သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကန့်ဘလူမြို့နယ်တွင် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း(Online Sale)လုပ်ငန်းများ မှတ်ပုံတင်လက်မှတ်လျှောက်ထားခြင်းနှင့် ပတ်သက်၍ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ လ ၁၇ ရက် မွန်းလွဲ(၁၃:၀၀)နာရီအချိန်တွင် ကန့်ဘလူမြို့“မြို့မဈေး”ရှိ လုပ်ငန်းရှင်များအား အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း(Online Sale)လုပ်ငန်းများ မှတ်ပုံတင်လက်မှတ်လျှောက်ထားခြင်း နှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တာဝန်ခံကဟောပြောဆွေးနွေးရာတွင် စားသုံးသူ၏အဓိပ္ပာယ်၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချ ခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်သည့်အမိန့်ကို အမိန့်ကြော်ငြာစာ အမှတ်(၅၁/၂၀၂၃)ဖြင့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့ကြောင်း၊ မည်သူမဆို အွန်လိုင်းဖြင့်ရောင်းချခြင်းလုပ်ငန်းကို မှတ်ပုံတင်လက်မှတ်လျှောက်ထားရရှိပြီးမှသာ လုပ်ကိုင်ရ မည်ဖြစ်ကြောင်း ၊ လုပ်ငန်းရှင်များအနေဖြင့် Online မှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍ သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များ၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ Online မှတဆင့်ဝယ်ယူရာတွင် လိမ်လည်မှုမခံရအောင် သိရှိရမည့်အချက်များကို  ရှင်းလင်းဆွေးနွေး အသိပညာပေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီး မှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့် ကိုက်ညီမှုရှိစေရေး အသိပညာ ပေးခြင်း၊  စီးပွားရေးလုပ်ငန်းရှင်များအား တွေ့ဆုံ၍ ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်များအား ရှင်းလင်း ဆွေးနွေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြရေးအတွက် တွေ့ဆုံ ဆွေးနွေး ခြင်းများကို ဆောင်ရွက်လျက်ရှိရာ (၂၀.၁၂.၂၀၂၄)ရက်နေ့၊  နံနက်(၁၁:၃၀)နာရီအချိန်၌ စစ်ကိုင်းတိုင်း ဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် တိုင်းဦးစီးမှူးမှ ဦးဆောင်၍ စားသုံးသူ ရေးရာဌာနခွဲနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ ဝန်ထမ်းတို့သည် မုံရွာစိန်စိန် (စားသောက်ကုန်) လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် စစ်ကိုင်းတိုင်း‌ဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်းသည့် အချက်အလက်များ၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ (၂/၂၀၁၉) ညွှန်ကြား ချက်အရ မြန်မာဘာသာဖြင့် မဖြစ်မနေ ဖော်ပြရန်လိုအပ်သည့် အသေးစိတ် အချက်များနှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း ( ၁၀ )ပါ စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာရမည့် တာဝန်များ အကြောင်းကို အသိပညာပေးဆွေးနွေးခဲ့ပြီး သိရှိလိုသည်များအား မေးမြန်းခဲ့ခြင်းအပေါ် တိုင်းဒေသကြီး ဦးစီးမှူးက ပြည်လည် ဖြေကြားဆွေးနွေးပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

နမ့်စန်မြို့ပေါ်ရှိဆန်အရောင်းဆိုင်များအားကွင်းဆင်းစစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် နမ့်စန်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ (၁၇.၁၂.၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် နမ့်စန်မြို့ပေါ်ရှိ ဆန်အရောင်းဆိုင်များသို့သွားရောက်၍ ဆန်ရောင်းချဖြန့်ဖြူးနေမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

            ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် နမ့်စန်မြို့အတွင်းရှိ ဆန်အရောင်းဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချဖြန့်ဖြူးခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်များကိုသိုလှောင်ခြင်းမပြုရန်နှင့် အခြေခံစားသောက်ကုန်များ ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/ မရှိအား ကြပ်မတ်စစ်ဆေးလျက်ရှိရာ ဆန်ဆိုင်များမှ သက်ဆိုင်ရာဌာနတို့၏လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ရန် ဆွေးနွေးခဲ့ပါသည်။

         ဆန်ဆိုင်များမှရောင်းချလျက်ရှိသော ဆန်များမှာ ရွှေဘိုပေါ်ဆန်း‌မွှေး၊ မနောသုခနှင့် မိုးနဲဒေသထွက်ဆန်များကို ရောင်းချလျက်ရှိကြောင်းစစ်ဆေးတွေ့ရှိရပါသည်။ ထို့ပြင် ဆန်ဈေးနှုန်း ယခင်အပတ်ဈေး၊ ယခုအပတ်ဈေးနှုန်းများကို မေးမြန်းခဲ့ပြီး ဆန်လက်ကျန် ဆန်အိတ်အရေအတွက်များစွာမရှိပဲ ဈေးနှုန်းတည်ငြိမ်ပြီး ပုံမှန်လည်ပတ်၍ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

မူရင်းမျိုးစိပ် ထိန်းသိမ်းရန် လိုအပ်သော မြန်မာ့စိန်တလုံးသရက်

သရက်၏ မူရင်းဒေသ အင်ဒို၊မြန်မာကျွန်းဆွယ်မှ ဖြစ်ပါတယ်၊ “ အသီးမှာ သရက် ”ဟု ခေါ်ဆိုလောက်အောင် အသီးများစွာထဲတွင် အရသာအရှိဆုံး အသီးသည် သရက်သီးဖြစ်သည်။ မြန်မာနိုင်ငံတွင် သရက်မျိုးစိပ် (၂၀၀)ကျော်ရှိသည့်အနက် စိန်တလုံးသရက်သည် အချို ဓာတ်ပါဝင် မြှင့်မားပြီး (၂၀-၂၄%) အရောင်အလှဆုံး၊အရသာအရှိဆုံး၊အစေ့နှင့်အသား အချိုးချ ကြည့်ပါက အစေ့အသေးဆုံးအသီး ၊အသားအမျှင်လုံးဝကင်းစင်မှုအရှိဆုံးအသီးဖြစ်ပြီး အနံ့ အကောင်းဆုံးသရက်သီးဖြစ်သည်။

အရှေ့တောင်အာရှရှိ အကောင်းဆုံးသရက်သီးမျိုးစိပ်များထဲတွင် မြန်မာ့စိန်တလုံးသရက် တစ်မျိုးအပါအဝင်ဖြစ်သည်။မြန်မာ့စိန်တလုံးသရက်၏ မူလမျိုးစိပ်ထွက်ရှိရာဒေသမှာ  ကျောက်ဆည်မြို့နယ်၊ ဟန်မြင့်မိုရ်ကျေးရွာအုပ်စုဖြစ်ကြောင်း သိရှိရပါတယ်။ မူလမျိုး စိပ်စိန်တလုံးသရက်၏ ပုံသဏ္ဍာန် မှာ အောက်တွင် ဖော်ပြထားသည့်ပုံအတိုင်း အလုံးဝိုင်းပြီး အရောင်အလွန်စိုကာ ရွှေ‌ရောင် သန်းပါတယ်။ အဓိကအချက်နှစ်ခုအနေဖြင့် အခွံအလွန်းပါးပြီး အသီးချောမွတ်ခြင်း ဖြစ်ပါသည်။ သရက်သီးအား အခြားနိုင်ငံများသို့ တင်ပို့ရောင်းချခဲ့သည်မှာ ၁၉၈၆ ခုနှစ်ကတည်းကဖြစ်ပြီး တင်ပို့ရောင်းချ ခဲ့သော သရက်သီးမျိုးစိပ်များမှာ စိန်တလုံး၊ ရွှေဟင်္သာ၊ မြကျောက်တို့ဖြစ်ပါသည်။ တရုတ် ပြည်တွင် မြန်မာ့စိန်တလုံးသရက်သည် အလွန်နာမည်ရသော ရောင်းအားကောင်းသော သရက် သီးမျိုးဖြစ်ပါတယ်။

မြန်မာနိုင်ငံဈေးကွက်ထဲတွင် ယခုနောက်ပိုင်း၌ စိန်တလုံးသရက်မျိုး များစွာကွဲပြားစွာ တွေ့ရှိရပါသည်။ မြန်မာစိန်တလုံးသရက်ကို ရေရှည်အောင်မြင်စေရန်အတွက် မူရင်းမျိုးစိပ်ကို ထိန်းသိမ်းဖို့ရန် လိုအပ်ပါတယ်။ မျိုးစိပ်ကို ထိန်းသိမ်းရန်အတွက် စားပြီးသားအစေ့ကို ပြန်စိုက်ခြင်းမှ ရှောင်ကျင်ရန်ဖြစ်ပါတယ်၊ ၎င်းအချက်သည် မူလမျိုးရင်းကို ထိန်းသိမ်းရန်အတွက် အရေးကြီးသော နံပါတ်တစ်အချက်ဖြစ်ပါတယ်။အစေ့ဆိုသည်မှာ ဝတ်မှုံကူးပြီးမှ အမပွင့်၏ ( OVARY)မျိုးအိမ်ထဲတွင် ဖြစ်ပေါ်လာတာဖြစ်သည့်အတွက် အစေ့ဆိုတာနှင့် မျိုးရောပြီးသား ဖြစ်နေပါပြီ၊ ထိုကြောင့် (၁၀၀% )မျိုးရင်းစစ်စစ်ကို ရယူရန်အတွက် ကိုင်းကူးခြင်းနည်း လမ်းဖြင့်သာ ရယူနိုင်မှာဖြစ်ပါတယ်၊

သရက်သီးသည် ဗီတာမင်အေ၊ဘီ၊စီတို့ပါဝင်ပြီး ကျန်းမာရေးအတွက် ကောင်းမွန်ခြင်း သာမက အိုမင်းရင့်ရော်ခြင်းကိုလည်းကာကွယ်ပေးသော အသီးဖြစ်ပါတယ်၊ မြန်မာစိန်တလုံး သရက်သည် မြန်မာနိုင်ငံတွင်သာမက အခြားနိုင်ငံများတွင်လည်း ဈေးကောင်းရရှိနေသော သရက်သီးဖြစ်သည်နှင့်အညီ အရည်အသွေးကောင်မွန်စေရန်အတွက် မူရင်းမျိုးစိပ်အား ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်လာ ပါတယ်၊ထိုသို့  ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် မြန်မာ စိန်တလုံးသည် ဈေးကွက်အတွင်းတွင် ဈေးကောင်းရ၍ ရေရှည်အောင်မြင်မှု ရရှိလာမှာ ဖြစ်သည့်အတွက် မူရင်းမျိုးစိပ်ကို ထိန်းသိမ်းကြရန် လိုအပ်ကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(စစ်ကိုင်း)

 

ဈေးကွက်ဝင် မတ်ပဲသီးနှံ

ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်ရာတွင် မတ်ပဲသည် မြန်မာနိုင်ငံအတွက် အရေးပါသော သီးနှံတစ်မျိုး ဖြစ်သည်။ မတ်ပဲကို အစိုဓါတ်နှင့် မြေဆီလွှာအဟာရ အနည်းငယ်သာရှိသော မြေများတွင်လည်း စိုက်ပျိုးနိုင်သည်။ မတ်ပဲ တွင် ဗိုက်တာမင်၊ ပရိုတင်း၊ သတ္တုဓါတ်စသည့်တို့ အမြောက်အများပါဝင် သောကြောင့် လူသားတို့အတွက် အဟာရတန်ဖိုး မြင့်မားသည်ဟုဆိုနိုင်သည်။ မတ်ပဲကို များသော အားဖြင့် ဆောင်းတွင်းပိုင်းတွင် ပိုမိုစိုက်ပျိုးကြပြီး၊ မိုး တွင်းပိုင်းတွင် အနည်းငယ် စိုက်ပျိုးကြပါသည်။  နိုင်ငံခြား ဈေးကွက်ရှိသော သီးနှံလည်းဖြစ်သည်။

          မိုးသီးနှံ မတ်ပဲကို ဇွန်နှင့် ဇူလိုင်လများတွင် စိုက်ပျိုးပြီး၊ အောက်တိုဘာနှင့် နိုဝင်ဘာလ များတွင် ပေါ်ထွက်ပါသည်။ ဆောင်း သီးနှံ မတ်ပဲကို နိုဝင်ဘာလ၊ ဒီဇင်ဘာလနှင့် ဇန်နဝါရီလများတွင် စိုက်ပျိုးကြပါကြောင်း၊ ၊ မိုးသီးနှံ မတ်ပဲ စတင်ထွက် ပေါ်ချိန် အောက်တိုဘာနှင့် နိုဝင်ဘာလများတွင် တစ်တင်းဝင်တစ်အိတ်လျှင် ပျမ်းမျှငွေကျပ် ၁၁၀,၀၀၀ ဖြစ်ရာ ယခင်နှစ် ကာလတူဈေးနှုန်းနှင့် နှိုင်းယှဉ်လျှင် ဈေးနှုန်းမြင့်တက်မှုရှိနေကြောင်း မုံရွာကုန်စည်ဒိုင်ဈေးနှုန်း သတင်းအရ သိရပါသည်။

          ယခင်နှစ် မတ်ပဲ တစ်တင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၉၀၅၀၀ ရှိခဲ့ရာ ယခုနှစ်တွင် နှစ်ဆန်း ပိုင်းကစလို့ ဈေးမြင့်လာခဲ့ရာမှ လက်ရှိတွင် ၁၁၀,၀၀၀ ဝန်းကျင်ဖြစ်လာပါကြောင်း၊ မတ်ပဲကို ခွဲခြမ်း ပြုလုပ်၍ မတ်ပဲဘယာကြော်၊ အပင်ပေါက် ဖောက်၍ မတ်ပဲပင်ပေါက်၊ ၎င်းအပင်ပေါက်ကို အချဉ် တည်၍ ပဲပင်ချဉ်အဖြစ် အမျိုးမျိုး ပြုလုပ်ရောင်းချနေရခြင်းကြောင့် ပြည်တွင်းဈေးကွက်သာမက နိုင်ငံခြားဈေးကွက်ရှိသော သီးနှံဖြစ်သည့်အတွက် ကာလမရွေး ဈေးကွက်ဝယ်လိုအားရှိနေပြီး ဈေး ကောင်းရနေသော မတ်ပဲသီးနှံကို ပိုမိုစိုက်ပျိုးလာပါကြောင်း တောင်သူအများစုထံမှ လေ့လာသိရှိရ ပါသည်။

DOCA(စစ်ကိုင်း)

ဖောင်းပြင်မြို့နယ် (အ.ထ.က)အထက်တန်းကျောင်းတွင် စားသုံးသူအသိပညာပေး ဆွေးနွေးဟောပြော

              စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဉီးစီးဌာန၊ ဖောင်းပြင်  မြို့နယ်၊ အင်ကြင်းမြိုင်ရပ်ကွက်တွင် ဒီဇင်ဘာလ ( ၁၉ ) ရက်နေ့ နံနက်( ၁၀ : ၃၀ )နာရီအချိန်၌  ဖောင်းပြင်မြို့နယ်တာဝန်ခံ ဉီးကျော်သန်းစိန်(ဒု-ဦးစီးမှူး)မှ (အ.ထ.က)အထက်တန်းကျောင်းသို့ သွားရောက်၍ ဆရာ/ဆရာမ ( ၇ ) ဉီးနှင့် ကျောင်းသား/ ကျောင်းသူ ( ၈၀ ) ဦး၊ စုစုပေါင်း ( ၈၇ ) ဦးအား အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါဟောပြောပွဲ၌ ဖောင်းပြင်မြို့နယ် အင်ကြင်းမြိုင်ရပ်ကွက်ရှိ (အ.ထ.က) အထက်တန်းကျောင်းမှ ကျောင်းဆရာမ ဒေါ်ဌေးဌေးရီက အဖွင့်အမှာစကားပြောကြားပြီး ဖောင်းပြင်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊  ဉီးကျော်သန်းစိန် (မြို့နယ်တာဝန်ခံ) မှ  စားသောက် ကုန်များတွင် ဖော်ပြရမည့်ကုန်အညွှန်းအမှတ်အသားများအကြောင်း နှင့် အစားအသောက်များ ဝယ်ယူစားသုံးရာတွင် သတိပြုရမည့်၊ ရှောင်ရန်ဆောင်ရန် အချက်အလက်များအား အသိပညာပေးဆွေးနွေး ဟောပြောခဲ့ကြောင်း သတင်းရရှိရပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းမြို့ နီလာစက်မှုဇုန်ရှိ လျှမ်းလျှမ်းတောက် လ္ဘက်၊ ပဲကြော်လုပ်ငန်းရှင်နှင့် တွေ့ဆုံ

စာသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်ဖြစ်သော ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်၊ ခေတ္တခရိုင်ဦးစီးမှူး ဦးဆောင်၍ စစ်ကိုင်းမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်း(၁)ဦးသည် ဒီဇင်ဘာလ ၁၇ ရက်နေ့က စစ်ကိုင်းမြို့ နီလာစက်မှုဇုန်ရှိ လျှမ်းလျှမ်းတောက် ပဲကြော်လုပ်ငန်းရှင်နှင့် တွေ့ဆုံခဲ့ပါသည်။

လျှမ်းလျှမ်းတောက် ပဲကြော်လုပ်ငန်းကို ၂၀၁၄ ခုနှစ်က ရင်းနှီးမြှုပ်နှံမှု ကျပ်သိန်း(၅၀) ကျော်ခန့်ဖြင့် စတင်ခဲ့ကြောင်း၊ ကုန်ကြမ်းပဲများကို မန္တလေးကုန်စည်ဒိုင်မှ အများဆုံးဝယ်ယူပြီး  ကုန်ချောပဲကြော်များကို တံတားဦး၊ ဆားတောင်၊ မြင်းမူ၊ ရွှေဘို၊ လားရှိုးနှင့် ကလေးမြို့များသို့ တင်ပို့ရောင်းချကြောင်း၊လုပ်သားကျား(၈)ဦးနှင့် မ(၅)ဦးတို့အား အလုပ်အကိုင် အခွင့်အလမ်းများ ပေးထားနိုင်ပြီး လုပ်အားခမှာ နေစရိတ်၊ စားစရိတ်ငြိမ်း ကျပ် တစ်သိန်းမှ နှစ်သိန်းငါးသောင်းထိ ပေးချေရကြောင်း၊ တစ်ရက်လျှင် ကုန်ကြမ်း ပဲကြီး၊ ကုလားပဲ၊ နှမ်း၊ မြေပဲ စုစုပေါင်း (၁၄) အိတ်ခန့် အသုံးပြု၍ ကြော်ရကြောင်း၊တစ်လလျှင်(၄)ရက်နားပြီး(၂၆)ရက်လုပ်ငန်းများဆောင်ရွက်ကြောင်း၊ ကုန်ကြမ်းပဲ (၃၀) ပိဿာဝင်အိတ် တစ်အိတ်ကြော်လျှင် ပဲအရည်အသွေးပေါ် မူတည်၍ အချိန် ပိဿာ ( ၃၀ မှ ၄၀ ) ထိ ထွက်ရှိပြီး ၊ မြေပဲ (၂၅) ပိဿာဝင် အိတ် တစ်အိတ်ကြော်လျှင်လည်း မြေပဲအရည်အသွေးပေါ်မူတည်၍ အချိန် ပိဿာ ( ၂၄ မှ ၂၅ )ထိ ထွက်ရှိကြောင်း၊ ပဲကြော် လုပ်ငန်းအတွက်စားအုန်းဆီကို အသုံးပြုပြီး၊ အမျိုးအစား၊ အရည်အသွေးပေါ် မူတည်၍ ပဲကြော် တစ်ပိဿာလျှင် ကျပ် (၁၂၀၀၀ မှ ၁၇၀၀၀ ထိ) ဈေးအသီးသီး ရောင်းချကြောင်း လျှမ်းလျှမ်းတောက် ပဲကြော်လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်၊ ခေတ္တခရိုင်ဦးစီးမှူး ဒေါ်ခင်မြတ်မူက စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ် ချက်များးနှင့်အညီ သိသာထင်ရှားစွာ ဖော်ပြရမည့် အချက်များကို ရှင်းလင်း ဆွေးနွေးခြင်းနှင့် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည့် အချက်များကို အသိပညာပေး ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

အညာဒေသထွက် ထန်းလျက်ချက်လုပ်ပုံအကြောင်း တစေ့တစောင်း

          မြန်မာနိုင်ငံအတွင်း တည်ရှိကြသော တိုင်းဒေသကြီးများနှင့် ပြည်နယ်များအလိုက် အဖိုးတန် သဘာဝ အရင်းအမြစ်များ၊ မြေပေါ် မြေအောက် သယံဇာတများ ပေါကြွယ်ဝလျက်ရှိရာ  အညာဒေသ၏ ဒေသထွက် ထန်းလျက် ချက်လုပ်ပုံအကြောင်း တင်ပြလိုပါသည်။ ထန်းပင်ကို  မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများဖြစ်သော စစ်ကိုင်း၊ မကွေးနှင့် မန္တလေးတိုင်းဒေသကြီးများတွင် အများဆုံး တွေ့ရှိရပြီး ထန်းလျက်ကို ထန်းဖို၊ ထန်းမ အမျိုးအစား ( ၂ )မျိုးမှ ထုတ်လုပ်ရရှိကြောင်း သိရှိရပါသည်။

ထန်းပင်မှ ထန်းရေ ထွက်အောင်ပြုလုပ်ခြင်း

          ထန်းပင်အမျိုးအစား ( ၂ ) မျိုးရှိရာ ထန်းဖိုမှ ထန်းရည်များ ထွက်ရှိအောင်လုပ်ဆောင် ရာတွင် ထန်းဖိုပင်၏ ထန်းနို့ဖူးများ ထွက်ရှိလာအောင် ထန်းလက်များကို နင်းပေးရသည်။ သို့မှသာ အဖူးများ လျင်မြန်စွာ ထွက်ပေါ်လာ၍ ၎င်းအဖူးများကို ဓားထက်ထက်ဖြင့် ၃-၄ ရက်ခန့် ပါးပါးလှီးပေးသောအခါတွင် ပေါ်ဦးပေါ်ဖျား ထန်းဦးရေများ ရရှိကြောင်း သိရှိရသည်။ ထန်းမတွင် ထန်းသီးနုနုများကို ထန်းထုဖြင့် ထု၍ သော်လည်းကောင်း၊ ထန်းနုကျော်ချိန်တွင် ထန်းသီးများကို ထန်းပင်နှင့် တိုက်၍ သော်လည်းကောင်း ပြုလုပ်၍ ထန်းသီးများအား ဓားဖြင့် ပါးပါးလှီး၍ ထည်းရည်များ ထွက်အောင် ပြုလုပ်ရပါသည်။  ထန်းဖိုနှင့် ထန်းမ ထန်းရည်ထွက်သော အချိန် သည် တစ်ပြိုင်နက်တည်း မဟုတ်ဘဲ ထန်းဖိုသည် အရင်ပေါ်၍ ( ၁ )လ ခွဲသာ ကြာကြောင်း၊ ထန်းမသည် ထန်းဖိုထက် နောက်ကျပေါ်သော်လည်း ထန်းသီးနုချိန်နှင့် ထန်းသီးရင့်ချိန်တွင် သီးရင့်တိုက်ခြင်းများ ပြုလုပ်နိုင်ခြင်းကြောင့် ထန်းသက်တမ်း ကြာ၍ ထန်းရည် အထွက် များကြောင်း သိရပါသည်။

သိမ်းဆည်းခြင်း

          တပေါင်း၊ တန်ခူး၊ ကဆုန်၊ နယုန်၊ ဝါဆို၊ ဝါခေါင် လများတွင် ထန်းရည်များ လှိုင်လှိုင် ပေါများစွာ ထွက်ရှိသော အချိန်ဖြစ်ကြောင်း သိရသည်။ ထန်းရည်ကို ထန်းရည်ချိုနှင့် ထန်းရည်ခါး ပုံစံနှစ်မျိုးဖြင့် သောက်သုံးနိုင်ပြီး ထန်းလျက်ကို ချက်လုပ်ရာတွင် ထန်းရည်ချိုဖြင့်သာ ချက်လုပ် နိုင်သည်။ ထန်းပင်မှ ထွက်ရှိသော ထန်းရည် များကို ထန်းဖိုတွင် ပန်ဖူး(ခေါ်) ထန်းဖူး၌ ထန်းမြူ အိုးကို ကြိုးစွပ်၍ လည်းကောင်း၊ ထန်းမတွင် ထန်းနုသီးခိုင်ကို ချည်ပတ်ထား၍ လည်းကောင်း ထန်းမြူအိုး ( ၃ )လုံးမှ ( ၄ )လုံးအထိ ထိန်းသိမ်းရကြောင်း သိရှိရပါသည်။ ထန်ရည်များကို မနက်နှင့် ညနေ တစ်ရက်လျှင် ( ၂ ) ကြိမ် သိမ်းဆည်းရကြောင်း သိရသည်။

ချက်လုပ်ခြင်း

          ထန်းပင်မှ ရရှိလာသော ထန်းရည်ချိုများကို အမှိုက်သရိုက်၊ ပျား၊ ပိတုန်းနှင့် ယင်ကောင်များ ကင်းစင်အောင် သင့်တော်သော အရည်စစ် စကာဖြင့် စစ်၍ ထန်းလျက်ချက်ဖိုရှိ ဒယ်အိုးများ အတွင်း လောင်းထည့်ကာ မီးအပူပေး ချက်လုပ်ရပါကြောင်း၊ ထန်းလျက်တစ်ပြန် ချက်လုပ်ရာ တွင် ထန်းမြူအိုး (၆ )လုံးပမာဏရှိသော ထန်းရည်ချိုများအား ဒယ်အိုး (၂) လုံးသို့ အညီအမျှ ထည့်ပြီး ( ၁ )နာရီခန့် ထင်းမီးဖြင့် ချက်လုပ်ရပါကြောင်း၊ ထန်းလျက်ရည် အဖြစ်သို့ ရောက်ရှိ လာသောအခါ မီးအေးအေးဖြင့် ထန်းလျက်မွှေ ယောင်းမနှင့် အဆက်မပြတ် မွှေပေးရပါကြောင်း၊ ထန်းလျက်ရည်များ ပျစ်တွဲလာသော အခါတွင် မီးဖိုပေါ်မှ ချ၍ ယောင်းမဖြင့် ဆက်လက် မွှေပေးရပါကြောင်း၊ ထန်းလျက်အရည်မှ အခဲများအဖြစ်သို့ ပြောင်းလဲလာသော မပူမအေး အချိန်တွင် ဒက် (ခေါ်) ထန်းလျက်ထိုးတံဖြင့် ထန်းလျက်သားများ အပေါ်အောက် အအေးခံခြင်း မျှတအောင် ( ၅) မိနစ်ခန့် ပြုလုပ်ရပြီးနောက် ထန်းလျက်ကို လက်တစ်ဆုပ်စာ မမာဏအား ရေဆွတ်၍  လုံးကာ ဗန်းထဲတွင် အအေးခံရပါကြောင်း၊ ထန်းမတွင် ထန်းသီးနုများမှ ရရှိ၍ ချက်လုပ်သော ထန်းလျက်ခဲ(ခေါ်)လုံးများသည် ဖြူဖွေး၍ လူများ စားသုံးမှု များကြောင်း၊ ထန်းဖိုမှ ချက်လုပ်သော ထန်းလျက်သည် နီညိုရောင် ရှိသဖြင့် ဆေးသမားတော်များက တိုင်းရင်းဆေးများ ဖော်စပ်ထုတ်လုပ်ရာတွင် အသုံးများကြောင်း သိရှိရပါသည်။

ကုန်ချော ထွက်ရှိနိုင်မှု ပမာဏ

          ထန်းမြူအိုး ( ၆ ) လုံး တစ်ပြန် ကျိုချက်လျှင် ကုန်ချော ထန်းလျက်ပမာဏ ပျမ်းမျှ ( ၂ ) ပိဿာနှုန်း ထွက်ရှိပြီး ထန်းပင်အရေအတွက်( ၃၀) ပင်တွင် ထန်းရေထွက် များချိန်၌ တစ်ရက်တာ ထုတ်လုပ်နိုင်မှုအနေဖြင့်(၁၂ပြန်မှ ၁၄ပြန်)အထိ ကျိုချက်ရကြောင်း သိရသည်။ ထန်းလျက်ကို အုန်းထန်းလျက်၊ ဇီးထန်းလျက်၊ နို့ထန်းလျက်၊ နှမ်းထန်းလျက်၊ မြေပဲထန်းလျက်၊ သံပုရာ ထန်းလျက်၊ ဂျင်းထန်းလျက် အရသာ အမျိုးမျိုး ပြုလုပ်၍ စားသုံးကြသည်။

 

ဈေးနှုန်းဈေးကွက်

          ထန်းရာသီ ကုန်သော ယခုလက်ရှိအချိန်တွင် ထန်းလျက်ဈေးနှုန်းများအနေဖြင့် ထန်းဖို ထန်းလျက် (၁)ပိဿာ လျှင် (၆၀၀၀ကျပ်မှ ၇၀၀၀)အထိ၊ ထန်းမထန်းလျက် အဖြူသန့်အလုံးသေး (၁ )ပိဿာလျှင် (၈၅၀၀)အထိဈေးနှုန်း ရှိနေသော်လည်း လာမည့် တပေါင်းလတွင် ထန်းရာသီ စတင်မည်ဖြစ်ရာ ဈေးနှုန်း အပြောင်းအလဲ ရှိနိုင်ကြောင်း သိရှိရပါသည်။

အကြုံပြု သုံးသပ်ချက်

          ယခုအချိန်တွင် မိရိုးဖလာ ထန်းပင်တက်လုပ်သားများမှာ တောင်ယာအလုပ်တွင် အားစိုက် လုပ်ကိုင်ခြင်း၊ မြို့ပြများတွင် အလုပ်လုပ်ကိုင်နေခြင်းတို့ကြောင့် ထန်းတက်လုပ်သားဦးရေမှာ လျော့ကျလာကြောင်း သိရသည်။ ထို့ကြောင့် နိုင်ငံတော်အနေဖြင့် ထန်းတက်လုပ်သားများ၏ ထန်းလျက်ထုတ်လုပ်ရာတွင် ဈေးနှုန်းဈေးကွက်ရရှိရေး၊ ထန်းရွက်၊ ထန်းလျက်မှ စ၍  ထန်းပင်၏ အခြားအစိတ်အပိုင်းများအား တစ်ဆင့်မြှင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး လိုအပ်သော အရင်း အနှီးနှင့် နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးမှုများ ဆောင်ရွက်ပေးသင့်ပါကြောင်း‌၊ ပြည်တွင်း စားသုံးမှု သာမက ပြည်ပထိ တင်ပို့နိုင်ရန် ဆောင်ရွက်သင့်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(စစ်ကိုင်း)

 

လုပ်ငန်းရှင်များနှင့် မိတ်ဆက်တွေ့ဆုံဆွေးနွေး

            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်း ဒေသကြီးဦးစီးမှူးရုံးအနေဖြင့် “စားသုံးသူအခွင့်အရေးဦးစားပေး” ဟူသော ဆောင်ပုဒ်နှင့်အညီ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များအား ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များအား ရှင်းလင်းခြင်းနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ထည့်သွင်းဖော်ပြရေးအတွက် တွေ့ဆုံဆွေးနွေးခြင်း လုပ်ငန်းများကို လစဉ် ဆောင်ရွက်လျက်ရှိရာ (၁၉.၁၂.၂၀၂၄)ရက်နေ့  နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူးနှင့် စားသုံးသူရေးရာဌာနခွဲတာဝန်ခံတို့သည် မုံရွာမြို့ပေါ်ရှိ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင် (၈)ဦးနှင့်  တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါသည်။

ထိုသို့ တွေ့ဆုံရာတွင် စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူးက ဌာနမှဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းအကြောင်းများ၊ စားသုံးသူများသာမက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှ ဆောင်ရွက်နေသော လုပ်ငန်းများကိုသိရှိလိုပါက ရုံးဖွင့်ရက်ရုံးချိန်အတွင်း Consumer Call Center No 1535 သို့ ဆက်သွယ်မေးမြန်းနိုင်သည့်အကြောင်းများ၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း မှတ်ပုံတင် လက်မှတ် လျှောက်ထားခြင်းနှင့်ပတ်သက်၍ သိကောင်းစရာများ အသိပညာပေးဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

စီးပွားရေးလုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေး

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး အနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ၊  စီးပွားရေးလုပ်ငန်းရှင်များအား တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသား များပြည့်စုံစွာထည့်သွင်းဖော်ပြရေးအတွက် တွေ့ဆုံဆွေးနွေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ (၁၇.၁၂.၂၀၂၄)ရက်နေ့၊  နံနက်(၁၀:၃၀)နာရီအချိန်တွင် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင် ဦးစီးမှူးနှင့် စားသုံးသူရေးရာဌာနခွဲတာဝန်ခံတို့သည် ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်ရှိ တေဇာဝင်းထိုက် အကြော်မျိုးစုံလုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးက ဌာနမှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး နှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းများ၊ အသင့်စားမုန့်အမျိုးမျိုးတွင်ပါဝင်ရမည့် ကုန်အညွှန်းအမှတ်အသားအကြောင်း၊ စားသုံးသူများသာမက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှဆောင်ရွက်နေသော လုပ်ငန်းများကိုသိရှိလိုပါက ရုံးဖွင့်ရက် ရုံးချိန်အတွင်း Consumer Call Center No 1535သို့ ဆက်သွယ်မေးမြန်းနိုင်သည့်အကြောင်းများ၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း မှတ်ပုံတင်လက်မှတ် လျှောက်ထားခြင်းနှင့်ပတ်သက်၍ သိကောင်းစရာ များအသိပညာပေးဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ ခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ