ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရွက်လှပန်းပျိုးပင်ဈေးကွက်

         ရွက်လှပန်းပင်သည် အပွင့်မဟုတ်ဘဲ အရွက်များသာရှိပြီး အရွက်များလှပတင့်တယ် ခြင်းကြောင့် ရွက်လှပန်းဟု ခေါ်ဆိုခြင်း ဖြစ်ပါသည်။ ရွက်လှပန်းသည်လည်း သပြေညွှန့်၊ ကံ့ကော်ညွှန့်တို့ကို ပန်းဟုခေါ်သကဲ့သို့ခေါ်ဆိုကြခြင်းဖြစ်ပါသည်။ ရွက်လှရွက်များသည် အရောင်စုံ၍ စိုပြေလှပ သည့်အပြင် အလွန်မာကျောကာ အထားခံသောကြောင့် လူကြိုက်များကြပါသည်။ အပင်တစ်ပင် တည်းပင်လျှင် အရွက်ကိုလိုက်၍ အဆင့်ဆင့်အရောင် ပြောင်းတတ်သော အပင် တစ်မျိုး လည်းဖြစ်ပါသည်။ ရွက်လှပင်များသည် မြေမရွေးဘဲ စိုက်ပျိုးဖြစ်ထွန်းခြင်း၊ ရာသီဥတု ဒဏ်ကိုလည်းခံနိုင်ရည်ရှိပါသည်။  အရိပ်အသင့်အတင့်အနည်းငယ်ရသော နေရာများတွင် စိုက်ပျိုးရ ခြင်းဖြင့် ထွက်ပေါ်လာသောအရောင်များနှင့် နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့နိုင်သောနေရာ တွင် စိုက်ပျိုး၍ထွက်ပေါ်လာသော အရွက်အရောင်များမှာ ကွဲပြားခြားနားမှုရှိပါသည်။ ရွက်လှပန်း ပင်များကို ပန်းအိုးဖြင့်လည်းကောင်း၊ သံပုံးများဖြင့်လည်းကောင်း၊ စည်ပိုင်းများဖြင့်လည်းကောင်း စိုက်ပျိုး၍ရသော်လည်း မြေပေါ်တွင်စိုက်ပျိုးသည်က ပိုမို၍ဖြစ်ထွန်းပါသည်။ မြေကြီးပေါ်တွင် စိုက်ပျိုးသည့်အပင်သည် ပန်းအိုးထဲစိုက်ပျိုးသည့်အပင်ထက် အမြစ်များပို၍ ထိုးထွက်သဖြင့် အကိုင်း အခက်အလက်အတက်အရွက်များလည်း ဝေဆာစွာလှပပါသည်။ ထိုသို့လှပသော ရွက်လှပန်းပင် များကို ရုံးဝန်းအတွင်း၊ ရုံးမျက်နှာစာ၊ စာသင်ကျောင်းဝန်းအတွင်းများ၊ ဘုန်းကြီးကျောင်းဝန်း အတွင်းများ၊ ဟိုတယ်များ စသည့်ဖြင့်နေရာစုံ အလှစိုက်ပျိုးမှုများကြောင်း သိရပါသည်။ ပုသိမ်ကြီး မြို့တွင် ရွက်လှပန်းပင်ဈေးနှုန်းများမှာ အပင်အသေးတစ်ပင်လျှင် (၁၅၀၀/၂၀၀၀)ကျပ်၊ အလတ်စား တစ်ပင်လျှင် (၂၅၀၀/၃၀၀၀)ကျပ်နှင့် အကြီးတစ်ပင်လျှင် (၄၅၀၀/၅၀၀၀)ကျပ်များဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။

DOCA(မန္တလေး)

 

 

အောင်သပြေ ပန်းဈေးကွက်

            အောင်သပြေပန်းသည် ဈေးကွက်ရောင်းအားအနေဖြင့် တခြားပန်းများနှင့်ယှဉ်လျှင် ဈေးနည်းသော်လည်း ပိုးမွှားရောဂါခံနိုင်သည့်အပြင် အပင်ပြုစုသည့်အခါတွင်လည်း ကုန်ကျစရိတ်သက် သာခြင်း၊စတင်စိုက်ပျိုးပြီး (၂)နှစ်သားရောက်မှသာလျှင် ချိုး၍ရောင်းရပါကြောင်း၊နေ့စဉ် ခူး၍ရောင်း ချရသောကြောင့် ပုံမှန်ဝင်ငွေ ရရှိသောကြောင့်  စိုက်ပျိုးသူများ အားထားရသော ပန်းပင်တစ်မျိုး ဖြစ်ပါသည်။ နွေရာသီအချိန်တွင် (၇)ရက်တစ်ကြိမ်ရေတင်ပေးရကြောင်း၊ ယခုလို မိုးရာသီတွင် ပိုးသတ်ဆေးအနည်းငယ်ဖြန်းပေးရကြောင်း၊ လေကြမ်းတိုက်လျှင် သပြေညွှန့်လေးများသည် မရဲတော့ဘဲ အစိမ်းရောင်ဖြစ်နေကြောင်း၊ ဆောင်းရာသီအချိန်တွင် ရောင်းအားပိုမိုကောင်းကြောင်း၊ နွေရာသီမှာတော့ အပူဒဏ်ကြောင့် အနည်းငယ်ရောင်းအားအေးပါကြောင်း သပြေပန်းစိုက်ပျိုးသူတောင်သူတစ်ဦး၏ပြောကြားချက်အရသိရှိရသည်။သပြေပန်းကို ဘုရားတင်ခြင်း၊ နတ်ပန်းလှူခြင်း၊အလှူ၊ မင်္လာဆောင်များ အတွက် လူကြိုက်များသော ပန်းတစ်မျိုးဖြစ်ပါသည်။ ပုသိမ်ကြီး ဈေးတွင် အောင်သပြေ အငုတ်ကြီး တစ်ခုလျှင် (၂၀၀၀/၂၅၀၀)ကျပ် ၊ အငုတ်သေးတစ်ခုလျှင် (၁၀၀၀/၁၅၀၀)ကျပ်၊သပြေပန်းတစ်စည်းလျှင် (၅၀၀)ကျပ်ဖြင့် အကြီးအသေးပေါ်မူတည်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ပန်းရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(မန္တလေး)

 

မြိတ်ဒေသထုတ်ကုန်အဖြစ်ထုတ်လုပ်လျက်ရှိသော အာလူး

      အာလူးကို မြန်မာနိုင်ငံရှိ ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသ ကြီးနှင့် ရှမ်းပြည်နယ်တွင်စိုက်ပျိုးလျက်ရှိပြီး ‌မြေနီ၊ နုန်းတင် မြေနု၊ ခဲမြေနက် မြေမျိုးတွင်စိုက်ပျိုး နိုင်သည်။ တနင်္သာရီတိုင်းဒေသတွင် မစိုက်ပျိုးနိုင်ခြင်းကြောင့် ရန်ကုန်ကုန်စည်ဒိုင်များမှ ပြန်လည် မှာယူလျက်ရှိပြီး ဒေသတွင်း အစားအသောက်များချက်ပြုတ်ရန်နှင့် အားလူးကြော် ထုတ်ကုန်အဖြစ် ထုတ်လုပ်ရာတွင် အဓိကသုံးစွဲလျက်ရှိပါသည်။ ဒေသထုတ်ကုန် (SME) မှတ်ပုံတင်ဖြင့် ထုတ်လုပ်ကြ လျက်ရှိပြီး အခြားတိုင်းနှင့်ပြည်နယ်များသို့ ရောင်းချလျက်ရှိကြပါသည်။

       မြိတ်မြို့တွင် ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၌ အာလူးကြော်တစ်ထုပ်လျှင် ၁၅၀၀ခန့်စျေးရရှိပြီး စားသောက်ဆိုင်များတွင် အာလူးပွကြော်တစ်ပွဲလျှင် ၅၀၀၀ကျပ်ခန့်စျေးရရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

မြိတ်မြို့တွင် ငရုတ်သီးစျေးနှုန်း အနည်းငယ်မြင့်တက်

     တနင်္သာရီတိုင်း၊ မြိတ်ခရိုင်တွင် ငရုတ်သီးကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိပြီ အခြားဒေသ များမှ လည်းမှာယူလျက်ရှိပါသည်။ ယခုနိုဝင်ဘာလဒုတိယပတ်အခြေအနေအရ မြိတ်မြို့တွင် ငရုတ် သီးအဝင်နည်းနေမှုကြောင့် စျေးနှုန်းအနည်းငယ်မြင့်တက်လာခဲ့ကြောင်း သိရှိရသည်။ ဒေသတွင်းစိုက် ပျိုးမှုရှိသော်လည်း မလုံလောက်ခြင်းနှင့် ငရုတ်သီးအထားမခံခြင်းတို့ကြောင့် အနည်းငယ်သာ မှာယူ လျက်ရှိပြီး ရံဖန်ရံခါ လမ်းခရီးအခြေအနေများကြောင့် စျေးနှုန်းပြောင်းလဲကြောင်း သိရှိရပါသည်။

     မြိတ်မြို့တွင် ငရုတ်သီးစျေးနှုန်း အတောက်(၃၀)ပါတစ်ထုတ်လျှင် ၁၀၀၀ ကျပ်ခန့်စျေးနှုန်း ဖြစ်ပေါ်နေကြောင်း ယခင်က တစ်ထုတ်လျှင် ၈၀၀ကျပ်ခန့်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ဇွန်ပန်းပျိုးပင်နှင့် ဇွန်ပန်းဈေးကွက်

          ဇွန်ပန်း၏ ရနံ့ကစိတ်ကိုကြည်လင်အေးမြလန်းဆန်းစေပြီး စိတ်ဖိစီးမှုကို လျော့နည်း စေပါသည်။ ဇွန်ပန်း၏ နှင်းလိုဖြူဆွတ်တဲ့ အရောင်၊ မွှေးပျံ့ချိုမြိန်တဲ့ရနံ့၊ လှပတဲ့ပန်းပွင့်တွေကြောင့် လူအများကြိုက်နှစ်သက်ကြပါသည်။ မိုးရာသီရောက်ပြီဆိုသည်နှင့် စံပယ်ပန်းပြီးလျှင် ဇွန်ပန်းများ ထွက်ပေါ် လာပြီ ဖြစ်ပါသည်။ ဇွန်ပန်းများကို သီကုံး၍ ဈေးကွက်သို့ တင်ပို့ရောင်းချကြပြီး လူကြိုက်များ၍ ဝယ်ယူမှုများသော ပန်းကလေးများ ဖြစ်ပါသည်။ ဘုရားပန်းကပ်လှူရန်နှင့် အမျိုး သမီးများ ခေါင်းတွင် ပန်ဆင်ရန်အတွက်  အရောင်းသွက်လှပါသည်။ဇွန်ပန်းပင်သည် တစ်ခါစိုက် ထားလျှင် အခါခါခူးယူရသော ကြာရှည်ခံအပင်တစ်မျိုးဖြစ်ပါသည်။ မိမိအိမ်ခြံဝန်းတွင်  ပန်းအိုးနှင့် အလှစိုက်ပျိုးကြသလို စီးပွားဖြစ်ခြံနှင့်စိုက်ပျိုးသူများလည်း ရှိပါသည်။ တိုးတက်လာတဲ့ ခေတ်နှင့် အညီ ဖုန်းတစ်ချက်ဆက်လိုက်ရုံဖြင့် အိမ်တိုင်ရာရောက်လာရောက် ပို့ဆောင်ရောင်းချမှုများလည်း ရှိပါသည်။ ဇွန်ပျိုးပင်တစ်ပင်လျှင်(၁၀၀၀/၁၅၀၀)ကျပ်၊(၁၀)ပင်ဈေးနှုန်းအနေဖြင့်(၈၀၀၀/၁၂၀၀၀)ကျပ်၊ဇွန်ပန်းကုံးဈေးနှုန်းမှာ(၁၀)ကုံးပါ တစ်တွဲလျှင်(၁၀၀၀)ကျပ်ဖြင့်အရောင်း အဝယ်ဖြစ်ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

စက္ကူပန်းပျိုးပင်ဈေးကွက်

              စိတ်ကိုပျော်ရွှင်လိုလျှင် သစ်ပင်ပန်းပင်စိုက်ပါ။ သစ်ပင်က အေးမြမှုအရိပ်ကို ပေးသည်။ ပန်းကလေးတွေက သူတို့ရဲ့အလှ၊ သူတို့ရဲ့ ရနံ့ဖြင့် စိတ်ကြည်လင်မှု၊ စိတ်ပျော်ရွှင်မှုနှင့် စိတ်သက်သာရာရမှုကို အခိုက်အတန့်လေး ဖြစ်စေသည်မှာ ဧကန်မလွှဲပေ။ အချို့ပန်းများက ရနံ့ဖြင့် ဆွဲဆောင်နိုင်သည်။ အချို့ပန်းများက ရနံ့မပါ အလှနဲ့ဆွဲဆောင်နိုင်သည်။ အချို့ပန်းကလေးများက ရနံ့လည်းရှိ ပန်းလည်းလှသည့်အနေဖြင့် ဆွဲဆောင်နိုင်ကြသည်။ ထိုထဲကမှ စက္ကူပန်း ကလေးများသည် ရနံ့မပါ လှသွေးကြွယ်သည့် ပန်းကလေးများဖြစ်သည်။ စက္ကူပန်းကလေးများ သည် အဖြူ၊အနီ၊ ပန်းရောင်၊ ခရမ်းရောင်၊ အုတ်ခဲရောင်၊နှစ်ရောင်စပ် စသည်ဖြင့် ရောင်စုံပွင့် လန်းကြသည်။ အပူပိုင်းဒေသများအတွက် ရာသီဥတုဒဏ်ခံနိုင်ရည်ရှိသော အပင်မျိုးဖြစ်သည်။ စက္ကူပန်းလေး၏ အဓိပ္ပာယ်မှာ အေးချမ်းခြင်းဖြစ်ပြီး ဘဝရဲ့ ပျော်ရွှင်မှု ဟူ၍ အဓိပ္ပာယ်ရသည်။ ရနံ့မရှိလို့ လူကြိုက်နည်းပြီး အချစ်မခံရပေမယ့် အလှဆုံးကြိုးစားရှင်သန်နေသော သန်မာသည့် ပန်းကလေးများဖြစ်သည်။ ယခုအခါ စက္ကူပန်းပင်များကို လမ်းဘေးဝဲယာ တစ်လျောက်၊ ပန်းခြံ၊ ဘုရားကျောင်းကန်၊ အိမ်ခြံစည်းရိုးများတွင် အလှပန်းပင်အဖြစ် စိုက်ပျိုးလေ့ရှိကြသည်။ စက္ကူပန်း လေးတွေကလည်း ရနံ့မကြွယ်ပေမယ့် ပန်း၏အဓိပ္ပာယ်သည် ကောင်းသော အတိတ်နမိတ်ကို ဆောင်ကြည်းပေးနိုင်သောကြောင့် လူတိုင်းစိုက်ပျိုးသင့်သော အပင်တစ်မျိုးဖြစ်သည်။ ဈေးနှုန်း သက်သာပြီး ဝယ်ယူမှုများသောကြောင့် ပန်းစက္ကူတစ်ပင်လျှင် အပင်အရွယ်အစား အရောင်အဆင်းပေါ်မူတည်၍ (၁၀၀၀/၅၀၀၀/၁၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း ပန်းပျိုးပင်အရောင်းဆိုင်မှ သိရသည်။

DOCA(မန္တလေး)

 

မြို့မဈေး၌ ဈေးနှုန်းကျဆင်းလာသည့် မန်ကျည်းသီးမှည့်

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ် နေရာအနှံ့အပြားတွင် မန်ကျည်း ပင်များ အလေ့ကျပေါက်ရောက်ပြီး ဒေသခံပြည်သူများက မန်ကျည်းသီးမှည့်ချိန်တွင် ခူးဆွတ်ကာ ရောင်းချကြောင်း၊ မန်ကျည်းသီးမှည့်တွင် အစေ့ပါမန်ကျည်းသီးမှည့်နှင့် အစေ့လွတ်မန်ကျည်းသီး မှည့်ဟူ၍ နှစ်မျိုးရှိပြီး ဈေးကွက်အတွင်း အစေ့လွတ်မန်ကျည်းသီးမှည့်ကို လူကြိုက်များ၍ အရောင်းအဝယ်ပိုဖြစ်ကြောင်း သိရသည်။

          ကန့်ဘလူမြို့နယ်တွင် မန်ကျည်းသီးမှည့်ကို ဝယ်ယူသည့်ပွဲရုံမရှိဘဲ ကန့်ဘလူမြို့မဈေးတွင် ရောင်းချကြသလို မြို့နယ်အတွင်းရှိ အကြော်ဆိုင်များ၊ အကင်ဆိုင်များနှင့် စားသောက်ဆိုင်များမှ မန်ကျည်းဆော့ပြုလုပ်ရန် ဝယ်ယူကြောင်း၊ နိုဝင်ဘာလ ဒုတိယပတ်အတွင်း  အစေ့လွတ်မန်ကျည်း သီးမှည့် လက်လီတစ်ပိဿာလျှင် (၇၀၀၀)ကျပ် လက်ကားတစ်ပိဿာ (၆၅၀၀)ကျပ်၊ (၅၀)ကျပ်သား လျှင်(၄၀၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင် (၈၀၀)ကျပ်နှင့် အစေ့ပါမန်ကျည်းသီးမှည့် (၁)ပိဿာလျှင် (၄၀၀၀)ကျပ်ဖြင့် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိရာ အစေ့လွတ်မန်ကျည်းမှည့် (၁)ပိဿာလျှင် (၅၀၀)ကျပ်ဈေးနှုန်းကျဆင်းလာကြောင်း လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်၌ အရောင်းအဝယ်ဖြစ်သည့် ဓာတ်မြေဩဇာနှင့်ပိုးသတ်ဆေးဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထား လုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး သီးနှံစိုက်ပျိုးရာတွင် အထွက်နှုန်းများ ပိုမိုကောင်းမွန်စေရန်နှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ကန့်ဘလူခရိုင်အတွင်းရှိ  သီးနှံစိုက်ပျိုးသူများက ဝယ်ယူအသုံး ပြုလျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်အတွင်း ကန့်ဘလူခရိုင်၏ စိုက်ပျိုးရေးသုံးဓာတ် မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများမှာ ပန်းဖူး(50)kgတစ်အိတ်လျှင် (၁၅၀၀၀၀)ကျပ်၊ မြားကမ္ဘာ (50)kgတစ်အိတ်လျှင် (၁၂၀၀၀၀)ကျပ်၊ အာမိုမာတီပလပ် ကွန်ပေါင်းဓာတ်မြေဩဇာ(50)kgတစ် အိတ်လျှင်(၁၃၀၀၀၀)ကျပ်၊ ရွှေနဂါးပုလဲသာ(50)kg တစ်အိတ်လျှင် (၁၁၀၀၀၀)ကျပ်၊ ရွှေတောနစ် (၅၀၀)စီစီတစ်ဘူးလျှင် (၁၆၅၀၀)ကျပ်၊ မိုရယ်လ်မုန်း အမြစ်ပွား၊ အသီးတင်၊ အပင်သန် ဟော်မုန်း ဆေး(၅၀၀)စီစီတစ်ဘူးလျှင် (၄၂၀၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဓာတ် မြေဩဇာနှင့်ပိုးသတ်ဆေး ရောင်းချသည့်ဆိုင်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့ရှိ အညာဒေသထွက်  ကြံသကာ၊ ကြက်မင်းကြီးနှင့် ဝါးတောထန်းလျက်ဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့ရှိ ကုန်စုံဆိုင်များတွင် ကြံသကာ၊ ရေဦးထန်းလျက်၊ ရေဦးပေါက်ပေါက်ဆုပ်၊ မြေပဲယို၊ နှမ်းယိုနှင့် ထန်းလျက်များ ရောင်းချလျက်ရှိရာ ထန်းလျက်များကို ရေဦးမြို့နှင့် ရွှေဘိုမြို့လက်လီ/လက္ကားဆိုင်များမှ ဝယ်ယူရောင်းချကြောင်း သိရ သည်။

      ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်တွင် ရောင်းချလျက်ရှိသော ထန်းလျက်ဈေးနှုန်းမှာ ကြက်မင်းကြီး()ပိဿာ (၉၀၀၀)ကျပ်၊ ဝါးတော()ပိဿာ (၆၅၀၀)ကျပ်၊ စမုံထန်းလျက်()ပိဿာ လျှင် (၉၀၀၀)ကျပ်၊ ကြံသကာ()ပိဿာလျှင် (၆၀၀၀)ကျပ်နှင့် (၅၀)ကျပ်သားလျှင် (၃၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိရာ ထန်းလျက်ကို အစားအသောက်များ ချက်ပြုတ်ရာတွင်လည်း ကောင်း၊ မြန်မာမုန့်ပြုလုပ်ရာတွင်လည်းကောင်း၊ ကျေးလက်နေပြည်သူများက အသုံးပြုကြသည့် အတွက် ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိသည့် ကျောက်ဖရုံသီး၊ ဘူးသီးနှင့် ဘူးညွှန့်

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ် နတ်အင်းကျေးရွာတွင် ကျောက်ဖရုံပင်များ၊ ဘူးပင်များစိုက်ပျိုးရောင်းချပြီး မိသားစုဝင်ငွေ ရရှိနေကြောင်း၊ ကျောက်ဖရုံပင် စိုက်ပျိုးရာတွင် စင်တင်စနစ်ဖြင့်စိုက်ပျိုးခြင်း၊ မြေလွှတ်စိုက်ပျိုးခြင်း စသည်ဖြင့်ရှိပြီး စင်တင်စနစ်ဖြင့် အများဆုံးစိုက်ပျိုးကြောင်း၊ ဘူးပင်သည် ဘူးသီးသာမက ဘူးညွှန့်ကိုပါ ရောင်းချရကြောင်း သိရသည်။

      ကန့်ဘလူမြို့မဈေးတွင် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်အတွင်း ကျောက်ဖရုံသီး အကြီး တစ်လုံးလျှင် (၄၀၀၀)ကျပ်၊ အလတ်တစ်လုံးလျှင် (၃၀၀၀)ကျပ်၊ အသေးတစ်လုံးလျှင် (၂၀၀၀)ကျပ် နှင့်(၁)စိတ်လျှင်(၁၀၀၀)ကျပ်၊ ဘူးသီးအကြီးတစ်လုံးလျှင် (၃၀၀၀)ကျပ်၊ အသေးတစ်လုံးလျှင် (၂၀၀၀)ကျပ်နှင့် ဘူးသီး(၁)စိတ်လျှင် (၅၀၀မှ ၁၀၀၀)ကျပ်ဖြင့်လည်းကောင်း၊ ဘူးညွှန့်(၁)စီးလျှင် (၅၀၀)ကျပ်နှင့် (၅)စည်းလျှင် (၂၀၀၀)ကျပ်ဖြင့်ဖြင့် ရောင်းချရသည့်အတွက် မိသားစုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။         

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း