သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

Online Shop နှင့်ပတ်သက်၍ စားသုံးသူပြည်သူများလိုက်နာရမည့် သတိပေးချက်များ အကြောင်းသိကောင်းစရာများ ခေါင်းစဉ်ဖြင့် Thursday Talk ‌ဆွေးနွေးပွဲ ကျင်းပပြုလုပ်

    နိုဝင်ဘာလ ၂၂ ရက်နေ့ နေ့လယ် (၁၃:၀၀)နာရီတွင် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး အထောက်အကူပြု အသိပညာပေး ဆွေ‌နွေးပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ဌာနခွဲတာဝန်ခံများနှင့် ဝန်ထမ်းများ၊  ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ virtual ဖြင့် တက်ရောက်ခဲ့ပါသည်၊၊

     ဆွေးနွေးပွဲတွင် ဖျာပုံမြို့နယ်တာဝန်ခံ ဦးမင်းဇော်(ဒုကြီးကြပ်ရေးမှူး)မှ Online Shop နှင့်ပတ်သက်၍ စားသုံးသူပြည်သူများလိုက်နာရမည့် သတိပေးချက်များအကြောင်း သိကောင်းစရာများ၊  Online Shop  များမှ ဝယ်ယူသုံးစွဲရာတွင် သတိပြုဆောင်ရွက်သင့်သည့်အချက်များ၊ Online ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ သုံးစွဲရာတွင် သတိပြုလိုက်နာသင့်သည့် အချက်များနှင့် ပတ်သတ်၍ Power Point ဖြင့် အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသော အရာထမ်း၊ အမှုထမ်းများမှ သိလိုသည်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်၊၊

DOCA(ဧရာဝတီ)

နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား (ဒုတိယအကြိမ်)သက်သာသော စျေးနှုန်းဖြင့် ဆန်၊ ဆီရောင်းချပေးခြင်းနှင့် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

    မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ နိုင်ငံ့ဝန်ထမ်းအငြိမ်းစား (ပင်စင်စား)များအား ပင်စင်လစာထုတ်ယူသည့် နေ့ရက်တွင် သက်သာသော စျေးနှုန်းဖြင့် ဆန်၊ ဆီရောင်းချပေးခြင်းနှင့် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက် လျက်ရှိရာ မကွေးမြို့နယ်တွင် ဒုတိယအကြိမ် သက်သာသောစျေးနှုန်းဖြင့် ဆန်/ဆီရောင်းချပေးခြင်းနှင့် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းအား ပင်စင်လစာစတင်ထုတ်ယူသည့် (၂၁.၁၁.၂၀၂၄) ရက်နေ့မှ လကုန်ရက်အထိ ရုံးပိတ်ရက်မပါ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

     မကွေးမြို့နယ်တွင်နိုင်ငံ့ဝန်ထမ်းအငြိမ်းစား (ပင်စင်စား) (၂၅၀၀)ဦးခန့်ရှိပြီး ပင်စင်လစာ စတင်ထုတ်ယူသည့် (၂၁.၁၁.၂၀၂၄)ရက်နေ့မှစတင်ပြီး မြန်မာ့စီးပွားရေးဘဏ်၌ပင် အခမဲ့ဆေးကုသပေးခြင်း၊ ပင်စင်စားတစ်ဦးလျှင် ဆန်(၃)ပြည်၊ ဆီ(၁)ပိဿာ ရောင်းချပေးသည့်အပြင် ဆန်(၁)ပြည်နှင့် ဆီ (၅၀)ကျပ်သား ဝယ်ယူလိုပါကလည်း အဆင်ပြေစေရန် ဆန်(၃)ပြည်ထုပ်/ (၁)ပြည်ထုပ်၊ ဆီ (၅၀)ကျပ်သားဘူးများဖြင့် စီစဉ်ဆောင်ရွက်ထားပြီး အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ဆန်၊ဆီများ သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မြေပဲဆီကြိတ်ခွဲထုတ်လုပ်သော လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခြင်း

        ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၊ ဖဒိုမြို့ရှိ (တိုင်းလုံးချမ်းသာ) ဆီစက် လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော (ဦးဌေးဝင်း)လုပ်ငန်းရှင်နှင့် (၂၆-၁၁-၂၀၂၄) ရက်နေ့၊ နေ့လယ်ပိုင်းတွင် သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

         ထိုသို့ စားသောက်ကုန်လုပ်ငန်းရှင်နှင့် စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်တံခါးမြို့နယ်တာဝန်ခံနှင့်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးရာတွင် ရာသီသီးနှံပေါ်ချိန်၌သာလည်ပတ်ရသော စက်ဖြစ်သောကြောင့် ဆီထွက်ရှိမှုအခြေအနေများ၊ ဆီကြိတ်ခွဲမှုအခြေအနေများ၊ ကုန်ထုတ်လုပ်မှုအခြေအနေများအား တွေ့ဆုံမေးမြန်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ဆီစက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

     မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်ဦးစီးမှူးသည် (၂၀.၁၁.၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၅:၀၀) နာရီအချိန်တွင် မကွေးမြို့၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (မကွေးကုန်စည်ဒိုင်) ရုံး၌ မကွေးမြို့ရှိ စားသုံးဆီကြိတ်ခွဲထုတ်လုပ်ရောင်းချသည့် ဆီစက်ပိုင်ရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

   မကွေးခရိုင်ဦးစီးမှူးမှ ဆီစက်လုပ်ငန်းရှင်များအား ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ဆီစက်များ ကြိတ်ခွဲထုတ်လုပ်နိုင်မှုအခြေအနေ၊ ဆီစက်များအဆင့်မြှင့်တင်နိုင်ရေးအတွက် ဆီသိုလှောင်မှု ပမာဏ၊ စားသုံးဆီ လက်ကျန်အခြေအနေများ ကုန်ကြမ်းဝယ်ယူရရှိမှု စျေးနှုန်း/စျေးကွက်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး ငွေဇင်ယော်ဆီဆိုင်ပိုင်ရှင်မှ လက်ရှိကုန်ကြမ်းများဖြစ်သော မြေပဲဆံ(၁)ပိဿာလျှင် ကျပ် (၈၀၀၀-၈၅၀၀)၊ နှမ်းနီ(၁၅)ပိဿာလျှင် ကျပ်(၁၁၃၀၀)တို့ ဝယ်ယူကြိတ်ခွဲလျက်ရှိပြီး ထွက်ရှိသော ကုန်ချောမြေပဲဆီ (၁)ပိဿာလျှင် ကျပ်(၁၄၅၀၀-၁၆၀၀၀)၊ နှမ်းဆီ(၁)ပိဿာလျှင် ကျပ်(၁၅၀၀၀-၁၇၀၀၀) တို့ဖြင့် ဒေသတွင်းနှင့် တောင်ကြီး (ရှမ်းပြည်)၊ ဧရာဝတီတိုင်းနှင့်  နေပြည်တော်မြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ စားသုံးသူပြည်သူများအနေဖြင့်လည်း ကျန်းမာရေးအသိဖြင့် စားအုန်းဆီအစား မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီများ ပိုမိုစားသုံးလာကြကြောင်း သိရှိရပါသည်။

DOCA(မကွေး)

စားသုံးသူများဘေးကင်းရေး ကုန်စည်နမူနာဝယ်ယူပြီး Mobile Lab Van ဖြင့် စစ်ဆေး

     မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်တာဝန်ခံသည် (၂၆.၁၁.၂၀၂၄)ရက်နေ့၊ နံနက် (၀၆:၀၀) နာရီအချိန်တွင် မကွေးမြို့၊ မင်္ဂလာစျေးရှိ အခွန်လွတ်စျေးတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စျေးတာဝန်ခံ (စည်ပင်သာယာရေးအဖွဲ့)များနှင့် ပူးပေါင်းပြီး စျေးကွက်အတွင်း ရောင်းချလျက်ရှိသော ကုန်စည်များအား နမူနာဝယ်ယူပြီး စားသုံးသူများဘေးကင်းစေရေး Mobile Lab Van ဖြင့် စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

  နမူနာဝယ်ယူ၍ Mobile Lab Van ဖြင့် ချက်ချင်းစစ်ဆေးခဲ့သော အမဲသွေး၊ ပဲပြား(S/ K)၊ ပုန်းရည်၊ အသားတု၊ သရက်ချဉ်၊ မုန့်ဖက်၊ ခေါက်ဆွဲဖက်၊ ခေါက်ဆွဲခြောက်၊ ငါးပတ်ခြောက်၊ ငပိ၊ လက်ဖက်တို့၌ ခွင့်မပြုတာရှည်ခံဆေးနှင့်ခွင့်မပြုဆိုးဆေးများ သုံးစွဲထားကြောင်း မတွေ့ရှိရဘဲ ကျန်ရှိနေသော နနွင်းမှုန့်၊ အ‌ရောင်တင်မှုန့်၊ ငရုတ်သီးမှုန့်နှင့် ပဲနီလေးတို့အား အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနပိုင် ဓါတ်ခွဲခန်းသို့ ယူဆောင်စစ်ဆေးပြီး စားသုံးရန်မသင့်ကြောင်းစစ်ဆေးတွေ့ရှိပါက ထုတ်လုပ်သူ လုပ်ငန်းရှင်များအား ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေး

     မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ ပွင့်ဖြူမြို့နယ်တာဝန်ခံသည် (၂၃.၁၁.၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် မြို့နယ်တာဝန်ခံရုံး၌ စားသုံးသူပြည်သူများအား စားသုံးသူကာ ကွယ်ရေးအသိပညာပေး ဟောပြောခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

      စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင် စတင်ထုတ်ဝေခဲ့ပြီး အခန်း (၂၅)ခန်း၊ ပုဒ်မပေါင်း(၈၄)ခုအား ပြဌာန်းထားကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ စားသုံးသူကာကွယ်ရေး အဓိပ္ပါယ်ဖွင့်ဆိုချက်များနှင့် စားသုံးသူများရသင့်သည့်အခွင့်အရေး(၈)ချက်အကြောင်းကိုလည်းကောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

ပွင့်ဖြူမြို့၊ မြို့မဈေး၌ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်သားပြည့်စုံစွာပါဝင်ခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး

    မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ ပွင့်ဖြူမြို့နယ်တာဝန်ခံသည် (၂၇.၁၁.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင်  စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ပွင့်ဖြူမြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များအား အသင့်သောက်အချိုရည်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံသော ကုန်စည်များရောင်းချခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

    ကုန်စုံဆိုင်များတွင် သက်တမ်းလွန်သော စားသောက်ကုန်များ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ စားသုံးရန်မသင့်ထုတ်ပြန်ထားသော ကုန်စည်များရောင်းချခြင်းရှိ/မရှိ စစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာဖော်ပြထားသော ကုန်စည်များသာရောင်းချရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး အသိပညာပေးဆွေးနွေး

    မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ ပွင့်ဖြူမြို့နယ်တာဝန်ခံသည် (၂၆.၁၁.၂၀၂၄) ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ပွင့်ဖြူမြို့နယ်တာဝန်ခံရုံး၌ ပြည်သူများအား စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များသိရှိစေရန် ရည်ရွယ်၍ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

      မြို့နယ်တာဝန်ခံက ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များ စားသောက်နိုင်ရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ကုန်စည်အမျိုးအစား အလိုက် သိသာထင်ရှားစွာဖော်ပြရမည့် သတ်မှတ်ချက်(၈)ချက်နှင့်ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူနှင့် လုပ်ငန်းရှင်ကြား ပြဿနာတစ်စုံတစ်ရာဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သောနေရာများ စသည့်အချက်များအား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ပြည်တွင်းကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းရှင်နှင့် တွေဆုံဆွေးနွေး

     မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တာဝန်ခံသည် (၂၄.၁၁.၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင်  မြို့နယ်တာဝန်ခံရုံး၌ ပွင့်ဖြူမြို့နယ်၊ ရှောက်တောအုပ်စု၊ ဥယျာဉ်ကျစ် ကျေးရွာ၌ ထုတ်လုပ်လျက်ရှိသော မြင့်မိုရ်တောင် ပဲကြော်လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်စေရေး အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

   ထိုသို့ဆွေးနွေးရာတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာထည့်သွင်းဖော်ပြပေးလာစေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် ကိုက်ညီမှုရှိ/မရှိ စိစစ်ပေးနိုင်ရန် နမှုနာပုံစံများနှင့်တကွ တင်ပြလျှောက်ထားနိုင်ကြောင်း အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

ပွင့်ဖြူမြို့မဈေး၌ ပလတ်စတစ်လျော့ချရေး ပူးပေါင်းစစ်ဆေးခြင်းနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်

      မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့မဈေး၌ (၂၅.၁၁.၂၀၂၄)ရက်နေ့၊ နံနက်(၀၇:၃၀) အချိန်တွင် ပွင့်ဖြူမြို့နယ်တာဝန်ခံသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊  သဘာဝပတ်ဝန်ကျင် ထိန်းသိမ်းရေးဦးစီးဌာနနှင့် ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်လျော့နည်းသုံးစွဲစေရေးအတွက် အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

     ပလတ်စတစ်အိတ်ဖြင့် ထုပ်ပိုးရောင်းချခြင်းမရှိစေရန်အတွက် စစ်ဆေးခြင်းနှင့် ပလတ်စတစ်အိတ်အစား အင်းဖက်၊ ဌက်ပျောဖက်၊ ကြာဖက်နှင့် သတင်းစာစက္ကူများ အစားထိုးသုံးစွဲခြင်းဖြင့် တနင်္လာနေ့အား ပလတ်စတစ်အိတ် သုံးစွဲမှုလျော့ချပေးရေးနေ့အဖြစ် ဆောင်ရွက်ရာတွင် ပူးပေါင်းပါဝင်ပေးကြပါရန်နှင့် မြို့ဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ စားသုံးရန်မသင့်ထုတ်ပြန်ထားသော ကုန်စည်များရောင်းချခြင်းရှိ/မရှိ၊ သက်တမ်းလွန်နေသော စားသောက်ကုန်များ ရောင်းချခြင်းရှိ/မရှိနှင့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သတ်မှတ်ချက်များ ပြည့်စုံမှန်ကန်စွာ ပါဝင်ခြင်း ရှိ/မရှိတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

DOCA(မကွေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ