ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

အမေရိကန်၏ အခွန်စည်းကြပ်မှုများကြားတွင် ပိုမိုခိုင်မာသော ကုန်သွယ်ရေးမိတ်ဖက်ကို ရှာဖွေခဲ့ကြ

ကနေဒါဝန်ကြီးချုပ် Justin Trudeau သည် ဥရောပကောင်စီဥက္ကဌ အန်တိုနီယိုကော်စတာ နှင့် ဥရောပကော်မရှင်ဥက္ကဌ Ursula von der Leyen တို့သည် ကနေဒါနှင့် ဥရောပသမဂ္ဂ (EU) အကြား ခိုင်မာသော ကုန်သွယ်မှုနှင့် စီးပွားရေးဆိုင်ရာ ဆက်ဆံမှုများကို ထပ်မံအတည်ပြုရန် ဘရပ်ဆဲလ်တွင် ဖေဖော်ဝါရီ ၁၂ ရက်က တွေ့ဆုံခဲ့သည်။

အမေရိကန်သို့ ဝင်ရောက်လာ‌သော သံမဏိနဲ့ အလူမီနီယံ သွင်းကုန်များအပေါ် အခွန် ၂၅ ရာခိုင်နှုန်း စည်းကြပ်ရန် အမေရိကန် သမ္မတ Donald Trump ၏ ဆုံးဖြတ်ချက်ကို ချမှတ်ပြီးနောက် ယခုကဲ့သို့ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ခေါင်းဆောင်များသည် ကမ္ဘာ့ကုန်သွယ်ရေး ဒိုင်းနမစ်များကို မိန့်ခွန်းပြောကြားခဲ့ပြီး ၎င်းတို့၏ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး သဘောတူညီချက်နှင့် စီးပွားရေး တည်ငြိမ်မှုကို မြှင့်တင် ရာတွင် ဘက်စုံစီးပွားရေးနှင့် ကုန်သွယ်မှုသဘောတူညီချက် (CETA) ၏ အရေးပါမှုကို အလေးပေး ပြောကြားခဲ့သည်။

အထူးသဖြင့် ကနေဒါ၏ G7 သမ္မတရာထူးအခြေအနေတွင် ကနေဒါ-အီးယူ ပူးပေါင်း ဆောင်ရွက်မှုကို အလေးပေးဖော်ပြခဲ့ပြီး ပြိုင်ဆိုင်မှုပြင်းထန်သည့် ကမ္ဘာလုံးဆိုင်ရာ အခင်းအကျင်းကို ဖော်ထုတ်နိုင်ခဲ့သည်။

DOCA(ရန်ကုန်)

 

ရာသီအသစ်မှ ဆန်စပါးများထွက်ရှိမှုက အိန္ဒိယနှင့် ဗီယက်နမ် ဆန်ဈေးနှုန်းများကို ကျဆင်းစေ

          သီးနှံရာသီအသစ်မှ ထွက်ရှိသော ဆန်စပါးများ ဈေးကွက်ဝင်ရောက်မှု များပြားပြီး ဝယ်ယူမှုများ နှောင့်နှေးလျက်ရှိမှုနှင့်အတူ အိန္ဒိယ၏ ဆန်ပို့ကုန်ဈေးနှုန်းများသည် ဖေဖော်ဝါရီလ ဒုတိယရက်သတ္တပတ်၌ ဆက်လက်ကျဆင်းခဲ့ပြီး ၁၉ လအတွင်း အနိမ့်ဆုံးဈေးနှုန်းသို့ ရောက်ရှိခဲ့ သည့်နည်းတူ ဗီယက်နမ်၏ ဆန်ပို့ကုန်ဈေးနှုန်းများသည်လည်း ၂ နှစ်အတွင်း အနိမ့်ဆုံးသို့ ရောက် ရှိလာကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြပါသည်။

          ဆန်ကွဲ ၅ ရာခိုင်နှုန်းပါဝင်သော အိန္ဒိယ ပေါင်းဆန်ဈေးနှုန်းသည် ယခင်သီတင်းပတ်၌ မက်ထရစ်တစ်တန်လျှင် ဒေါ်လာ ၄၁၈ မှ ၄၂၈ အတွင်းရှိရာမှ ဖေဖော်ဝါရီ ဒုတိယရက်သတ္တပတ် တွင် ၄၁၆ ဒေါ်လာမှ ၄၂၅ ဒေါ်လာ နှုန်းထားအတွင်းသို့ ကျဆင်းခဲ့သည်။ ဆန်ကွဲ ၅ ရာခိုင်နှုန်း ပါဝင်သော အိန္ဒိယ ဆန်ဖြူဈေးနှုန်းမှာမူ ယခုသီတင်းပတ်၌ တစ်တန်လျှင် ၃၉၅ ‌ဒေါ်လာမှ ၄၀၅ ဒေါ်လာအတွင်းနှုန်းထားဖြင့် ကမ်းလှမ်းလျက်ရှိခဲ့သည်။

          အာဖရိကဒေသမှဝယ်လက်များ၏ ဆန်ဝယ်ယူမှုမှာနှေးကွေးလျက်ရှိကြောင်း၊ ဆန်ဈေးနှုန်း များမှာ ဆက်တိုက်ကျဆင်းလျက်ရှိရာ ၎င်းတို့အနေဖြင့် ဈေးနှုန်းတည်ငြိမ်လာချိန်အထိ စောင့်ဆိုင်း နေကြခြင်းဖြစ်ကြောင်း ကောလ်ကတ္တားမြို့အခြေစိုက် ဆန်တင်ပို့သူတစ်ဦးက ပြောဆိုခဲ့သည်။ အိန္ဒိယရူပီးငွေ၏ တန်ဖိုးသည် ယခုသီတင်းပတ်၌ စံချိန်တင်ကျဆင်းလျက်ရှိရာ ပြည်ပသို့ ဆန် တင်ပို့ရာ၌ ကုန်သည်များ၏ အကျိုးအမြတ်ရရှိမှုကို ထိရောက်စွာ တိုးတက်စေလျက်ရှိသည်။

          ဗီယက်နမ်၏ ဆန်ကွဲ ၅ ရာခိုင်နှုန်းပါဝင်သော ဆန်ဖြူဈေးနှုန်းမှာ ဖေဖော်ဝါရီ ၁၃ ရက်နေ့၌ တစ်တန်လျှင် ၃၉၇ ဒေါ်လာနှုန်းဖြင့် ကမ်းလှမ်းမှုရှိခဲ့ပြီး ဗီယက်နမ်နှစ်သစ်ကူး ပိတ်ရက်များ မတိုင်မီ ယခင်ရက်သတ္တပတ်၌ ၄၀၄ ဒေါ်လာနှုန်းရှိရာမှ ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း ဗီယက်နမ် စားသောက်ကုန်အသင်းက ဖော်ပြသည်။ အဆိုပါနှုန်းထားသည် ၂၀၂၂ ခုနှစ် စက်တင်ဘာလ နောက်ပိုင်း အနိမ့်ဆုံးပင်ဖြစ်သည်။

          ဆန်ရောင်းလိုအားမြင့်မားနေဦးမည်ဟု မျှော်မှန်းပြီး ဝယ်လက်များအနေဖြင့် စာချုပ်အသစ် များ ချုပ်ဆိုခြင်းမရှိသောကြောင့် ဈေးနှုန်းများထပ်မံကျဆင်းလာခြင်းဖြစ်သည်ဟု ကုန်သည်များ က ပြောဆိုကြသည်။ ဟိုချီမင်းမြို့ အခြေစိုက် ကုန်သည်တစ်ဦးက အိန္ဒိယ၏ ဆန်ရောင်းလိုအား မြင့်မားနေချိန်၌ မဲခေါင်မြစ်ဝကျွန်းပေါ်‌ဒေသတွင် ဗီယက်နမ်၏ ဆောင်းအကုန်နွေအကူး စပါးရိတ် သိမ်းမှု စတင်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။

          ထိုင်းနိုင်ငံ၏ ဆန်ကွဲ ၅ ရာခိုင်နှုန်းပါဝင်သော ဆန်ဖြူဈေးနှုန်းမှာမူ ယခင်သီတင်းပတ် အတိုင်း ပြောင်းလဲမှုမရှိပဲ တစ်တန်လျှင် ၄၁၅ ‌ဒေါ်လာမှ ၄၂၀ ဒေါ်လာအတွင်းနှုန်းထားဖြင့် တည်ငြိမ်နေခဲ့သည်။

          ဆန်ဝယ်လိုအားမှာ အလွန်ငြိမ်သက်မှုရှိနေခဲ့ပြီး အိန္ဒိယနှင့် ဗီယက်နမ်တို့၌ ထုတ်လုပ်မှု အားကောင်းနေခြင်းက ဈေးနှုန်းများအပေါ် ဖိအားသက်ရောက်လျက်ရှိကြောင်း ဗန်ကောက်မြို့ အခြေစိုက် ကုန်သည်တစ်ဦး ပြောကြားခဲ့သည်။ ဆန်ဈေးနှုန်းများမှာ ကျဆင်းလျက်ရှိရာ ပုံမှန်ဝယ် လက်များ အနေဖြင့် ဝယ်ယူရန် ဆုံးဖြတ်ချက်မှတ်ရာ၌ နှောင့်နှေးနေကြပြီး မဖြစ်မနေ လိုအပ်မှ သာလျှင် ဝယ်ယူခြင်းကို လုပ်ကိုင်လာကြကြောင်းဖြင့် အခြားသော ကုန်သည်တစ်ဦးကလည်း ပြောဆိုခဲ့သည်။

          ပြည်တွင်းဆန်ဈေးနှုန်းများ မြင့်တက်မှုနှင့် ကြုံတွေ့နေရသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကမူ ဈေးနှုန်းများတည်ငြိမ်စေရေးနှင့် အရန်ရိက္ခာဖြည့်တင်းနိုင်ရေးအတွက် ပေါင်းဆန်တန်ချိန် ၅၀၀၀၀ ကို ဆပ်ကမ်းအရောက် တစ်တန်လျှင် ၄၃၄.၇၇ ဒေါ်လာနှုန်းဖြင့် နိုင်ငံတကာတင်ဒါခေါ်ယူလျက် ဝယ်ယူခဲ့ကြောင်း သိရှိရသည်။

Source: Business Standard, 13 Feb 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

စပါးအခြေခံဈေးနှုန်း သတ်မှတ်ချက်အား မလေးရှားအစိုးရ မြှင့်တင်

          မလေးရှားနိုင်ငံ၌ စပါးစံပြုအခြေခံဈေးနှုန်းကို မက်ထရစ်တစ်တန်လျှင် ရင်းဂစ်ငွေ ၁၃၀၀ နှုန်း သတ်မှတ်ထားရာမှ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှစတင်၍ ရင်းဂစ် ၁၅၀၀ နှုန်းသို့ တိုးမြှင့်မည်ဟု စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေးဝန်ကြီး Datuk Seri Mohamad Sabu က ထုတ်ဖော်ပြောကြားခဲ့သည်။

          မလေးရှား အောက်လွှတ်တော် (Dewan Rakyat) ၏ အစည်းအဝေးတစ်ရပ်၌ ရှင်းလင်း ပြောကြားရာတွင် ဝန်ကြီး Mohamad က ယခုပြင်ဆင်သတ်မှတ်ချက်သည် လုပ်သားခစရိတ်များ နှင့် ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးတို့ကဲ့သို့သော စိုက်ပျိုးရေးသွင်းအားစုများ မြင့်တက်မှု၊ စပါး စိုက်ပျိုးထုတ်လုပ်ရာ၌ ကုန်ကျစရိတ်များစုစုပေါင်း၏ ဈေးကွက်ဈေးနှုန်းများအပေါ် သက်ရောက်မှု တို့ကို ထည့်သွင်းစဉ်းစားထားခြင်းဖြစ်ကြောင်း၊ ရှေ့လာမည့် ၆ လအတွင်း ဆန်စပါးထုတ်လုပ်မှု တွင် အစိုးရက ရင်းဂစ်သန်း ၁၅၀ အထိ ကျခံစိုက်ထုတ်ပေးမည်ဖြစ်၍ စပါးဈေးနှုန်းမြှင့်တင်မှုသည် ပြည်တွင်းထွက် ဆန်ဖြူ ၁ ကီလိုဂရမ်လျှင် ၂.၆၀ ရင်းဂစ်နှုန်း သတ်မှတ်ချက်ကို ပြောင်းလဲစေ လိမ့်မည် မဟုတ်ကြောင်း၊ ဈေးကွက်အတွင်း ဒေသထွက်ဆန်ဖြူ ၁၀ ကီလိုဂရမ်ဝင် အိတ်ပေါင်း ၂၄ သန်းခန့်အထိ ရောင်းချနိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်မည့် အစီအမံကို အပြီးသတ် ရေးဆွဲလျက်ရှိပြီး မကြာမီ ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း တင်ပြခဲ့သည်။

          ပြည်ပမှ တင်သွင်းလာသည့်ဆန်ဖြူအတွက် မက်ထရစ်တစ်တန်လျှင် ရင်းဂစ် ၂၈၀၀ နှုန်း သတ်မှတ်ထားရှိမှုကို ပြန်လည်သုံးသပ်ရန်အတွက် မလေးရှား စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာ ဖူလုံ ရေး ဝန်ကြီးဌာနသည် နိုင်ငံပိုင် ဆန်စပါးကုမ္ပဏီဖြစ်သော Padiberas Nasional Berhad (Bernas) နှင့် ညှိနှိုင်းဆွေးနွေးလျက်ရှိသည်။ ထို့အပြင် စပါးစိုက်ပျိုးမှုနှင့် ဆန်လုပ်ငန်းနယ်ပယ်သို့ ဒီဇယ်ဆီ အထောက်အပံ့ပေးအပ်ရန်အတွက်လည်း ပြည်တွင်းကုန်သွယ်မှုနှင့် လူနေမှုစရိတ်ရေးရာ ဝန်ကြီးဌာန၊ ဘဏ္ဍာရေးဝန်ကြီးဌာနတို့နှင့် ဆွေးနွေးလျက်ရှိသည်။

          ကာလရှည် ပြုပြင်ပြောင်းလဲမှုများအဖြစ် ၁၉၉၄ ခုနှစ် စပါးနှင့်ဆန် ထိန်းချုပ်ရေး အက် ဥပဒေကို စက်မှုလုပ်ငန်း ပြုပြင်ပြောင်းလဲမှုများနှင့်အညီ လိုက်ပါပြင်ဆင်နိုင်ရန် သုံးသပ်လျက် ရှိကြောင်း၊ စပါးနှင့်ဆန် အပါအဝင် လယ်ယာထွက် စားသောက်ကုန်ကဏ္ဍကို ကြီးကြပ်ထိန်းသိမ်း နိုင်ရန်အတွက် မလေးရှား လယ်ယာထွက်စားသောက်ကုန် ကြီးကြပ်မှုနှင့် ဥပဒေသက်ရောက်မှု အေဂျင်စီကို တည်ထောင်ဆောင်ရွက်ရန် အစိုးရက သဘောတူခွင့်ပြုထားပြီးဖြစ်ကြောင်း၊ လယ် ယာကဏ္ဍ၌ စိုက်ပျိုးစရိတ်မြင့်တက်မှု၊ ရာသီဥတုပြောင်းလဲမှု၊ ရောဂါပိုးမွှားကျရောက်မှု၊ ဆည်ရေ ပေးဝေရေး အခြေခံအဆောက်အအုံအားနည်းမှု စသည့် စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရသည့် စပါးစိုက် တောင်သူလယ်သမား ၂၃၀၁၁၉ ဦး၏ သက်သာချောင်ချိရေးကို အစိုးရက အစဉ်တစိုက် အလေးပေး လုပ်ဆောင်လျက်ရှိကြောင်း၊ သို့သော် ဆန်ဈေးနှုန်းများ ကြီးမြင့်မှုကို စဉ်းစားရမည်ဖြစ် ၍ လယ်သမားများက တောင်းဆိုထားသော စပါးတစ်တန် ရင်းဂစ် ၁၈၀၀ နှုန်းအထိ တိုက်ရိုက် တိုးမြှင့်ပေးနိုင်ခြင်းမရှိကြောင်း၊ လက်ရှိကာလ၌ အစိုးရက ဝင်ရောက်ထိန်းကျောင်း လုပ်ဆောင်နေ ပြီဖြစ်၍ ယခုဆုံးဖြတ်ချက်သည် မျှတမှုရှိမည်ဖြစ်ကြောင်း၊ သို့ရာတွင် ယခုသတ်မှတ်ချက်သည် ရှေ့လာမည့် ၆ လတာ ကာလအတွက်သာဖြစ်ပြီး တုံ့ပြန်ချက်များကို လက်ခံရယူလျက် ပြန်လည် သုံးသပ်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဝန်ကြီး Mohamad က ပြောကြားခဲ့သည်။

Source: Business Today, 13 Feb 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

မလေးရှား၏ စားအုန်းဆီထုတ်လုပ်မှု ၉ နှစ်အတွင်း အနိမ့်ဆုံးအခြေအနေ ရောက်ရှိ

          မလေးရှားနိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ရိတ်သိမ်း မှုကို နှောင့်ယှက်ခြင်းကြောင့် စားအုန်းဆီထုတ်လုပ်မှုသည် ၂၀၁၆ ခုနှစ်နောက်ပိုင်း ကျဆင်းမှု အများဆုံးဖြစ်ကြောင်း စင်ကာပူအခြေစိုက် Business Times သတင်းဌာနက ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ဖော်ပြထားသည်။

          မလေးရှားနိုင်ငံ၏ နေရာဒေသများစွာများ၌ ပြီးခဲ့သည့်ဇန်နဝါရီလတွင် ရက်အတန်ကြာ မိုးသည်းထန်စွာ ရွာသွန်းခဲ့သည့်အတွက် ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများ ဖြစ်ပွားခဲ့ပြီးနောက် အနည်းဆုံးလူငါးဦးသေဆုံးကာ လူဦးရေ ထောင်နှင့်ချီ၍ ဘေးကင်းရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်း၊  ဆီအုန်းစိုက်ပျိုးမှု ထိပ်တန်းဒေသများဖြစ်သည့် Sarawak နှင့် Sabah ပြည်နယ်များသည် အဆိုး ရွားဆုံး ထိခိုက်မှုတွင် ပါဝင်ခဲ့ကြောင်း မလေးရှားနိုင်ငံ၏ မိုးလေဝသအေဂျင်စီမှ ထုတ်ပြန်ချက်အရ သိရှိရသည်။

          မလေးရှား၌ စားအုန်းဆီရောင်းလိုအား ကျဆင်းလာခြင်းကြောင့် လွန်ခဲ့သည့် သီတင်းပတ် အတွင်း ကွာလာလမ်ပူဈေးကွက်တွင် စားအုန်းဆီ စံပြုဈေးနှုန်းများသည် ငါးရာခိုင်နှုန်းထက်ပိုမို၍ မြင့်တက်မှုဖြစ်ပေါ်စေခဲ့သည်။ စားအုန်းဆီဈေးနှုန်းသည် ၂၀၂၄ ခုနှစ် စက်တင်ဘာလမှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလအထိ ပရီမီယံစားသုံးဆီ ဈေးနှုန်းအဆင့်သို့ မြင့်တက်ခဲ့ပြီးနောက် မကြာသေးမီက ပြိုင်ဘက်ပဲပုပ်ဆီထက် စျေးနှုန်းသက်သာသွားသည်အထိ ဈေးနှုန်းအပြောင်းအလဲဖြစ်ပေါ်ကာ စျေးကွက်ကို အထောက်အပံ့ပြုလျက်ရှိနေသည်။ သို့သော် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်နေ့ တွင် စားအုန်းဆီဈေးနှုန်းသည် ၁ ရာခိုင်နှုန်း ခုန်တက်ခဲ့ကြောင်း သိရသည်။

          မလေးရှားစားအုန်းဆီဘုတ်အဖွဲ့၏ ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် ထုတ်ပြန်သည့် အချက် အလက်များအရ ဇန်နဝါရီလ စားအုန်းဆီထုတ်လုပ်မှုသည် တန်ချိန် ၁.၂၄ သန်းဖြစ်ပြီး ဒီဇင်ဘာလ ထုတ်လုပ်မှုထက် ၁၇ ရာခိုင်နှုန်းနီးပါးကျဆင်းသွားသည်။ အဆိုပါ ထုတ်လုပ်မှုသည် ၂၀၂၃ ခုနှစ်၊ ဧပြီလနောက်ပိုင်း အနိမ့်ဆုံးဖြစ်ပြီး လွန်ခဲ့သည့်သီတင်းပတ်က Bloomberg စစ်တမ်းတွင် ဖော်ပြ သည့် ပျမ်းမျှခန့်မှန်းချက်ထက်လည်း လျော့နည်းခဲ့သည်။

          ဇန်နဝါရီလ သိုလှောင်မှု လက်ကျန်ပမာဏသည် တန်ချိန် ၁.၅၈ သန်းဖြစ်ရာ ၇.၆ ရာခိုင်နှုန်း ထိ ကျဆင်းသွားခဲ့ပြီး စစ်တမ်းတွင်ဖော်ပြသော လေ့လာသူများ၏ ခန့်မှန်းချက်အားလုံး လွဲချော် စေခဲ့သည်။ ဇန်နဝါရီလ တင်ပို့မှုမှာလည်း တန်ချိန် ၁.၁၇ သန်းဖြစ်ရာ ၁၃ ရာခိုင်နှုန်းနီးပါးလျော့ကျ ခဲ့ပြီး စစ်တမ်းခန့်မှန်းချက်ထက် အနည်းငယ် ပိုမိုခဲ့ကြောင်း ဖော်ပြထားသည်။

          မလေးရှားနိုင်ငံ၌ အရန်သိုလှောင်ထားရှိသည့် စားအုန်းဆီလက်ကျန်ပမာဏ တန်ချိန် ၁.၆ သန်းအောက် ကျဆင်းနေခြင်းက စားအုန်းဆီဈေးကွက်ကို ပိုမိုအားကောင်းလာစေသည်ဟု မွမ်ဘိုင်းအခြေစိုက် Sunvin Group သုတေသနအဖွဲ့မှ သုတေသနအကြီးအကဲ Mr. Anilkumar Bagani က ပြောကြားခဲ့ကြောင်း Business Times သတင်းဌာန၏ ဖော်ပြချက်ကို တင်ပြလိုက်ရ ပါသည်။

Source: Business Times, Singapore, 10th Feb, 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ဘာစမာတီဆန်၏ ပင်ရင်း‌ဒေသအဖြစ် ပါကစ္စတန်နိုင်ငံ အသိအမှတ်ပြုခံရ

          ဘာစမာတီဆန်၏ မူလဇစ်မြစ်ဒေသနှင့် စပ်လျဉ်း၍ နိုင်ငံတကာ အငြင်းပွားမှုဖြစ်ပေါ်လျက် ရှိရာတွင် ဘာစမာတီဆန်သည် ပါကစ္စတန်နိုင်ငံ၏ ထုတ်ကုန်ဖြစ်သည်ဟု နယူးဇီလန်နိုင်ငံနှင့် ဩစတေးလျနိုင်ငံတို့က တရားဝင် အသိအမှတ်ပြုခဲ့ရာ ကမ္ဘာ့ဈေးကွက်၌ ပါကစ္စတန် ဘာစမာတီ ဆန်၏ ရပ်တည်နိုင်မှုအား ပိုမိုခိုင်မာစေသည့် အောင်ပွဲတစ်ရပ် ရရှိခဲ့သည်ဟု Startup Pakistan သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့သည်။

          ဥရောပသမဂ္ဂသည်လည်း ပါကစ္စတန်အား မျက်နှာသာပေးမည့် အလားတူဆုံးဖြတ်ချက်ကို မကြာမီ ချမှတ်လိမ့်မည်ဟု မျှော်လင့်ရကြောင်း၊ သမိုင်းမှတ်တမ်းများအရ ဘာစမာတီဆန်၏ မူလ အစသည် ပါကစ္စတန်နိုင်ငံရှိ Hafizabad ခရိုင်မှဖြစ်ပြီး ၎င်း၏ တောင်းဆိုပိုင်မှု အခွင့်အရေးကို အတည်ပြုနိုင်ကြောင်း၊ အိန္ဒိယနိုင်ငံသည် ဘာစမာတီဆန်အား တစ်ဦးတည်းပိုင်ဆိုင်ခွင့်ရှိသော ပင်ရင်းဒေသအဖြစ် တောင်းဆိုလျက်ရှိကြောင်း၊ သို့သော် ကုန်သည်များနှင့် ကျွမ်းကျင်သူပညာရှင် များက ပါကစ္စတန်ဘက်မှ ခိုင်မာစွာ ထောက်ခံခဲ့ကြကြောင်းဖြင့် အဆိုပါ သတင်းဌာနက ဖော်ပြ ထားသည်။

          ယခုကဲ့သို့ အသိအမှတ်ပြုမှုခံရခြင်းသည် တန်ဖိုးအားဖြင့် ဒေါ်လာ ၂၇ ဘီလီယံရှိသော ကမ္ဘာ့ ဘာစမာတီဆန်ဈေးကွက်တွင် ပါကစ္စတန်၏ အခန်းကဏ္ဍကို ပိုမိုအားကောင်းစေမည်ဖြစ် သည်။ ဘာစမာတီဆန် ပို့ကုန်တန်ဖိုး ဒေါ်လာ ၄ ဘီလီယံအထိ ရောက်ရှိမှုနှင့်အတူ ပါကစ္စတန် နိုင်ငံအနေဖြင့် ကမ္ဘာ့ဘာစမာတီဆန်ဈေးကွက်၌ ဦးဆောင်ပါဝင်လျက်ရှိသည်။ ပထဝီဒေသဆိုင်ရာ ရပိုင်ခွင့်များနှင့် နိုင်ငံတကာဥပဒေများက ပါကစ္စတန်၏ တောင်းဆိုမှုကို အကာအကွယ်ပေးလျက် ရှိကြောင်း၊ ပါကစ္စတန်နိုင်ငံသည် ၎င်း၏ စိုက်ပျိုးရေးဆိုင်ရာ အမွေအနှစ်မှ အကျိုးကျေးဇူးများကို ဆက်လက်ရရှိနိုင်မည်ဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောဆိုထားသည်။

          ဘာစမာတီဆန်၏ ပင်ရင်းဒေသ မူပိုင်ခွင့်ဆိုင်ရာအငြင်းပွားမှု ဆက်လက်ဖြစ်ပေါ်နေချိန်၌ ယခုကဲ့သို့ ဆုံးဖြတ်ချက် ချမှတ်ခဲ့ခြင်းသည် ပါကစ္စတန် လယ်သမားများနှင့် ပို့ကုန်လုပ်ငန်းရှင်များ အတွက် ကြီးမားသော အောင်ပွဲတစ်ရပ်ဖြစ်ပြီး ပါကစ္စတန်နိုင်ငံ၏ စီးပွားရေးကို မြှင့်တင်ပေးမှု အပြင် စိုက်ပျိုးရေး အမွေအနှစ်ကိုလည်း အကာအကွယ်ပေးနိုင်ကြောင်း သိရှိရသည်။

Source: Startup Pakistan, 12 Feb 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ဗီယက်နမ်မှ မလေးရှားသို့ ရော်ဘာတင်ပို့မှု ၅ ဆကျော် မြင့်တက်

          ဗီယက်နမ်နိုင်ငံအနေဖြင့် ၂၀၂၄ ခုနှစ်တွင် မလေးရှားနိုင်ငံသို့ တန်ဖိုး အမေရိကန်ဒေါ်လာ ၅၆.၁၆ သန်းရှိသော ရော်ဘာ ၃၈၄၄၂ တန်ကို တင်ပို့ခဲ့နိုင်ကြောင်းသိရှိရပါသည်။

          ၂၀၂၃ ခုနှစ်၌ တင်ပို့ခဲ့မှုနှင့် နှိုင်းယှဉ်ပါက တန်ဖိုးအားဖြင့်  ၅၁၅.၇ ရာခိုင်နှုန်း (၅ ဆကျော်) နှင့် ပမာဏအားဖြင့် ၄၃၃.၅ ရာခိုင်နှုန်း (၄ ဆကျော်) မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း ဗီယက်နမ် ပို့ကုန်သွင်းကုန်ဦးစီးဌာနက  ဖော်ပြပါသည်။ ၂၀၁၉ ခုနှစ်နောက်ပိုင်း မလေးရှားနိုင်ငံသို့ ရော်ဘာ တင်ပို့မှုတွင် ယခုတင်ပို့မှုသည် ပမာဏအများဆုံးဖြစ်ကြောင်း၊ ထိုသို့ တင်ပို့ခဲ့ခြင်းဖြင့် မလေးရှား သည် ဈေးကွက်ဝေစု ၁.၉ ရာခိုင်နှုန်းဖြင့် ဗီယက်နမ်၏ စတုတ္ထအကြီးဆုံး ရော်ဘာတင်ပို့ရာ ဈေးကွက်ဖြစ်လာကြောင်း သိရှိရပါသည်။

          ၂၀၂၄ ခုနှစ်အတွင်း ဗီယက်နမ်မှ မလေးရှားဈေးကွက်သို့ တင်ပို့ခဲ့သည့် ရော်ဘာစုစုပေါင်း အနက် သဘာဝရော်ဘာစေးသည် ၇၆.၅ ရာခိုင်နှုန်းဖြင့် အများဆုံးတင်ပို့ခဲ့ခြင်းဖြစ်ပြီး တန်ချိန် အားဖြင့် ၂၉၄၀၈ တန်နှင့် တန်ဖိုးအားဖြင့် ဒေါ်လာ ၄၂.၃ သန်းရှိကြောင်း၊ သို့သော် မလေးရှားနိုင်ငံ အနေဖြင့် ၂၀၂၃ ခုနှစ်၌ အဆိုပါ ရော်ဘာထုတ်ကုန်အမျိုးအစားကို ဗီယက်နမ်ထံမှ ဝယ်ယူတင် သွင်းမှု မရှိခဲ့ကြောင်း သိရှိရပါသည်။

          မလေးရှားနိုင်ငံသည် နှစ်စဉ်ပျမ်းမျှအားဖြင့် သဘာဝရော်ဘာတန်ချိန် ၃၄၈၀၀၀ ခန့်  ထုတ် လုပ်မှုဖြင့် ကမ္ဘာ့ရော်ဘာအဓိကထုတ်လုပ်သည့် နိုင်ငံတစ်ခုဖြစ်သော်လည်း ပြည်တွင်းဈေးကွက် လိုအပ်ချက်ကို ဖြည့်ဆည်းရန် ပြည်ပမှ ရော်ဘာတင်သွင်းမှုများ လုပ်ဆောင်လျက်ရှိကြောင်း၊ မလေးရှားသို့ ရော်ဘာပေးသွင်းသည့် နိုင်ငံများတွင် ဗီယက်နမ်သည် ဆဋ္ဌမမြောက်နေရာ၌ ရှိနေပြီး ဈေးကွက်ရရှိမှုအနေဖြင့် ၂၀၂၃ ခုနှစ်တွင် ၁ ရာခိုင်နှုန်းသာရှိရာမှ ၂၀၂၄ ခုနှစ်၌ ၂.၅ ရာခိုင်နှုန်းသို့ မြင့်တက်ခဲ့ကြောင်း၊ သို့ရာတွင် ၎င်းပမာဏသည် ဗီယက်နမ်၏ ပြည်ပတင်ပို့နိုင်မည့် အလားအလာ နှင့် နှိုင်းယှဉ်ပါက နိမ့်ကျနေသေးကြောင်း သိရှိရပါသည်။

          မလေးရှားနိုင်ငံ၏ ရော်ဘာတင်သွင်းမှုသည် လွန်ခဲ့သည့် ၅ နှစ်ကာလ တစ်လျောက် စဉ်ဆက်မပြတ် မြင့်တက်လျက်ရှိရာ ၂၀၂၀ ပြည့်နှစ်၌ တန်ချိန် ၁ သန်း တင်သွင်းခဲ့ရာမှ ၂၀၂၃ ခုနှစ် တွင် တန်ချိန် ၁.၂၂ သန်းသို့ တိုးတက်ခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ် ပထမ ၁၁ လကာလအတွင်း ၆.၉ ရာခိုင်နှုန်း ထပ်မံတိုးတက်ခဲ့ကြောင်း၊  လက်ရှိအချိန်တွင် ဗီယက်နမ်နိုင်ငံသည် ကမ္ဘာ့တတိယ အကြီးဆုံး သဘာဝရော်ဘာထုတ်လုပ်သည့် နိုင်ငံအဖြစ်ရပ်တည်လျက်ရှိကြောင်း၊ ဗီယက်နမ် စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့် ၂၀၃၀ ပြည့်နှစ်တွင် ရော်ဘာစိုက် ဧရိယာ ဟက်တာ ၈၀၀၀၀၀ မှ ၈၅၀၀၀၀ အကြား တိုးချဲ့စိုက်ပျိုးနိုင်ရန် ရည်မှန်းချက်ချမှတ် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

Source: Viet Nam News, Feb 05, 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

အိန္ဒိယ၏ ယခုနှစ် သကြားထုတ်လုပ်မှု ခန့်မှန်းထားသည်ထက် လျော့ကျဖွယ်ရှိ

          ရာသီဥတု ဆိုးရွားမှုကြောင့် ကြံအထွက်ကျဆင်းခဲ့ပြီး လက်ကျန်နည်းပါးလာသည့်အတွက် အိန္ဒိယနိုင်ငံ၏ ထိပ်တန်းကြံကြိတ်ဝါးထုတ်လုပ်သော ပြည်နယ်များရှိ သကြားစက်ရုံပေါင်း ၃ ဒါဇင် ကျော်သည် ပုံမှန်ထက် နှစ်လခန့်စောလျက် ယခင်ရက်သတ္တပတ်တွင် စက်ရုံလည်ပတ်မှုများကို ရပ်နားခဲ့ကြကြောင်း ကြံလုပ်ငန်းမှ အရာရှိတစ်ဦးက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

          ယင်းကဲ့သို့ စက်ရုံလည်ပတ်မှုများကို စောစီးစွာ ရပ်နားရခြင်းကြောင့် အိန္ဒိယနိုင်ငံ၏ သကြားထုတ်လုပ်မှုမှာ ကနဦးခန့်မှန်းထားသည်ထက် လျော့နည်းလာမည်ဟု ယူဆရကြောင်း၊ သကြားထုတ်လုပ်မှုဆိုင်ရာ စိုးရိမ်ဖွယ်အခြေအနေများကြောင့် ပြည်တွင်းသကြားဈေးနှုန်းများ မြင့်တက်လာပြီး စက်ရုံများအနေဖြင့် ၎င်းတို့အပေါ် ကန့်သတ်ထားသော ပြည်ပပို့ကုန်ပမာဏ အတွက် ဈေးနှုန်းပိုမိုမြင့်မားစွာ တောင်းဆိုလာဖွယ်ရှိကြောင်း သိရှိရသည်။

          ကမ္ဘာ့ဒုတိယအများဆုံးသကြားထုတ်လုပ်သည့် အိန္ဒိယနိုင်ငံမှ သကြားတင်ပို့မှု နှောင့်နှေး လာခြင်းသည် ကမ္ဘာလုံးဆိုင်ရာ သကြားဈေးနှုန်းများကို မြင့်တက်စေမည်ဖြစ်သည်။ ယခုနှစ်၌ သကြားစက်ရုံ ပိတ်သိမ်းမှုများ သိသိသာသာ များပြားလာခဲ့သည်။ အိန္ဒိယနိုင်ငံ အနောက်ပိုင်းရှိ မဟာရဋ္ဌပြည်နယ်၊ ၎င်းနှင့် ကပ်လျက်ရှိ ကာနာတကာပြည်နယ်နှင့် မြောက်ပိုင်းရှိ ဥတာပရာဒေ့ရှ် ပြည်နယ်တို့ရှိ သကြားစက်ရုံပေါင်း ၃၇ ရုံခန့်သည် စက်ရုံလည်ပတ်မှုကို ရပ်နားခဲ့ရသည်ဟု အမည်မဖော်လိုသည့် သကြားလုပ်ငန်းနယ်ပယ်မှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားခဲ့သည်။ ယခင်နှစ် အလားတူကာလ၌ သကြားစက်ရုံ ၁၁ ရုံသာ ပိတ်သိမ်းမှုရှိခဲ့သည်။

          ယခင်နှစ်၌ မိုးခေါင်ခြောက်သွေ့မှုကြောင့် ကြံထွက်နှုန်း သိသိသာသာ ကျဆင်းခဲ့ပြီး ခရိုင် အတော်များများတွင် ကြံလက်ကျန် ပြတ်တောက်မှုဖြစ်ပေါ်လျက် စက်ရုံများကို စောစီးစွာ ပိတ် သိမ်းခဲ့ရသည်ဟု အိန္ဒိယအနောက်ပိုင်းဒေသ သကြားစက်ရုံ လုပ်ငန်းများအသင်းမှ ဥက္ကဋ္ဌ B.B. Thombare က ရိုက်တာ သတင်းဌာနသို့ ပြောဆိုခဲ့သည်။ မဟာရဋ္ဌပြည်နယ်ရှိ စက်ရုံများစွာသည် ကြံအလုံအလောက်ရရှိရန် ကြိုးပမ်းနေရပြီး ကြိတ်ခွဲနိုင်စွမ်း၏ ထက်ဝက်ခန့်ကိုသာ လည်ပတ်နေ ရသဖြင့် ယခုလကုန်၌ ကြံကြိတ်ဝါးမှုရာသီမှာ ပိတ်သိမ်းဖွယ်ရှိကြောင်း ၎င်းကပြောကြားခဲ့သည်။

          အိန္ဒိယသကြားနှင့် ဇီဝစွမ်းအင်ထုတ်လုပ်သူများအသင်း၏ ယခင်လခန့်မှန်းချက်၌ ယခုနှစ် စက်တင်ဘာလတွင် ကုန်ဆုံးမည့် ၂၀၂၄-၂၅ စျေးကွက်ရာသီအတွင်း အိန္ဒိယနိုင်ငံ၏ သကြား ထုတ်လုပ်မှုမှာ ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၁၄.၇% လျော့နည်းလျက် တန်ချိန် ၂၇.၂၇ သန်းသို့ ကျ ဆင်းနိုင်ကြောင်း ဖော်ပြထားသည်။ သို့သော်လည်း ကြံစက်များ လုပ်ငန်းပိတ်သိမ်းနေရသည့် အခြေအနေအရ သကြားထုတ်လုပ်မှုမှာ ထိုထက်ပင် ပိုမိုလျော့နည်းနိုင်မည်ဟု ကမ္ဘာ့တစ်ဝန်းသို့ ကုန်သွယ်ရောင်းဝယ်နေသည့် ကုန်သည်များက ခန့်မှန်းလျက်ရှိကြသည်။

          မွန်ဘိုင်းမြို့အခြေစိုက် ကုန်သည်တစ်ဦးက အိန္ဒိယ၏ သကြားထုတ်လုပ်မှုမှာ တန်ချိန် ၂၆ သန်းခန့်သို့ ကျဆင်းသွားနိုင်သည်ဟု ခန့်မှန်းထားကြောင်း ပြောကြားခဲ့သည်။ စက်ရုံများ စောစီးစွာ ပိတ်သိမ်းခြင်းနှင့်အတူ သကြားတန်ချိန် ၁ သန်းသာ တင်ပို့ရန် ခွင့်ပြုခြင်းတို့က ပြည်တွင်း၌ သကြားဈေးနှုန်းများကို တစ်လအတွင်း ၁၀% မြင့်တက်လာခဲ့စေခဲ့သည်။

          ပြည်တွင်းဈေးနှုန်းများ မြင့်တက်လာခြင်းသည် စက်ရုံများ၏ ဘဏ္ဍာရေးအခြေအနေကို ကောင်းမွန်စေမည်ဖြစ်ကြောင်း၊ သကြားတင်ပို့ရာတွင်  တစ်တန်လျှင် ရူပီး ၄၅၀၀၀ သို့မဟုတ် ယင်းထက်ပိုမိုရရှိရန် ကုန်သည်လုပ်ငန်းရှင်များက မျှော်လင့်ထားကြကြောင်း၊ စက်ရုံများအနေဖြင့် ချက်ချင်း စာချုပ်များချုပ်ဆိုရန် မလိုလားဘဲ ဈေးနှုန်းများ ထပ်မံမြင့်တက်လာမည်ကို မျှော်လင့်နေ သောကြောင့် တင်ပို့မှုများ နှေးကွေးနေရကြောင်းဖြင့် နိုင်ငံတကာနှင့် ကုန်သွယ်လုပ်ကိုင်နေသည့်  နယူးဒေလီမြို့ အခြေစိုက် ကုန်သည်တစ်ဦးကလည်း ပြောကြားခဲ့သည်။

Source: Business Standard, 10 February, 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ပဲမျိုးစုံ ပုံမှန်တင်ပို့နိုင်ရေး အိန္ဒိယဘက်မှ ကာလရှည်မူဝါဒချမှတ်ရန် ဘရာဇီး မျှော်လင့်

          အိန္ဒိယနိုင်ငံ၌ ပဲမျိုးစုံစားသုံးမှုမှာ တိုးတက်လျက်ရှိရာ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက် မှုနှင့် သဟဇာတဖြစ်သည့် ကုန်သွယ်‌ရေးမူဝါဒတို့ကို ဖော်ဆောင်ပေးခြင်းဖြင့် အိန္ဒိယအတွက် အား ထားရသော ပဲမျိုးစုံထောက်ပံ့ပေးသွင်းသူအဖြစ် ရပ်တည်နိုင်ရန် ဘရာဇီးနိုင်ငံဘက်မှ လိုလား လျက်ရှိသည်ဟု မွန်ဘိုင်းမြို့အခြေစိုက် CNBC TV18 သတင်းဌာနက ဖော်ပြပါသည်။

          ဘရာဇီးပဲမျိုးစုံလုပ်ငန်းအသင်း(IBRAFE) မှ ဒါရိုက်တာ Najla Souza က ပဲမျိုးစုံကုန်သွယ်မှု တွင် တည်ငြိမ်မှုနှင့် တိုးတက်မှု ခိုင်မာစေရေးအတွက် ဘရာဇီးနှင့် အိန္ဒိယ နှစ်နိုင်ငံအကြား ကာလ ရှည် ကုန်သွယ်မှုဆိုင်ရာ မူဝါဒများကို ချမှတ်ဆောင်ရွက်ရန် လိုအပ်ကြောင်း အလေးပေး ပြောဆိုခဲ့ သည်။

          ဘရာဇီးနိုင်ငံသည် ၂၀၂၄ ခုနှစ်အတွင်း အိန္ဒိယသို့ မတ်ပဲတန်ချိန် ၇၀၀၀၀ ခန့်တင်ပို့ခဲ့ပြီး မြန်မာနိုင်ငံ၏ နောက်တွင် ဒုတိယအများဆုံး မတ်ပဲပေးသွင်းသူ ဖြစ်လာခဲ့သည်။ ထိုကဲ့သို့ ဘရာဇီး ထံမှ မတ်ပဲများ ထပ်ဆောင်းရရှိနိုင်မှုက ဈေးကွက်ယှဉ်ပြိုင်မှုကို ကြီးမားလာစေပြီး အိန္ဒိယနိုင်ငံ အတွက် ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူရရှိနိုင်သည့် အကျိုးကို ဖြစ်ထွန်းစေလျက်ရှိသည်။ သို့ရာ တွင် ကာလရှည်၌ ကုန်သွယ်ရောင်းဝယ်နိုင်ရန်အတွက် အာမခံချက်မရှိပါက ငွေကြေးဆုံးရှုံးနိုင်မှု အန္တရာယ်မြင့်မားသဖြင့် ဘရာဇီးလယ်သမားများအနေဖြင့် တိုးချဲ့စိုက်ပျိုးထုတ်လုပ်ရန် ချီတုံချတုံ ဖြစ်လျက် ရှိကြသည်။

          ဘရာဇီးအနေဖြင့် မြန်မာနိုင်ငံ၏ အိန္ဒိယသို့ မတ်ပဲအဓိကပေးသွင်းသည့်နေရာတွင် အစား ထိုးဝင်ရောက်နိုင်အောင် ကြိုးပမ်းမည် မဟုတ်သော်လည်း အိန္ဒိယ၏ ပဲမျိုးစုံလိုအပ်ချက် ကြီးထွား လာမှုကို ဖြည့်ဆည်းနိုင်ရန်သာ လုပ်ဆောင်မည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံ ပဲမျိုးစုံကုန်သွယ်မှုကို ခိုင်မာ အားကောင်းစေရန် IBRAFE အသင်းသည် ကာရီရိုကာပဲ (Carioca bean) ခေါ် ပဲဖြူကြားတစ်မျိုး အပါအဝင် ဘရာဇီးဒေသထွက်ပဲမျိုးများကို အိန္ဒိယစားသုံးသူများအတွက် အလားအလာရှိသည့် ရွေးချယ်မှုများအဖြစ် တိုးမြှင့်တင်ပို့နိုင်ရေး တက်ကြွစွာ ကြိုးပမ်းလျက်ရှိကြောင်း၊ ဘရာဇီးနိုင်ငံ သည် ၎င်း၏ လယ်ယာထွက်ကုန် ထုတ်လုပ်မှုကို တည်တံ့ခိုင်မာစေရေးအတွက် သီးနှံမျိုးစုံ စိုက်ပျိုး ထုတ်လုပ်ခြင်းကို အလေးပေးလုပ်ဆောင်လျက်ရှိကြောင်း၊ ဘရာဇီးလယ်သမားများသည် မြေဆီ ဩဇာကောင်းမွန်မှုနှင့် ကုန်ထုတ်လုပ်နိုင်စွမ်းတို့ကို ထိန်းသိမ်းနိုင်ရန် ပဲပုပ်၊ ပြောင်းနှင့် ပဲမျိုးစုံတို့ အား  အလှည့်ကျ စိုက်ပျိုးခြင်းကို လုပ်ကိုင်လေ့ရှိကြောင်းဖြင့် Ms. Souza က ပြောကြားခဲ့သည်။

          IBRAFE အသင်းသည် ပဲမျိုးစုံကို ဘရာဇီးလယ်သမားများအတွက် တည်ငြိမ်စွာ စိုက်ပျိုး ထုတ်လုပ်နိုင်သည့်သီးနှံအဖြစ် မြှင့်တင်နိုင်ရေး လုပ်ဆောင်လျက်ရှိသကဲ့သို့ အထူးသဖြင့် အိန္ဒိယ အပါအဝင် နိုင်ငံတကာဈေးကွက်များတွင် တည်ငြိမ်စွာရပ်တည်နေနိုင်ရေးကို ဆောင်ရွက်လျက်ရှိ သည်။ နှစ်နိုင်ငံအတွက် အကျိုးဖြစ်ထွန်းစေမည့် မူဝါဒများ ချမှတ်နိုင်ရေး တွန်းအားပေးရန်အတွက် ဘရာဇီးအစိုးရနှင့် အိန္ဒိယရှိ သံတမန်များနှင့် အနီးကပ်ပူးပေါင်း‌ဆောင်ရွက်ခြင်းသည် IBRAFE ၏ မဟာဗျူဟာ၌ ပါဝင်လျက်ရှိသည်။

          မသေချာမရေရာမှုများ ရှိနေသော်လည်း အကျိုးအမြတ်ဖြစ်ထွန်းမှုနှင့် ကာလရှည် တင်ပို့ လုပ်ကိုင်နိုင်မည့် အခွင့်အလမ်းများကို မျှော်လင့်လျက် ဘရာဇီးလယ်သမားများသည် မတ်ပဲနှင့် ပဲစင်းငုံတို့ကို စမ်းသပ်စိုက်ပျိုးခြင်းအား ဆက်လက်လုပ်ကိုင်လျက်ရှိကြောင်း၊ IBRAFE အသင်း သည် အိန္ဒိယနိုင်ငံ၌ ဈေးကွက် ဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ၎င်းတို့၏ လုပ်ငန်းမဟာ‌ဗျူဟာများ ချမှတ်ဖော်ဆောင်မှုကို ဘရာဇီးနိုင်ငံရှိ တောင်သူများ၊ ကုန်သည်များ၊ ပို့ကုန်လုပ်ငန်းရှင်များနှင့် ဆက်လက်ထိတွေ့ ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း CNBC TV18 သတင်းဌာနက ဖော်ပြ ထားသည်။

Source: CNBC TV18, 10 Feb 2025 (လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ဆန်၊ဆန်ကွဲ ပြည်ပ တင်ပို့မှုအခြေအနေ

              ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှ ဒီဇင်ဘာလ (၃၁)ရက်နေ့အထိ မြန်မာနိုင်ငံမှ ဆန်၊ ဆန်ကွဲ ပြည်ပတင်ပို့မှုတွင် ဆန်တင်ပို့မှု အများဆုံး(၁၀)နိုင်ငံဖြစ်သော အင်ဒိုနီးရှားနိုင်ငံ (၆၉၄၆၁၈)တန်၊ တရုတ်(၂၀၁၁၃၁)တန်၊ ဖိလစ်ပိုင် (၁၅၆၆၃၉)တန်၊ Cote d’အိုင်ဗီးယား (၁၀၅၆၄၃)တန်၊ စပိန် (၇၇၀၁၁)တန်၊ ကင်မရွန်း (၆၁၄၁၅)တန်၊ ပိုလန်(၆၁၁၇၃)တန်၊ မိုဇမ်ဘစ် (၅၅၁၁၉)တန်၊ Burkina Faso (၃၂၀၀၀)တန်၊ ချက်သမ္မတနိုင်ငံ(၂၈၁၁၆) တန်နှင့် အခြား (၃၅) နိုင်ငံများသို့(၁၇၇၄၄၄)တန်တင်ပို့ခဲ့ပြီးဆန်ကွဲတင်ပို့မှုအများဆုံး(၁၀)နိုင်ငံဖြစ်သော ဘယ်လ်ဂျီယံ  နိုင်ငံ(၃၅၂၅၉၃)တန်၊တရုတ် (၃၀၄၅၇၇)တန်၊အင်ဒိုနီးရှား(၉၉၈၀၁)တန်၊ ဆီနီဂေါ (၉၆၆၅၈)တန်၊  ဗီယက်နမ်(၄၉၃၂၀)တန်၊ စပိန် (၄၈၂၀၀)တန်၊ ဖိလစ်ပိုင်(၄၄၉၁၈)တန် ၊ နယ်သာလန်(၂၉၇၀၀) တန်၊Cote d’အိုင်ဗီးယား(၂၈၃၉၀)တန်၊United Kingdom(၂၈၀၂၅)တန်နှင့်အခြား (၁၉)နိုင်ငံများ သို့ တင်ပို့မှု(၃၄၉၂၄)တန် ဖြစ်၍  ဆန်၊ဆန်ကွဲ စုစုပေါင်း ပို့ကုန်တင်ပို့မှုတန်ချိန် (၂၇၆၇၄၁၄)တန် ၊ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ (၁၃၃၁.၈၉၉)သန်း ရရှိခဲ့ကြောင်း၊  ကုမ္ပဏီစုစုပေါင်း (၁၀၃)ခုမှ နိုင်ငံပေါင်း(၄၉)နိုင်ငံသို့တင်ပို့ခဲ့ခြင်းဖြစ်ကြောင်းမြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ သတင်းထုတ် ပြန်ချက်မှ ဆန်၊ဆန်ကွဲပြည်ပ တင်ပိုမှု အခြေအနေအား တင်ပြလိုက်ရပါသည်။

DOCA(မန္တလေး)

 

 

အာဖဂန်နစ္စတန်နိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၂၀ တန်ဖိုးရှိသော ဆေးဖက်ဝင်အပင်များတင်ပို့ခဲ့

          အာဖဂန်နစ္စတန်နိုင်ငံမှ ၂၀၂၄ ခုနှစ်တွင်အမေရိကန်ဒေါ်လာသန်း ၂၀ တန်ကြေးရှိဆေးဖက်ဝင် အပင်များအား တင်ပို့ခဲ့ကြောင်း စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး က သတင်းထုတ်ပြန်ခဲ့သည်။ အာရပ်စော်ဘွားများပြည်ထောင်စု၊ တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ တူရကီ၊ အီရန်၊ ကာဂျစ္စတန်၊ ယူကရိန်း၊ အမေရိကန်၊ ကနေဒါနှင့် အခြားနိုင်ငံများအပါအဝင် အာဖဂန်နစ္စတန်၏ ကုန်သွယ်မှုမိတ်ဖက်နိုင်ငံများသို့ တင်ပို့ခဲ့သည်ဟု ဝန်ကြီးဌာန ပြော‌ရေးဆိုခွင့်ရှိသူ AkhundZanda Abidul Salam Jawad က ဖေဖော်ဝါရီ ၉ ရက်နေ့ကပြောကြားခဲ့ကြောင်း ပြည်တွင်းမီဒီယာ TOLOnews ကပြောကြားခဲ့သည်။ စုစုပေါင်း တန်ချိန် ၁၅၂၀၀ ရှိသော တင်ပို့သည့် အပင်များတွင် ပန်းခိုတောင်၊ Glycyrrhiza glabra၊ Caraway နှင့် Nigella Sativa တို့ပါဝင်သည်။ ၂၀၂၄ ခုနှစ်တွင် အာဖဂန်နစ္စတန်၏ စုစုပေါင်းကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံကျော်ရှိခဲ့ပြီး ယခင်နှစ်ကထက် ၃၈ ရာခိုင်နှုန်းတိုးမြင့်လာကြောင်းပြသပြီး ပို့ကုန် ၄ ရာခိုင်နှုန်း ကျဆင်းသွားကြောင်းဝန်ကြီးဌာန၏ တရားဝင်အချက်အလက်များအရသိရသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ