HighLight News

Powered by Drupal

မြောက်ဥက္ကလာပမြို့နယ်၌ Online Sale လုပ်ငန်းများအား မြေပြင်စစ်ဆေးခြင်း

           (၅.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ စစ်ဆေးရေးအရာရှိ ဦးသိန်းထွန်းနှင့် ဝန်ထမ်းများသည် မြောက်ဥက္ကလာပမြို့နယ်ရှိ “My Branded Collection Online Sale” နှင့် Theint Vintage Fashion Online Shop” တို့အား Online Sale မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာအချက် အလက်များကိုက်ညီမှုရှိ/ မရှိ စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

           ထိုသို့ စစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက မြေပြင်လုပ်ငန်းနှင့်မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှုရှိ/ မရှိ၊ လုပ်ငန်းလိပ်စာမှန်ကန်မှုရှိ/မရှိစစ်ဆေးခဲ့ပြီး မြေပြင်ကွင်းဆင်းစစ်ဆေးပြီးမှသာ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများအား Online Sale လုပ်ငန်းမှတ်ပုံတင်လက်မှတ်များ စိစစ်ထုတ်ပေးသွားမှာဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်းအွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်းနှင့် ပတ်သက်၍ မြေပြင်စစ်ဆေးရမည့် အချက်(၁၈) ချက်နှင့် ကိုက်ညီမှုရှိ/ မရှိ စစ်ဆေးခြင်းနှင့် အွန်လိုင်းစနစ်နဲ့ရောင်းချခြင်းလုပ်ငန်းလုပ်ကိုင်ခြင်းကို အရေးကြီး ကုန်စည်ဝန်ဆောင်မှုဥပဒေ အဖြစ်သတ်မှတ်ထားခြင်းဖြစ်ကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအတိုင်း လိုက်နာဆောင်ရွက်စေလိုကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

          ထို့နောက် မြောက်ဥက္ကလာပမြို့နယ်သုဓမ္မာလမ်းမကြီးရှိ High Dream World Streetwear ဆိုင်နှင့် အမှတ် (၅၄၃)၊ (၄)လမ်းရှိ May New Beauty Cosmetic တို့သို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ပုဇွန်တောင်ဈေးရှိ အောင်သိဒ္ဓိဆန်အရောင်းဆိုင်သို့ ဆန်ဈေးနှုန်းကြီးမြှင့်မှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ် (ခရိုင်ဦး စီးမှူး)နှင့် ဝန်ထမ်းများသည် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  မြို့နယ်စည်ပင်သာယာရေးကော်မတီမှတာဝန်ရှိသူတို့နှင့် ပူးပေါင်း၍  (၅.၁၁.၂၀၂၅) ရက်နေ့၊ နံနက်(၁၂:၀၀)နာရီအချိန်တွင် ပုဇွန်တောင်မြို့နယ်၊ ပုဇွန်တောင်ဈေးအတွင်းရှိ ဆန်လက်လီ/ လက်ကားရောင်းဝယ်ရေး အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရှိရပါသည်။

         ထိုသို့ကွင်းဆင်းရာတွင် ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ် (ခရိုင်ဦးစီးမှူး)က ဈေးကွက်အတွင်းကုန်စည်များပြတ်လပ်မှုရှိ/ မရှိ၊ ဈေးကွက်အတွင်းရှိ စားသုံးဆန်များအား ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရည်အသွေးမှန်၊ အလေးချိန်မှန်ဖြင့် ရောင်းချပေးနိုင်ရေးဆွေးနွေးခဲ့ပြီး၊ ဈေးကွက်အတွင်းရောင်းချနေသော ဆန်ဈေးနှုန်းများမှာ သတ်မှတ်ရည်ညွှန်းဈေးထက်ကျော် လွန်၍ရောင်းချခြင်း၊  ဈေးကစားလိုသောရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများကို စိစစ်တွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

ပုဇွန်တောင်မြို့နယ်အတွင်းရှိ စားအုန်းဆီလက်လီအရောင်းဆိုင်အား ကွင်းဆင်းစစ်ဆေးခြင်း

          (၅.၁၁.၂၀၂၅) ရက်နေ့၊ နံနက် (၁၁:၃၀ ) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ်(ခရိုင်ဦးစီးမှူး)နှင့်ဝန်ထမ်းများ၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဈေးစည်ပင်သာယာရေးကော်မတီတို့နှင့်အတူ ပုဇွန်တောင်မြို့နယ်၊ ပုဇွန်တောင်ဈေးအတွင်း/ ပြင်ပရှိ စားအုန်းဆီလက်လီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

          ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ပုဇွန်တောင်မြို့နယ် ပုဇွန်တောင်ဈေးအတွင်း/ ပြင်ပရှိ စားအုန်းဆီအရောင်းဆိုင်တို့အား ဝင်ရောက်စစ်ဆေးခဲ့ရာ စားအုန်းဆီများရောင်းချရာတွင် ရောင်းချမှုလက် ခံစာအုပ်များထားရှိခြင်း၊  သတ်မှတ်ရည်ညွှန်းစျေးအတိုင်းရောင်းချရန်၊ အလေးချိန်ပြည့်မီစေရန်၊ အရည်အသွေးပြည့်ဝမှန်ကန်စွာရောင်းချရန်၊ အခြားမသမာသောနည်းလမ်းများသုံး၍ ရောင်းချမှုမရှိစေရန်နှင့် စားသုံးသူပြည်သူများ ပွင့်လင်းမြင်သာစွာရှိစေရေးအတွက် သတ်မှတ်ဗီနိုင်းချိတ်ဆွဲ ရောင်းချမှုရှိ/ မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

အင်းစိန်ဈေးအတွင်းရှိကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၃) ဦးတို့သည် အင်းစိန်မြို့နယ်၊ အင်းစိန်ဈေးအတွင်းရှိကုန်စုံဆိုင်များသို့ (၅.၁၁.၂၀၂၅) ရက်နေ့ နံနက် (၀၉:၃၀) နာရီအချိန်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

         ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသာ ကုန်စုံဆိုင်တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည့်ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓါတ်မတည့်ကြောင်း ဖော်ပြချက်တို့ကို သိသာထင်ရှားစွာဖော်ပြထားခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် ကိုက်ညီသည့်ကုန်စည်များကိုသာ ဈေးကွက်အတွင်း ရောင်းချရန် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

တိုက်ကြီးမြို့နယ်သို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ရောင်းချမည့်စားအုန်းဆီများရောက်ရှိ

            စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်တိုက်ကြီးမြို့နယ်ခွဲ တာဝန်ခံ ဦးရှင်းခန့်ကိုကိုသည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက် နေ့လယ် (၁၄:၃၀) နာရီအချိန်တွင် Crystal Paradise မှ ခွဲတမ်းရစားသုံးဆီရောက်ရှိမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် တိုက်ကြီးမြို့နယ် ဆီကိုယ်စားလှယ်က ခွဲတမ်းရရှိလာသော စားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီ/ လက်ကားဆိုင်များသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ ၎င်းတို့မှတစ်ဆင့် ပြည်သူများသို့ ပြန်လည်ရောင်းချမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

ဈေးကွက်အတွင်း ကုန်ပစ္စည်းပြတ်လပ်မှုရှိ/ မရှိကွင်းဆင်းစစ်ဆေးခြင်း

             (၅.၁၁.၂၀၂၅)ရက်နေ့ နံနက်(၁၀:၅၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၃)ဦးတို့သည် လှိုင်မြစ်လမ်း၊ ကွက်သစ်ရပ်ကွက်ရှိ One Stop Mart သို့ ဈေးကွက်အတွင်းရှိ ပစ္စည်းများပြတ်လပ်မှုရှိ/ မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့စစ်ဆေးခဲ့ရာတွင် One Stop Mart မှတာဝန်ရှိသူအား စားသောက်ကုန်ပစ္စည်းများ၊ အသင့်သောက်အချိုရည်များ၊ အရန်သင့်အစားအစာများဖြစ်သော အသင့်စားမုန့်များ၊ ဘီစကစ်မုန့်များ၊ ကော်ဖီထုပ်များ၊ ပေါင်မုန့်ကိတ်မုန့်များ၊ ပဲနို့များ၊ စည်သွပ်ဘူးများ၊ အချိုမှုန့်များ၊ အာဟာရဖြည့် စွက်စာများဖြစ်သော နို့မှုန့်များ၊ အာဟာရဖော်စပ်စာများ၊ လူသုံးကုန်ပစ္စည်းများဖြစ်သော သွားတိုက်ဆေးများ၊ ဆပ်ပြာအမျိုးမျိုး၊ ခေါင်းလျော်ရည်တို့အား ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်မှုရှိ/ မရှိနှင့် ဈေးနှုန်းမြှင့်တင်ခြင်းရှိ/ မရှိတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

“(၂၇.၁၀.၂၀၂၅)ရက်နေ့ မှ (၁.၁၁.၂၀၂၅) ရက်နေ့ထိ တစ်ပတ်အတွင်းစားအုန်းဆီ ထုတ်ပေးမှုအခြေအနေ”

          ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် သန်လျင်မြို့နယ်  သီလဝါစက်မှုဇုန်အတွင်းရှိ Wilmar ဆီကန်မှထုတ်လုပ်ပေးလျက်ရှိသော စားအုန်းဆီများကို ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များနှင့် အခြားတိုင်းဒေသကြီး/ ပြည်နယ်များရှိ ဆီကိုယ်စားလှယ်များသို့ စားအုန်းဆီ နေ့စဉ်ထုတ်ပေးလျက်ရှိပါသည်။ ထိုသို့ ထုတ်ပေးလျက်ရှိသော စားအုန်းဆီများအား ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရာတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားအုန်းဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ အပတ်စဉ် တနင်္လာနေ့တိုင်း ထုတ်ပြန်ထားသော အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းအပေါ် လက်ကား ပြန်လည်ဖြန့်ဖြူး  ရောင်းချသူများအနေဖြင့် ဒေသအရောက် ဈေးနှုန်းများအပေါ် ()ရာခိုင်နှုန်း အမြတ်ထက်မပိုသော ဈေးနှုန်းဖြင့်သာ ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူး ရောင်းချစေရေးနှင့် ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချခြင်းများ မပြုလုပ်စေရေးတို့အတွက်လည်း တောင်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ ကွင်းဆင်းကြပ်မတ်ဆောင်ရွက်လျက်ရှိရာ (၂၇.၁၀.၂၀၂၅)ရက်နေ့မှ (.၁၁.၂၀၂၅)ရက်နေ့အထိ ဆီကုမ္ပဏီ(၂၇)ခုနှင့် စားအုန်းဆီတန်ချိန် (၄၈၆၂.၉၆၅)တန်ကို ထုတ်ပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ ကော့မှူးမြို့နယ်ရှိ စားအုန်းဆီကိုယ်စားလှယ်များ၏ လက်လီ/ လက်ကားစားအုန်းဆီဖြန့်ဖြူးနေမှု အခြေအနေကွင်းဆင်းစစ်ဆေး”

        ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာများသို့ ဖြန့်ဝေထုတ်ပေးလျက်ရှိသော မြို့နယ်စားအုန်းဆီကိုယ်စားလှယ်၏ လက်လီလက်ကား စားအုန်းဆီဖြန့်ဖြူးရောင်းချနေမှု အခြေအနေအား နိုဝင်ဘာလ(၅)ရက်နေ့၊ နံနက်(၀၉:၃၀) နာရီအချိန်တွင် သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူတို့ ပူးပေါင်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

        ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စီမံကိန်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နော်လင်းနိုင်၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးတင်ထွန်းအောင်တို့ ပူးပေါင်းအဖွဲ့သည် ဗိုလ်ချုပ်လမ်း၊ မြို့မရပ်ကွက်ရှိ မြို့နယ်စားအုန်းဆီ ကိုယ်စားလှယ် ဦးကိုလေး(ခ) ဦးသိန်းထွဋ်ဆိုင်သို့ သွားရောက်ခဲ့ပြီး ဆိုင်ပိုင် ရှင်စီးပွားရေးလုပ်ငန်းရှင်အနေဖြင့် ဖြန့်ဖြူးရမည့်ရပ်ကွက်၊ ကျေးရွာအုပ်စုအလိုက် အရောင်းကိုယ် စားလှယ်သို့ သတ်မှတ်အရေအတွက်အတိုင်း ဖြန့်ခွဲရောင်းချမှု စာရင်းများအား မှတ်တမ်းစာအုပ် များ စနစ်တကျထားရှိရန် သက်ဆိုင်ရာဌာန/ အဖွဲ့အစည်းများမှ စစ်ဆေးသည့်အခါ သေချာစွာရှင်း လင်းတင်ပြရန်၊ စားသုံးဆီဖြန့်ဖြူးမှုအား မိမိဆန္ဒသဘောဖြင့် မြို့နယ်အတွင်း/ မြို့နယ်ပြင်ပသို့ သီးခြားရောင်းဝယ်မှုများ မပြုလုပ်ကြရန် စားသုံးသူကာကွယ်ရေး အသိပညာပေးပြောကြားခဲ့ပြီး မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ရွှေပြည်သာမြို့နယ်ရှိ City Mart ဆန်အရောင်းကောင်တာသို့ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေး

      စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၃)ဦးတို့သည် (၃၁.၁၀.၂၀၂၅)ရက်နေ့ နေ့လယ်(၁၂:၀၀) နာရီအချိန်တွင် အမှတ်(၄၂/ အေ၊ ၂၅၀/၂၅၁)၊ အမှတ်(၄)လမ်းမကြီး၊ စက်မှုဇုန်(၁)၊ ရွှေပြည်သာမြို့နယ်ရှိ City Mart ဆန်အရောင်းကောင်တာသို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

         ထိုသို့ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးရာတွင် ဆန်များအား ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းမရှိစေရေး၊ ဆန်ဈေးကွက်အတွင်း ဈေးနှုန်းတည်ငြိမ်မှန်ကန်စေရေးတို့အတွက် စားသုံးသူရေးရာ ဦးစီးဌာနမှ ဆန်ဈေးနှုန်းများအား သင့်တင့်မျှတသောဈေးနှုန်းဖြင့် လစဉ်ထုတ်ပြန်ပေးလျက်ရှိရာ ရောင်းချနေသော ဆန်အမျိုးအစား၊ အမှတ်တံဆိပ်တို့၏ (kg)၊ ဈေးနှုန်းများကို သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်းရှိ/ မရှိစစ်ဆေးခြင်းနှင့် ဈေးကစားလိုသည့် ရည်ရွယ်ချက်ဖြင့် ဆန်များသိုလှောင်ထားခြင်းမပြုရန် လိုက်နာမှုမရှိပါက ဥပဒေအရ အရေးယူခံရမှာဖြစ်ကြောင်း တာဝန်ခံအား အသိပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

Nilar Yoma စက်သုံးဆီဆိုင်သို့ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၃၁.၁၀.၂၀၂၅) ရက်နေ့ နေ့ယ် (၁၃:၃၀) နာရီအချိန်တွင် ဦးပိုင်အမှတ်(၇၉/ဃ) + ၄၀/ဟ၊ ကြို့ကုန်းအနောက်ရပ်ကွက်၊ အင်းစိန်မြို့နယ်ရှိ Nilar Yoma စက်သုံးဆီဆိုင်သို့ ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

       Nilar Yoma စက်သုံးဆီဆိုင်မှ တာဝန်ခံ ဦးဝင်းမော်ဦးမှ ပူးပေါင်းပါဝင်လျက် မြန်မာနိုင်ငံစက် သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်ပေးလျက်ရှိသော စက်သုံးဆီရည်ညွှန်းဈေးအတိုင်း LED ဘုတ်ဖြင့် ရောင်းချပေးလျက်ရှိကာ၊ ရောင်းချဆီအမျိုးအစား၏ ဈေးနှုန်း၊ ဆီဘောက်ဆာကားဝင်ရောက်မှုနှင့် ဆီလက်ကျန်အခြေအနေများကို သက်ဆိုင်ရာဌာနများသို့ နေ့စဉ်စာရင်းပေးပို့လျက်ရှိပြီး စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92)တစ်လီတာလျှင် (၂၇၀၅) ကျပ်၊ ဓါတ်ဆီ(95)တစ်လီတာလျှင် (၂၈၀၀)ကျပ်၊ ဒီဇယ်(ရိုးရိုး)တစ်လီတာလျှင် (၂၄၅၅)ကျပ်၊ ဒီဇယ် (ပရီမီယမ်)တစ်လီတာလျှင် (၂၉၉၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

Pages

Subscribe to RSS - HighLight News