ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပြည်ခရိုင်အတွင်းရှိ ဓါတ်မြေဩဇာပိုးသတ်‌ဆေး ဈေးနှုန်း

          ပြည်ခရိုင်တွင် သီးနှံများစိုက်ပျိုးရာတွင် အသုံးများသော ပိုးသတ်ဆေးဈေးနှုန်းများမှာ ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလတွင် ယူရီးယားလုံးကြီး တစ်အိတ်လျှင် (၁၀၁၀၀၀)ကျပ်၊ ယူရီးယားလုံးသေး တစ်အိတ်လျှင် (၁၁၀၀၀၀)ကျပ်၊ တီဆူပါ(သံကွင်း) တစ်အိတ်လျှင် (၁၃၀၀၀၀)ကျပ်၊ ပိုတက် (အာမို) တစ်အိတ်လျှင် (၁၂၀၀၀)ကျပ်၊ ကွန်ပေါင်း(၁၅)ပတ်လည် တစ်အိတ်လျှင် (၁၃၀၀၀၀)ကျပ်၊ ကလိုင်ကိုဇစ် (4liter)တစ်လုံးလျှင် (၇၅၀၀၀)ကျပ်၊ ရှောင်လင် (၅၀၀CC)တစ်ပုလင်းလျှင် (၂၀၀၀၀)ကျပ်ဖြင့် ဝယ်ယူသုံးစွဲရပြီး၊ ယခု ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလမှာတော့ ယူရီးယားလုံးကြီး တစ်အိတ်လျှင် (၁၀၀၀၀၀)ကျပ်၊ ယူရီးယားလုံးသေး တစ်အိတ်လျှင် (၁၂၀၀၀၀)ကျပ်၊ တီဆူပါ (သံကွင်း)တစ်အိတ်လျှင် (၁၄၈၀၀၀)ကျပ်၊ ပိုတက်ရှ် (အာမို) တစ်အိတ်လျှင် (၁၁၈၀၀၀)ကျပ်၊ ကွန်ပေါင်း(၁၅)ပတ်လည်တစ်အိတ်လျှင် (၁၈၅၀၀၀)၊ ကလိုင်ကိုဇစ် (4liter)တစ်လုံးလျှင် (၇၇၀၀၀)ကျပ်၊ ရှောင်လင် (၅၀၀ CC)တစ်ပုလင်းလျှင် (၂၀၀၀၀)ကျပ်ဖြင့် ဈေးကွက်အတွင်းတွင် ဝယ်ယူသုံးစွဲရပါသည်။ ဆောင်းသီးနှံများ စိုက်ပျိုးမှုများလာသောကြောင့် ပိုးသတ်ဆေး၊ ဓါတ်မြေဩဇာများမှာ ဈေးမြင့်တက်နေရခြင်းဖြစ်ပါသည်။

DOCA(ပဲခူး)

 

ပြည်ခရိုင်၊ ပြည်မြို့ရှိ ဒေသထုတ်ကုန်အရောင်းစင်တာ

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ MSMEs ဒေသထုတ်ကုန်များဈေးကွက်ပိုမိုရရှိစေရေးနှင့် ပိုမိုတိုးမြှင့် ထုတ်လုပ်လာနိုင်ရေး၊ ပြည်ပ‌ဈေးကွက်ထိ တင်ပို့ရောင်းချနိုင်ရေးကို ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ ဝန်ကြီးချုပ်၏လမ်းညွှန်ချက်နှင့်အညီ ပဲခူးတိုင်းဒေသကြီး ထုတ်ကုန်များ အရောင်းစင်တာ အား ဖွင့်လှစ်ဆောက်ရွက်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ကြီးကြပ်ဆောင်ရွက်ခဲ့ပါသည်။ ပြည်ခရိုင်၊ ပြည်မြို့ရှိ အရောင်းစင်တာကို (19.11.2023) ရက်နေတွင် စတင်ဖွင့်လှစ်ခဲ့ ပါသည်။အရောင်းစင်တာတွင် တိုင်းဒေသကြီးအတွင်းရှိ ဒေသထုတ်ကုန်များကို တစ်နေရာတည်းတွင် လွယ်လင့်တကူ ဝယ်ယူရရှိနိုင်ရန်အတွက်-

(က)    ‌တောင်ငူခရိုင်မှ အမျိုးအစား(5)မျိုး၊ အမယ်(9)မျိုး

(ခ)     ညောင်လေးပင်ခရိုင်မှ အမျိုးအစား(2)မျိုး၊ အမယ်(7)မျိုး

(ဂ)     ပဲခူးခရိုင်မှ အမျိုးအစား (9)မျိုး၊ အမယ် (114)မျိုး

(ဃ)    သာယာဝတီခရိုင်မှ အမျိုးအစား(2)မျိုး၊ အမယ်(2)မျိုး

(င)     နတ်တလင်းခရိုင်မှ အမျိုးအစား(3)မျိုး၊ အမယ် (14)မျိုး

(စ)     ပြည်ခရိုင်မှ အမျိုးအစား(8)မျိုး၊ အမယ်(35)မျိုး

(ဆ)    MEC မှ အမျိုးအစား (1)မျိုး ၊ အမယ်(35)မျိုး

စုစုပေါင်း အမျိုးအစား(30)မျိုး နှင့် အမယ် (238)မျိုးတင်ပြရောင်းချထားပါသည်။

စင်တာရောင်းချရမှုအနေဖြင့် တစ်နှစ်အတွင်း ငွေကျပ်သန်းပေါင်း 142.5 တိတိကို ရောင်းချ ခဲ့ရကြောင်းသိရှိပါသည်။

DOCA(ပဲခူး)

 

ဆောင်းမြေပဲများပေါ်ခါနီး၍ ပြည်ဈေးကွက်တွင် မြေပဲဆန်ဈေးများအနည်းငယ်မြင့်တက်လာ

            ပြည်ခရိုင်တွင် ဆောင်းသီးနှံမြေပဲများ မကြာမီအချိန်ကာတွင် ထွက်ပေါ်လာတော့မည်ဖြစ်ပါသည်။ ယခုအချိန်ဖြစ်သော ဇန်နဝါရီလနောက်ဆုံးပတ်တွင် ပြည်မြို့ရှိပွဲရုံများနှင့် ဈေးကွက်များသို့ ပန်းတောင်း မြို့နယ်ဘက်နှင့် ရွှေတောင်မြို့နယ်ဘက်မှ မြေပဲဆန်များ နေ့စဉ် ပိဿာ(၂၀)ဝင် အိတ် ၄၀၀/၅၀၀ ခန့်ဝင်ရောက်လျှက်ရှိပါသည်။ ဝင်ရောက်လာသော မြေပဲဆန်များမှ ဆီဆန်နှင့် ရွေးဆန်ကို မြို့တွင်း ဆီစက်များကအဝယ်ရှိပြီး လုံးဆန်ကို လုပ်ငန်းရှင်သမားများနှင့် ရန်ကုန်ဝယ်လက်များကဝယ်ယူမှုရှိ၍ အရောင်းအဝယ်မှာ နေ့စဉ်ဖြစ်လျှက်ရှိပါသည်။  ဈေးနှုန်းများအနေဖြင့် မြေပဲဆီဆန်(အဖြူ) တစ်ပိဿာလျှင် ၈၅၀၀ကျပ်၊ (အနီ)တစ်ပိဿာလျှင် ၈၄၀၀ကျပ်နှင့် မြေပဲလုံးဆန်(အဖြူ)တစ်ပိဿာလျှင် ၈၈၀၀ကျပ်၊ (အနီ)တစ်ပိဿာလျှင် ၈၇၀၀ကျပ်ဖြင့် ဇန်နဝါရီနောက်ဆုံးပတ်တွင်   ပြည်မြို့ရှိ ပွဲရုံများနှင့် ဈေးကွက်များ တွင် အရောင်းအဝယ်ဖြစ် လျှက်ရှိပါသည်။ ယခင်နှစ်ကုန်ပိုင်းဖြစ် သောဒီဇင်ဘာလ နောက်ဆုံးပတ်နှင့် နှိုင်းယှဉ်ကြည့်လျှင် တစ်ပိဿာလျှင် (၅၀၀)ကျပ်ခန့်ဈေးအနည်းငယ်မြင့်တက်လာတာတွေ့ရပါသည်။ ဈေးနှုန်းများအနည်းငယ်မြင့်တက်လာခရခြင်းမှာ ဆောင်းမြေပဲများပေါ်ခါနီး၍ ဈေးကွက်တွင် ဝင်ရောက်မှု နည်းသွားသဖြင့် ဈေးနှုန်းများမြင့်တက်လာရခြင်းဖြစ်ကြောင်း သိရပါသည်။

DOCA(ပဲခူး)

ရွှေ‌တောင်မြို့နယ်တွင်ဖရဲသီး (၆၁၁)မျိုးများ တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိပြီး တောင်သူများအကျိုးအမြတ်ရရှိ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကျီးသဲအုပ်စုတွင် သီးနှံမျိုးစုံစိုက်ပျိုး လျက်ရှိ ရာ၊ ရာသီပေါ်သီးနှံတစ်မျိုးဖြစ်သော ဖရဲသီး (၆၁၁)မျိုးများကို တစ်နိုင်တစ်ပိုင်တောင်သူ (၁၈)ဦးမှ (၆)ဧကခန့်စိုက်ပျိုးထားကြောင်းသိရှိရပါသည်။

ဖရဲသီးကို အောက်တိုဘာလဆန်းတွင်စတင်စိုက်ပျိုးထားကြပြီး ဇန်နဝါရီလဆန်းတွင် စတင် ပေါ်ပေါက်၍ (၃)လကြာမြင့်ပါသည်။ ဖရဲသီးသည်တစ်ဧကလျှင် ရောင်းတန်းဝင်ဖရဲသီးအလုံး (၁၅၀၀)ခန့်ထွက်ရှိပါသည်။ ဖရဲသီးစိုက်ပျိုးထုတ်လုပ်မှုအနေဖြင့် တစ်ဧကလျှင်(၆)သိန်းကျပ်ခန့် ကုန်ကျပြီး၊ ပြန်လည်ရောင်းချရာတွင်အခင်းပြတ်တစ်ဧကလျှင် (၂၅)သိန်းကျပ်ရရှိပါသည်။သို့ အတွက် ဖရဲသီးတစ်ဧကလျှင် အကျိုးအမြတ် (၁၉)သိန်းခန့်ရရှိပါသည်။

ဝယ်ယူသူများအနေဖြင့်လည်း ဖရဲသီးများကိုအကြီးအသေးပေါ်မူတည်ပြီး(၂၀၀၀)ကျပ်မှ (၃၀၀၀)ကျပ်အထိပြန်လည်ရောင်းချကြပါသည်။ ပြန်လည်ရောင်းချရာတွင်ရန်ကုန်၊ပြည် လမ်းဘေး တွင် ဆိုင်များဖွင့်လှစ်၍၎င်းအနီးအနားမြို့များသို့ဖောက်သည် ပေး၍လည်းကောင်းရောင်းချကြပါ သည်။

သို့ဖြစ်ပါ၍ ယခုနှစ်ဖရဲသီးများသည် တောင်သူနှင့်ပြန်လည်ရောင်းချသူနှစ်ဦးစလုံးအကျိုးရှိသော သီးနှံဖြစ်ကြောင်းတင်ပြအပ်ပါသည်။

DOCA(ပဲခူး)

ပြည်ပဲဈေးကွက်မှာ ကုလားပဲလက်ကျန်ပဲများ အရောင်းအဝယ်ဖြစ်နေ

          ပြည်ပဲဈေးကွက်အတွင်း ‌ဆောင်းပဲသီးနှံအချို့ ဈေးကွက်အတွင်း ဝင်ရောက်လာသော်လည်း ကုလားပဲသီးနှံကတော့ ပဲသစ်ဝင်ရောက်ခြင်းမရှိသေးဘဲ ပဲဟောင်းလက်ကျန်များဖြင့်သာ ရောင်းဝယ်နေခဲ့ကြပါသည်။ ပဲဟောင်းသီးနှံများအား ဒေသတွင်း ပဲခွဲစက်သမားများနေ့စဉ် အဝယ်ရှိနေတာကြောင့် အိတ်(၂၀၀-၃၀၀)ကျော် အရောင်းအဝယ်ပုံမှန်ဖြစ်ခဲ့ကြပါသည်။ ပဲဈေးနှုန်းမှာ တစ်တင်း(၉၅၀၀၀)ကျပ် ရရှိခဲ့သည့်အတွက် ပဲဈေးကွက်မှာ အခြားပဲများနည်းတူ ဈေးပြိုင်ရရှိခဲ့ပေမယ့် ယခင်နှစ်ကဈေးကို မမှီဘဲဈေးလျော့နည်းခဲ့းပါသည်။ ယခင်နှစ်က ကုလားပဲသီးနှံ၏ နှစ်ဆန်းပိုင်း ဈေးနှုူန်းမှာ တစ်တင်း (၁၀၀၀၀၀)ကျပ်နှုန်းအထိ ရရှိခဲ့သည့်အတွက် ပဲဈေးကွက်မှာ ‌ဈေးကာင်းဝင်သီးနှံဖြစ်ခဲ့ကြောင်း လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ပဲဈေးကွက်မှာ ပဲစင်းငုံသီးနှံအရောင်းအဝယ်သွက်

          ပြည်ပဲဈေးကွက်သို့ ပဲစင်းငုံသီးနှံသစ်များ နေ့စဉ်အဝင်ရှိလာတာကြောင့် တစ်ရက်အိတ်(၃၀၀-၄၀၀)ကျော်ဝင်ရောက်ခဲ့ပြီး ပြည်တစ်ဖက်ကမ်း ပန်းတောင်း၊ မင်းတုန်းဖက်မှ ဝင်ရောက်ခဲ့ကြပါ သည်။ ဝယ်လိုအားအနေဖြင့် ရန်ကုန်ဝယ်လက် အဓိကဝယ်ယူမှုရှိသလို လှောင်ပဲသမားအချို့လည်း ဝယ်ယူနေခဲ့ကြပါသည်။ ပဲသစ်ဈေးမှာ တစ်တင်း ၉၉၅၀၀၀)ကျပ်မှ (၉၆၀၀၀)ကျပ်အထိ ပဲအရည် အသွေးလိုက်၍ ဈေးကွာခြားမှုရှိခဲ့ပါသည်။ ပဲစင်းငုံဈေးမှာ ယခင်နှစ်က နှစ်ဆန်းပိုင်း တစ်တင်း (၁၀၉၀၀၀)ကျပ်မှ (၁၁၀၀၀၀)ကျပ် ရရှိခဲ့သည့်အတွက် ယခုနှစ်ဈေးမှာ ယခင်နှစ်ထက် ဈေးအနည်း ငယ်လျော့နည်းနေခဲ့ပါသည်။ ယခင်နှစ်က ပြည်ပဝယ်လက်ပဲဈေးကွက်တွင် မတ်ပဲ၊ ပဲတီစိမ်းသီးနှံ များနှင့်ယှဉ်လျှင် ဈေးကောင်းပိုရခဲ့သော်လည်း ယခုနှစ်တွင် အဆိုပါပဲများထက် ဈေးအနည်းငယ် လျော့နည်းနေခဲ့ကြောင်းသိရပါသည်။

DOCA(ပဲခူး)

နဝဒေးသကြားစက် ပုံမှန်လည်ပတ်

          ပဲခူးတိုင်းဒေသကြီး(အနောက်)၊ ပြည်ခရိုင်၊ ပြည်မြို့အနီးတဝိုက်ရှိကျေးရွာများမှ တနိုင်တပိုင် ကြံစိုက်တောင်သူများမှ နဝဒေးသကြားစက်သို့ ကြံများရောင်းချကြပါသည်။ ကြံ(၁)တန်လျှင် စက်ရုံမှ (၁၈၀၀၀၀)ကျပ်ဈေးဖြင့် ဝယ်ယူ၍ (၂၇.၁.၂၀၂၅)နေ့ထိ ကြိတ်ဝါးပြီး ကြံတန်ချိန် (၁၈၅၉၂၃.၉၀)တန်၊ ကြိတ်ဝါးပြီး သကြားတန်ချိန်(၁၇၈၀၀.၆၀)တန် ဖြစ်ကြောင်း သိရှိရပါသည်။ နဝဒေးသကြား စက်မှုထုတ်လုပ်ရရှိသည့် သကြားများကို ပြည်တွင်းမှာပင် ပြန်လည်၍ ဖြန့်ဖြူးရောင်းချကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဆောင်းပဲတီစိမ်းသစ်များ ပြည်ပဲဈေးကွက်မှာ အဝင်နည်းလာပေမယ့် ဈေးကောင်းရနေ

          ပြည်ဈေးကွက်သို့ ဆောင်းပဲတီစိမ်းသစ်များ အောက်တိုဘာလကုန်ပတ်တွင် စတင်ဝင်ရောက် လာခဲ့ပြီး ယခုနှစ်ဆန်းပိုင်းမှာတော့ ပြည်အနီးတဝိုက်နှင့် မင်းတုန်း၊ ကံမ ဖက်မှ ဝင်ရောက်မှုများ ရှိသော်လည်း အိတ်အနည်းငယ်သာ ဝင်ရောက်ခဲ့သည့်အတွက် နေ့စဉ်အရောင်းအဝယ်မဖြစ်ဘြ တစ်ခါတစ်ရံမှသာ အရောင်းအဝယ်ဖြစ်ကြောင်း သိရပါသည်။ အရောင်းအဝယ်ဖြစ်သည့်ရက်တွင် အိတ်(၂၀၀)ကျော်ရောင်းချခဲ့ကြပါသည်။ ပဲဈေးနှုန်းအနေဖြင့်ပိဿာ(၂၀)၊ တစ်တင်း(၉၉၀၀၀)ကျပ်မှ ()ကျပ်ထိ ဈေးမြင့်အရောင်းအဝယ်ဖြစ်ခဲ့ကြပါသည်။ ပဲသစ်ပေါ်စ အချိန်က တစ်တင်းကျပ် (၇၀၀၀၀) ဝန်းကျင်ဖြင့် ရောင်းဝယ်ခဲ့သည့်အတွက် ပဲဈေးကွက်မှာ အခြားပဲများနှင့် ယှဉ်လျှင် ဈေးနိမ့်နေခဲ့ကာ ယခုကာလနှစ်ဆန်းပိုင်းမှာ အခြားပြည်ပဝယ်လက်ပဲများ၏ ဈေးနှုန်းနည်းတူ ဈေးရရှိလာခဲ့ပါသည်။

DOCA(ပဲခူး)

ပြည်မြို့ဈေးကွက်တွင်ဘိုကိတ်ပဲသစ်များအထွက်လှိုင်လာပြီး လက်လီ/လက်ကား အရောင်းအဝယ်ဖြစ်နေ

          ပြည်ပဲဈေးကွက်သို့ ဘိုကိတ်ပဲသစ်များ အထွက်လှိုင်လာသည့်အတွက် ဝင်ရောက်မှုအနေဖြင့် တစ်ရက်ကို အိတ်(၂၀၀-၂၅၀)ကျော်ဝင်ရောက်လာခဲ့ပါသည်။ မင်းတုန်း၊ ကံမ၊ ပန်းတောင်း မြို့နယ်များမှ ဝင်ရောက်ခဲ့ခြင်းဖြစ်ပြိး ဒေသတွင်း လက်လီသမားများသည် နေ့စည်အဝယ်ရှိနေသလို လက်ကားဝယ်ယူမှုများလည်းရှိကြောင်းသိရပါသည်။ ဈေးနှုန်းအနေဖြင့် တစ်တင်း (၈၅၀၀၀) ကျပ် ဖြင့် ရောင်းဝယ်လျက်ရှိခဲ့တာကြောင့် ပဲသစ်ပေါ်စအချိန် ‌ဈေးနှုန်းထက် ဈေးအနည်းငယ် လျော့နည်း သွားခဲ့ပါသည်။ ပဲသစ်ပေါ်စအချိန်ဈေးနှုန်းမျာ တစ်တင်းကျပ် (၁၀၀၀၀၀)ကျော် ရရှိခဲ့သည့်အတွက် ပဲအထွက်လှိုင်လာချိန်မှာ ဈေးလျော့ခဲ့ပြီး ယခင်နှစ်ကဈေးထက်တော့ ဈေးပို ရရှိခဲ့ပါသည်။ ယခင်နှစ် က နှစ်ဆန်းပိုင်းပဲအထွက်လှိုင်လာချိန် ပဲဈေးမှာ တစ်တင်း (၇၂၀၀၀)ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်ခဲ့ပါသည်။

DOCA(ပဲခူး)

ပြည်မြို့၏ဘိလပ်မြေဈေးနှုန်းဈေးကွက်

          ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့တွင် အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးဆိုင် (၁၀)ဆိုင် နီးပါးခန့် ရှိပါသည်။ ဆိုင်ကြီးမှာ (၄)ဆိုင်နီးပါးခန့် ရှိ၍ ယခုတစ်ပတ်တွင်း ဘိလပ်မြေ ဈေးမှာ ပိုမို၍ ယခင်အပတ်ကထက်အနည်းငယ်မြင့်တက်လာခဲ့ပါသည်။ မြို့တွင်းဆိုင်ကြိးများမှာ ရန်ကုန် ကုမ္ပဏီ ကြီးများဖြစ်သော နိုင်းနိုင်းကုမ္ပဏီနှင့် ရွှေမေတ္တာကုမ္ပဏီကြီး များဝယ်ယူ ရောင်းချ ကြပြီး ယခင်နှစ်ကုန် လများမှ စတင်၍ ဘိလပ်မြေမှာ လိုအပ်သလောက် ဝယ်ယူမရရှိခဲ့ကြောင်း၊ ကျောက်ဆည်ဘိလပ်မြေ စက်ရုံမှ ဘိလပ်မြေထုတ်လုပ်ရာတွင် ကုန်ကြမ်းရှားပါးမှု ကြောင့် လည်းကောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖြန့်ဖြူးရောင်းချ ရမှုတို့ကြောင့် ဈေးမြင့်တက် လာခဲ့သည်ဟု ယူဆပါကြောင်း လုပ်ငန်းရှင်တစ်ဦးမှ ပြောကြားသည်ကို သိရှိရပါသည်။ ယခင်နှစ်(၁၁)လပိုင်းမှ စတင်ကာ ကြံ့နီဘိလပ်မြေဈေးမှာ (၁၂၅၀၀)ကျပ်ဈေး၊ အယ်ဖာဘိလပ်မြေ ဈေးမှာ (၁၂၅၀၀)ကျပ် တို့ဖြင့် စတင်၍ ဈေးကြီးမြင့်တက်လာခဲ့ရာတွင် ယခုအချိန်ထိ ဈေးနှုန်းမှာ ပြန်လည်ကျဆင်းသွား ခြင်းမရှိသေး၍ ယခုဇန်နဝါရီလ နောက်ဆုံးပတ်ဘိလပ်မြေဈေးနှုန်းမှာ ပြည်မြို့တွင်း စားသုံးသူ ဝယ်လိုအား အများဆုံးဖြစ်သည့် ကြံ့နီဘိလပ်မြေဈေးမှာ (၂၇၀၀၀)ကျပ်၊ အယ်ဖာဘိလပ်မြေဈေးမှာ (၂၇၀၀၀)ကျပ်ဈေးထိ မြင့်တက်လာခဲ့ပါသည်။ ဇန်နဝါရီလ ပထမပတ်တွင် ဘိလပ်မြေဈေးမှာ ကြံ့နီ ဘိလပ်မြေဈေးမှာ (၁၉၀၀၀)ကျပ်နှင့် အယ်ဖာ ဘိလပ်မြေဈေးမှာ (၁၉၀၀၀)ကျပ်၊ ဇန်နဝါရီလဒုတိယပတ်တွင် ကြံ့နီဘိလပ်မြေဈေးမှာ (၂၁၀၀၀)ကျပ်၊ အယ်ဖာဘိလပ်မြေ‌ဈေးမှာ (၂၁၀၀၀)ကျပ်ဈေးတို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။

          ယခုပြည်မြို့၏ ဘိလပ်မြေဈေးကွက်တွင် ဘိလပ်မြေပြတ်လပ်မှုမရှိကြောင်း သိရ၍ ကုန်ပစ္စည်း လက်ကျန် နည်းပါးမှုသာရှိကြောင်း သိရပါသည်။ အရောင်းအဝယ်မှာလည်း ပုံမှန်ရှိ ကြောင်း သိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း