သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ရွှေဘိုခရိုင်၏ (၃/၂၀၂၆)လအတွင်း ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်နိုင်မှု

             စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသ ကြီး၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်းရှိ/မရှိနှင့် အထက်ဌာန၏ လမ်းညွှန်ချက်များအရ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ရာတွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍သော်လည်းကောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေအရ ခန့်အပ်ထားသော စစ်ဆေးရေးအရာရှိများက ဦးဆောင်၍သော်လည်းကောင်း ဆောင်ရွက် လျက်ရှိပါသည်။

           ရွှေဘိုခရိုင်အနေဖြင့်(၃/၂၀၂၆)လအတွင်း ခရိုင်ဦးစီးမှူးနှင့် ဒု-ခရိုင်ဦးစီးမှူးတို့က ဦးဆောင်၍ ရွှေဘိုမြို့နယ်တာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ တို့သည် ဈေးကွက်ရောက်ပြီးကုန်စည်များ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ရွှေဘိုမြို့၊ အမှတ်(၄) ရပ်ကွက်ရှိ မွတ္တားဆေးနှင့်ဆေးစ္စည်းအရောင်းဆိုင်၊ အမှတ်(၁၀)ရပ်ကွက်ရှိ ကောင်းသစ်ကုန်မျိုးစုံ ရောင်းဝယ်ရေးဆိုင်၊ ကမ္ဘာကျော်သောက်ရေသန့်လုပ်ငန်း၊ ကောင်းပြည့်လျှံ ကုန်မျိးစုံရောင်းဝယ်ရေးဆိုင်၊ အမှတ်(၇)ရပ်ကွက်ရှိ ရွှေဖီညွန့် ဆီနှင့်ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်၊ အမှတ်(၃)ရပ်ကွက်ရှိ Bright Baby Store ဆိုင်အားလည်ကောင်း ဆောင်ရွက်ခဲ့ပြီး ဈေးကွက်မရောက်မီကုန်စည်များ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းကို ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်၊အောင်ကမ္ဘာကိတ်နှင့်မုန့်မျိုးစုံ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့်လုပ်ငန်းအားလည်းကောင်း ဆောင်ရွက်ခဲ့ကြပြီး ဌာန၏ဥပဒေ၊အမိန့်နှင့်ညွှန်ကြားချက်ပါအကြောင်းအရာများကိုအသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

အငြိမ်းစားဝန်ထမ်းများအား စားအုန်းဆီများကို သင့်တင့်မျှတသော ဈေးနှုန်းဖြင့်ရောင်းချ

              စစ်ကိုင်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ၏ကြီးကြပ်မှုဖြင့် ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်စီမံကိန်းဦးစီးဌာန၊ ခရိုင်စိုက်ပျိုးရေး ဦးစီးဌာန၊ ခရိုင်မြေစာရင်းဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့မှ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံး ဝန်ထမ်း(၃)ဦးတို့ ပူးပေါင်း၍ စစ်ကိုင်းမြို့၊ မြန်မာ့စီးပွားရေးဘဏ်တွင် (၂၃.၃.၂၀၂၆)ရက်နေ့ နံနက်(၀၇း၀၀)နာရီအချိန်မှစ၍ စစ်ကိုင်းမြို့၊ မြန်မာ့စီးပွားရေးဘဏ်တွင် စစ်ကိုင်းခရိုင်အတွင်းရှိ အငြိမ်းစားဝန်ထမ်း ပင်စင်စားများအား စားအုန်းဆီများ သင့်တင့်မျှတသောဈေးနှုန်းဖြင့် ရောင်းချ ပေးလျက်ရှိကြောင်း သိရှိရပါသည်။

                   ထိုသို့ရောင်းချခဲ့ရာတွင် အငြိမ်းစားဝန်ထမ်းတစ်ဦးလျှင် ဆီ(၅၀)ကျပ်သား (၁)ဗူးလျှင် (ဘူးခွံအပါ) ၄၀၀၀/-ကျပ်ဖြင့် ဗူး ၄၀၀၊ ရောင်းချခဲ့ပြီး ခရိုင်မြေစာရင်းဌာနနှင့် ခရိုင်စိုက်ပျိုးရေး ဦးစီးဌာနတို့မှ ပင်စင်လစာလာထုတ်သည့် အငြိမ်းစားပင်စင်စားများအား ဆန်ပြုတ်အဟာရများ ကုသိုလ်ပြုလုပ်ခဲ့ပြီး သက်ဆိုင်ရာဌာနများမှ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြကာ ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျန်းမာ‌‌ရေးစောင့်ရှောက်မှုများလည်း ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

Consumer Call Center ၁၅၃၅ သို့ဆက်သွယ်မေးမြန်း လျက်ရှိ

                  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူး ရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ၊  စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက် ရှိသည့်အပြင် စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာနနှင့်ပတ်သက်သော သတင်းအချက် အလက်များကိုအလွယ်တကူမေးမြန်းစုံစမ်းနိုင်ရန်၊ကုန်စည်နှင့်ဝန်ဆောင်မှုများဝယ်ယူသုံးစွဲရာတွင်နစ်နာဆုံးရှုံးမှုကြုံရပါကဌာနသို့အလွယ်တကူ ဆက်သွယ်တိုင်ကြားနိုင်ရန်နှင့် စီးပွားရေးလုပ်ငန်းရှင် များအနေဖြင့် ၎င်းတို့၏ကုန်စည်နှင့် ဝန်ဆောင်မှုများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရာတွင် လိုက်နာ ဆောင်ရွက်ရမည့် သတင်းအချက်အလက်များကို ဌာနသို့အလွယ်တကူဆက်သွယ် မေးမြန်းစုံစမ်းနိုင်ရန် ရည်ရွယ်၍ ၂၀၂၁ခုနှစ်၊ ဇွန်လမှစတင်၍ Consumer Call Center Hotline နံပါတ်(၁၅၃၅)ကို  နေပြည်တော်ရုံးချုပ်တွင်လိုင်းခွဲ(၁)၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးတွင်လိုင်းခွဲ(၂)နှင့် မန္တလေးတိုင်း ဒေသကြီးဦးစီးမှူးရုံးတွင် လိုင်းခွဲ(၃)တို့ကိုဖွင့်လှစ်ထားပြီ ရုံးဖွင့်ရက်ရုံးချိန်အတွင်း ဖုန်းခေါ်ဆိုမေးမြန်းနိုင် ကြောင်း အသိပညာပေးခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိရာ (၁၀.၃.၂၀၂၆)ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်၊ ဈေးကလေးရပ်ရှိ အောင်ကမ္ဘာအမှတ်တံဆိပ် ကိတ်နှင့်မုန့်မျိုးစုံထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသည့် လုပ်ငန်းရှင်မှ  Consumer Call Center (၁၅၃၅) လိုင်းခွဲ(၃)မန္တလေးမြို့သို့  အသင့်စားမုန့်အမျိုးမျိုးတွင်ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ အကြောင်းကို ဆက်သွယ်မေးမြန်းရာ တာဝန်ရှိသူဝန်ထမ်းမှ သိရှိလိုသည်များကို ရှင်းလင်းဖြေကြား ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကျိုက်လတ်မြို့ မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသော အခြေခံစားသောက် ကုန်များဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိကွင်းဆင်းစစ်ဆေး

          ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ကြီးကြပ်ရေးမှူး ဦးတင်စိန်သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေး အဖွဲ့တို့နှင့် ပူးပေါင်း၍ ၂၀၂၆ ခုနှစ်၊ မတ်လ(၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသော အခြေခံစားသောက်ကုန်များ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/ မရှိကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် အများပြည်သူများ နေ့စဉ်ဝယ်ယူသုံးစွဲနေသော ကုန်စည်များကို ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး အတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်ဖြူ/နီ နှင့် အသင့်စားခေါက်ဆွဲခြောက်ထုပ်၊ လဖက်ရည်၊ ကော်ဖီထုပ် များအစရှိသည့် အခြေခံစားသောက်ကုန်များအား သင့်တင့်မျှတသောဈေးဖြင့် ရောင်းချနေမှုရှိ/ မရှိကို စစ်ဆေးခဲ့ကြပြီး ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ကြရန် အသိပေး(သတိပေး)ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ဘိုကလေးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနရုံးတွင် လုပ်ငန်းရှင်များအား Online Sales ကိစ္စရပ်များ အသိပညာပေးဟောပြောခြင်း

          ဖျာပုံခရိုင်၊ဘိုကလေးမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ (စစ်ဆေးရေးအရာရှိ) ဒေါ်ခင်စန်းအေးနှင့် ဝန်ထမ်းတို့သည် ၂၀၂၆ ခုနှစ်၊ မတ်လ(၂၀) ရက်နေ့၊ နေ့လယ်(၁၃:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနရုံး၌ လုပ်ငန်းရှင် (၉) ဦးအား Online Sales ကိစ္စရပ်များ အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

          မြို့နယ်တာဝန်ခံ ဒေါ်ခင်စန်းအေးက ယခုခေတ်သည် Social Media Internet ကို အသုံးပြု၍ မိမိတို့ရောင်းချလိုသော ပစ္စည်းများကို online မှ အလွယ်တကူရောင်းချနိုင်နေပြီဖြစ်၍ လုပ်ငန်းများကို စနစ်တကျ အခိုင်အမာဖြင့် online စနစ်ရောင်းချခြင်းများကို မှတ်ပုံတင်ထားပါက စားသုံးသူနှင့်စီးပွားလုပ်ငန်းရှင်များအကြား  အငြင်းပွားမှုဆိုင်ရာကိစ္စရပ်များ ပေါ်ပေါက်လာပါက ပြန်လည်ခုခံကာကွယ်နိုင်ခြင်း၊ မှတ်ပုံတင်ထားပါက တရားဝင်လုပ်ကိုင်နိုင်သည့်အပြင် အပြိုင်အဆိုင်စီးပွားရေးလုပ်ငန်းများနှင့် နှိုင်းယှဉ်ပါက  စားသုံးသူများ၏ ယုံကြည်မှုပိုမိုရရှိနိုင်သည့် အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်ကြောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သိရရှိပါသည်။

DOCA(ဧရာဝတီ)

ကောင်းရွှေပြည်‌သော်ဆန်စက်ရှိ လုပ်သားပြည်သူများအား စားသုံးသူကာကွယ်‌ရေး အသိပညာပေးဟောပြော 

      ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှမြို့နယ်တာ၀န်ခံနှင့်၀န်ထမ်းတို့သည်၂၀၂၆ ခုနှစ်၊ မတ်(၂၀)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင်‌ ကောင်းရွှေပြည်‌သော်ဆန်စက်ရှိလုပ်သားပြည်သူ(၁၉)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။ ယင်းဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမြို့နယ်တာ၀န်ခံက စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းနှင့် ပတ်သက်၍  အသိပညာပေးဟောပြောခဲ့ပြီး  စားသုံးသူကာကွယ်ရေးနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ စားသုံးသူ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေး၏လုပ်ငန်းရှင်၏တာဝန်နှင့် ဝတ္တရားများ၊ ကုန်စည်တစ်ခုကို ဝယ်ယူမည်ဆိုပါက စစ်ဆေးကြည့်ရှုရမည့် သိသင့်သိထိုက်သည့်အချက်များ၊ ဘေးဥပါဒ် အန္တရာယ်ဖြစ်စေနိုင်သည့် အစားအစာများနှင့် စားသုံးရန် သင့်/မသင့် သိရှိသင့်သည့် ကုန်အညွှန်း အမှတ်အသားပါအချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူများသာမက ကုန်စည်၀န်ဆောင်မှု ထုတ်လုပ်ဖြန့်ဖြူးရောင်းချသော လုပ်ငန်းရှင်များပါ စားသုံးသူကာကွယ်ရေးကိစ္စရပ်များနှင့် ပတ်သက်သိရှိလိုသည်များကိုမည်သူမဆိုcallcenter1535သို့မေးမြန်းနိုင်ပါကြောင်း အသိပညာပေးဟောပြောခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

စားသုံးဆီ(ဘူးဆီ) အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

           ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ဘိုကလေးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၀၂၆ ခုနှစ်၊ မတ်လ(၂၀) ရက်၊နံနက် (၁၀:၃၀) နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ဘိုကလေးမြို့ မြို့မဈေးအတွင်းရှိ စားသုံးဆီ(ဘူးဆီ) အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

       စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများ စားသုံးဆီပြတ်လပ်မှုမရှိစေရေး၊ မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော Goody ၊ Mazin အစရှိသော ဆီဘူးများတွင် ကုန်အညွှန်းအမှတ်အသားများ ကိုက်ညီမှုရှိ/ မရှိ၊ FDA ထောက်ခံချက်နှင့် အသားတင်အလေးချိန်၊ မြန်မာယူနစ်ဖြင့် ဖော်ပြထားခြင်းရှိ/ မရှိတို့ကို စစ်ဆေးခဲ့ရာ ကိုက်ညီမှုရှိကြောင်း တွေ့ရှိရသဖြင့် လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းမရှိသော ဘူးဆီများ၊ ရောင်းချခြင်းမပြုကြရန် အသိပညာပေးကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုကဏ္ဍာအား‌ ကွင်းဆင်းစစ်ဆေးခြင်း

          ၂၀၂၆ခုနှစ် မတ်လ ၂၃ ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင် ကော့သောင်း ခရိုင်ဦး စီးမှူးရုံးမှဝန်ထမ်းများသည် ခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ခရိုင်ပို့ဆောင် ရေးနှင့်စီမံကိန်းဦးစီးဌာန၊ မြို့နယ်မော်တော်ယဉ်လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေးကော်မ တီမှတာ ဝန်ရှိသူများနှင့်အတူ ဦးစားပေးစစ်ဆေးရမည့် သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုကဏ္ဍာအနေဖြင့် စားသုံးသူများနစ်နာမှုမရှိစေရေးအတွက် ကော့သောင်းမြို့နယ်၊ သီရိမြိုင်ရပ်ကွက် (၃)မိုင် အ‌ဝေးပြေးယဉ်ရပ်နားစခန်းမှ မြိတ်တံခွန် ခရီးသည်ပို့ဆောင်ရေးယဉ်လိုင်းအား မြေပြင်ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ ပူးပေါင်းအဖွဲ့များသည် မြိတ်တံခွန် ခရီးသည်ပို့ဆောင်ရေးယဉ်လိုင်းသို့ စစ်ဆေးရာတွင် သက်ဆိုင်ရာဌာနများမှ သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်သွားရန် ယာဉ်လိုင်းများအနေဖြင့် ခရီးသည်နှင့်ကုန်ပစ္စည်း တန်ဆာများကို ပေးပို့ရာတွင် ဝန်ဆောင်မှုကို စားသုံးသူများသိရှိအောင် ကြိုတင်ရှင်းလင်းအသိပေးဆောင်ရွက်စေရေး၊ စားသုံးသူများအခွင့်အရေးတရပ်အနေဖြင့် အခြေခံလိုအပ်ချက်များအပေါ်စိတ်ကျေနပ်မှု မရှိပါက တိုင်ကြားနိုင်သည့်အကြောင်း၊ စီးပွားရေးလုပ်ငန်းဘက်မှလည်း ကျင့်ဝတ်နှင့်အညီတာဝန်ယူ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း အသိပညာပေးခြင်း စသည်တို့အားရှင်းလင်းပြောကြားခဲ့ပါ ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

စစ်ကိုင်းခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ စက်ချုပ်သင်တန်းနှင့် ယိုစုံသင်တန်းတွင် စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း သိကောင်းစရာများဟောပြော

                 စစ်ကိုင်းခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် စစ်ကိုင်းမြို့၊ စိန်ကုန်းတိုက်နယ်ရှိ၊ စစ်ကိုင်းခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံး၌၂၀၂၆ခုနှစ်၊ မတ်လ (၂၀) ရက်နေ့ နံနက် (၁၁း၃၀) အချိန်တွင် စက်ချုပ်သင်တန်းနှင့် ယိုစုံသင်တန်းတွင်  သင်တန်းသား/ သူ (၂၉)ဦးတို့ တက်ရောက်ခဲ့ပါသည်။

                       အဆိုပါသင်တန်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်၊ စားသုံးသူရေးရာ ဌာနခွဲ တာဝန်ခံ ဒု-ဦးစီးမှူး ဦးဇော်မြင့်ထွန်းက စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း သိကောင်းစရာ များ အသိပညာပေး ဟောပြောဆွေးနွေးခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ ပေါ်ပေါက်လာပုံ အဆင့်ဆင့်ကို ပြောကြားပြီး၊ စားသုံးသူကာကွယ်ရေး ဥပဒေကို ၂၀၁၉ခုနှစ်၊ မတ်လ(၁၅) ရက်နေ့၊ ပြည်ထောင်စု လွှတ်တော်ဥပဒေ အမှတ်၉။ဖြင့် ပြဌာန်းခဲ့ပြီး၊ အခန်း(၂၅)ခန်းနှင့် ပုဒ်မ၈၄ခု ပါဝင် ကြောင်း၊ စားသုံးသူကာကွယ်ရေး နည်းဥပဒေကို ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ(၁၈)ရက်နေ့က ပြဌာန်းခဲ့ ကြောင်း၊ စားသုံးသူ ကာကွယ်ရေး ဥပဒေ အခန်း() ပုဒ်မ(၁၉)နှင့်ပုဒ်မ(၂၀)တွင် ပြဌာန်း ထားသည့် စားသုံးသူအခွင့် အရေး()ချက်နှင့် စားသုံးသူ၏တာဝန်များကို ရှင်းလင်း ပြောကြားခြင်း၊ စားသုံးသူ ကာကွယ်ရေးဥပဒေ အခန်း(၁၈) ပုဒ်မ(၄၁)တွင် စီးပွားရေးလုပ်ငန်းရှင်သည် ကုန်အညွှန်း အမှတ် အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက် များနှင့်အညီ သိသာထင်ရှားစွာဖော်ပြမည့် အချက်() ကို အသေးစိတ်ရှင်းလင်းပြောကြားခြင်း၊ ပုဒ်မ ၄၁၊ ပုဒ်မခွဲ ()နှင့် ပုဒ်မခွဲ()တို့ပါ ကုန်အညွှန်း အမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာ ဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ်တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသား ဖော်ပြရမည်ဖြစ်ကြောင်း၊ ပုဒ်မ(၄၃)ပါ ပြဌာန်းချက်နှင့် ကိုက်ညီမှုမရှိသည့် ကုန်စည်ကို ထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်း သို့မဟုတ် ရောင်းချခြင်းမပြုရန် ပုဒ်မ(၆၇)နှင့် ပုဒ်မ(၆၈)ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို နှစ်နှစ်ထက်မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ကျပ်သိန်း ၂၀၀ထက် မပိုသော ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်နိုင်ပါကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေသည် စားသုံးသူများကို ကာကွယ်ပေးခြင်းနှင့် လုပ်ငန်းရှင်များကို ထိန်းကြောင်းပေးသည့် ဥပဒေတစ်ခုဖြစ်ပါကြောင်း၊ ပြည်သူတိုင်းသည် စားသုံးသူများဖြစ်ပြီး စားသုံးသူတိုင်းမှာ စားသုံးသူအခွင့်အရေးများရှိကြောင်း၊ စားသုံးသူအခွင့်ရေး နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ပါက  မိမိတို့ဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့် ဖြစ်စေ၊ Website လိပ်စာမှာ www.doca.gov.mm တို့ဖြင့် ဖြစ်စေ၊  Call Center နံပါတ် 1535 တို့ဖြင့်ဖြစ်စေ တိုင်ကြားနိုင်ပါကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ထားဝယ်မြို့သို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ရောင်းချမည့် စားအုန်းဆီများ ရောက်ရှိ

          ၂၀၂၆ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့၊ (၉း၀၀)နာရီ အချိန်တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်၊ ရေးလမ်းရှိ ဟိုင်းဝေးယာဥ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ စီစဥ်မှုဖြင့် Myanmar Oil Alliance Co,Ltd မှ တင်ပို့ရောင်းချသည့် စားအုန်းဆီ ၁ ပေပါ လျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၉၈)ပေပါကို ယာဉ်မောင်း ဦးကောင်းမြတ်၊ ယာဉ်အမှတ် 7F-3777 (Nissan) မော်တော်ယာဉ်ဖြင့်လည်းကောင်း Yadanarbon Global Network Distribution Co,Ltd မှ စားအုန်းဆီ (၃၅) ပေပါကို ယာဉ်မောင်း ဦးရဲနိုင်ဦး၊ ယာဉ်အမှတ် 7P-7112 (ISUZU) မော်တော်ယာဉ် ဖြင့်လည်းကောင်း၊  Myanmar Oil Alliabce Co,Ltd မှ စားအုန်းဆီ (၅၈) ပေပါကို ယာဉ်မောင်း စောဆည်းနေသား၊ ယာဉ်အမှတ် 2E-9151 (Hino) မော်တော်ယာဉ်ဖြင့်လည်းကောင်း တင်ဆောင်၍ အသီးသီးရောက်ရှိလာရာ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးဦး၊ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာနမှ စုံစမ်း‌ရေးမှူးနှင့် ထားဝယ်ခရိုင်စားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး အဖွဲ့မှ တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ကြောင်း၊ အဆိုပါ စားအုန်းဆီစုစုပေါင်း (၁၉၁) ပေပါအား ကုမ္ပဏီ၏လက်ကားအ​ရောင်း ကိုယ်စားလှယ်မှတစ်ဆင့် ထားဝယ်မြို့၊ အိုးလုပ်ရပ်၊ နိဗ္ဗာန် လမ်းရှိ ဦးဘိုသစ်၏ ယမုံလှိုင်ကုန်စုံဆိုင်အပါအဝင် လက်လီဆိုင် ၁၅ ဆိုင်မှတစ်ဆင့် သတ်မှတ် ရည်ညွှန်းစျေးအတိုင်း စားသုံးသူများအား ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ