀၀၀)ကျပ်၊ ပဲပုတ်ဆီတိုးဈေးမှာ ပိဿာ(၂၀)တစ်တင်းကို (၁၂၃၀၀၀)ကျပ်၊ ပဲလွန်းဖြူဈေးမှာ  ပိဿာ( ၂၀ ) တစ်တင်းကို (၇၅၀၀၀)ကျပ်၊ ပဲလွန်းနီဈေးမှာ ပိဿာ(၂၀)တစ်တင်းကို (၇၈၀၀၀)ကျပ်၊အစေ့ထုတ် ပြောင်းပိဿာ(၂၀)တစ်တင်းကို(၃၂၅၀၀)ကျပ်ဈေးဖြင့် အသီးသီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခင်ကာလတူ ဈေးနှုန်းဖြင့် နှိုင်းယှဉ်ပါက ပဲတီစိမ်းအနီ၊ ပဲတီစိမ်းဆီပြောင်၊ အစေ့ထုတ်ပြောင်း ပိဿာ(၂၀)တစ်တင်းကို (၅၀ဝိ/-မှ၁၅၀ဝိ)ကျပ်ထိ ဈေးအနည်းငယ်မြင့်တက်လျက်ရှိပြီး ပဲလွန်းဖြူ၊ ပဲလွန်းနီ၊ ပဲယင်းနီ၊ ပဲပုတ်၊ မတ်ပဲသီးနှံဈေးမှာ ဈေးငြိမ်လျက်ရှိကြောင်းသိရှိရပါသည်။ မတ်ပဲသီးနှံမှာ တစ်ရက်လျှင် ၃၀၀၀အိတ် မှ ၃၅၀၀အိတ်ကြား အရောင်းအဝယ်ဖြစ်ပြီး ကျန်ပဲများမှာ အိတ် ၁၀၀၀  မှ ၁၅၀၀ ကြား အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။ ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်သို့ နေ့စဉ်တင်ပို့ရောင်းချလျက်ရှိပြီး တစ်ပတ်အတွင်း အိတ်ရေ(၂၅၀၀၀)ခန့်တင်ပို့နိုင်ကြောင်း လေ့လာသိရှိရပါသည်။

DOCA(ဧရာဝတီ)

အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ ခရမ်းချဉ်သီးဈေးနှုန်းများ ဆက်လက်ကျဆင်းလျက်ရှိ

          မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့၊ ဇေယျာသီဈေး၌ ခရမ်းချဉ်သီး(ထိုင်ဝမ်)မျိုးကို ပတ်ဝန်းကျင်ကျေးရွာများဖြစ်သော မယ်ဇလီတော၊ ဥယျာဉ်၊ ပန်းတော်ပြင်စသည့်ကျေးရွာများအပြင် တောင်တွင်းကြီးမြို့၊ မကွေးမြို့၊ မင်းဘူးမြို့နှင့် ရှမ်းပြည်နယ် တောင်ကြီးမြို့၊ အောင်ပန်းမြို့တို့မှ မှာယူရောင်းချကြောင်း သိရသည်။

          ၂၀၂၅ခုနှစ်၊ မတ်လ(ဒုတိယပတ်)တွင် ထိုင်ဝမ်ခရမ်းချဉ်သီး(၁)ပိဿာလျှင် အလုံးအကြီး အသေးအလိုက် ကျပ်(၇၀၀-၈၀၀)၊ ဗမာခရမ်းချဉ်သီး(၁)ပိဿာလျှင် ကျပ်(၅၀၀-၇၀၀)ဖြင့် ရောင်းချလျက်ရှိပြီး ယခင်(ဒုတိယပတ်)တွင် ထိုင်ဝမ်ခရမ်းချဉ်သီး(၁)ပိဿာလျှင် ကျပ်(၉၀၀-၁၀၀၀)၊ ဗမာ ခရမ်းချဉ်သီး (၁)ပိဿာလျှင် ကျပ်(၁၀၀၀)ဈေးနှုန်းဖြင့်ရောင်းချလျက်ရှိရာ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ထိုင်ဝမ်ခရမ်းချဉ်သီး(၁)ပိဿာလျှင် ကျပ်(၁၀၀-၂၀၀)၊ ဗမာခရမ်းချဉ်သီး (၁)ပိဿာလျှင် ကျပ် (၃၀၀-၄၀၀)ဈေးနှုန်းကျဆင်း၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုအချိန်တွင် ဒေသတွင်း ခရမ်းချဉ်သီးစိုက်ခင်းများမှာ လှိုင်လှိုင်ထွက်ရှိနေသည့်အတွက် ဈေးနှုန်းများမှာ တရိပ်ရိပ်ကျဆင်းလာရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ ကြက်သွန်နီဈေးနှုန်းများကျဆင်းလျက်ရှိ

           မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးတွင် ကြက်သွန်နီကို မင်းလှမြို့ နယ်အတွင်းရှိ ကျေးရွာများအပြင် မကွေးမြို့၊ မင်းဘူးမြို့၊ တောင်တွင်းကြီးမြို့နှင့် သရက်မြို့တို့မှ မှာယူရောင်းချကြကြောင်း သိရသည်။

           ၂၀၂၅ခုနှစ်၊ မတ်လ(ဒုတိယပတ်)တွင် ကြက်သွန်နီ(၁)ပိဿာလျှင် ဥအကြီး၊ အသေး အလိုက် ကျပ်(၂၀၀၀-၂၅၀၀-၃၀၀၀)ဖြင့် ရောင်းချလျက်ရှိပြီး ယခင်(ပထမပတ်)တွင် (၁)ပိဿာလျှင် ကျပ် (၂၅၀၀-၃၀၀၀-၃၅၀၀) ဖြင့်ရောင်းချလျက်ရှိရာ ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကျပ်(၅၀၀) ဈေးနှုန်းကျဆင်း၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုအချိန်တွင် ဒေသတွင်း ကျေးရွာများရှိ ကြက်သွန်နီစိုက်ခင်းများ၌ ကြက်သွန်နီသစ်များ လှိုင်လှိုင်တူးဖော်လျက်ရှိသောကြောင့် ဈေးနှုန်းမှာ ကျဆင်းလာရခြင်းဖြစ်ကြောင်း ဇေယျာသီရိဈေးအတွင်းရှိ ကြက်သွန်နီရောင်းချသည့် ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)

မကွေးဈေးကွက်၏ ပဲမျိုးစုံဈေးနှုန်းအခြေအနေ

            မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးဈေးကွက်သို့ မြို့နယ်အတွင်းရှိ မိကျောင်းရဲ၊ လျောင်းတော်ဦး၊ ကံသစ်၊ ရွာဟောင်းကန်၊ သစ်ရာကောက် စသည့်ကျေးရွာများနှင့် မင်းဘူး၊ မြို့သစ်၊ နတ်မောက်မြို့တို့မှထွက်ရှိသော ပဲတီစိမ်း၊ ပဲနောက်၊ ကုလားပဲ၊ ပဲကြီး၊ စားတော်ပဲ၊ မတ်ပဲနှင့် အခြားပဲမျိုးစုံများ ဝင်ရောက်ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။

            ၂၀၂၅ခုနှစ်၊ မတ်လ(ဒုတိယပတ်)တွင် ကုလားပဲ(929)(၁)တင်းလျှင် ကျပ်(၇၃၅၀၀)၊ ကုလားပဲ ဟော်လန်(၁)တင်းလျှင် ကျပ်(၇၃၀၀၀)၊ ပဲလွန်းဝါ(၁)တင်းလျှင် ကျပ်(၈၀၀၀၀)၊ ပဲတီစိမ်း(၁)တင်းလျှင် ကျပ်(၁၀၄၀၀၀)၊ ပဲနောက်(၁)တင်းလျှင် ကျပ်(၉၈၀၀၀)၊ ပဲကြီးဖြူ(၁)တင်းလျှင် ကျပ်(၇၀၀၀၀)၊ မတ်ပဲ(၁)တင်းလျှင် ကျပ်(၉၀၀၀၀)၊ ပဲစဉ်းငုံ(နီ)(၁)တင်းလျှင် ကျပ်(၉၅၀၀၀)၊ စားတော်ပဲ(၁)တင်းလျှင် ကျပ်(၁၃၀၀၀၀)၊ မြေပဲလုံးဆံ(နီ)(၁)ပိဿာလျှင် ကျပ်(၈၁၀၀)၊ မြေပဲလုံးဆံ(ဖြူ)(၁)ပိဿာလျှင် ကျပ်(၈၈၀၀၀)၊ မြေပဲအောက်ကျဆီဆံ(၁)ပိဿာလျှင် ကျပ်(၇၂၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး (ပထမပတ်)နှင့်နှိုင်းယှဉ်ပါက ကုလားပဲဟော်လန် ကျပ်(၈၅၀၀)ဈေးကျခဲ့ပြီး ပဲစဉ်းငုံနီ ကျပ် (၂၅၀၀)၊ မြေပဲလုံးဆံ(နီ) ကျပ်(၅၀) ဈေးမြင့်တက်ခဲ့ကြောင်း၊ တင်ပို့မှုအနေဖြင့် မကွေးမြို့မှ မန္တလေးမြို့သို့ ကုလားပဲအိတ်ရေ(၁၀၀၀)၊ ရန်ကုန်မြို့သို့ ကုလားပဲအိတ်ရေ(၂၅၀၀)၊ ပဲစဉ်းငုံအိတ်ရေ(၄၀၀၀)၊ မတ်ပဲအိတ်ရေ (၁၂၀၀)ခန့် တင်ပို့ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မကွေးဈေးကွက်၏ နှမ်းဈေးနှုန်းဈေးကွက်

           မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးဈေးကွက်သို့ မြို့နယ်အတွင်းရှိ မိကျောင်းရဲ၊ လျောင်းတော်ဦး၊ ကံသစ်၊ ရွာဟောင်းကန်၊ သစ်ရာကောက် စသည့်ကျေးရွာများနှင့် မြို့သစ်၊ နတ်မောက်မြို့တို့မှထွက်ရှိသော နှမ်းမျိုးစုံနှင့် အခြားပဲမျိုးစုံများ ဝင်ရောက်ရောင်းဝယ် ဖောက်ကားလျက်ရှိပါသည်။

           ၂၀၂၅ခုနှစ်၊ မတ်လ(ဒုတိယပတ်)တွင် နှမ်းနီ(၁)တင်းလျှင် ကျပ်(၁၁၅၀၀၀)၊ နှမ်းဖြူ (၁)တင်းလျှင် ကျပ်(၁၂၅၀၀၀)၊ နှမ်းနက်(စမုံ) (၁)တင်းလျှင် ကျပ်(၂၃၀၀၀၀)၊ နှမ်းညိုကြား (၁)တင်းလျှင် ကျပ် (၉၇၀၀၀)ဖြစ်ပြီး နှမ်းသီးနှံထွက်ပေါ်ရာသီမဟုတ်သည့်အတွက် အရောင်းအဝယ်အေး လျက်ရှိကြောင်း၊ တင်ပို့မှုအနေဖြင့် တစ်ပတ်အတွင်း မန္တလေးမြို့သို့အိတ်ရေ(၃၀၀)တင်ပို့ခဲ့ပြီး တန်ချိန်(၁၀၀) အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူဈေးကွက်သို့ ကြက်သွန်ဖြူ(အသစ်)များ ဝင်ရောက်၍ ဈေးကျဆင်း အရောင်းအဝယ်ဖြစ်

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့  ကုန်စိမ်းသီးနှံဈေးကွက်တွင် စားသုံးသူများ နေ့စဉ်နှင့်အမျှ ဝယ်ယူသုံးစွဲလျက်ရှိသည့် ကြက်သွန်ဖြူသီးနှံများလည်း နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး မတ်လ (ပထမ)ပတ်တွင် ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။ ကြက်သွန်ဖြူ သီးနှံကို ပြည်တွင်းဒေသထွက်အပြင် စားသုံးမှုမလုံလောက်၍ ပြည်ပနိုင်ငံများမှလည်း ဝယ်ယူ တင်သွင်းလျက်ရှိသည်။ စိုက်ပျိုးမှုအနေဖြင့် မကွေးတိုင်းဒေသကြီး အအေးပိုင်းဒေသများဖြစ်သည့် ဆော၊ ကျောက်ထု၊ ပေါက်ဒေသများတွင် အများဆုံးစိုက်ပျိုး စိုက်ပျိုးကြောင်း၊ ယခုအချိန်တွင် ပခုက္ကူဈေးကွက်သို့  ကြက်သွန်ဖြူ(အသစ်)များဝင်ရောက်ပြီး ဈေးအနည်းငယ်ကျဆင်း အရောင်းအဝယ်ဖြစ်ကြောင်း  သိရှိရ သည်။

           ဈေးနှုန်းအနေဖြင့် ၂၀၂၅ခုနှစ်၊ မတ်လ(ပထမ)ပတ်တွင် ဗမာကြက်သွန်ဖြူ အလုံး အကြီးအသေးနှင့် အရည်အသွေး လိုက်၍ တစ်ပိဿာလျှင် ကျပ်(၁၆၀၀၀-၈၀၀၀)၊ ကြူကုတ်(ရှမ်းပြည်) တစ်ပိဿာလျှင် ကျပ်(၁၇၀၀၀-၉၀၀၀) ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခင် ဖေဖော်ဝါရီ (ပထမ)ပတ်တွင် ဗမာကြက်သွန်ဖြူ အလုံး အကြီးအသေးနှင့် အရည်အသွေး လိုက်၍ တစ်ပိဿာလျှင် ကျပ်(၂၀၀၀၀-၈၀၀၀)၊ ကြူကုတ်(ရှမ်းပြည်) တစ်ပိဿာလျှင် ကျပ်(၂၁၀၀၀-၉၀၀၀) ဈေးဖြင့် အရောင်းအဝယ်ဖြစ် ကြောင်း၊ ယခင်ဖေဖော်ဝါရီလ(ပထမ)ပတ်နှင့် ဈေးနှုန်း နှိုင်းယှဉ်ပါက ကြက်သွန်ဖြူ တစ်ပိဿာလျှင် ကျပ်(၄၀၀၀)ခန့် ဈေးကျပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ ဈေးနှုန်းကျဆင်းရခြင်းမှာ ကြက်သွန်ဖြူ သီးနှံ(အသစ်)များဈေးကွက်သို့ ဝင်ရောက်မှုများ၍ ဈေးကျဆင်းကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူမြို့ မုန်လာဥ(ဖြူ)ဈေးနှုန်းအခြေအနေ

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့တွင် အမှတ်(၁)မြို့မဈေးနှင့် ပန်းခြံဈေးရှိ ကုန်စိမ်းသီးနှံဈေးကွက်တွင် စားသုံးသူတို့၏ အခြေခံစားကုန်တစ်မျိုးဖြစ်သော ဆောင်းသီးနှံ မုန်လာဥ (ဖြူ)များလည်း နေ့စဉ် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ပခုက္ကူမြို့နယ်သည် သီးနှံမျိုးစုံစိုက်ပျိုးရာမှ ကုန်စိမ်းသီးနှံ မုန်လာဥ(ဖြူ) စိုက်ပျိုးမှုကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြသည်။ မြစ်ခြေ၊ ကမ္မ မြို့နယ်များ၌ ပခုက္ကူကျွန်းကျေးရွာ များဖြစ်သည့် ကျွန်းဦး၊ ကျွန်းညိုကြီးကျေးရွာများတွင် အများဆုံး စိုက်ပျိုးပြီး ယခုအချိန် ဒေသထွက် ကုန်စိမ်းသီးနှံများ လှိုင်လှိုင်ပေါ်ချိန်ဖြစ်၍ ပခုက္ကူဈေးကွက်သို့ မုန်လာဥ(ဖြူ)များ ဈေးကွက်သို့ သီးနှံဝင်ရောက်မှုများပြီး ဈေးတက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။

           ဈေးနှုန်းအနေဖြင့် ၂၀၂၅ခုနှစ်၊ မတ်လ(ပထမ)ပတ်တွင် မုန်လာဥ(ဖြူ)အကြီးအသေးနှင့် သီးနှံ လတ်ဆတ် မှုပေါ် မူတည်၍ ဈေးနှုန်းမတူညီကြောင်း၊ မုန်လာဥဖြူ(ဥကြီး)(၃)လုံးပါ တစ်စည်းလျှင် ကျပ်(၁၀၀၀) ပေါက်ဈေးရှိပြီး မုန်လာဥဖြူ(ဥကြီး)တစ်ဥလျှင် ကျပ်(၄၀၀)၊ ယခင်ဖေဖော်ဝါရီလ (စတုတ္ထပတ်)တွင် မုန်လာဥ(ဖြူ)ဥကြီး(၃)လုံးပါ တစ်စည်းလျှင် ကျပ်(၅၀၀)၊ မုန်လာဥဖြူ(ဥကြီး) တစ်ဥလျှင် ကျပ်(၂၀၀)၊ ယခင်ဖေဖော်ဝါရီလ(စတုတ္ထပတ်)ပတ်နှင့် ဈေးနှုန်း နှိုင်းယှဉ်ပါက မုန်လာဥဖြူ (ဥကြီး)တစ်ဥလျှင် ကျပ် (၂၀၀)ခန့် ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ ဈေးကွက်သို့ ကုန်ဝင်ရောက်မှု အနည်းငယ်လျော့နည်းပြီး ဝယ်ယူစားသုံးမှုများ၍ အနည်းငယ်မြင့်တက်ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း