သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စားသုံးသူများမှ Consumer Call Center (၁၅၃၅) သို့စားသုံးသူအခွင့်အရေးများနှင့် တိုင်ကြားနိုင်သည့်နည်းလမ်းများအကြောင်း ဖုန်းခေါ်ဆိုမေးမြန်းလျက်ရှိ

               စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် အသိ ပညာပေးဟောပြောပွဲများ၊ လုပ်ငန်းရှင်တွေ့ဆုံပွဲများဆောင်ရွက်ရာတွင် တာဝန်ခံဦးမျိုးဝင်းသန်း သည် ကန့်ဘလူမြို့နယ်အတွင်းရှိ စားသုံးသူများအနေဖြင့် မိမိတို့၏အခွင့်အရေးများကို ကာကွယ်နိုင် ရန်နှင့် တရားမဝင်ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများနှင့်ပတ်သက်၍ တိုင်ကြားနိုင်ရန်အတွက် Consumer Call Center (1535) သို့ ဖုန်းခေါ်ဆိုအသုံးပြုနိုင်ကြောင်း အသိပညာပေး ဆောင်ရွက်လျက်ရှိရာ မတ်လ ၁၉ ရက်နေ့တွင် ကန့်ဘလူမြို့၊ အမှတ်()ရပ်ကွက်ရှိ စားသုံးသူ တစ်ဦးက Consumer Call Center (၁၅၃၅) လိုင်းခွဲ()အား ဖုန်းခေါ်ဆိုမေးမြန်းခဲ့ရာ  တာဝန်ရှိသူများက စားသုံးသူသိရှိလိုသည်များကို ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

               အဆိုပါ Consumer Call Center (1535) သည် စားသုံးသူများအတွက် အလွယ်တကူ ဆက်သွယ်နိုင်သော တိုင်ကြားမှုလက်ခံစင်တာတစ်ခုဖြစ်ပြီး ကုန်ပစ္စည်းအရည်အသွေးမမှန်ခြင်း၊ ဈေးနှုန်းမမှန်ကန်ခြင်း၊ လိမ်လည်ရောင်းချမှုများနှင့်ပတ်သက်၍ အကြောင်းကြားတိုင်ကြားနိုင်ပြီး ထို့အပြင် စားသုံးသူအခွင့်အရေးနှင့်ပတ်သက်သော မေးခွန်းများကိုလည်း မေးမြန်းနိုင်ကြောင်းသိရ သည်။ ကန့်ဘလူမြို့နယ်တွင်လည်း စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်သော အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး စားသုံးသူများအား Consumer Call Center (1535) သို့ ဆက်သွယ်အသုံးပြုကြရန် အကြံပြုထားကြောင်း၊ စားသုံးသူများအနေဖြင့် မိမိတို့ကြုံတွေ့နေရသော ပြဿနာများကို မကြောက်မရွံ့ တိုင်ကြားပေးခြင်းဖြင့် စျေးကွက်အတွင်း သမာဓိရှိသော ရောင်းဝယ်မှုများ တိုးတက်လာစေရန် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

 

 

 

ကလေးမြို့၊ ကားကြီးဝန်းအတွင်းရှိ  HIGH CLASS ခရီးသည်ဝန်ဆောင်မှုလုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခြင်း

                      ( ၂၀.၃.၂၀၂၆ ) ကလေးမြို့၊ ကားကြီးဝန်းအတွင်းရှိ HIGH CLASS ခရီးသည်ဝန်ဆောင်မှု လုပ်ငန်းအား သွားရောက်၍ ( ခရိုင်ဦးစီးမှူး )  ဒေါ်သန်းသန်းဝင်းနှင့် ဝန်ထမ်း ( ၂ ) ဦးတို့သည် ကွင်းဆင်းစစ်ဆေး အသိပညာပေးခြင်းများ ဟော‌ပြောဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

                                 ကွင်းဆင်းစစ်ဆေးရာတွင် ခရီးသည်ပို့ဆောင်ရေးနှင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်း ဆောင်ရွက်သည့် ကားအသင်းများအနေဖြင့် စားသုံးသူများ၏ လိုအင်ဆန္ဒနှင့်အညီ ခရီးသည်နှင့် ကုန်ပစ္စည်းတန်ဆာများကို လုံခြုံချောမွေ့စွာဖြင့် ပို့ဆောင်ခြင်း၊ ဆောင်ရွက်မည်ဆိုပါက ဝန်ဆောင်မှု လုပ်ငန်းများကို အသုံးပြုနေသည့် စားသုံးသူပြည်သူများအနေဖြင့် နေ့စဉ်နှင့်အမျှ ကုန်ပစ္စည်းများ တင်ပို့ရာတွင် စိတ်ကျေနပ်မှုရှိလာမည်ဖြစ်ပြီးခရီးသွားပြည်သူများအနေဖြင့်လည်းယာဉ်မတော်တဆဖြစ်ပွားမှုများမှကင်းဝေးလာမည်ဖြစ်ပြီးအခြေခံလိုအပ်ချက်များအပေါ် စိတ်ကျေနပ်မှုများ အပြည့် အဝရရှိလာမည်ကို ရည်မျှော်၍ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကလေးခရိုင်အတွင်းရှိ မြို့နယ်များအလိုက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိ

              စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်အတွင်းရှိ ကလေးမြို့၊ ကလေးဝမြို့၊ တမူးမြို့၊ ဖောင်းပြင်မြို့နှင့် ဟုမ္မလင်းမြို့များတွင် လစဉ်ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။

                 ယခု မတ်လအတွင်းတွင် ဦးစားပေးစစ်ဆေးရန် တင်ပြထားသည့် ကုန်စည် ( ၁၀ ) မျိုးအနက် မတ်လအတွင်း စစ်ဆေးခဲ့သည့်ကုန်စည်အနေဖြင့် နို့စို့ကလေးများအတွက် သီးသန့်ဖော်စပ်စာ၊ သွားတိုက်ဆေး၊ အရန်သင့်အစားအစာ၊ စားသုံးဆီ၊ ကလေးရေချိုးဆပ်ပြာရည်၊ ခေါက်ဆွဲခြောက် အမျိုးမျိုးတို့အား စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

              ကလေးခရိုင်အတွင်းရှိ မြို့နယ်များအလိုက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ပြုလုပ် ဆောင်ရွက်ခဲ့ရာ  ကလေးမြို့တွင် ( ၃ ) ကြိမ်၊ ကလေးဝမြို့တွင် (၁ ) ကြိမ်၊ တမူးမြို့တွင်(၁ ) ကြိမ်နှင့် ဖောင်းပြင်မြို့တွင် ( ၂ ) ကြိမ်နှင့် ဟုမ္မလင်းမြို့တွင် ( ၁ ) ကြိမ်၊ စုစုပေါင်း ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း ( ၈ ) ကြိမ် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၆,၆၄၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

          စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ် ကင်းရှင်းပြီး သင့်တင့်သောဈေးနှုန်းဖြင့်ဝယ်ယူစားသုံးနိုင်စေရန်နှင့်ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါသည်။

          စားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်းရာတွင် စားအုန်းဆီ တင်ပို့သည့်နိုင်ငံများ၏ စျေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများ ဖြစ်ပေါ် စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိပါသည်။

          ပြည်ပမှစားအုန်းဆီထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှု များအရ ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့မှ ဧပြီလ ၂ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံ လက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၆,၆၄၀ ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေးထုတ်ပြန် ကြေညာထားကြောင်း သိရှိရပါ​သည်။  

          စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် သောကြာနေ့တိုင်း ထုတ် ပြန်ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တို့တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ကြောင်း သိရှိရပါသည်။

ကန့်ဘလူမြို့နယ်တွင် ဆေးရွက်ကြီးနှင့်ဆေးလိပ်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်

                    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် စားသုံးသူများ၏ အခွင့်အရေးကိုကာကွယ် ပေးနိုင်သည့်အပြင် ကျန်းမာရေးအန္တရာယ်များကိုလည်း လျော့နည်းစေနိုင်ရန်ရည်ရွယ်၍ ဆေးရွက် ကြီးနှင့် ဆေးလိပ်အမျိုးမျိုးအား ဈေးကွက်အတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို သက်ဆိုင် ရာဌာနများပူးပေါင်း၍ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့တွင် ဈေးကွက်စောင့်ကြည့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

            အဆိုပါ ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် စားသုံးသူရေးရာဦးစီးဌာန ကန့်ဘလူမြို့နယ် တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဝန်ထမ်းတစ်ဦးတို့ ပူးပေါင်းဖွဲ့စည်းထားသည့် စစ်ဆေးရေးအဖွဲ့မှ ကန့်ဘလူမြို့နယ်အတွင်းရှိ စျေးဆိုင်များ၊ ကုန်စုံဆိုင်များနှင့် ဆေးလိပ်ရောင်းချသည့်ဆိုင်များတွင် လှည့်လည်ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ စစ်ဆေးရာတွင် ဆေးရွက်ကြီးနှင့် ဆေးလိပ်အမျိုးမျိုးတွင် ထုပ်ပိုးပစ္စည်းပေါ်တွင် ကျန်းမာရေးသတိပေးစာတမ်းများ၊ ရုပ်ပုံများ၊ ပြည့်စုံစွာဖော်ပြထားမှုရှိမရှိနှင့် အသက်အရွယ်မပြည့်သေးသူများထံ ရောင်းချခြင်းရှိမရှိတို့ ကို အဓိကထားစစ်ဆေးခဲ့ကြသည်။

             ထို့ပြင် တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရစားသုံးသူများအနေဖြင့် မိမိတို့၏ ကျန်းမာ ရေးကို ထိခိုက်စေနိုင်သော အရည်အသွေးမပြည့်မီသည့် ဆေးရွက်ကြီးနှင့် ဆေးလိပ်များ မဝယ်ယူမိ စေရန်၊ တရားဝင်အမှတ်တံဆိပ်နှင့် ကျန်းမာရေးသတိပေးစာတမ်းပါရှိသည့် ထုတ်ကုန်များကိုသာ ရွေးချယ်ဝယ်ယူသုံးစွဲကြရန် အရေးကြီးပါသည် ဟုအသိပေးပြောကြားခဲ့ကြောင်း၊ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ပြီး စည်းမျဉ်းစည်းကမ်းမလိုက်နာသည့် လုပ်ငန်းရှင်များအား သက်ဆိုင်ရာဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ် ကြောင်းလည်း သိရသည်။

DOCA(စစ်ကိုင်း)

ညောင်တုန်းမြို့နယ်ရှိ စားအုန်းဆီလက်ကား အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

        ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်အတွင်းရှိ စားအုန်းဆီရောင်းချသည့် လက်လီ/လက်ကား အရောင်းဆိုင်များသို့ ၂၀၂၆ခုနှစ် မတ်လ ၁၉ ရက်နေ့  နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

       အဆိုပါ စစ်ဆေးမှုတွင် ဦးအောင်လွင် ဦးစီးအရာရှိက ညောင်တုန်းမြို့နယ် လက်ကားကိုယ်စားလှယ် ၃ဦး မှ  စားအုန်းဆီရောင်းချသည့် လက်လီဆိုင်များအား ဆီဖြန့်ခွဲရောင်းချမှုကို စစ်ဆေးခဲ့ပြီး  စားအုန်းဆီကိုယ်စားလှယ်ထံမှ လက်ကားဈေး ဖြင့်ဝယ်ယူကာ ၂ ရာခိုင်နူန်း အမြတ်ဖြင့် မိမိတို့တာဝန်ယူရောင်းချပေးရမည့် ရပ်ကွက်/ကျေးရွာများသို့ ဖြန့်ခွဲရောင်းချမှုအခြေအနေနှင့် စာရင်းဇယာများကို တိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး   ကိုယ်စားလှယ် လက်လီအရောင်းဆိုင်များဖြစ်သည့် ဈေးအတွင်း ရပ်ကွက်နေပြည်သူများအတွက်လည်း နေ့စဉ်ဈေးနှုန်းဖော်ပြ၍ ရောင်းချပိဿာနှင့်အတူ မြင်သာသောနေရာတွင် ရောင်းချနေကြောင်း တွေ့ရှိရသည်။  ဆိုင်ရှင်များကို ဈေးကစားရန်ရည်ရွယ်၍သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်းမပြုရန် စားအုန်းဆီ လက်လီ/ လက်ကား အရောင်းဆိုင်ပိုင်ရှင် လုပ်ငန်းရှင်များအား ဆွေးနွေးခဲ့ပြီး  သတ်မှတ်ချက်များနှင့် အညီ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

        အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူ‌‌ရေးရာဦးစီးဌာနမှ ပူးပေါင်းစစ်ဆေးရေးအဖွဲ့ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ ဈေးတာဝန်ခံ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့အား စားအုန်းဆီဖြန့်ဖြူးမှုမှတ်တမ်း (၆) မျိုး၊  မှန် ၆မှန်ဖြင့် တိုက်ဆိုင်စစ်ဆေးမည့်အစီအစဉ်များကို ချပြရှင်းလင်းခဲ့ပြီး ပူးပေါင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

အသင့်သောက်ကော်ဖီမစ်အမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ ဒေါ်ချိုမီဇင် ဒုဦးစီးမှူးနှင့် ဝန်ထမ်း (၃) ဦး တို့သည် ညောင်တုန်းမြို့နယ် စတိုးဆိုင်များသို့ ၂၀၂၆ခုနှစ် မတ်လ ၁၈ ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် အသင့်သောက်ကော်ဖီမစ်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံခြင်းရှိ/ မရှိအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

       ထိုသို့စစ်ဆေးခဲ့ရာတွင် စတိုင်းဆိုင်ကြီး ၄ ဆိုင်တွင် လက်ကားရောင်းချပေးလျက်ရှိသော  အသင့်သောက်ကော်ဖီမစ်အမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခဲ့ရာ ရောင်းချနေသော ကုန်ပစ္စည်း(၇) မျိုးတို့တွင် ဥပဒေပါ အခန်း (၁၈)တွင် ဖော်ပြရမည့်အချက်များဖြစ်သော အသင့်ဖျော်ကော်ဖီ၊ ပုံမှန်အရသာ၊ မြန်မာကော်ဖီမိုက်ခရိုဂရောင်း အသင့်ဖျော်ဟက်ပီလက်ဖက်ရည်နှင့် ကော်ဖီထုတ်တို့ကို မြန်မာဘာသာဖြင့် သိသာထင်ရှားစွာ ဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရပြီး တာဝန်ခံအား စီးပွားရေးလုပ်ငန်းရှင် လိုက်နာဆောင်ရွက်ရမည့် အချက်များကိုလည်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပြီး စစ်ဆေးရာတွင် ညောင်တုန်းမြို့နယ်မှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား အဖွဲ့စုံဖြင့်ဈေးကွက်စောင့်ကြည့်

              စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် ရောင်းချလျက်ရှိ သော ဆေးဝါးများ၏ အရည်အသွေးနှင့် စားသုံးသူဘေးအန္တရာယ်ကင်းရှင်းရေးကို အာမခံနိုင်စေရန် ရည်ရွယ်၍ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့တွင် အဖွဲ့စုံဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

              ယင်းစစ်ဆေးမှုတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဌာန၊ မြို့နယ် ကျန်းမာရေးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များ ပူးပေါင်းပါဝင်ကာ ကန့်ဘလူမြို့ပေါ်ရှိ ဆေးဆိုင်များကို သွားရောက်စစ်ဆေးခဲ့ကြသည်။ စစ်ဆေးရာတွင်ဆေးဝါးများ၏ ထုတ်လုပ်ရက်စွဲ နှင့် သက်တမ်းကုန်ဆုံးရက်များ၊ မှတ်ပုံတင်ခွင့်ပြုချက် (FDA)ထောက်ခံချက်ရှိ/မရှိ၊ ထုတ်လုပ်သူနှင့် တင်သွင်းသူ အချက်အလက်များ ပြည့်စုံမှုရှိမရှိတို့ကို အသေးစိတ်စစ်ဆေးခဲ့ကြပြီး သက်တမ်းလွန် ဆေးဝါးများ၊ အရည်အသွေးမပြည့်မီသောဆေးဝါးများ မရောင်းချရန် ဆိုင်ရှင်များအား အသိပညာပေး ညွှန်ကြားခဲ့ကြောင်း သိရသည်။

               ထို့အပြင် ဆေးဝါးများကို စည်းကမ်းတကျ သိုလှောင်ထားရှိမှု ရှိ/မရှိ၊ ဆေးဆိုင်လိုင်စင် တရားဝင်ရှိမရှိတို့ကိုလည်း စစ်ဆေးခဲ့ပြီး လိုအပ်ချက်များကို ပြင်ဆင်ဆောင်ရွက်ရန် ညွှန်ကြားခဲ့ကြောင်း၊ စားသုံးသူများ၏ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ယခုကဲ့သို့ အဖွဲ့စုံဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများကို ဆက်လက်အရှိန်မြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။

Doca(စစ်ကိုင်း)

သဘာဝဘေးအန္တရယ် စီမံခန့်ခွဲမှုသင်တန်းတွင် လုပ်ငန်းရှင်သင်တန်းသားများအား စားသုံးသူကာကွယ်ရေး အသိပညာပေး

        မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်း သင်တန်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်း ကို ၂၀၂၆ခုနှစ် မတ်လ ၁၉ရက် နေ့နံနက် (၀၉း၀၀)နာရီခွဲအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

       ရှေ့ဦးစွာသင်တန်းကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ သဘာဝဘေးအန္တရာယ်မကျရောက်မီ ကြိုတင်ပြင်ဆင်ခြင်း၊ ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများကို နားလည်သဘောပေါက်စေရန်၊ သဘာဝဘေးအန္တရာယ် ကျရောက် နေစဉ်အတွင်း တုံ့ပြန်ဆောင်ရွက်မည့်လုပ်ငန်းအစီစဉ်များကို သိရှိနားလည် သ‌ဘောပေါက်စေရန်၊ သဘာဝဘေးအန္တရာယ်ကျ‌ရောက်ပြီးနောက် ပြန်လည်ထူထောင်ခြင်း၊ ပြန်လည်တည်ဆောက်ခြင်း လုပ်ငန်းစဉ်များအား သိရှိနားလည် သဘောပေါက်စေရန်၊ မိမိနေထိုင်ရာ ရပ်ကွက်/ ကျေးရွာအတွင်း သဘာဝဘေးဖြစ်ပေါ်လာပါက ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်၍ သဘာဝဘေးဒဏ် ကြံကြံခံရင်ဆိုင်တုံ့ပြန် ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်းကို ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန မြို့နယ်မှူးက ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ သင်တန်းတွင် ညောင်တုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်ချိုမီဇင်(ဒုဦးစီးမှူး) က လုပ်ငန်းရှင်သင်တန်းသား(၃၀)ဦးကို စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း (၁)ပါ စီးပွားရေးလုပ်ငန်းရှင်ဆိုသည်မှာ ကုန်စည်ကို ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ ဆောင်ခြင်း၊ ရောင်းချခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ ပြည်ပသို့ တင်ပို့ခြင်း၊ ပြည်တွင်းသို့ တင်သွင်းခြင်း၊ ပြန်လည်ရောင်းချခြင်းကိုဖြစ်စေ၊ ထောက်ပံ့ခြင်းကိုဖြစ်စေ၊ ဝန်ဆောင်မှုပေးခြင်းကိုဖြစ်စေ၊ ကြော်ငြာလုပ်ငန်း လုပ်ကိုင်ခြင်းကိုဖြစ်စေ တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့အစည်းနှင့် သော်လည်းကောင်း ဆောင်ရွက်သူကိုဆိုလိုကြောင်း၊ အခန်း (၁၀) စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်းကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက် အကြောင်းအရာများကို ရှင်းလင်းသင်ကြား ပို့ချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကန့်ဘလူမြို့နယ်တွင် ဆန်စက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ

                   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့ နယ်တာဝန်ခံရုံသည် ၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက် နံနက် ၀၉:၃၀ နာရီအချိန်တွင် တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော် (အကြီးတန်းစာရေး)တို့သည့် ကန့်ဘလူမြို့နယ်တွင် ပြည်တွင်း ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် စပါးနှင့်ဆန်ထုတ်လုပ်မှု လုပ်ငန်းများ တိုးတက်ကောင်းမွန်စေရန် ရည်ရွယ်၍ ကန့်ဘလူမြို့၊ အမှတ်()ရပ်ကွက်ရှိသီရိရတနာဆန်စက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

                    ထိုသို့တွေ့ဆုံရာတွင် တာဝန်ခံဦးမျိုးဝင်းသန်းမှ ပြည်တွင်းဆန်ဈေးကွက် တည်ငြိမ်ရေး၊ အရည်အသွေးမြင့်ဆန်ထုတ်လုပ်မှု မြှင့်တင်ရေးနှင့် ဈေးကွက်ချဲ့ထွင်နိုင်ရေးတို့ကို အဓိကထားဆွေးနွေးခဲ့သည်။ ထို့ပြင်စပါးဝယ်ယူသိုလှောင်ရေးတွင် ကြုံတွေ့ရသော အခက်အခဲများ၊ ထုတ်လုပ် မှုကုန်ကျစရိတ် လျော့ချနိုင်ရေးနည်းလမ်းများ၊ စက်ကိရိယာများ အဆင့်မြှင့်တင်အသုံးပြုနိုင်ရေးနှင့် နည်းပညာပိုင်းဆိုင်ရာ အထောက်အပံ့များ ရရှိနိုင်ရေးတို့ကိုလည်း အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။တာဝန်ခံမှ ပြည်တွင်းကုန်သွယ်မှု တိုးတက်စေရန် ဆန်စက်လုပ်ငန်းများ၏ အရေးပါမှုကို ရှင်းလင်းပြောကြားခဲ့ပြီး စံချိန်စံညွှန်းပြည့်မီသော ဆန်ထုတ်လုပ်မှုဖြင့် ပြည်တွင်းစားသုံးသူများ၏ ယုံကြည်မှုရရှိစေရန်နှင့် ပြည်ပဈေးကွက်ဝင်နိုင်ရေးအတွက်အရည်အသွေးကိုအထူးအလေးထားဆောင်ရွက်ရန်တိုက်တွန်းခဲ့သည်။ဆန်စက်လုပ်ငန်းရှင်များကလည်းလုပ်ငန်းအတွေ့ အကြုံများကို မျှဝေပြောကြားခဲ့ကြပြီး အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍများ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်းဖြင့် ကန့်ဘလူမြို့နယ်အတွင်း စပါးနှင့်ဆန်ကုန်သွယ်မှု ပိုမိုတိုးတက်လာနိုင်မည်ဖြစ်ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ