သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

သွားတိုက်ဆေး တံဆိပ်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

   စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူပြည်သူများ ကုန်စည်နှင့်ဝန်ဆောင်မှုများသုံးစွဲရာတွင် ထိခိုက်နစ်နာမှုမရှိစေရေး၊ လုံခြုံစိတ်ချရမှုရှိစေရေး၊ လုပ်ငန်းရှင်များအနေဖြင့် ဥပဒေပြဌာန်းချက်များနှင့် အညီထုတ်လုပ်ရောင်းချမှု ရှိစေရေး၊ လုံခြုံစိတ်ချရမှုမရှိသော ကုန်စည်များ လျော့နည်းပပျောက်သွား စေရေးတို့အတွက် နေရာစုံ၌ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို အစဉ်တစိုက်ဆောင်ရွက်လျက် ရှိပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် မြင်းခြံခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးတင်ဇော်ထွေး (ဒု-ခရိုင် ဦးစီးမှူး) ဦးဆောင်၍ စစ်ဆေးရေးမှူးများသည် (၁၀.၁.၂၀၂၆)ရက်နေ့၊ နေ့လည်(၁၃:၃၀) နာရီ အချိန် တွင် မြင်းခြံမြို့ရှိ အမှတ်(၇)ရပ်ကွက်ရှိ နှင်းပန်းဖြူ ကုန်စုံဆိုင်တွင် ရောင်းချနေသော သွားတိုက်ဆေး အမှတ်တံဆိပ်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ သွားတိုက်ဆေးအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ၊ သက်ဆိုင် ရာဌာနထောက်ခံချက်များပါဝင်မှုရှိ/မရှိတို့ကိုစစ်ဆေးခဲ့ကြရာ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသော ကုန်စည်များကိုသာ ရောင်းချမှုရှိကြောင်းတွေ့ရှိရပြီး စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူ ပြည်သူများ ကုန်ပစ္စည်းများကို ဝယ်ယူသုံးစွဲရာတွင် လုံခြုံစိတ်ချရမှုရှိပြီး၊ ဘေးအန္တရာယ်ကင်းရှင်း စေရန်နှင့် ဖြစ်သင့်ဖြစ်ထိုက်သောဈေးနှုန်းများနှင့်သာ ဝယ်ယူသုံးစွဲနိုင်ရေး၊ ထိခိုက်နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးတို့အတွက် စဉ်ဆက်မပြတ်ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ ဆောင်ရွက်သွား မည်ဖြစ်ကြောင်းသိရသည်။

DOCA(မန္တလေး)

Online Sale မှတ်ပုံတင်လက်မှတ်ထုတ်ပေးနိုင်ရေးမြေပြင်ကွင်းဆင်းစစ်ဆေး

    Online စနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းအား ၂၁-၇-၂၀၂၃ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၅၀/၂၀၂၃) ဖြင့် အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်ခဲ့ပါသည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့မှစ၍    Online Sale မှတ်ပုံတင်လက်မှတ် လျှောက်ထားလာမှုများအား  မြေပြင်ကွင်းဆင်း စစ်ဆေး၍ လျှောက်ထားသည့်အချက်အလက်များနှင့်  မြေပြင်တွင် အမှန်တကယ် ကိုက်ညီမှုရှိမှသာလျှင် မှတ်ပုံတင်လက်မှတ်ထုတ်ပေးမည်ဖြစ်ရာ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူး ရုံးမှ   စစ်ဆေးရေးအရာရှိ  ဦးမျိုးထွန်းနှင့် ဒေါ်မြင့်မာလာဝင်းတို့သည်    မန္တလေးမြို့ပေါ်ရှိ Online Sale မှတ်ပုံတင်လျှောက်ထားသည့် လုပ်ငန်းများ (၃၉) ခုတို့မှ လျှောက်ထားသည့် ကုန်စည်များဖြစ်သည့် လက်ဝတ်ရတနာပစ္စည်းများ၊ ဖန်စီပစ္စည်း၊ အထည်အလိပ်အဝတ်အထည်နှင့် ဆက်စပ်ပစ္စည်းများ၊ စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများ၊ ဖက်ရှင်အသုံး အဆောင်ပစ္စည်းများ၊ ကလေးအသုံးအဆောင်ပစ္စည်းများ၊ အီလက်ထရောနစ်ပစ္စည်းများ၊ အခြားသုံးပစ္စည်းများ၊ ပညာရေးနှင့်သင်ကြားရေး ဝန်ဆောင်မှု၊ စာပေနှင့် အနုပညာဝန်ဆောင်မှုလုပ်ငန်း၊ စားသောက်ကုန် ပစ္စည်းများ၊အလှကုန်များနှင့် လူသုံးကုန်များစသည့် လုပ်ငန်းများအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။  Online Sale မှတ်ပုံတင်လျှောက်ထားသည့် လုပ်ငန်းများဖြစ်သည့် လက်ဝတ်ရတနာပစ္စည်းများ၊ ဖန်စီပစ္စည်းများ၊  ကလေးအသုံးအဆောင်ပစ္စည်းများ ၊ အထည်အလိပ် ၊ အဝတ်အထည်နှင့်ဆက်စပ် ပစ္စည်းများ၊ ဖက်ရှင်အသုံးအဆောင်ပစ္စည်းများ ၊ အလှကုန်များ ၊ လူသုံးကုန်များ ၊ လက်မှုပစ္စည်းများ၊ အခြားသုံးပစ္စည်းများ၊ အီလက်ထရောနစ်ပစ္စည်းများ၊ အခြားသုံးပစ္စည်းများ၊ ပညာရေးနှင့်သင်ကြားရေး ဝန်ဆောင်မှု၊စာပေနှင့်အနုပညာဝန်ဆောင်မှုလုပ်ငန်း၊ စားသောက်ကုန်ပစ္စည်းများ၊ FDAမှ အတည်ပြု ထားသည့် ဆေးဝါးဖြည့်စွက်စာများ၊ အခြားဝန်ဆောင်မှုများ၊ စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများ၊ ယာဉ်အမျိုးမျိုးနှင့့််ဆက်စပ်ပစ္စည်းများ ၊ ကုသရေးသုံးပစ္စည်းများ ရောင်းချသည့် လုပ်ငန်းများအား မြေပြင်စစ်ဆေးခဲ့ပြီး တင်ပြဆောင်ရွက်လျှက်ရှိကြောင်းနှင့် စစ်ဆေးရန် ကျန်ရှိနေသော Online Sale မှတ်ပုံတင်လျှောက်ထားသည့် လုပ်ငန်းများအား ဆက်လက်၍ မြေပြင်စစ်ဆေးသွားမည်ဖြစ်ကြောင်း  သတင်းရရှိပါသည်။

DOCA(မန္တလေး)

အထူးထိန်းချုပ်ဆေးဝါးလက်လီရောင်းချခွင့်လိုင်စင်လျှောက်ထားခြင်းကွင်းဆင်းစစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒေါ်ဇင်မာဦး (ဦးစီးအရာရှိ) သည်  (၇.၁.၂၀၂၆)ရက်နေ့တွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ၊ မန္တလေးတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ ဦးဆောင်၍  အောင်မြေသာစံမြို့နယ် အစားသောက် နှင့်ဆေးဝါးကြီးကြပ် ကွပ်ကဲရေး ကော်မတီဝင်များဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပါဝင်သောအဖွဲ့သည် မြို့နယ်အတွင်း ရှိ လင်းရောင်ဦး(အထွေထွေရောဂါကုဆေးရုံ)မှ အထူးထိန်းချုပ်ဆေးဝါးများ လက်လီရောင်းချခွင့် လိုင်စင်(အသစ်)လျှောက်ထားခြင်းနှင့် ဆေးဆိုင်တွင် ဆေးဝါးထားသိုမှု၊ ဖြန့်ဖြူးရောင်းချမှုနည်း စနစ်များ သတ်မှတ်ချက်နှင့်ကိုက်ညီမှုရှိ/မရှိနှင့် ပတ်သက်၍ ကွင်းဆင်းစစ်ဆေးမှုအားပူးပေါင်း ပါဝင်ဆောင်ရွက်ခဲ့ပါကြောင်းနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။      

DOCA(မန္တလေး)    

စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ

   မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးဝင်းထွန်းဦး(ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ(၉)ရက်၊ နံနက်(၀၉:၀၀)နာရီအချိန်က မြင်းခြံမြို့၊ အမှတ် (၁၆)ရပ်ကွက် အခြေခံပညာမူလတန်းလွန်ကျောင်းသို့ သွားရောက်၍ စားသုံးသူကာကွယ်ရေးဥပဒေ အကြောင်း သိကောင်းစရာများကို အသိပညာပေးဟောပြောပွဲကျင်းပရာ ဆရာ၊ဆရာမ(၂၂)ဦး ကျောင်းသား၊ ကျောင်းသူ(၆၁၉)ဦးခန့် တက်ရောက်သည်။

          အဆိုပါဟောပြောပွဲတွင် ဦးစီးမှူး ဦးဝင်းထွန်းဦးက မြန်မာနိုင်ငံတွင် စားသုံးသူကာကွယ်ရေး ဥပဒေပြဌာန်းထားရှိမှု၊ ကုန်စည်နှင့်ဝန်ဆောင်မှုတို့နှင့်ပတ်သက်၍ စားသုံးသူများ၏ အခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူများထိခိုက်နစ်နာမှုများရှိပါက စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ(CICC)၊ စားသုံးသူရေးရာဦးစီးဌာနအင်တာနက်စာမျက်နှာများ၊ စားသုံးသူ ရေးရာဦးစီးဌာနFacebookစာမျက်နှာများ၊ DOCA Myanmar Mobile Application နှင့် Call Center ၁၅၃၅သို့ ဖုန်းခေါ်ဆို၍ အလွယ်အကူတိုင်ကြားနိုင်ခွင့်ရှိသည့် အခြေအနေများ၊ အရေးယူမှုနည်းလမ်း များ၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြ ရမည့် အခြေအနေများကို အသိပညာပေးဟောပြောပြီး လက်ကမ်းစာစောင်များဖြန့်ဝေကြောင်း သိရ သည်။

DOCA(မန္တလေး)

စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တိုင်းဒေသကြီးဦးစီးမှူးများ လုပ်ငန်းညှိ့နှိုင်းအစည်းအဝေးတွင် ဝန်ကြီးချုပ်မှလမ်းညွှန်မှုများအားဝန်ထမ်များ လိုက်နာဆောင်ရွက်ရန် အစည်းအဝေးကျင်းပဆောင်ရွက်

      ဇန်နဝါရီလ (၉)ရက်နေ့ စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီး ချုပ် ဦးဆောင်၍ အစည်းအဝေးခန်းမ(၁)တွင် ဌာနဆိုင်ရာတိုင်းဒေသကြီးဦးစီးမှူးများနှင့် လုပ်ငန်းညှိ့နှိုင်းအစည်းအဝေးကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဦးစီးမှူးမှ တက်ရောက်ခဲ့ပြီး ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များအား သိရှိလိုက်နာဆောင်ရွက်ပေးကြပါရန် ထပ်ဆင့်လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

          တိုင်းဦးစီးမှူးက အရာထမ်းများအနေဖြင့် ပြည်သူများနှင့်  ဆက်ဆံဆောင်ရွက်ကြရာတွင် ပြေပြစ်စွာဆက်ဆံရေး၊ လုပ်ငန်းသဘောအရ ထောက်ခံချက်များလာယူပါက အစဉ်ပြေအောင် ဆောင်ရွက်ပေးနိုင်ရေး၊ စားအုန်းဆီနှင့် ပါတ်သက်၍ ဖြန့်ဖြူးရောင်းချရာတွင် ဆီကားများအား ပြည်သူအထိအမှန်အကန်ရောင်းချနိုင်ရေး၊ တာဝန်ကျဝန်ထမ်းများက ကြပ်မတ်ကြီးကြပ်ဆောင်ရွက်ရေး၊ လုံခြုံရေးကိုအသိ၊ သတိရှိရှိနေထိုင်ကြရေး၊  ပြည်ထောင်စုနေ့ပိတ်ရက်တွင် အသွားအလာများ အထူးသတိထား၍ သတင်းပို့စနစ်များနှင့် အသိပေးနေထိုင်သွားကြရေး၊ ရုံးတွင်းရုံးပြင်သန့်ရေး ၊မီးဘေးလုံခြုံရေး၊ လုပ်ငန်းဆောင်ရွက်မှုများသည် စေတနာမေတ္တာထား အောင်မြင်စွာလုပ်ကိုင်နိုင်ကြရန်နှင့် စစ်ဆေးရေးဂိတ်များတွင် တာဝန်ချထားသော ဝန်ထမ်းများအနေဖြင့်ငွေ တောင်ခံခြင်းမပြုလုပ်ရန် ဝန်ကြီးချုပ်မှလည်းအထူး သတိပေးဆောင်ရွက်နိုင်ရေးများကိုမှာကြား၍ မိသားစုစည်းလုံးမှု အသွင်ဖြင့်ပူးပေါင်း ဆောင်ရွက်ကြ ပါရန်လမ်းညွှန်မှုပြုခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကျိုက်မရောမြို့နယ်တို့တွင် အရန်သင့်အစားအစာအမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     ၇.၁.၂၀၂၆ ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တွင် အရန်သင့်အစားအစာအမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်မရောမြို့နယ်တာဝန်ခံ ဦးစိုးညီညီသည် သက်ဆိုင်ရာ မိတ်ဖက်ဌာနများဖြစ်သော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ကျိုက်မရောမြို့ရှိ မြို့မစျေးအတွင်းရှိ ရောင်းချနေသော အရန်သင့်အစားအစာအမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။

     ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကုန်စုံဆိုင်များတွင် ရောင်းချနေသော  အရန်သင့်အစားအစာအမျိုးမျိုးတို့တွင် စားသုံးသူ ကာကွယ်ရေးဥပဒေ၊ အခန်း(၁၈) ပြဌာန်းချက်အတိုင်း ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ စောင့်ကြည့် စစ်ဆေးခဲ့ရာ အဆိုပါ အရန်သင့်အစားအစာအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြ ထားသည်ကို စစ်ဆေးတွေ့ရှိကြောင်း သိရှိရပါသည်။

DOCA (မွန်)

ညောင်ဦးမြို့၊ အ.ထ.ကကျောင်းတွင် အသိပညာပေးဟောပြောပွဲဆောင်ရွက်

  မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌(၃.၁.၂၀၂၆) ရက်နေ့၊ နံနက် ၀၉:၃၀ နာရီအချိန်တွင် ကျင်းပပြုလုပ်သော ပညာရေးစုံညီပွဲတော်သို့ တက်ရောက် လာသော ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ကျောင်းသား မိဘများအား ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်းအမှတ်သားများ ပြည့်စုံစွာဖော်ပြပါရှိသော ကုန်ပစ္စည်းများကိုသာဝယ်ယူသုံးစွဲကြရန်နှင့်ရွေးချယ်မှုများ ပြုလုပ်တတ်စေ ရန်၊ နစ်နာဆုံးရှုံးမှုများအား အရေးဆိုတိုင်ကြားနိုင်ရန် ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်တာဝန်ခံ မှ စားသုံးသူကာကွယ်ရေးအကြောင်း သိကောင်းစရာများအား အသိပညာပေးဟောပြောဆွေးနွေးခဲ့ ပါသည်။ အဆိုပါ ဟောပြောဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်တာဝန်ခံ ဦးတင်မျိုးခိုင် (ဦးစီးအရာရှိ)က စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များအကြောင်း စားသုံးသူ၏အဓိပ္ပာယ်နှင့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲခြင်းကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက အရေးဆိုတိုင်ကြားနိုင်ပါကြောင်းနှင့် တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ နေရာများကိုရှင်းလင်းဆွေးနွေးခဲ့ရာ ကျောင်းသား/ ကျောင်းသူ များမှ ဟောပြောဆွေးနွေးမှုနှင့်ပတ်သက်၍ သိရှိလိုသည့် အကြောင်းအရာများအား မေးမြန်းဆွေးနွေးရာ ခရိုင်တာဝန်ခံမှပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ပြီး အဆိုပါဟောပြောပွဲသို့ ဌာနဆိုင်ရာဝန်ထမ်း(၈)ဦး၊ ဆရာ/ဆရာမ(၃၅)ဦး၊ ကျောင်းသား/ ကျောင်းသူ (၂၅၀)ဦး၊ စုစုပေါင်း (၂၉၃)ဦး တက်ရောက်ခဲ့ ကြောင်းသိရသည်။

DOCA(မန္တလေး)

ကျိုက်မရောမြို့နယ်၊ ရှမ်းရွာလေးကျေးရွာ အ.လ.က (ခွဲ) ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်

    ၆.၁.၂၀၂၆ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တာဝန်ခံ ဦးစိုးညီညီသည် ကျိုက်မရောမြို့နယ်၊ ရှမ်းရွာလေးကျေးရွာ အ.လ.က (ခွဲ) ကျောင်း၌ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ် ခဲ့ပါသည်။

     အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်မရောမြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေး ပေါ်ပေါက်လာပုံ သမိုင်းကြောင်းနှင့် စားသုံးသူ၏ အဓိပ္ပါယ် ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေး(၈)ချက်တို့ကို ရှင်းလင်းဆွေးနွေးခြင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အသင့်စား အစားအစာများကို ဝယ်ယူအသုံးပြုရာတွင် မြန်မာ ဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားသည့် အစားအစာများကို ရွေးချယ် ဝယ်ယူ စားသုံးကြရန် နမူနာ ပစ္စည်းများဖြင့် ရှင်းလင်းခြင်း၊ သက်တမ်းကုန်ဆုံး ရက်စွဲများ အားသေချာသိရှိနားလည်စေရန် ပုံစံနမူနာပြသ၍ အပြန်အလှန် မေးမြန်းခြင်းတို့ကို ဆွေးနွေးခဲ့ပြီး စားသုံးသူ ကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။  အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ဆရာ၊ ဆရာမ (၄) ဦးနှင့်အတူ ကျောင်းသား၊ ကျောင်းသူ (၅၂) ဦး စုစုပေါင်း (၅၆) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် (၁/၂၀၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

           ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ()ရက်နေ့ နံနက် (၁၃:ဝဝ) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ-၁၊ ရုံးအမှတ် (၅၂) နေပြည်တော်တွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် (၁/၂၀၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယဝန်ကြီး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဥပဒေကြမ်းစိစစ်ရေးဦးစီးဌာန၊ မူပိုင်ခွင့်ဉီးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနနှင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့တို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ စားသုံးသူကာကွယ်ရေးဆိုင်ရာကျွမ်းကျင်သူ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ စားသုံးသူရေးရာဉီးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ် စားသုံးသူရေးရာကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များက အွန်လိုင်းစနစ်ဖြင့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

       အဆိုပါ အစည်းအဝေးတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် ဥက္ကဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။ ဆက်လက်၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်အတွင်းရေးမှူးက မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၅) ၏ ဆုံဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေတင်ပြခြင်း၊ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများရှင်းလင်းတင်ပြခြင်း၊ အမှာစာများဖတ်ကြားတင်ပြခြင်းနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ဥက္ကဌက အမှာများအပေါ် အဆုံးအဖြတ်ပေးခြင်း၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်အဖွဲ့များက ဆွေးနွေးတင်ပြခြင်း၊ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ် စားသုံးသူရေးရာကော်မတီဥက္ကဌများက ဆွေးနွေးတင်ပြခြင်း၊ တက်ရောက်လာသူများက အထွေထွေဆွေးနွေးခြင်းနှင့်  မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင် ဥက္ကဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ဈေးကွက်အတွင်းရှိ အရသာမှုန့်အမျိုးမျိုးနှင့် ဟင်းခတ်အမွှေးအကြိုင် အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသား စစ်ဆေး

     မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ  ဦးခိုင်လွမ်းမိုးနှင့် ဝန်ထမ်းများသည် (၈-၁-၂၀၂၆) ရက်နေ့ နံနက် (၀၈:၃၀) နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေး အဖွဲ့နှင့်အတူ မြို့ပေါ်ရပ်ကွက်လက်လီ ကုန်စုံဆိုင် (၈)ဆိုင်မှ ‌ရောင်းချသည့်  ဟင်းလျာများတွင် အသုံးပြုသော အရသာမှုန့် နှင့် ဟင်းခတ်အမွှေးအကြိုင် ပစ္စည်းအမျိုးမျိုးအား ကုန်အညွှန်အမှတ်အသားဖော်ပြချက်နှင့် စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          စစ်ဆေးရာတွင် ပန်းတနော် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဦးခိုင်လွမ်းမိုး နှင့် စစ်ဆေးရေးမှူး  ဦးဝင်းမင်းစိုး တို့မှ  ကုန်စုံဆိုင်များမှ ရောင်းချနေ သော  အရသာမှုန်(အချိုမှုန့်) အမျိုးမျိုး ဟင်းခတ်အမွေးအကြိုင် အမျိုးမျိုးတို့တွင် မြန်မာဘာသာဖြင့်ကုန် အညွှန်းအမှတ်အသား ဖော်ပြပါဝင်မှု ရှိ/မရှိ အဓိကစစ်ဆေးခဲ့ပြီး သက်တမ်းလွန် ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။ ဈေးကွက်အတွင်း သက်တမ်းလွန်ကုန်စည် များရောနှော ရောင်းချနေခြင်း၊ ထောက်ခံချက်၊ ခွင့်ပြုချက်မပါရှိသော ကုန်စည်များရောင်းချခြင်း၊ တားမြစ်ကုန်စည်များကိုဈေးကွက်အတွင်းရောင်းချနေကြောင်း  တွေ့ရှိပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် စားသုံးသူကာကွယ်ရေဥပဒေပါ စီးပွားရေးလုပ်ငန်းရှင် တာဝန်များအကြောင်းကို ရှင်းလင်းပြောကြားခဲ့ကြေင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ