ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ ဂေါ်ရခါးသီးဈေးနှုန်းကျဆင်းပြီး အရောင်းအဝယ်သွက်လျက်ရှိ

  မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၊ ကုန်စိမ်းသီးနှံ ဈေးကွက်၌ ဂေါ်ရခါးသီးကို မင်းလှမြို့နယ်၌ ဒေသတွင်းစိုက်ပျိုးမှု မရှိသည့်အတွက် ရှမ်းပြည်နယ်၊ အောင်ပန်းမြို့မှ တိုက်ရိုက်မှာယူရောင်းချလျက်ရှိသည့်အပြင် မင်းဘူး၊ မကွေးမြို့တို့ရှိ ကုန်စိမ်း သီးနှံဈေးကွက်မှလည်းမှာယူရောင်းချကြောင်း သိရသည်။

   ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ(စတုတ္ထပတ်)တွင် ဂေါ်ရခါးသီး(၁)လုံးလျှင် ကျပ် (၂၅၀-၃၀၀) ဖြင့် ရောင်းချလျက်ရှိပြီး ယခင်စက်တင်ဘာလ(စတုတ္ထပတ်)တွင် ဂေါ်ရခါးသီး(၁)လုံးလျှင် ကျပ် (၄၅၀-၅၀၀)ဖြင့် ရောင်းချခဲ့ရာ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကျပ်(၂၀၀) ဈေးနှုန်းကျ ဆင်းပြီး အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။ ယခုအချိန်တွင် ဂေါ်ရခါးသီး စိုက်ပျိုးထွက်ရှိရာ ဒေသများ၌ အထွက်နှုန်းများလှိုင်လှိုင်ထွက်ရှိသောကြောင့် ဈေးနှုန်းမှာကျဆင်းလာခြင်းဖြစ်ကြောင်း၊ ဈေးနှုန်းချိုသည့်အတွက် အရောင်းအဝယ်မှာလည်း သွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ သစ္စာပန်းများစတင်ဝင်ရောက်ပြီး ဈေးကောင်းလျက်ရှိ

   မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ မြို့ပတ်ဝန်း ကျင်ရှိ ညောင်ပင်သာ၊ ဥယျာဉ်၊ မယ်ဇလီတောကျေးရွာများမှ ထွက်ရှိသည့် သစ္စာပန်းများသည် ၂၀၂၅ခုနှစ် အောက်တိုဘာလ(တတိယပတ်)မှ စတင်၍ ဝင်ရောက်အရောင်းအဝယ် ဖြစ်လျက်ရှိ ကြောင်း သိရသည်။

   ၂၀၂၅  ခုနှစ်၊ အောက်တိုဘာလ(စတုတ္ထပတ်)တွင် သစ္စာပန်း(၃)ခက်ပါ(၁)စီးလျှင် ကျပ် (၄၀၀)ဖြင့် ရောင်းချလျက်ရှိပြီး (တတိယပတ်)တွင်ပေါ်စအချိန်အတိုင်း ဈေးနှုန်းပြောင်းလဲမှု မရှိပဲ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ပေါ်ဦးပေါ်ဖျားဖြစ်သည့်အတွက် အရောင်းအဝယ်သွက်ပြီး ဈေး ကောင်းလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မကွေးမြို့ပေါ်ရှိဈေးများ၌ ခရမ်းချဉ်သီးဈေးနှုန်းတည်ငြိမ်လျက်ရှိ

  မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့ပေါ်ရှိဈေးများသို့ ရှမ်းပြည်နယ်၊ အောင်ပန်းနှင့် မကွေးမြို့နယ်အတွင်းရှိကျေးရွာများမှ ထွက်ရှိသော ခရမ်းချဉ်သီးများ ဝင်ရောက်အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ(စတုတ္ထပတ်)တွင် ခရမ်းချဉ်သီး(ရှမ်း)(၁)ပိဿာလျှင် ကျပ် (၃၀၀၀)၊ ခရမ်းချဉ်သီး(ကိုင်း)(၁)ပိဿာလျှင် ကျပ်(၂၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း၊ ယခုအချိန်တွင် ဒေသတွင်း ခရမ်းချဉ်သီးများလှိုင်လှိုင်ထွက်ရှိလာသောကြောင့် ခရမ်းချဉ်သီးဈေးမှာတည်ငြိမ်နေကြောင်း သိရှိရပါ သည်။

DOCA(မကွေး)

မကွေးမြို့၊ ကန်သာဈေး၌ ဂေါ်ဖီထုပ်ဈေးနှုန်းမြင့်တက်

  မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့၊ ကန်သာဈေး၌ ခရမ်းချဉ်သီး၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ မုန်ညှင်း၊ အိုးမုန်ညှင်းနှင့် အသီးအရွက်များကို မကွေးမြို့ပတ်ဝန်းကျင်ကျေးရွာများနှင့် ရှမ်း ပြည်နယ်၊ အောင်ပန်းမြို့တို့မှ အဓိကမှာယူ ရောင်းချကြောင်း သိရသည်။

      ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ(စတုတ္ထပတ်)တွင် ဂေါ်ဖီထုပ်(၁)ထုပ်လျှင် ကျပ်(၃၀၀၀)ဖြင့် ရောင်းချလျက်ရှိရာ (တတိယပတ်)တွင် ဂေါ်ဖီထုပ်(၁)ထုပ်လျှင် ကျပ်(၂၀၀၀)ဖြစ်၍ ဈေးနှုန်းနှိုင်းယှဉ် ပါက ကျပ်(၁၀၀၀)ဈေးနှုန်းမြင့်တက်လာကြောင်း၊ ယခုအချိန်တွင် ဒေသတွင်းထွက်ရှိမှုမရှိသေး၍ အောင်ပန်းမြို့မှ အဓိကမှာယူရသဖြင့် လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင်း ဈေးနှုန်းမြင့်တက် လာကြောင်း သိရသည်။

DOCA(မကွေး)

မကွေးဈေးကွက်၏ နှမ်းဈေးနှုန်းအခြေအနေ

  မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ မကွေးကုန်စည်ဒိုင်သို့ မြို့နယ်အတွင်းရှိ မိကျောင်းရဲ၊ လျောင်းတော်ဦး၊ ကံသစ်၊ ရွာဟောင်းကန်၊ သစ်ရာကောက်စသည့် ကျေးရွာ(၁၄၀)ကျော် နှင့် မြို့သစ်၊ နတ်မောက်မြို့တို့မှ ထွက်ရှိသော နှမ်းမျိုးစုံနှင့် မြေပဲ၊ ပဲမျိုးစုံဝင်ရောက်ရောင်းဝယ် ဖောက်ကားလျက်ရှိပါသည်။

     ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ(စတုတ္ထပတ်)တွင် နှမ်းနီ(၁)တင်းလျှင် ကျပ်(၁၀၇၀၀၀)၊ နှမ်းဖြူ (၁)တင်းလျှင် ကျပ်(၁၀၀၀၀၀)၊ နှမ်းနက်(စမုံ)(၁)တင်းလျှင် ကျပ်(၂၄၈၀၀၀)၊ နှမ်းညိုကြား (၁)တင်းလျှင် ကျပ်(၉၂၀၀၀)ဖြစ်၍ (တတိယပတ်)နှင့် နှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် နှမ်းဖြူကျပ် (၂၀၀၀)၊ နှမ်းနက်(စမုံ) ကျပ်(၂၀၀၀)ဈေးနှုန်းကျဆင်းခဲ့ကြောင်း၊ တစ်ပတ်အတွင်း မကွေးမြို့မှ မန္တလေးမြို့သို့ အိတ်ရေ(၄၅၀၀)တင်ပို့ခဲ့ပြီး တန်ချိန်အားဖြင့် (၂၁၀)တန်ခန့်အရောင်းအဝယ် ဖြစ်ခဲ့ ကြောင်း သိရသည်။

DOCA(မကွေး)

မကွေးဈေးကွက်၏ ပဲမျိုးစုံဈေးနှုန်းအခြေအနေ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ မကွေးကုန်စည်ဒိုင်သို့ မြို့နယ်အတွင်းရှိ ကျေးရွာများသာမက မင်းဘူး၊ မြို့သစ်၊ နတ်မောက်မြို့တို့မှ ထွက်ရှိသော ပဲတီစိမ်း၊ ပဲနောက်၊ ကုလား ပဲ၊ ပဲကြီး၊ စားတော်ပဲ၊ မတ်ပဲနှင့် အခြားပဲမျိုးစုံများ ဝင်ရောက်ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။

          ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ(စတုတ္ထပတ်)တွင် ကုလားပဲ(929)(၁)တင်းလျှင် ကျပ်(၈၁၂၀၀)၊ ပဲလွန်းဝါ(၁)တင်းလျှင် ကျပ်(၇၀၀၀၀)၊ ပဲတီစိမ်း(၁)တင်းလျှင် ကျပ်(၁၁၇၀၀၀)၊ ပဲနောက်(၁)တင်း လျှင် ကျပ်(၁၁၅၀၀၀)၊ မြေပဲလုံးဆံနီ(၁)ပိဿာလျှင် ကျပ်(၈၀၀၀)၊ မြေပဲလုံးဆံဖြူ (၁)ပိဿာလျှင် ကျပ်(၇၈၀၀)၊ မြေပဲအောက်ကျဆီဆံ (၁)ပိဿာလျှင် ကျပ်(၆၅၀၀) ဈေးဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပြီး ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ယခုအပတ်တွင် ပဲတီစိမ်း ကျပ်(၉၀၀၀)၊ ပဲနောက် ကျပ်(၁၅၀၀၀)၊ မြေပဲလုံးဆံဖြူ ကျပ်(၁၀၀)၊ မြေပဲအောက်ကျဆီဆံ ကျပ်(၄၀၀)ဈေးမြင့်တက်ခဲ့ပြီး ကုလားပဲ(929) ကျပ်(၃၃၀၀)ဈေးကျခဲ့ကြောင်း သိရသည်။ တင်ပို့မှုအနေဖြင့် တစ်ပတ်အတွင်း မကွေးမြို့မှ မန္တလေးမြို့သို့ ပဲတီစိမ်း အိတ်ရေ(၅၀၀)၊ ပဲနောက် အိတ်ရေ(၅၀၀)၊ ရန်ကုန်မြို့သို့ ပဲတီစိမ်း အိတ်ရေ(၅၀၀)၊ ပဲနောက် အိတ်ရေ(၅၀၀)၊ ပြည်မြို့သို့ ပဲလွန်းဝါ အိတ်ရေ (၆၀၀)ခန့် တင်ပို့ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ကြည့်မြင်တိုင်မြို့နယ် KIP ဆိပ်ကမ်းတွင် စားအုန်းဆီ သင်္ဘောဝင်ရောက်ခြင်း

         စားအုန်းဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီသည် စားအုန်းဆီများ သတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းများနှင့်အညီ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများသုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာ ဝယ်ယူစားသောက်နိုင်ရေး ကြီးကြပ်ထိန်းကျောင်း၍ သက်ဆိုင်ရာ ကုမ္ပဏီများက စားအုန်းဆီများ ပြည်ပမှ တင်သွင်းလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး သီလဝါဆိပ်ကမ်း၊ ဗားကရာ (သဲကွင်း) ဆိပ်ကမ်း၊ ကြည့်မြင်တိုင်မြို့နယ် ကမ်းနားဈေးဆိပ်ကမ်း၊ KIP ဆိပ်ကမ်းသို့ ဆီသင်္ဘောများ ဆိုက်ကပ်ပြီး၊ ကြည့်မြင်တိုင်မြို့နယ် KIP ဆိပ်ကမ်းတွင် ၂၆.၁၀.၂၀၂၅ ရက်နေ့ MT . BAUHINIA V.06/25OP သင်္ဘောဖြင့် Star 01 ဆီကန်သို့   3000 MT၊ Star 02 ဆီကန်သို့ 2299.792 MT စုစုပေါင်းတန်ချိန် 5299.792 MT ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ပခုက္ကူမြို့၌ အောက်တိုဘာလ(စတုတ္ထပတ်)တွင် ဖြစ်ပေါ်နေသော သံပုရာသီး ဈေးနှုန်းဈေးကွက် အခြေအနေ

    လူတို့သည် သံပုရာသီးကို နေ့စဉ်အမျိုးမျိုးပြုလုပ်၍ စားသုံးကြပါသည်။ သံပုရာသီးကို ကျန်းမာရေးအရ အသုံးပြုသလို အသုပ်မျိုးစုံပြုလုပ်ရာတွင်လည်း အသုံးပြုကြပါသည်။ သံပုရာ သီးကို ပခုက္ကူမြို့အနီးတစ်ဝိုက်ရှိ ကျွန်းဦး၊ ကျွန်းညို၊ ကံလှကျေးရွာများနှင့် မြစ်ခြေ၊ ကမ္မမြို့ ဥယျာဉ်ခြံမြေများတွင် အများဆုံးစိုက်ပျိုးကြပါသည်။ သံပုရာပင်သည် နှစ်ရှည်ပင်ဖြစ်သည့်အတွက် တစ်ခါစိုက်ပျိုးပြီးလျှင်ပင် နှစ်ရှည်ထိုင်စား၍ရသော သီးနှံပင် ဖြစ်ပါသည်။ သံပုရာပင်ကို တစ်ချို့မှာ အိမ်ခြံဝန်းထဲတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြသလို စီးပွားဖြစ်လည်းစိုက်ပျိုးကြပါသည်။ သံပုရာပင် တစ်ပင်လျှင်ထွက်ရှိသော ပျမ်းမျှအသီးနှုန်းမှာ (၇၀-၉၀)အထိ ထွက်ရှိကြောင်း သိရပါသည်။ ပခုက္ကူဈေးကွက်သို့ အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ လာရောက်ရောင်းချကြောင်းသိရပါသည်။ ပခုက္ကူ ဈေးကွက်တွင်ရောင်းချလျက်ရှိသော သံပုရာသီးဈေးနှုန်းများအနေဖြင့် ၂၀၂၅ခုနှစ်၊ အောက်တိုဘာ လ(စတုတ္ထပတ်)တွင် (၁၀)လုံးလျှင် ကျပ်(၁၆၀၀)၊ (၁)လုံးလျှင် ကျပ်(၂၀၀)ဈေးဖြင့် ရောင်းချလျက် ရှိပြီး (ပထမပတ်)နှင့် နှိုင်းယှဉ်ပါက (၁)လုံးလျှင် ကျပ်(၆၀)ခန့်  တက်နေကြောင်း၊ သံပုရာသီးများ ကို ပခုက္ကူဈေးကွက်မှတစ်ဆင့် မြို့ပေါ်ရှိ စားသောက် ဆိုင်များနှင့် ကုန်စိမ်းဈေးကွက်များသို့ လည်း တင်ပို့ရောင်းချကြောင်း၊ ယခုအချိန်တွင် သံပုရာသီးများ တုန်းခါနီး ကာလဖြစ်သောကြောင့်  ပိုမို အရောင်းအဝယ်သွက်ကြောင်း ဈေးကွက်မှ သိရပါသည်။

DOCA(မကွေး)

တိုင်ထောင်ပဲအကြောင်း သိကောင်းစရာနှင့် ဈေးနှုန်း

   တိုင်ထောင်ပဲကို ခေါက်ဆွဲကြော်၊ ကြာဇံကြော်နှင့် အစိမ်းကြော်များ ကြော်လှော် ချက်ပြုတ်ရာတွင် စားသုံးသကဲ့သို့  သီးသန့်ကြော်၍ လည်းကောင်း၊ ချက်ပြုတ်၍လည်းကောင်း၊ တို့စရာ အဖြစ်လည်းကောင်း စားသုံးကြပါသည်။ တိုင်ထောင်ပဲကို မျိုးအလိုက်စိုက်ပျိုးပြီး စိုက်ပျိုးပြီးသည်မှ (၄၅) ရက်တွင် ခူးဆွတ်နိုင်ပါသည်။ စတင်ခူးဆွတ်သည့်အချိန်မှစ၍ (၂) ခွဲ (၃) လအထိ ခူးဆွတ်နိုင်ကြောင်း သိရှိရပါသည်။ တိုင်ထောင်ပဲကို ဧပြီလတွင် (၁) ကြိမ်၊ ဇူလိုင်လနှင့် ဩဂုတ်လတွင် (၁) ကြိမ်၊ တစ်နှစ်လျှင် (၂) ကြိမ် စိုက်ပျိုးနိုင်ပါသည်။ တိုင်ထောင်ပဲကို (၁၀) ထောင့် (၁) စီးလျှင် (၅၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး အထုံးကြီး (၁) ထုံးလျှင် (၅၀၀၀) ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရှိရပါသည်။

(DOCA) ဧရာဝတီ

 

ကန်ကြီးထောင့်မြို့နယ် ကြက်သွန်နီဈေးနှုန်းဈေးကွက်

     ကြက်သွန်နီသည် မီးဖိုချောင်သုံးအခြေခံစားသောက်ကုန်တစ်မျိုးဖြစ်ပြီး အိမ်ရှင်မတိုင်းအတွက် မရှိမဖြစ် အသုံးပြုကြပါသည်။ ကျန်းမရေးအတွက် ဆေးဖက်ဝင်အစားအစာဖြစ် စားသုံးကြခြင်း ဟင်းအနှစ်ပြုလုပ်၍ စားသုံးခြင်း၊ အသုပ်မျိုးစုံတွင် ထည့်၍ စားသုံးခြင်း၊ ဆီချက်အဖြစ်ချက်၍ စားသုံးကြကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ စတုတ္တပတ်အတွင်း ကန်ကြီးထောင့်မြို့မဈေးတွင် ကြက်သွန်နီ ရှယ် အကြီး (၁) ပိဿာလျှင် (၂၀၀၀) ကျပ်၊ အလတ်စား တစ်ပိဿာလျှင် (၁၈၀၀) ကျပ်၊ အသေးစား တစ်ပိဿာလျှင် (၁၅၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်းနှင့် ယခင်လနှင့် နှိုုင်းယှဉ်ပါက ကြက်သွန်နီဈေးနှုန်းမှာ အနည်းငယ်ကျဆင်းသွားကြောင်း သိရှိရပါသည်။

(DOCA) ဧရာဝတီ

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း