သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“ခရမ်းမြို့နယ်အတွင်းရှိ ကြက်ခြံများကြက်ဥထုတ်လုပ်နေမှု အခြေအနေကွင်းဆင်းစစ်ဆေးခြင်း”

    ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် ခရမ်းမြို့နယ်အတွင်းရှိ ကြက်ခြံများတွင် ကြက်ဥထုတ်လုပ်လက်ကားဖြန့်ဖြူးရောင်းချပေးလျှက်ရှိသော စီးပွားရေးလုပ်ငန်းရှင်များကြက်ဥ ထုတ်လုပ် နိုင်မှုအခြေအနေအား နိုဝင်ဘာလ(၂၇)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ပူးပေါင်းအဖွဲ့ဖြင့် သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ခရမ်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စားသုံးသူ ရေးရာဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တို့ပူးပေါင်း၍ ကသ္သယ်ကုန်းကျေးရွာရှိ အောင်စံကုန်း ကြက်မွေးမြူရေးခြံ၊ ဦးချစ်စံ၏ဥစားကြက်မွေးမြူရေးခြံနှင့် အမှတ်(၃)ရပ်ကွက်ရှိ မြတ်ပန်းခိုင် ကြက်ဥအရောင်းဒိုင်များသို့ ကြက်ဥထုတ်လုပ်၊ လက်ကားဖြန့်ဖြူးရောင်းချပေးလျက်ရှိသော စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မွေးမြူထားသော ဥစားကြက်အကောင်အရေအတွက်တစ်ရက်လျှင် ကြက်ဥထုတ်လုပ်နိုင်မှု၊ ဖြန့်ဖြူးရောင်းချပေးနေသောနေရာဒေသ ရောင်းချပေးနေသည့်ဈေးနှုန်း ကြက်ဥဒိုင်မှ လက်ကားအရောင်းဈေးနှုန်းတို့အား စာရင်းများ ကောက်ယူခဲ့ပြီး အခြေခံစားသောက်ကုန်ဖြစ်သည့် ကြက်ဥဈေးနှုန်းများ တည်ငြိမ်စေရေးတို့အတွက် မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ခြင်း  လုပ်ငန်းများသက်ဆိုင်ရာဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

DOCA(ရန်ကုန်)

 

“ကော့မှူးမြို့နယ်၌ မိုးစပါးစံကွက်ရိတ်သိမ်းပွဲတွင် နေကြာမျိုးစေ့နှင့် ပိုက်ဆံလျှော်များ ထောက်ပံ့ပေးကမ်းပွဲကျင်းပခြင်း”

     ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၌ မိုးစပါးစံကွက်ရိတ်သိမ်းပွဲတွင် နေကြာမျိုးစေ့နှင့် ပိုက်ဆံလျှော်များ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှဦးစီး၍ နိုဝင်ဘာလ(၂၆)ရက်နေ့၊ နံနက် (၀၉:၀၀)အချိန်တွင် ကော့မှူးမြို့နယ် မကျီးကန် ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၃၀၃)၊ ဦးပိုင်အမှတ်(၄၀/၁)၊ ဧရိယာ(၁.၇၀)ဧကရှိ တောင်သူ ဒေါ်သန်းသန်းဦးပိုင် လယ်မြေ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

    ထိုသို့ မိုးစပါးစံကွက်ရိတ်သိမ်းခဲ့ရာတွင် ငစိန်အုပ်စု ထွန်းပုစပါးမျိုး (၀.၁၀)ဧကအား ရိတ်သိမ်းခဲ့ရာတွင် တစ်ဧကပျမ်းမျှအထွက်နှုန်း (၇၅)တင်းထွက်ရှိခဲ့ကြောင်းသိရသည်။ ဆက်လက်၍ တွံတေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)၊ ဦးဝင်းထွန်းနိုင်မှ ပိန္နဲကုန်းကျေးရွာမှ သီးထပ်စိုက်ပျိုး တောင်သူဦးတင်ဦးထံသို့ နေကြာမျိုးစေ့ထောက်ပံ့ပေးခဲ့ပြီး ကော့မှူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမျိုးမင်းများထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

    အဆိုပါမိုးစပါး စံကွက်ရိတ်သိမ်းပွဲတွင် နေကြာမျိုးစေ့နှင့် ပိုက်ဆံလျှော်မျိုးစေ့များ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ တွံတေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ကော့မှူးမြို့နယ်ရှိဌာနဆိုင်ရာတာဝန်ရှိသူများ ဒေသခံတောင်သူဦးရေ(၁၆၀)ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)

Consumer Call Center (1535) သိရှိရေး စားသုံးသူများသို့ အသိပညာပေး

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးက   (၂၁.၁၁.၂၀၂၄)ရက်နေ့၊ နံနက်(၁၁:၃၀)အချိန်တွင် ပခုက္ကူခရိုင်ဦးစီးမှူးရုံး၌ မိဘ ပြည်သူ(၁၄)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

     ခရိုင်ဦးစီးမှူးက ဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များအကြောင်း၊ ကုန်စည် (သို့) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နည်းလမ်းများအကြောင်း၊ မည်သည့်ဆင်းကဒ်နှင့်မဆို နေပြည်တော်သို့ ဆက်သွယ်တိုင်ကြားလိုပါက (1535) (1)၊ ရန်ကုန်သို့ (2)၊ မန္တလေးသို့(3)အား ဆက်သွယ်မေးမြန်းတိုင်ကြားနိုင်ပါကြောင်းနှင့် Online ရောင်းဝယ်မှုဆိုင်ရာ သိကောင်းစရာများအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူခရိုင်ဦးစီးမှူးရုံး၌ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ မှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေးဆွေးနွေး

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ  ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၂၆.၁၁.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်ထားပြီးဖြစ်သည့်အတွက် ပခုက္ကူမြို့ပေါ်ရှိ အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသောလုပ်ငန်းရှင်များအား မှတ်ပုံတင်လျှောက်ထားရန်အတွက် လျှောက်ထားရန် အခြေခံလိုအပ်ချက်များအပါအဝင် ရောင်းချခြင်း၊ ဝယ်ယူခြင်းဆိုင်ရာ အခြားသိကောင်းစရာများအား သိရှိစေရန်ရည်ရွယ်၍ လုပ်ငန်းရှင်များအား ပခုက္ကူမြို့ခရိုင်ဦးစီးမှူးရုံး၌ တွေ့ဆုံ၍ အသိပညာပေးဆွေးနွေး ခဲ့ကြောင်း သိရသည်။

    ခရိုင်ဦးစီးမှူးက အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် မည်သူမဆို Online Registration မှတ်ပုံတင်ထားရန်လိုအပ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့် လုပ်ငန်းရှင်များအား မိမိတို့ရောင်းချသည့် အလှကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ ဖက်ရှင်အသုံးအဆောင်၊ ဖန်စီပစ္စည်းများ ရောင်းချနေမှုအပေါ် မှတ်ပုံတင်လျှောက်ထားရန်အတွက် လျှောက်ထားရန် အခြေခံလိုအပ်ချက်များ အပါအဝင်အခြားသိကောင်းစရာများ၊ Online Sale ရောင်းချနေသော  လုပ်ငန်းများမှ မှတ်ပုံတင်ထားသည့် အွန်လိုင်းရောင်းချမှုလုပ်ငန်းများမှ ဈေးဝယ်ယူခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများနှင့် စားသုံးသူများအနေဖြင့်လည်း မှတ်ပုံတင်ထားသည့် အွန်လိုင်းရောင်းချမှုမှ ကုန်စည်အမျိုးမျိုးကို ဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်းပြီး အာမခံချက်များရရှိမည်ဖြစ်ပြီး စားသုံးသူအခွင့်အရေးများလည်း ရရှိမည်ဖြစ်ကြောင်း၊ တိုင်ကြားနိုင်သည့်နေရာများနှင့် တိုင်ကြားသူများအကြောင်းကိုလည်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ဆိပ်ဖြူမြို့ရှိ ကုန်မျိုးစုံဆိုင်များသို့ အသိပညာပေးဆွေးနွေး

       စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဆိပ်ဖြူမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းသည် ဈေးကွက်အတွင်းရှိ ဘေးအန္တရာယ်ရှိသော ကုန်စည်များပပျောက်စေရေးနှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန် ရည်ရွယ်၍ ဆိပ်ဖြူမြို့၊ အနောက်ပိုင်းရပ်ကွက်ရှိ ကုန်မျိုးစုံ ရောင်းဝယ်ရေးဆိုင်များသို့ (၂၂.၁၁.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့နှင့်ပူးပေါင်း၍ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

        ဆိပ်ဖြူမြို့နယ်တာဝန်ခံက လုပ်ငန်းရှင်များအား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာဖော်ထားရှိသော ကုန်စည်များကိုသာ ရောင်းချရန်နှင့် သက်တမ်းလွန်ပစ္စည်းများကို ရောင်းချခြင်းမပြုရန်၊ ဘေးအန္တရာယ်ကင်းရှင်းပြီး အရည်အသွေးပြည့်မှီသော ကုန်စည်များကိုသာရောင်းချရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မှော်ဘီမြို့နယ်၊ အမှတ်(၄)လမ်းဆုံဂိတ်တွင် ရန်ကုန်အဝင်ကုန်တင်ယာဉ်များအား စစ်ဆေးခြင်း

              ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လမ်းညွှန်ချက်အရ မှော်ဘီခရိုင်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ခေါင်းဆောင် ဒုရဲမှူးကြီးငွေတင် ဦးဆောင်၍ မှော်ဘီခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးရဲဝဏ္ဏ ၊ အမှတ်(၄) လမ်းဆုံ စစ်ဆေးရေးဂိတ်၊ ဗိုလ်မှူးဇော်ဇော်အောင်၊ အမှတ်(၆၄)ယာဉ်ထိန်းတပ်ဖွဲ့ရုံး ဒုရဲမှူး ဝင်းအောင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးအေးတို့သည် ၂၂.၁၁.၂၀၂၄ ရက်နေ့ နံနက်(၀၈:၀၀)နာရီအချိန်မှ (၀၉:၂၅)နာရီအချိန်ထိ အမှတ်(၄)လမ်းဆုံစစ်ဆေးရေးဂိတ်တွင် ဖြတ်သန်းသွားလာနေသောမော်တော်ယာဉ်များအား တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

             အဆိုပါ အမှတ်(၄)လမ်းဆုံစစ်ဆေးရေးဂိတ်တွင် သုံးဆယ်၊ မြောင်းတကာ၊ ပေါင်းတည်၊ တိုက်ကြီး၊ ဇီးကုန်း၊ အောင်လံ၊ တောင်ငူ၊ သရက်တို့မှ ဝင်ရောက်လာသော ကုန်တင်ယာဉ်များတွင် ခရီးသည်၊ ကျောက်မီးသွေး၊ ကြက်စာ၊ ကြက်သွန်၊ ဆန်ကွဲ၊ အထည်၊ ပုလင်းခွံ၊ မုန့်မျိုးစုံ၊ ကုန်မဲ့ကားများ အများဆုံးတွေ့ရှိရပြီး တရားမဝင်ကုန်စည်များ တင်ဆောင်လာခြင်းမရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

လှည်းကူးမြို့နယ်၊ မင်းလွင်ကုန်း X-Ray ဂိတ်တွင် ရန်ကုန်အဝင်ကုန်တင်ယာဉ်များအား စစ်ဆေးခြင်း

            ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လမ်းညွှန်ချက်အရ လှည်းကူးခရိုင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး၏ စီစဉ်မှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးနိုင်ရေးဆောင်ရွက်လျက်ရှိရာ အဖွဲ့ခေါင်းဆောင် ဒုခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးစောနိုင်ဦးဆောင်၍ စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးအေးတို့သည် ၂၂.၁၁.၂၀၂၄ ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်မှ (၁၂:၃၀)အချိန်ထိ လှည်းကူးမြို့နယ်ရှိ မင်းလွင်ကုန်း X-Ray စစ်ဆေးရေးဂိတ်တွင် ဖြတ်သန်းသွားလာနေသော မော်တော်ယာဉ်များအား တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

           အဆိုပါ မင်းလွင်ကုန်း X-Ray စစ်ဆေးရေးဂိတ်တွင် ထားဝယ်၊ မန္တလေး၊ ရပ်စောက်၊ ဘားအံ၊ နေပြည်တော်၊ တောင်ငူ၊ မုဒုံ၊ ညောင်ရွှေ၊ တောင်ကြီး၊ မိတ္ထီလာ၊ ပဲခူးတို့မှ ဝင်ရောက်လာသော ကုန်တင်ယာဉ်များတွင် ဘိလပ်မြေ၊ ရာဘာထင်း၊ ပြောင်း၊ ပုလင်းခွံ၊ ကြက်စာ၊ အထည်နှင့် ကုန်မဲ့ကားများ အများဆုံးတွေ့ရှိရပြီး တရားမဝင်ကုန်စည်များ တင်ဆောင်လာခြင် မရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဈေးကွက်အတွင်း အချိုရည်အမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခြင်း

           ၂၁.၁၁.၂၀၂၄ ရက်နေ့ နေ့လယ် (၁၅:၄၀)နာရီအချိန်တွင် မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ အမှတ်(၂၄၆)၊ မက္ခရာမင်းသားကြီး မောင်ပျိုးလမ်းပေါ်ရှိ Ocean Supercenter မှ အချိုရည်အမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့‌ကြောင်းသိရသည်။

            ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် အချိုရည်အမျိုးမျိုးဖြစ်သော Royal-D (သီးစုံဓါတ်ဆား အားပြည့်အချိုရည်)၊ Hikar (အားဖြည့်အချိုရည်)၊ Sunkist (လိမ္မော်အချိုရည်)၊ Max+ (လိမ္မော်အရသာအချိုရည်)၊ Shark (အားဖြည့်အချိုရည်၊ ဂျင်ဆင်းပျားရည်)၊ Speed (အားဖြည့် အချိုရည်)၊ M-150 ( အားဖြည့်အချိုရည်)၊ Honey Gold (ရွှေပျားအားဖြည့်အချိုရည်) များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့်အချက်များနှင့် ပြည့်စုံခြင်းရှိ/ မရှိ စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားပြည့်စုံပြီး မိမိတို့ဌာနမှလည်း ဈေးဝယ်စင်တာသို့ လာရောက်ပစ္စည်း တင်သွင်းသူများကိုလည်း ကုန်အညွှန်းအမှတ်အသားပြည့်စုံသော ပစ္စည်းများကိုသာ လာရောက်တင်သွင်းခွင့်ပြုပါရန်ပြောကြားခဲ့ပါသည်။

DOCA(ရန်ကုန်)

ငရုတ်ဆီအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံခြင်းရှိ/ မရှိ စစ်ဆေးခြင်း

             ၂၁.၁၁.၂၀၂၄ ရက်နေ့ နေ့လယ် (၁၄:၄၀)နာရီအချိန်တွင် မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်သို့ ငရုတ်ဆီအမျိုးမျိုးနှင့် ပတ်သက်ပြီး ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် အမှတ်(၂၄၆)၊ မက္ခရာမင်းသားကြီးမောင်ပျိုးလမ်းပေါ်ရှိ Ocean Supercenter မှ တာဝန်ခံ ဒေါ်လဲ့သဉ္ဇာနှင့် ဝန်ထမ်းများမှ ပူးပေါင်းပါဝင်၍ ငရုတ်ဆီအမျိုးမျိုးတွင် စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈) ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ပုဒ်မ(၄၃)အရ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁)၊ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာ တစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ် စရေးသားဖော်ပြထားသောကုန်စည်များကိုသာ ရွေးချယ်ရောင်းချပေးရန် အသိပညာပေးပြောကြား ခဲ့ကြောင်းသိရပါသည်။

DOCA(ရန်ကုန်)

သွားတိုက်ဆေးအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် FDA၊ ကျန်းမာရေး၊ မြို့နယ်စည်ပင်သာယာရေးဌာနနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ ကျိုင်းတုံမြို့နယ်၊ အာခါဈေးအတွင်းရှိ သွားတိုက်ဆေးအမျိုးမျိုး ရောင်းချသော ကုန်စုံဆိုင်(၆)ဆိုင်အား  ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍  ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အာခါဈေးအတွင်းရှိ သွားတိုက်ဆေးအမျိုးမျိုးရောင်းချသော ကုန်စုံဆိုင် (၆) ဆိုင်တို့သည် ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ ဖော်ပြရန်သတ်မှတ်ထားသော အချက်အလက်များကို ပြည်စုံစွာဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ ထို့နောက် စစ်ဆေးရေးမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်းများသည် သွားတိုက်ဆေးအရောင်းဆိုင်များအား စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၈) ပါ “ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း”နှင့် အခန်း (၁၀)  ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”ကို လိုက်နာဆောင်ရွက်ရန် ဆွေးနွေးခဲ့ပါသည်။

DOCA(ရှမ်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ