သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပွင့်ဖြူမြို့နယ်ရှိ ကုန်စုံဆိုင်များတွင် အသင့်စားခေါက်ဆွဲခြောက် အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

         မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တာဝန်ခံ ဝန်ထမ်းများသည် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍  (၂၈.၁.၂၀၂၅) ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ပွင့်ဖြူမြို့နယ်ရှိ ကုန်စုံဆိုင်များတွင် အသင့်စားခေါက်ဆွဲ‌ခြောက် အမျိုးမျိုးအားသွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

            ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရန် အတွက်ဈေးကွက်အတွင်းရောင်းချသော အသင့်စားခေါက်ဆွဲခြောက် အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များဖြစ်သော ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး(သို့) ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်များ ပါဝင်မှုရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ရာ ဈေးကွက်အတွင်းတွင် MAMA (ကြက်သားအရသာခေါက်ဆွဲ)၊ OK (ကိုရီးယားပူစပ်အရသာမွှေကြော်ခေါက်ဆွဲ)၊ NOM NOM (မာလာရှမ်းကော)၊ OMG (ပိုမိုရှူးရှဲ လျှာမီးတောက်ခေါက်ဆွဲပြုတ်)၊ ULTRA (မီးတောက်ကြက်သားအရသာ အသင့်စားခေါက်ဆွဲပြုတ်)၊ MAMEE (ခေါက်ဆွဲ)၊ Yam Yam (ခေါက်ဆွဲ) အစရှိသည့် ခေါက်ဆွဲခြောက်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ချောက်မြို့နယ်ရှိ ဆီစက်များအား ကွင်းဆင်းစစ်ဆေး

          မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ချောက်မြို့တာဝန်ခံသည် ချောက်မြို့နယ်အတွင်းရှိ ဆီစက်များမှ ဒေသတွင်းဖူလုံမှုအပြင် ပိုလျှံသည်အထိ ကြိတ်ခွဲထုတ်လုပ် ဆောင်ရွက်သွားနိုင်ရေး၊ ပြည်တွင်း၌ ဆီထွက်သီးနှံများ ပိုမိုစိုက်ပျိုးထုတ်လုပ်လာစေရေးနှင့် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးရည်ရွယ်၍ (၂၈.၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန် တွင် မြို့ပေါ်ရှိ ဆီစက်များသို့ ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

             အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ဆီစက်လုပ်ငန်းရှင်များအား လုပ်ငန်းလိုင်စင်ရှိ/မရှိ၊ ဆီစက်များ အမှန်တကယ် လည်ပတ်ခြင်းရှိ/မရှိ၊ စျေးနှုန်းစျေးကွက်တို့အား မေးမြန်းဆွေးနွေးခြင်း၊ စားသုံးဆီ ထုတ်လုပ်ရောင်းချရာတွင် ကုန်ကြမ်းမှကုန်ချောသို့ ရောက်ရှိပုံအဆင့်ဆင့် အခြေအနေ များ၊ ထုတ်လုပ်သည့်စားသုံးဆီများ စျေးကွက်သို့ရောင်းချရာတွင် သတ်မှတ်ထားသော ကုန်အညွှန်း အမှတ်အသားများဖော်ပြထားရှိမှုနှင့် ကုန်စည်အပေါ် အာမခံချက်ပေးထားခြင်းများအတွက် ဆွေးနွေး ခဲ့ပြီးနောက် ဆီထုတ်လုပ်နေမှုနှင့် ထုတ်ပိုးနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ချောက်မြို့ ပေါ်ရှိ ဆီစက်များတွင် လက်ရှိ (၂၄)နာရီလျှင် ကုန်ကြမ်းမြေပဲ (၇၅၀)ပိဿာခန့် အသုံးပြု ပြီး ကုန်ချောမြေပဲဆီ (၃၀၀)ပိဿာခန့်ထွက်ရှိ ဖြန့်ဖြူးရောင်းချလျှက်ရှိကြောင်း၊ စားသုံးသူပြည်သူများ လူတန်းစားမရွေး စားသုံးနိုင်ရန် မြေပဲဆီများကို (၁)ပိဿာလျှင် ကျပ်(၁၅၀၀၀)ဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

အောင်ပန်းကုန်စည်ဒိုင် ဖွံ့ဖြိုးတိုတက်မှုနှင့် လုပ်ငန်းဆောင်ရွက်နေမှုအား ကွင်းဆင်းတွေ့ဆုံဆွေးနွေး

          ရှမ်းပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးရွှေဖြူ၊ ကလောခရိုင်ဦးစီးမှူးရုံး (အောင်ပန်း)၊ ခရိုင်ဦးစီးမှူး ဦးမြင့်နိုင် နှင့် ဝန်ထမ်းများသည် (၂၇-၁-၂၀၂၄) ရက်နေ့မွန်းလွဲ (၀၁း၀၀) နာရီအချိန်တွင် ကလောမြို့နယ်၊ အောင်ပန်းမြို့၊ အောင်ပန်းကုန်စည်ဒိုင်ရုံးသို့ သွားရောက်၍ ကုန်စည်ဒိုင် ဥက္ကဌနှင့်တွေ့ဆုံပြီး ကုန်စည်ဒိုင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းတွေ့ဆုံဆွေးနွေး ခဲ့ပါသည်။

          အဆိုပါတွေ့ဆုံပွဲတွင် ပြည်နယ်ဦးစီးမှူး ဦးရွှေဖြူမှ ကုန်စည်ဒိုင်ဥက္ကဌနှင့်အဖွဲ့ဝင်များအား ကုန်စည်ဒိုင်၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ ကုန်စည်ဒိုင်တစ်ခုဖြစ်ပေါ်ရန်အဓိကလို အပ်ချက်များအကြောင်း၊ အောင်မြင်သော ကုန်စည်ဒိုင်တစ်ခု၏ လည်ပတ်မှု လုပ်ငန်းစနစ်များ အကြောင်းနှင့် ‌ဒေသထွက်သီးနှံများ ဈေးကွက်တင်ပို့နိုင်မှု အခြေအနေများ၊ ကုန်စည်များ တင်ပို့ရောင်းချရာတွင် ရင်ဆိုင်တွေ့ကြုံရသောအခက်အခဲများမေးမြန်းဆွေးနွေးခဲ့ပြီး ကုန်စည်ဒိုင် ဥက္ကဌ ဦးခင်မောင်ဝင်းက တင်ပြဆွေးနွေးရာတင် ကုန်စည်ဒိုင်အဖွဲ့ ဖွဲ့စည်းသည်မှာကြာမြင့်နေပြီ ဖြစ်ပါကြောင်း၊ ကုန်စည်ဒိုင် ပြန်လည်သက်ဝင်လှုပ်ရှားနိုင်ရန် တက်ကြွစွာပါဝင်ဆောင်နိုင်သည့် အဖွဲ့ဝင်သစ်များပြန်လည်ရွေးချယ်ပြီး ကုန်စည်ဒိုင်ဖွံ့ဖြိုးတိုတက်အောင်ဆောင်ရွက်သွားမည်ဖြစ် ကြောင်းနှင့် ကုန်စည်များအား တင်ပို့ရောင်းချရာတွင် တွေ့ကြုံရသော သယ်ယူပို့ဆောင်မှုအခက် အခဲများ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)

ထုတ်ကုန်လုံခြုံစိတ်ချရမှုကိစ္စရပ်များအား ဆောင်ရွက်နေသည့် ဝန်များအား ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်မှု သင်တန်းများကျင်းပခြင်း

              စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးအနေဖြင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားစေရန် ရည်ရွယ်၍ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်မှု သင်တန်းများကို လစဉ် ဆောင်ရွက်လျက်ရှိရာ ထုတ်ကုန်လုံခြုံစိတ်ချရမှုကိစ္စရပ်များအား ဆောင်ရွက်နေသည့် ဝန်များ၏ စွမ်းဆောင်ရည်မြှင့်တင်စေရန် ရည်ရွယ်၍ (၂၈.၁.၂၀၂၅) ရက်နေ့တွင် (၁)ရက်တာ ဝန်ထမ်း စွမ်းဆောင်ရည်မြှင့်တင်မှု သင်တန်းကို ကျင်ပခဲ့ပါသည်။ သင်တန်းတွင် စားသုံးသူ ရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသရဖီထွန်း က ထုတ်ကုန်လုံခြုံစိတ်ချရမှုအတွက် လုပ်ငန်းရှင်များအား အသိ ပညာပေးရာတွင် ဥပဒေနှင့်အညီ အသိပညာပေးရမည့် အချက်များ၊ ကုန်အညွှန်းအမှတ်အသား ( Labelling) နှင့် ပတ်သက်၍ ဌာနမှ ကူညီစစ်ဆေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေတွင် ပြဌာန်းထားသည့် ပုဒ်မ ၄၁ ပါ ပြဌာန်းချက်များ နှင့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉) နှင့်အညီ စစ်ဆေးနိုင်ရန်အတွက် နမူနာ ကုန်စည်များဖြင့် လက်တွေ့ ပြသစစ်ဆေးခြင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုကဏ္ဍများအား ခွဲခြားသုံးသပ်ပြခြင်း၊ အရေးကြီးကုန်စည် နှင့် ဝန်ဆောင်မှု များအကြောင်း အသေးစိတ်ဆွေးနွေးခြင်း ၊ အရေးကြီးဝန်ဆောင်မှု Online Sale များအား မြေပြင်ကွင်းဆင်းစစ်ဆေးရာတွင် သတိထားရှောင်ကျဉ်ရမည့်အချက်များအား အသေးစိတ်သင်ကြားခဲ့ကြောင်းသိရပါသည်။

DOCA(ဧရာဝတီ)

ဧရာဝတီတိုင်းဒေသကြီးတွင် ကျင်းပပြုလုပ်သည့် စဉ်ဆက်ပညာရေးလုပ်ငန်း တိုင်း အဆင့်နည်းပြသင်တန်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာများအား အသိပညာပေး ဆွေးနွေးပို့ချခြင်း

            ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ နှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည့် ၂၀၂၅ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီး၊ မြို့နယ်(၂၆) မြို့နယ်ရှိ အခြေခံပညာသင်ကြားနေသည့် နည်းပြဆရာ/ ဆရာမ (၁၈၂)ဦးတို့အား သင်ကြားပို့ချသည့် တိုင်းအဆင့်နည်းပြသင်တန်းကို အ.ထ.က(၁)ရတနာခန်းမ တွင် (၂၇.၁.၂၀၂၅ ရက်နေ့မှ ၃၁.၁.၂၀၂၅ ရက်နေ့အထိ) ကျင်းပခဲ့ပါသည်။ အဆိုပါ သင်တန်းကျင်းပသည့် (၄) ရက်မြောက်နေ့ဖြစ်သော ၃၀.၁.၂၀၂၅ ရက်နေ့၊ နေ့လယ် (၁၆:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါက်တာသရဖီထွန်းက စားသုံးသူ အခွင့်အရေး နှင့် စားသုံးသူကာကွယ်ရေး ဆိုင်ရာများ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုအတွက် ဆောင်ရွက်နေမှုများ၊ စစ်ဆေးရေးအရာရှိများ ဆောင်ရွက်နေရသည့် ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုကဏ္ဍများ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာမှ အမိန့်ကြော်ငြာစာဖြင့် သတ်မှတ်ထားသည့် အရေးကြီးဝန်ဆောင်မှုနှင့် အရေးကြီးကုန်စည်များအကြောင်း နှင့် အရေးကြီးဝန်ဆောင်မှု အဖြစ်သတ်မှတ်ကြေညာထားသည့် Online Sale လုပ်ငန်းများ မှတ်ပုံတင်ခြင်းနှင့် မြေပြင်ကွင်းဆင်းစစ်ဆေးမှုများအား အကျယ်တဝင့် ဆွေးနွေးမှုများဆောင်ရွက်ခဲ့ရာ သင်တန်းသား ဆရာ/ ဆရာမများက သိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ပုသိမ်ပညာရေးဒီကရီကောလိပ်တွင် စားသုံးသူအသိပညာပေးကဏ္ဍ နှင့် အရေးကြီးဝန်ဆောင်မှု Online Sale များ မှတ်ပုံတင်ခြင်း အကြောင်းတို့အား ဟောပြောပို့ချခြင်း

          ၂၈.၁.၂၀၂၅ ရက်နေ့၊ နေ့လယ်( ၁၃:၀၀) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်-ရန်ကုန်လမ်းမကြီးဘေး၊ (၁၅) ရပ်ကွက်၊ ဒိုက်ထူကျေးရွာ၊ ပုသိမ်မြို့နယ်ရှိ ပုသိမ်ပညာရေး ဒီကရီကောလိပ်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများက စားသုံးသူအသိပညာပေး ဟောပြောပို့ချခြင်းများဆောင်ရွက်ခဲ့ရာ ဆရာ/ ဆရာမ (၃၅)ဦး၊ ဆရာအတက်သင် ကျောင်းသား/ ကျောင်းသူ (၅၈၅)ဦးတို့ တက်ရောက်ခဲ့ကြပါတယ်။ ဟောပြော ဆွေးနွေးပွဲတွင် ပုသိမ်ပညာရေးဒီကရီကောလိပ်မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နုနုအေးက အဖွင့်အမှာစကားပြောကြားခြင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တိုင်းဒေသကြီးဦးစီးမှူးနှင့် ဦးဝင်းထွန်းက စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းတာဝန်များအား မိတ်ဆက်စကားကြောကြားခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါက်တာသရဖီထွန်းက စားသုံးသူရေးရာဦးစီးဌာန၏ အဓိကလုပ်ငန်းတာဝန်(၃)ရပ်ဖြစ်သည့် စားသုံးသူအသိပညာပေးဆောင်ရွက်ခြင်း၊ တိုင်ကြားမှုအား လက်ခံဖြေရှင်းဆောင်ရွက်ခြင်း၊ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည့်အပြင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းစဉ်များနှင့် ဆက်နွယ်နေသည့် အရေးကြီးကုန်စည်နှင့် အရေးကြီးဝန်ဆောင်မှုများအကြောင်းကို ဆွေးနွေးပြောကြားခဲ့ရာ တက်ရောက်လာသော ဆရာ/ ဆရာမ နှင့် ကျောင်းသား/ ကျောင်းသူများက တက်တက်ကြွကြွပြန်လည်ဆွေးနွေးခဲ့ကြပြီး ဟောပြောဆွေးနွေးပွဲကို နေ့လယ် (၁၅ :၃၀) နာရီအချိန်တွင် ရပ်နားခဲ့ကြောင်းသိရပါသည်။

DOCA(ဧရာဝတီ)

 

ထားဝယ်မြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် စားသုံးသူကာကွယ်ရေးအကြောင်း သိကောင်းစရာများအကြောင်းဟောပြောဆွေးနွေးခြင်း

 

          ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့၊ နေ့လည် (၁၃း၀၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသ ကြီး၊ ထားဝယ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်အေးအေးလွင်မှ  စားသုံးသူကာကွယ်ရေးဆိုင်ရာ ဥပဒေအကြောင်းသိကောင်းစရာများ ဟောပြောဆွေးနွေးခဲ့ပါသည်။         

          ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူများ၏ အခွင့်အရေးနှင့်လိုက်နာရမည့်တာဝန်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များကြောင်း၊ ကုန်စည်နှင့်ဝန်‌ဆောင်မှုများကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရန်နှင့် ကုန်စည်များ၏ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ဖော်ပြရမည့်အချက်များအား ရှင်းလင်းဟောပြော ဆွေးနွေးခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုရှိသည့်ကိစ္စရပ်များနှင့် ပတ်သက်၍ မိမိတို့ဌာနသို့ တိုင်ကြားနိုင်ပါကြောင်း၊  Call Center 1535 သို့ ခေါ်ဆို၍လည်း မေးမြန်းတိုင်ကြားနိုင်ပါကြောင်း  ဟောပြောဆွေးနွေးခဲ့ပြီး ဟောပြောပွဲအား (၁၄း၀၀)နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ရန်ကုန်ဆီကုန်မှ မြိတ်ခရိုင်ဆီကိုယ်စားလှယ်သို့ရောင်းချပေးသော စားအုန်းဆီများ မြိတ်မြို့သို့ရောက်ရှိလာ

           တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့အတွက် စားအုန်းဆီများကို ရန်ကုန်မြို့ဆီကုမ္ပဏီများမှ ဖြန့်ခွဲရောင်းချပေးလျက်ရှိပြီး (၃၀.၁.၂၀၂၅)ရက်နေ့တွင် Globle Good Pure Group ကုမ္ပဏီမှ ထုတ်ယူခဲ့သော စားအုန်းဆီပေပါ(၇၈)ပေပါ၊ ပိဿာ ၈၅၈၀ သည် ယာဉ်အမှတ် 6R-5629  ဖြင့် မြိတ်မြို့သို့ ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။ ၎င်းစားအုန်းဆီများကို ရည်ညွှန်း‌စျေး၊ သယ်ယူပို့ဆောင်ကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီဆိုင်များသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီဆိုင်များမှ စားသုံးသူပြည်သူများသို့ ခွဲဝေဖြန့်ဖြူး ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့သို့ ရောက်ရှိလာသော ဆန်များအား အဖွဲ့ဖြင့်ကွင်းဆင်းစစ်ဆေး

          တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်သည် ဆန်လိုအပ်သောဒေသဖြစ်သည့်အတွက် မြိတ်ခရိုင်ဆန်ကုန်သည်များအသင်းမှဦးဆောင်၍ မြိတ်ခရိုင်အတွက်လိုအပ်သောဆန်များကို (၁၉.၁.၂၀၂၅) ရက်‌နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ‌ဒေးဒရဲမြို့နယ်မှဝယ်ယူ၍  MV မြရွှေစင် ရေယာဉ်ဖြင့် ဆန်တန်(၁၂၅)၊ အိတ်ရေ (၂၅၀၀)ကိုတင်ဆောင်၍ (၂၈.၁.၂၀၂၅) တွင် မြိတ်မြို့ သို့ ရောက်ရှိလာခဲ့ပါသည်။

          ထိုသို့ရောက်ရှိလာသောဆန်အိတ်များကို မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်အကောက်ခွန်ဦးစီးဌာန၊ မြိတ်ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြိတ်ကုန်သွယ်ရေးဦးစီးဌာန၊ မြိတ်ခရိုင်ရဲတပ်ဖွဲ့တို့ပါဝင်သောအဖွဲ့များဖြင့် ကုန်စည်စီးဆင်းမှုမှန်ကန်မြန်ဆန်စေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မော်လမြိုင်တက္ကသိုလ်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲကျင်းပပြုလုပ်

          ၃၀.၁.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး ဒေါ်မိရင်စနိုင်းမွန်၊ မော်လမြိုင်ခရိုင် ဦးစီးမှူး ဒေါ်ဝါဝါမြိုင်နှင့် ဝန်ထမ်းများသည် မော်လမြိုင်တက္ကသိုလ်တွင် စားသုံးသူကာကွယ် ရေးအသိပညာပေးဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါ ဟောပြောဆွေးနွေးပွဲတွင် မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာချစ်စိန်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး ဒေါ်မိရင်စနိုင်းမွန်က အွန်လိုင်းမှတဆင့်ဝယ်ယူခြင်းနှင့်စပ်လျဉ်း၍ သိကောင်းစရာခေါင်းစဉ်ဖြင့် ရှင်းလင်းဆွေးနွေးခြင်း၊ မော်လမြိုင်ခရိုင်ဦးစီးမှူး ဒေါ်ဝါဝါမြိုင်က စားသုံးသူကာကွယ်ရေး ဥပဒေပါသိကောင်းစရာအကြောင်းအရာများ ဖြစ်သည့် စားသုံးသူ အခွင့်အရေး (၈) ချက်နှင့် စားသုံးသူများလိုက်နာရမည့် တာဝန်(၄)ချက်၊ စီးပွားရေး လုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်(၁၁)ချက်၊ ဥပဒေ၏ အခန်း(၁၁)ပါ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် စားသုံးသူများနစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက တိုင်ကြား နိုင်ကြောင်း၊ တိုင်ကြားနိုင်သည့်နေရာနှင့် တိုင်ကြားနိုင်မည့်နည်းလမ်းများ၊ ကုန်အညွှန်းအမှတ် အသားနှင့်ပြစ်မှုပြစ်ဒဏ်များအကြောင်းတို့အား အကျယ်တဝင့်ဆွေးနွေးခဲ့ပြီး တက်ရောက်လာ သူများက သိလိုသည်များမေးမြန်းခြင်းနှင့် ပြန်လည်ဖြေကြားဆွေးနွေးခြင်းများပြုလုပ်ခဲ့ပြီး  ဆွေးနွေးပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၄၀၀) ဦး တက်ရောက်ခဲ့ ကြောင်း သိရှိရပါသည်။

DOCA(မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ