သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဟင်္သာတမြို့နယ်မှ စားအုန်းဆီလက္ကားကိုယ်စားလှယ်များ ဖြန့်ဖြူးသောစားအုန်းဆီများ စနစ်တကျ ဖြန်ဖြူးနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲပြုလုပ်

          စားသုံးသူရေးရာဦးစီးဌာန၊ဟင်္သာတခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၁၉.၁၂.၂၀၂၄) ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်တွင် ဟင်္သာတမြို့၊ ဈေးကလေးလမ်း၊ တာငါးဆယ် မြောက်ရပ်ကွက် စားသုံးသူရေးရာဦးစီးဌာန၊ဟင်္သာတခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ခရိုင်ဆီကုန်သည်နှင့်ဆီ လုပ်ငန်းရှင်အသင်းမှ လုပ်ငန်းရှင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး (၁၈)ဦးနှင့် ဟင်္သာတမြို့ နယ်မှ စားအုန်းဆီလက္ကားကိုယ်စားလှယ်များ ဖြန့်ဖြူးသောစားအုန်းဆီများ စနစ်တကျ ဖြန်ဖြူးနိုင် ရေး ညှိနှိုင်းဆွေးနွေးပွဲပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့ဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးမှ  ဟင်္သာတမြို့ နယ်အတွင်းရှိ ကျေးရွာများ၌ပြည်သူများထံစားအုန်းဆီဖြန့်ဖြူးရာတွင် ရန်ကုန်ကုမ္ပဏီများမှ တင်သွင်း လာသောခွဲတမ်းရ ဆီများကိုလက္ကားကိုယ်စားလှယ်များမှတစ်ဆင့် ကုန်စုံဆိုင်များ၊ ပြည်သူများထံသို့ သတ်မှတ်ရည်ညွှန်းဈေးဖြင့်စနစ်တကျ ဖြန့်ဖြူးရောင်းပေး လျက်ရှိကြောင်း၊ ယခင်က အိမ်ထောင်စုစာရင်းဖြင့် ရောင်းချသော်လည်း ယခုအခါ ဆီဝယ်ယူခွင့်စာအုပ်ဖြင့် ဖြန့်ဖြူးရာတွင် မှန်ကန်တိကျစေရေး၊ ကျေးရွာနေပြည်သူများထံ ရောင်းချပြီးစီးပါက သတ်မှတ်ဇယားပုံစံများတွင် ဖြည့်သွင်း၍ပြန်လည်တင်ပြရန်လိုအပ်ကြောင်း၊ ဒါမှသာလျင် ဆီဖြန့်ဖြူးရာတွင် စနစ်တကျရှိမည်ဖြစ်၍ ယခုလိုခေါ်ယူ ဆွေးနွေးရခြင်းဖြစ်ကြောင်း ပြောကြားပါသည်။ မိမိတို့ဌာနအနေဖြင့် ဆီဖြန့်ဖြူးရာတွင် ပါဝင်စွက်ဖက်ခြင်းမရှိပဲ ပြည်သူများ စနစ်တကျဝယ်ယူရရှိနိုင်ရေးအတွက် ကြီးကြပ်ဆောင်ရွက်ခြင်းသာဖြစ်ကြောင်း၊ တက်ရောက်လာသူများမှလည်း ပြန်လည်ဆွေးနွေးခြင်းများပြုလုပ်ခဲ့ပြီး အစည်းအဝေးကို နေ့လယ်(၁၂:၀၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။

 DOCA(ဧရာဝတီ)

အဝတ်လျှော်စက်ကပေးသော ထုတ်ကုန်လုံခြုံစိတ်ချရမှု သင်ခန်းစာ

          ယနေ့ကမ္ဘာကြီးသည် သတင်းနှင့် နည်းပညာဖလှယ်မှု တွင် အရှိန်အဟုန်ပြင်းပြင်းဖြင့် ရှေ့သို့ ခရီးနှင်လျက်ရှိပါသည်။ အီလက်ထရွန်းနစ်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ စားသုံးကုန်ပစ္စည်းများနှင့် စက်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများ၏ သတင်းအချက်အလက်များသည် စားသုံးသူ များ၏ ဘေးကင်းလုံခြုံရေးကို အသိနှင့် သတိပေးနေခြင်းဖြစ်သည်။  တဖက်တွင်လည်း ကုန်အညွှန်း အမှတ်အသားများ၊ ကုန်ပစ္စည်းအမှတ်တံဆိပ်များနှင့် ရော၍ကုန်ပစ္စည်းကြော်ငြာများသည်လည်း ပါလာ ကြောင်းတွေ့လာရပါသည်။

          သို့သော်လည်း စားသုံးသူပြည်သူအများစုက ကုန်အညွှန်းအမှတ်အသားကို သတိမမူသေးသ ဖြင့်  အသက်အန္တရာယ်ထိခိုက်မှုများ ရှိနေပေလိမ့်မည်။ မည်သူကမျှ မှတ်တမ်းတင်၍ သတင်း မှတ်တမ်းအဖြစ် ထုတ်ပြန်ခြင်းမရှိသော်လည်း ထိခိုက်နစ်နာမှုက နေ့စဉ်နှင့်အမျှ ရှိနေလိမ့်မည်။ ထိုနည်းတူစွာ ထုတ်လုပ်သူများနှင့် ပြည်ပမှတင်သွင်းသူများကလည်း ကုန်အညွှန်းအမှတ်အသား ဖော်ပြမှုအလေးအနက်မထားကြသဖြင့် နစ်နာဆုံးရှုံးသူများ ရှိနေပါလိမ့်မည်။ ဆုံးရှုံးနစ်နာမှုများ မည်မျှရှိသည်ကို သိရှိရန်လွယ်ကူသော ကိစ္စမဟုတ်ပေ။

အဝတ်လျှော်စက်ကပေးသော သင်ခန်းစာ

          ကျွန်တော့်၏ မိတ်ဆွေတစ်ဦး သိပ်မကြာမီအချိန်က အဝတ်လျှော်စက်တစ်လုံးဝယ်ယူခဲ့ ပါသည်။ အမျိုးအစားမှာ Electrolux (ELITE CARE tm 300. 10KG- EWT 1075 H2WA) ဖြစ်ပြီး ထိုင်းနိုင်ငံထုတ် ဖြစ်ပါသည်။ User Guide မှာ ထိုင်းဘာသာစကားနှင့် အင်္ဂလိပ်ဘာသာများဖြင့် ဖော်ပြထားပါသည်။ စက်ပေါ်တွင် ခလုတ်များ၏ အကြောင်းများဖော်ပြထားပြီး စာအုပ်များတွင် ခလုတ်အကြောင်းများသာ  ဖော်ပြထားသော်လည်း မည်ကဲ့သို့ စက်ကိုမောင်းနှင်(Operate) ရမည်ဆို သည်ကို ဖော်ပြပေးထားခြင်းမရှိပါ။ ၎င်းအဝတ်လျှော်စက်ကို ပြည်ပမှတင်သွင်းသည့် လုပ်ငန်းရှင် သည် စားသုံး သူကာကွယ်ရေးဥပဒေ ပုဒ်မ(၄၃)ပါ “ သုံးစွဲပုံနည်းလမ်း” အား မြန်မာဘာသာဖြင့် ဖော်ပြပေးရန် ဟူ  သည့် ပြဌာန်းချက်ကို ချိုးဖောက်ကြောင်း တွေ့ရမည်ဖြစ်ပါသည်။

          မိတ်ဆွေက ၎င်းအဝတ်လျှော်စက်ကို ဝယ်ယူပြီး အိမ်ရောက်သည့်အခါ ကိုယ်တိုင်တပ်ဆင် ကြည့်ကြောင်းနှင့် ပိုင်ရှင်ကိုယ်တိုင် စက်မောင်းမရသည့်အဆုံးတွင် နီးစပ်ရာအပေါင်းအသင်းများအား လက်တည့်စမ်းခိုင်းရာ ရက်သတ္တပတ်(၁)ပတ်ကြာသည့်အထိ စက်မောင်းမရဖြစ်နေခဲ့ရကြောင်း ပြော လာပါသည်။

          နောက်ဆုံးတွင် ဝယ်ယူသည့်ဆိုင်အား အကြောင်းကြားသည့်အခါ ၎င်းမဝတ်လျှော်စက် တပ်ဆင်ခြင်း ဝန်ဆောင်မှုပေးသူနှင့် ချိတ်ဆက်ဆောင်ရွက်ရန် တယ်လီဖုန်းနံပါတ်သာပေးပြီး ဆိုင် ရှင်က ဝန်‌ဆောင်မှုမပေးသဖြင့် ငွေကုန်ကြေးကျပိုမိုများခဲ့ကြောင်း သိရှိရပါသည်။ ဤနေရာ၌ အလျဉ်း သင့်၍ ဖော်ပြလိုသည်မှာ နိုင်ငံတကာတွင် စားသုံးသူများ အကောင်းဆုံးဝန်ဆောင်မှုပေးနေကြသည့် ခေတ်ကြီးသို့ရောက်နေပါသည်။ ကုန်ပစ္စည်းများထုတ်လုပ်ပြီးသောအခါတွင် ၎င်းတို့ထုတ်သည့် ကုန်ပစ္စည်းကို စားသုံးသူများက မည်သည့် အခက်အခဲတွေ့သည်၊  ထုတ်ကုန်များ၏ အားနည်းချက် များကို ရှေ့တွင်မည်ကဲ့သို့ ပြုပြင်ရမည်ဆိုသည်ကို စနစ်တကျလေ့လာသည့် After sales service Center များဖွင့်လှစ်ပြီး ဝန်‌ဆောင်မှု များပေးခဲ့ကြောင်း လေ့လာခဲ့ဖူးပါသည်။

          ကျွန်တော်၏ မိတ်ဆွေကြီးသည် ဆိုင်ကပေးသော လိပ်စာဖြင့် ဝန်ဆောင်မှုပေးသူအား ခေါ်ခဲ့ရ ပါသည်။ ဝန်ဆောင်မှုပေးသူရောက်လာသည့်အခါ အဝတ်လျှော်စက်ကိုကြည့်ပြီး Digital auto-mechine များ တပ်ဆင်သည့်အခါ မြန်မာဘာသာလမ်းညွှန်စာအုပ်မပါခြင်းက အလွန်ဆိုးရွား ကြောင်း၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ကျေးလက်က စားသုံးသူများက ခေါ်သည့်အခါတွင် လိုက်သွား၍ တပ်ဆင်ပေးခဲ့ရကြောင်း၊ စားသုံးသူအတွက်လည်း ငွေကြေးကျမှုပိုများစေကြောင်း၊ တပ်ဆင်ရသည်မှာ ခက်ခဲသည့်အလုပ်မဟုတ်ကြောင်း၊ ဘာသာစကားအခက်အခဲနှင့် လုပ်ငန်းရှင်က စက်များ၏ သုံးစွဲနည်းစနစ်( Operating system)ဖော်ပြမထားခြင်းများဖြစ်ကြောင်း ရှင်းပြခဲ့သည်ကို မှတ်သားရပါသည်။ ၎င်းက ဆက်ပြောသည်မှာ ယခင်က အစိုးရဌာနများသည် စက်ပစ္စည်းများ မောင်းနှင်မှုစနစ်  ဖော်ပြထားခြင်းရှိမရှိများ စက်ပစ္စည်းများတွင် ပါမပါအား စစ်ဆေးသည်ကို ကြားဘူးကြောင်း၊ ယခု နောက်ပိုင်းတွင် စစ်ဆေးသည့် အသံမကြားရတော့ကြောင်း အစရှိသည်ဖြင့် ပြောဆိုမှုအား မှတ်သားခဲ့ရပြီး ကျွန်တော်တို့ တာဝန်မကျေမှုအတွက်လည်း အတော်ရှက်မိခဲ့ပါသည်။

သိနေလျှင်အလွယ်ကလေးပါ

          ဝန်ဆောင်မှုပေးသူက အဝတ်လျှော်စက်အား ရေပိုက်တပ်ဆင်ပေးခြင်းနှင့် လျှပ်စစ်မီးတပ်ဆင် ခြင်းများလုပ်ပြီးသည့်အခါ အဝတ်ညစ်များ နမူနာလျှော်ပေးသည့်အခါ အလွယ်ကလေးဖြစ်ကြောင်း မြင်တွေ့ရသည်ဟုဆိုပါသည်။ ခက်သည်မှာ ကုန်အညွှန်းတွင်ပါရှိရမည့် သုံးစွဲပုံနည်းလမ်းနှင့်ကြိုတင် သတိပေးချက် များမပါရှိခြင်းပင်ဖြစ်ကြောင်း၊ ၎င်းအချက်များကို မြန်မာ့စားသုံးသူများနားလည် အောင် မြန်မာဘာသာဖြင့် ရေးသင့်ခြင်းဖြစ်ပါသည်။ ဤသို့ရေးသားဖော်ပြနိုင်ရေးသည် စစ်ဆေးမည့် ဌာနများက ကြပ်မတ်စစ်ဆေးမှုအားနည်းခြင်းသည် အဓိကဖြစ်ပါသည်။

အနာသိလျှင်ဆေးရှိသည်

          ကုန်အညွှန်းမပါခြင်းကြောင့် စားသုံးသူများနစ်နာကြောင်း ကိုယ်တိုင်မြင်တွေ့ခဲ့ရပါသည်။ ကိုယ်တိုင် နားဖြင့်ကြားခဲ့ရပြီ။ အဓိကပြဿနာမှာ အနာမသိကြခြင်းဖြစ်ပါသည်။ အနာမသိကြ ခြင်းဟုဆိုရာဝယ် အနာ၏ အတိမ်အနက်နားမလည်ခြင်းဖြစ်ကြောင်း ပြောပါက ပိုမိုမှန်ကန်မည်ဟု ယူဆပါသည်။ ဝန်ထမ်းများက ဈေးကွက်စောင့်စစ်ဆေးခြင်းများ အကြိမ်ကြိမ်စစ်ဆေးခဲ့ကြပြီ။ လုပ်ငန်းရှင်များ အကြိမ်ကြိမ်တွေ့ဆုံ ပညာပေးခဲ့ကြပြီ။ သမရိုးကျဖြစ်နေပြီလား၊ လုပ်ရိုးလုပ်စဉ်အ တိုင်းလုပ်ကြခြင်းလား၊ မြေပြင်စစ်ဆေးရေးအရာရှိများ မွေးထုတ်သော်လည်း သင်ခန်းစာ နောမကျေ ခဲ့ခြင်းလား၊ အခြားလုပ်ငန်းများ ဖိစီး၍မဆောင်ရွက်နိုင်ခြင်းလား၊ စစ်ဆေးရေးအရာရှိနှင့် တာဝန်ခံ အရာရှိများကိုယ်တိုင်က စစ်ဆေးရမည့်ဘာသာရပ်ကို မကျွမ်းကျင်၍လား အစရှိသည်ဖြင့် မေးခွန်း ပေါင်းများစွာ ကိုယ့်ကိုကိုယ် မေးခွန်းများထုတ်မိနေခဲ့ပါသည်။

          အဝတ်လျှော်စက် ဝယ်ယူတပ်ဆင်သည့် ဖြစ်စဉ်အား ပြန်လည်သုံးသပ်မည်ဆိုပါလျှင် ကုန် အညွှန်းအမှတ်အသား  စစ်ဆေးရမည့်ကုန်ပစ္စည်းအမျိုးအစား ရွေး ချယ်မှုမှားယွင်းမှုများကြောင့်ဟု ယူဆသည်။ အီလက်ထရွန်းနစ်ပစ္စည်းများ စစ်ဆေးလေ့မရှိကြခြင်း၏ နောက်ဆက်တွဲပြဿ နာများပင်ဖြစ်ပါသည်။ ကျွန်တော်တို့ဌာနက မကျွမ်းကျင်သည့်နယ်ပယ်ဖြစ်သဖြင့် စက်ပစ္စည်း တည်‌‌ဆောက်ပုံအား စစ်ဆေးရန်မလိုအပ်ပဲ ၎င်းစက်ပစ္စည်း၏ အသုံးပြုပုံအညွှန်းအမှတ်အသား ပါမပါ စစ်ဆေးရုံဖြင့် တာဝန်ကျေနေပြီဖြစ်ပါသည်။

          မြို့ပေါ် ပညာတတ်ပေါများသည့် နေရာတွင် အင်္ဂလိပ်စာဖြင့်ဖော်ပြပေးထားသဖြင့် ဖတ်ရှု့ပြီး စမ်းသပ်လုပ်လျှင် တစ်နေ့မဟုတ်တစ်နေ့ ရနိုင်သေးသည်။ ကျေးလက်တောရွာရှိ အင်္ဂလိပ်စာ ဖတ်ရန်ခက်ခဲသည့် စားသုံးသူဖြစ်ပါက စက်ပြင်ဝန်ဆောင်မှုအတွက် ခြေကြွခမှစ၍ ပိုမိုကုန်ကျစရိတ် များလာပေမည်။ သို့အတွက်ကြောင့် အဝတ်လျှော်စက်နှင့် ၎င်းအလားတူ ကုန်ပစ္စည်းများအတွက် မဖြစ်မနေ ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် ကုန်ပစ္စည်းအသုံးပြုပုံနှင့် ကြိုတင်သ တိပေးချက်များ ပါမပါများအား မဖြစ်မနေစစ်ဆေးပေးသင့်ကြောင့် စစ်ဆေးရေးအရာရှိများအား တိုက်တွန်းနှိုးဆော် အကြံပြုအပ်ပါသည်။

DOCA(စစ်ကိုင်း)        

         

 

 

စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၏ ဒီဇင်ဘာလတွင် စားသုံးသူအသိပညာပေး လုပ်ငန်းများဆောင်ရွက်နိုင်မှု အခြေအနေ

          စစ်ကိုင်တိုင်းဒေသကြီးဉီးစီးမှူးရုံးအနေဖြင့် စားသုံးသူပြည်သူများ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရန်၊ စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိစေရန် စီးပွားရေးလုပ်ငန်းရှင်များ စီးပွားရေး ကျင့်ဝတ်၊ စည်းကမ်းနှင့်အညီဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်နိုင်ရန်အတွက် တိုင်း၊ ခရိုင်၊ မြို့နယ် အလိုက် စားသုံးသူကာကွယ်ရေးအသိပညာပေးလုပ်ငန်းများ၊ စားသုံးသူတိုင်ကြားမှုဖြေရှင်းခြင်း လုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီးဉီးစီးမှူးရုံးအနေဖြင့် မုံရွာမြို့၊ တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် ဆီလုပ်ငန်းရှင်များအသင်းအား အသိပညာပေးဟောပြောခြင်း၊  ကလေးခရိုင်ဉီးစီးမှူးရုံးအနေဖြင့် ကလေးခရိုင်၊ ဖောင်းပြင်မြို့၊ အင်ကြင်းမြိုင်ရပ်ကွက်ရှိ အထက ကျောင်းတွင်လည်ကောင်း၊ ဟုမ္မလင်းမြို့၊ စိုက်ပျိုးရေးဦးစီးဌာနတွင် ကက်သာကျေးရွာရှိ တောင်သူ များအားလည်းကောင်း၊ ကန့်ဘလူခရိုင်ဉီးစီးမှူးရုံးအနေဖြင့် ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ အင်းကောင်း ကျေးရွာရှိ အလကကျောင်းတွင်လည်းကောင်း၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့၊ အမက(၂) ကျောင်း တွင်လည်ကောင်း၊ ကန့်ဘလူမြို့၊ မြို့မဈေးတွင်လည်းကောင်း၊ စစ်ကိုင်းခရိုင်ဉီးစီးမှူးရုံး အနေဖြင့် စစ်ကိုင်းခရိုင် မီးသတ်ဦးစီးဌာနတွင်လည်းကောင်း၊ စစ်ကိုင်းခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၊ စက်ချုပ်သင်တန်းတွင်လည်းကောင်း၊ မုံရွာခရိုင်ဦးစီးမှူးရုံးအနေဖြင့် မုံရွာမြို့၊ တိုင်းဒေသ ကြီးဦးစီးမှူးရုံးတွင် မီးသတ်ဌာနမှဝန်ထမ်းများအားလည်းကောင်း၊ မုံရွာမြို့၊ ပြန်/ဆက် ရုံးတွင် Online sale နှင့်ပတ်သက်၍ Talk Show ပြုလုပ်ခြင်း၊  ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ရွှေဘိုမြို့၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းတွင်လည်းကောင်း အသိပညာပေးဟောပြောခြင်း စုစုပေါင်း (၁၁)ကြိမ်နှင့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း အသိပညာပေးဟောပြော ဆွေးနွေးခဲ့ရာ ဌာန၏ မျှော်မှန်း ချက်များ၊ ရည်မှန်းချက်တာဝန်များ၊ စားသုံးသူအခွင့်အရေးများ၊ တာဝန်များ၊ ဌာနသို့ ဆက်သွယ် တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ ဖြေရှင်းဆောင်ရွက်ပေးခဲ့သည့် စားသုံးသူတိုင်ကြားမှု ဖြစ်စဉ်များကို အသိပညာပေးဟောပြောခဲ့ကြပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။

          လုပ်ငန်းရှင်များနှင့်  တွေ့ဆုံဆွေနွေးအသိပညာပေးမှုများကိုလည်း တိုင်းဒေသကြီးဦးစီးမှူးရုံး အနေဖြင့်(၁)ကြိမ်၊ ကလေးခရိုင်ဦးစီးမှူးအနေဖြင့်(၄)ကြိမ်၊ ကသာခရိုင်ဦးစီးမှူးရုံးအနေဖြင့်(၂)ကြိမ်၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးမှ(၂)ကြိမ်၊ စစ်ကိုင်းတိုင်းခရိုင်ဦးစီးမှူးရုံးအနေဖြင့်( ၆)ကြိမ်၊ မုံရွာခရိုင် ဦးစီးမှူးရုံးမှ(၂)ကြိမ်၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးအနေဖြင့်(၂)ကြိမ်၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် (၄)ကြိမ်၊ စုစုပေါင်း(၂၃)ကြိမ် ဆောင်ရွက်နိုင်ခဲ့ပါသည်။ ထိုသို့တွေ့ဆုံဆွေးနွေးဆောင်ရွက်ခြင်းများ ပြုလုပ်ရာတွင် စီးပွားရေးလုပ်ငန်းရှင်တို့၏တာဝန်များ၊ လိုက်နာရမည့်အချက်များ၊ ကုန်စည်နှင့် စပ်လျဉ်း၍ ဖော်ပြရမည့်အာမခံများ၊ ရိုးရှင်းမှန်ကန်သောသတင်းအချက်အလက်များ ပြည့်စုံစွာ ပေးရန် စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊  စည်းကမ်းနှင့်အညီ ဖြောင့်မတ်      မှန်ကန်စွာ ဆောင်ရွက်ရန်အချက်များကို ရှင်းလင်းဆွေးနွေးအသိပညာပေးခြင်း၊ ရည်ညွှန်းဈေး သတ်မှတ်ထားသောကုန်စည်များအား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချစေရေးဆွေးနွေးဟော ပြောခြင်းများဆောင်ရွက်ခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်နှင့်သက်ဆိုင်သော လက်ကမ်းစာစောင်များ၊ စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

(၁၂/၂၀၂၄) ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲ(ဒါဘာ) ကျင်းပ

၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ (၂၃)ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၏ တိုင်းဦးစီးမှူးရုံးရှိ အစည်းအဝေးခန်းမ၌ ဝန်ထမ်းထုဆန္ဒ ဖော်ထုတ်ပွဲကို ကျင်းပပြုလုပ်ခဲ့ရာ အရာထမ်း၊ အမှုထမ်း (၃၆)ဦးနှင့် ကလေးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင် ဦးစီးမှူးရုံးများမှ ဝန်ထမ်းအင်အား(၂၅) ဦး Zoom Meeting ဖြင့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲတွင် တိုင်းဒေသကြီးဦးစီးမှူး ဦးခမ်လျန်စွမ်းက  အဖွင့် အမှာစကားပြောကြားရာတွင် ရှေ့ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ပတ်သက်၍ ဌာနခွဲ များ၏ ဦးတည်ချက်၊ လုပ်ဆောင်ချက်များကို သိစေလိုခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။  ထို့နောက် ဒု-ဦးစီးမှူး ဒေါ်ခင်နှင်းဝေက  ဝန်ထမ်းများ သိစေရန်အတွက် ပြည်ထောင်စုဝန်ကြီးရုံးမှ လမ်းညွှန် မှာကြားချက်ဖြစ်သည့်“ လုပ်ငန်းများ ဆောင်ရွက်ရာတွင် အမှားအယွင်း မရှိစေရေး၊ အဂတိ ကင်းရှင်းရေး၊ ဘက်လိုက်မှုမရှိစေရေး၊ မှန်မှန်ကန်ကန်ဖြစ်စေရေးအတွက် ဝန်ထမ်းများက မိမိဌာနအပေါ် ရိုးသားကြိုးစားပြီး သစ္စာရှိရှိဖြင့်ဆောင်ရွက်ရန်”အကြောင်း ရှင်းလင်တင်ပြခဲ့ပြီး စီမံရေးရာဌာနခွဲတာဝန်ခံအရာရှိ ဒေါ်တိုးတိုးချွန်က ယခင်လ ဆန္ဒဖော်ထုတ်ပွဲတွင် ဆွေးနွေးခဲ့သည့် ဆောင်ရွက်ရန် အချက်များနှင့် ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ဆွေးနွေး တင်ပြခဲ့ကြောင်း သိရှိရပါသည်။

ဆက်လက်၍ သက်ဆိုင်ရာဌာနခွဲများနှင့် ခရိုင်ဝန်ထမ်းများက ဆန္ဒဖော်ထုတ်ခဲ့ကြပြီး ဌာနခွဲ အလိုက် လုပ်ငန်းဆောင်ရွက်မှုများအား တင်ပြခဲ့ကြပါသည်။ ထို့နောက် တိုင်းဒေသကြီးဦးစီးမှူးက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ဝန်ထမ်းများအနေဖြင့် အခက်အခဲများရှိပါက ပွင့်လင်းမြင်သာ စွာတင်ပြဆောင်ရွက်ရန်၊ ကျန်းမာရေး အထူးဂရုစိုက်ရန်၊ မိမိတို့သည် ဝန်ထမ်းများဖြစ်၍ သန့်ရှင်းသပ်ရပ်စွာ ဝတ်ဆင်နေထိုင်ကြရန် ပြောကြားပြီး နေ့လယ်(၁၂:၀၀)နာရီတွင် အခမ်းအနားကို အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သတင်းရရှိသည်။       

DOCA(စစ်ကိုင်း)

ဟုမ္မလင်းမြို့နယ်၊ ကတ်သာကျေးရွာတွင် စားသုံးသူအသိပညာပေး ဆွေးနွေးဟောပြော

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဉီးစီးဌာန၊ ဟုမ္မလင်းမြို့နယ်၊ ဒီဇင်ဘာလ ( ၂၀ ) ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် ကတ်သာကျေးရွာသို့ သွားရောက်၍  ပြည်သူ ( ၃၀ ) ဦးအား အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

              အဆိုပါဟောပြောပွဲတွင်  စားသုံးသူရေးရာဦးစီးဌာန၊ ဟုမ္မလင်းမြို့နယ်တာဝန်ခံ ဒေါ်ခင်စန်းဝင်း ( ဒု-ကြီးကြပ်ရေးမှူး )မှ အစားအသောက်များကို ဝယ်ယူရောင်းချရာတွင် သက်ဆိုင်ရာဌာနများမှ သတ်မှတ်ထားသည့် သတ်မှတ်ချက်များနှင့်အညီ ထုတ်လုပ်ဖြန့်ဖြူးသည့် ကုန်စည်များကိုသာ ဝယ်ယူအသုံးပြု၍ ရောင်းချကြရန်လိုအပ်ပါကြောင်းနှင့် စားသုံးသူရေးရာ ဉီးစီးဌာနမှ ပြည်သူများအတွက် အစားအသောက်များ ဘေးအန္တရာယ်ကင်းရှင်းရေးကို အစဉ်ဆောင် ရွက်ပေးလျှက်ရှိပြီး မိမိတို့ဘက်မှလည်း တတ်အားသမျှ ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးမှသာ စေျးကွက်အတွင်း ဘေးအန္တရာယ်ရှိသည့် ကုန်ပစ္စည်းများ ပပျောက်သွား မည်ဖြစ်ပါကြောင်းနှင့် အစိုရဝန်ထမ်းများနှင့် ပြည်သူများပူးပေါင်းပါဝင်မှသာ လုပ်ငန်းများလုပ် ဆောင်ရာတွင် လျှင်မြန်ချောမွေ့၊လွယ်ကူစွာဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် မိမိအနေဖြင့် လည်း ဌာနနှင့်ပတ်သက်သည့် လုပ်ငန်းဆောင်တာများကို တတ်စွမ်းသမျှ ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း  ဆွေးနွေးပြောကြားခဲ့ပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းမြို့တွင် သောက်ရေသန့်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်၊ ခေတ္တခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုအရ ခရိုင်ရုံးမှ စစ်ဆေးရေးမှူး(၂)ဦးသည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ(၂၀)ရက်နေ့တွင် စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိ စတိုးဆိုင်နှင့်ကုန်မျိုးစုံဆိုင် (၂)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့သည်။

သောက်ရေသန့်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ (၂/၂၀၁၉) ညွှန်ကြားချက်နှင့် ကိုက်ညီမှု ရှိ/မရှိ၊ သက်ဆိုင်ရာဌာနမှ ထောက်ခံချက်များ ပါရှိခြင်း ရှိ/မရှိ လစဉ် ဈေးကွက်စောင့်ကြည့်စစ်ဆေးရန် လမ်းညွှန်မှုပြုသဖြင့် စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိ “Me”စတိုးဆိုင်၊၊ “မိသားစု”ကုန်မျိုးစုံဆိုင်၊ စုစုပေါင်း ဆိုင်(၂)ဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ရာ “Lucky” အမှတ်တံဆိပ် သောက်ရေသန့်(၅၀၀မီလီလီတာ)ဘူးများသည် ညွှန်ကြားချက်(၂/၂၀၁၉)နှင့် ကိုက်ညီမှုရှိပြီး FDA ၏ ထောက်ခံချက်အမှတ် ပါရှိသည်ကို စိစစ်တွေ့ရှိရသည်။ ဈေးကွက်အတွင်း “Lucky” နှင့်“Life” အမှတ် တံဆိပ် သောက်ရေသန့်ဘူးများ အများဆုံးရောင်းချပြီး စားသုံးသူများ ဝယ်ယူမှုအများဆုံး အမှတ် တံဆိပ်ဖြစ်ကြောင်း ဆိုင်ပိုင်ရှင်များ၏ ပြောကြားချက်အရ သိရှိရသည်။ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူက စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များ၊ ဥပဒေ အခန်း (၁၀)ပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များ၊ ဥပဒေ အခန်း(၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက်များကို ‌ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

သရက်မြို့နယ်အတွင်း စားသုံးသူများ ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဆေးဆိုင်များနှင့် ကုန်စုံဆိုင်များအားဈေးကွက်စောင့်ကြည့်စစ်ဆေး

           မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် တိုင်းဒေသကြီးဦးစီးမှူးရုံး၏ လမ်းညွှန်မှုဖြင့် လစဉ်ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ (၁၉-၁၂-၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် မိတ်ဖက်ဌာနဖြစ်သည့် ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့တို့နှင့်အတူ သရက်မြို့၊ မင်းတုန်းလမ်းပေါ်ရှိ ကုန်မျိုးစုံရောင်းချသည့် ကုန်စုံဆိုင်(၅)ဆိုင်နှင့် ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်(၃)ဆိုင်တို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေး ခဲ့ကြောင်းသိရသည်။

          စားသုံးသူကာကွယ်ရေးဥပဒေ (၂/၂၀၁၉)မှ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ပြည့်စုံသည့်ကုန်စည်များအားရောင်းချရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေအရ မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခု(သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ မဖြစ်မနေဖော်ပြရမည့် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်၊ ကြိုတင်သတိပေးချက်စသည့် အချက်များအကြောင်း ဆိုင်ရှင်များအား အသေးစိတ်ရှင်းလင်းပြောကြားခြင်း၊ ကုန်စည်များတွင် သက်တမ်းကုန်ဆုံးသည့်ရက်စွဲများ ပါရှိရန်လိုအပ်ကြောင်းပြောကြားပြီး ကျန်းမာရေးဝန်ထမ်းမှ ကျန်းမာရေးနှင့်ပတ်သက်သည့် အကြောင်းအရာများကို ထည့်သွင်းဆွေးနွေးခဲ့ပြီး မိမိတို့ ယခုရောင်းချနေသည့် ကုန်စည်များတွင်လည်း ကုန်ဆုံးရက်စွဲများ ကြည့်ရှု၍ ရောင်းချသွားရန် လိုအပ်ပါကြောင်း၊  ဆေးဆိုင်များတွင်လည်း သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်းမပြုရန်၊ တရားမဝင်ဆေးဝါးများ ရောင်းချခြင်းမပြုရန်နှင့် ဈေးနှုန်းများ အဆမတန်မြှင့်တင်ရောင်းချခြင်းမပြုရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

 DOCA(မကွေး)

စစ်ကိုင်းခရိုင် မီးသတ်ဦးစီးဌာန၌ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း ဟောပြော

စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်၊ ခေတ္တခရိုင်ဦးစီးမှူး  ဦးဆောင်၍၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက်(၁၀:၀၀)နာရီက စစ်ကိုင်းခရိုင်၊ မီးသတ်ဦးစီးဌာန၌ မီးသတ်ဆင့်ပွား သင်တန်းတွင် သင်တန်းသား/သူ (၃၈)ဦးနှင့် နေ့လည်(၁၄:၀၀)နာရီက  စစ်ကိုင်းခရိုင်၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၌ အခြေခံ စက်ချုပ်သင်တန်းတွင် သင်တန်းသူ (၁၇)ဦး  စုစုပေါင်း (၅၅)ဦး တက်ရောက်ခဲ့ပြီး အဆိုပါသင်တန်း၌ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်၊ ခေတ္တခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများကို ဟောပြော ဆွေးနွေးခဲ့ပါသည်။

အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်၊ ခေတ္တခရိုင်ဦးစီးမှူး ဒေါ်ခင်မြတ်မူက စားသုံးသူရေးရာဦးစီးဌာနဖြစ်ပေါ်လာပုံသမိုင်းနှင့် ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်း ချက်တာဝန်များ၊ လုပ်ငန်းတာဝန်များအကြောင်း စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ်၊ မတ်လ(၁၅)ရက်နေ့၊ ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ်၉။ ဖြင့် ပြဌာန်းခဲ့ပြီး၊ အခန်း(၂၅)ခန်းနှင့် ပုဒ်မ ၈၄ ခု ပါဝင်ကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၉) ပုဒ်မ(၁၉)နှင့် ပုဒ်မ(၂၀)တွင် ပြဌာန်းထားသည့် စားသုံးသူအခွင့်အရေး(၈)ချက်နှင့် စားသုံးသူ၏ တာဝန်များကို ရှင်းလင်းပြောကြား ခြင်း၊ စားသုံးသူ ကာကွယ်ရေးဥပဒေအခန်း (၁၈)၊ ပုဒ်မ(၄၁)တွင် စီးပွားရေးလုပ်ငန်းရှင်သည် ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ် ချက်များနှင့်အညီ သိသာထင်ရှားစွာဖော်ပြမည့်အချက်(၈)ချက်ကို အသေးစိတ် ရှင်းလင်းပြောကြားခြင်း၊ ပုဒ်မ ၄၁၊ ပုဒ်မခွဲ(ခ)နှင့် ပုဒ်မခွဲ(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြ ရာတွင် မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခု ထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ ပုဒ်မ(၄၃)ပါ ပြဌာန်းချက်နှင့် ကိုက်ညီမှု မရှိသည့် ကုန်စည်ကို ထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်း သို့မဟုတ် ရောင်းချခြင်းမပြုရန်၊ ပုဒ်မ(၆၇)နှင့် ပုဒ်မ(၆၈)ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူကို နှစ်နှစ်ထက်မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ကျပ်သိန်း ၂၀၀ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပါကြောင်း၊ စားသုံးသူတိုင်းမှာ စားသုံးသူအခွင့်အရေး များရှိကြောင်း၊ စားသုံးသူအခွင့်အရေးနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက မိမိတို့ဌာနသို့ လူကိုယ်တိုင် ဖြစ်စေ၊ ဖုန်းဖြင့် ဖြစ်စေ၊ Website လိပ်စာမှာ www.doca.gov.mmတို့ဖြင့် ဖြစ်စေ၊  Call Center နံပါတ် 1535 တို့ ဖြစ်စေ တိုင်ကြားနိုင်ပါကြောင်း ရှင်းလင်းပြောကြားပြီး တိုင်ကြားရန် လိပ်စာများပါသည့် ပန်းဖလက် များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

“ကျောက်ဆည်ခရိုင်အတွင်းအိမ်သုံးလျှပ်စစ်ပစ္စည်းဆိုင်များ စျေးကွက်စောင့်ကြည့်စစ်ဆေး”

          စားသုံးသူရေးရာဦးစီးဌာန၊ကျောက်ဆည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူများဘေးအန္တ ရာယ်ကင်းရှင်စေရေး၊ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ကုန်စည်နှင့်ဝန်ဆောင်မှုများ‌ ဘေး အန္တရာယ်ကင်းရှင်းစွာအသုံးပြုခွင့်ရရှိစေရေး ဘေးအန္တရာယ်ရှိစေသော ကုန်စည်များစျေးကွက် အတွင်းမှပပျောက်သွားစေရန်တို့အတွက် စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာရေး အဖွဲ့တို့ပူးပေါင်း၍  ဒီဇင်ဘာလ(၆)ရက်နေ့တွင် ကျောက်ဆည်မြို့ပေါ်တွင်လည်းကောင်း ၊ ဒီဇင်ဘာလ(၁၂)ရက်နေ့တွင် စဉ့်ကိုင်မြို့ ၊ မြစ်သားမြို့ နှင့် တံတားဦးမြို့တို့တွင်လည်းကောင်း၊ ဒီဇင်ဘာလ(၁၃)ရက်နေ့တွင် ပြင်ဦးလွင်မြို့တို့တွင်လည်းကောင်း စျေးကွက်အတွင်းရှိ အိမ်သုံး လျှပ်စစ်ပစ္စည်းအမျိုးမျိုးအား စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ ထို့သို့စစ်ဆေးရာတွင် စျေးကွက်အတွင်း လူကိုအန္တရာယ်ဖြစ်စေနိုင်မှုများသည့် ကုန်ပစ္စည်း(၄၄)မျိုးများအား ဦးစားပေး၍ စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ဆက်လက်၍ စျေးကွက်စောင့်ကြည့်စစ်ဆေးသည့် လုပ်ငန်းများအားကုန်ပစ္စည်းအမျိုးအစားအလိုက် လစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်း ရရှိရပါသည်။

DOCA(မန္တလေး)

 

“ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်း၍ Myro တွင် မှတ်ပုံတင်နိုင်ရေးကွင်းဆင်း အသိပေး”

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ စားသုံးသူရေးရာဦးစီးဌာန ၊ ကျောက်ဆည်ခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် ကျောက်ဆည်ခရိုင်အတွင်း ကျောက်ဆည် ၊ စဉ့်ကိုင်၊ မြစ်သား ၊ တံတားဦးမြို့နယ်အတွင်းရှိ ဆန်စပါးသိုလှောင်ရုံလုပ်ငန်းရှင်များအား Myro တွင်မှတ်ပုံတင်နိုင်ရေး ကွင်းဆင်းအသိပေးခဲ့ကြောင်းသိရပါသည်။ ဝန်ကြီးဌာနအနေဖြင့် ဆန်စပါး သိုလှောင်ခြင်းကိစ္စရပ်အပေါ် ကြီးကြပ်နိုင်ရန် ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ခြင်းဆိုင်ရာ အမိန့်ကို (၂၄-၁၀-၂၀၂၄)ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် (၈၂/၂၀၂၄)ဖြင့် ထုတ်ပြန်ခဲ့ကြောင်း၊ မှတ်ပုံတင်ရာတွင် ဆန်တန်ချိန် (၂၅)တန်နှင့်အထက် (သို့မဟုတ်) စပါးတင်း (၂၅၀၀)နှင့်အထက် သိုလှောင်ရုံ တစ်မျိုးမျိုးပိုင်ဆိုင်သူသည် www.myro.com.mm တွင် အမိန့်ထုတ်ပြန်ပြီး (၂)လအတွင်း မှတ်ပုံတင်လျောက်ထားရမည်ဖြစ်ကြောင်း ၊ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၃)ရက်နေ့နောက်ပိုင်းတွင် www.myro.com.mm ၌ မှတ်ပုံတင်လျောက်ထားမှု မရှိသည်ကို စစ်ဆေးတွေ့ရှိပါက ဦးစီးဌာနအနေဖြင့် ဆန်စပါးသိုလှောင်ရုံလုပ်ငန်းရှင်များအား စာဖြင့် သတိပေးခြင်း၊ ဆန်စပါးလုပ်ငန်းနှင့်သက်ဆိုင်သော လုပ်ငန်းလိုင်စင် ၊ မှတ်ပုံတင်လက်မှတ် ၊ လုပ်ကိုင်ခွင့်ယာယီပိတ်သိမ်းခြင်း ၊ လိုအပ်လျှင် သက်ဆိုင်ရာအစိုးရဌာနက ပြုလုပ်ရန်ညှိနှိုင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ကျောက်ဆည်ခရိုင်အတွင်းရှိ ဆန်စပါးသိုလှောင်ရုံလုပ်ငန်းရှင်များ အား ကွင်းဆင်းအသိပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ