
စတော်ဘယ်ရီပင်ကိုရှမ်းပြည်နယ်တောင်ပိုင်းတွင် တောင်ကြီးမြို့နှင့်ဟိုပုံးမြို့အနီးတစ်ဝှိုက်များ၌ အများဆုံးစိုက်ပျိုးဖြစ်ထွန်းပါသည်။ စတော်ဘယ်ရီပင်ကို အောက်တိုဘာလမှနိုဝင်ဘာလအတွင်း စတင် စိုက်ပျိုးလျက်ရှိသည်။ ဤဒေသများတွင်အပင်ရင့်များကို အရွက်ကြမ်းဖြတ်ပြီး အပင်ငယ်များကို အမြစ်ပါအောင်ခွဲယူပြီး ပြန်လည်စိုက်ပျိုးလေ့ရှိကြသည်။ တစ်ပင်နှင့်တစ်ပင်ကြား (၁၀) လက်မစီခြား၍ ညီညီညာညာစိုက်ပျိုးကြပါသည်။ ဒေသတွင်း၌ စတော်ဘယ်ရီသီးအမျိုးအစား (၃) မျိုးတွေ့ရသည်။ အငယ်သီး(ခေါ်)အဖျော်သီး၊ အလတ်သီး(ခေါ်) အချွန်သီးနှင့် အမာသီး(ခေါ်)ဂျပန်သီး စသည်ဖြင့်ခေါ်ဆို ကြသည်။ အငယ်သီးမျိုးကို သစ်သီးဖျော်ရည်ဆိုင်များတွင် အသုံးများပြီး စျေးအသက်သာဆုံးအမျိုးစား ဖြစ်သည်။ အလတ်သီးကို အပျော့သီးဟူ၍ ဒေသတွင်းခေါ်ကြပြီး အသီးပုံံစံမှာချွန်ချွန်လေး ဖြစ်သောကြောင့် အချွန်သီးဟူ၍လည်းခေါ်ကြသည်။ အမာသီး(ခေါ်)ဂျပန်သီးမှာ စျေးကွက်အတွင်း၌ လူကြိုက်အများဆုံးနှင့် အရောင်းရဆုံးအမျိုးအစားဖြစ်ပြီး အငယ်သီး၊ အလတ်သီးများထက်လည်း စျေးပိုရပါသေးသည်။ ထို့ကြောင့်ဒေသတွင်း၌ အမာသီးပင်အမျိုးအစားကို အများဆုံးစိုက်ပျိုးလျက်ရှိ ကြောင်း စိုက်ပျိုးသည့်တောင်သူထံမှသိရှိရပါသည်။ ယခုအခါ စတော်ဘယ်ရီသီးပင် စိုက်ပျိုးရာသီ ရောက်ရှိလာပြီဖြစ်ရာ ဒေသခံတောင်သူများက စျေးကောင်းရရှိရန်မျှော်မှန်းပြီး အများအပြားစိုက်ပျိုး ထားကြကြောင်းလေ့လာသိရှိရပါသည်။
DOCA(ရှမ်း)
