ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ဇန်နဝါရီလတွင် ဗီယက်နမ်တွင် ကားရောင်းချရမှု ၄၀ ရာခိုင်နှုန်းကျဆင်း

ဇန်နဝါရီလတွင် ဗီယက်နမ်၌ စုစုပေါင်းမော်တော်ကားအစီးရေ ၁၈၈၉၃ စီး ရောင်းချခဲ့ရပြီး ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကထက် ၄၀ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ဗီယက်နမ်နိုင်ငံ မော်တော်ကား ထုတ်လုပ်သူများအသင်း (VAMA) ၏ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ထုတ်ပြန်ချက် အရ သိရပါသည်။ Toyota က အစီးရေ ၃၃၄၆ စီးဖြင့် ဇန်နဝါရီလရောင်းချရမှုတွင် အမှတ်တံဆိပ် အားလုံးကိုဦးဆောင်ခဲ့ပြီး ၎င်းတို့နောက်တွင် Ford ( အစီးရေ ၂၄၅၂ စီး)၊ Mazda ( အစီးရေ ၂၀၃၁ စီး)၊ THACO KIA (အစီးရေ ၁၈၄၆ စီး) နှင့် Honda ( အစီးရေ ၁၈၂၆ စီး) တို့ရပ်တည်နေကြောင်း သိရပါသည်။ ကျွမ်းကျင်သူများကမူ Lunar new year အားလပ်ရက်များက စားသုံးသူများ၏ ဝယ်လိုအားကိုသက်ရောက်မှုရှိသောကြောင့် ကားရောင်းချမှု ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ သုံးစွဲသူများသည် ယခုနှစ်တွင် ထုတ်ပြန်မည့် မော်ဒယ်အသစ်များကို စောင့်ဆိုင်းလိုခြင်းကလည်း ဇန်နဝါရီလတွင် ကားရောင်းချမှုနည်းပါးရသည့် အကြောင်းအရင်းထဲ တွင် ပါဝင်နေကြောင်း သိရပါသည်။ ဇန်နဝါရီလတွင်ကားရောင်းချမှုကျဆင်းခြင်းတွင် ခရီးသည် တင်ကားရောင်းချရမှုက အစီးရေ ၁၄၂၀၁ စီးဖြင့်( ၄၂ ရာခိုင်နှုန်းကျဆင်း)၊ စီးပွားရေးလုပ်ငန်းသုံး ကားရောင်းချရမှုက အစီးရေ ၄၃၅၄ စီးဖြင့် (၃၃ ရာခိုင်နှုန်းကျဆင်း) နှင့် Specialized မော်တော် ကားရောင်းချရမှုက အစီးရေ ၃၃၈ စီးဖြင့် (၄၀ ရာခိုင်နှုန်းကျဆင်း) ခဲ့ကြောင်း သိရပါသည်။ VAMA ၏ အဆိုအရ ပြည်တွင်း၌ ထုတ်လုပ်တပ်ဆင်သည့်‌မော်တော်ကားများမှာ အစီးရေ ၉၁၂၀ စီးဖြင့် ဒီဇင်ဘာလကထက် ၂၉ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး တင်သွင်းလာသည့်မော်တော်ကာများမှာ အစီးရေ ၉၇၇၃ စီးဖြင့် ၄၈ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရပါသည်။ သို့သော် ဇန်နဝါရီလတွင် Hybrid ကားများ ရောင်းချရမှုမှာ ဒီဇင်ဘာလကထက် ၅၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ခြင်းက သဘာဝ ပတ်ဝန်းကျင်နှင့် သင့်လျော်သည့်ကားများအတွက် ဝယ်လိုအားမြင့်တက်လာမှုကို ပြသနေ ကြောင်း သိရပါသည်။ ကျွမ်းကျင်သူများကမူ အစိုးရ၏ အစိမ်းရောင်မော်တော်ယာဉ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပံ့ပိုးမှုများနှင့်အတူ ကားထုတ်လုပ်သူများ၏ လှုံ့ဆော်မှု မူဝါဒများချမှတ် လာမှုကြောင့် ဗီယက်နမ်မော်တော်ကားဈေးကွက်သည် ယခုနှစ် ဒုတိယသုံးလပတ်ကာလတွင် ပြန်လည်နာလံထူလာနိုင်ကြောင်း ခန့်မှန်းကြသည်ဟု သိရပါသည်။

DOCA(ရန်ကုန်)

 

၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၇ ရက်နေ့အထိ စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များတင်ပို့မှုမှတစ်ဆင့် ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၄၀ နီးပါး ရရှိခဲ့သည့် ဗီယက်နမ်၏ Lam Dong ပြည်နယ်

          ဗီယက်နမ်နိုင်ငံ၏ Lam Dong ပြည်နယ်သည် ယခုနှစ်၏အစမှစ၍ ဖေဖော်ဝါရီလ ၇ ရက်နေ့အထိ ၎င်းတို့၏ အဓိက စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များတင်ပို့မှုမှတစ်ဆင့် ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၉.၇၃ သန်း ရရှိခဲ့ကြောင်း ပြည်နယ်၏ စက်မှုနှင့် ကုန်သွယ်ရေးဦးစီးဌာန၏ အဆိုအရ သိရပါသည်။ ထိုကာလအတွင်း ကော်ဖီတင်ပို့မှုသည် ထိပ်ဆုံးမှဦးဆောင်ခဲ့ပြီး ကော်ဖီတန်ချိန် ၅၃၀၀ တင်ပို့ခဲ့ရာမှ ဝင်ငွေ အမေရိကန် ဒေါ်လာ ၂၃.၉ သန်း ရရှိခဲ့ကြောင်း သိရပါသည်။ ၎င်းတို့၏နောက်တွင် သစ်သီးနှင့် ဟင်းသီးဟင်းရွက်တန်ချိန် ၂၁၈၇ တန်တင်ပို့ရာမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၆.၃၉ သန်း၊ ပန်းတင်ပို့ရာမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၅.၅၆ သန်း၊ ပိုးထည်အကြမ်းတင်ပို့ရာမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၂.၈၈ သန်းနှင့် လက်ဖက်တင်ပို့ရာမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၀.၉၉ သန်း ရရှိခဲ့ကြောင်း သိရပါသည်။ ပြည်နယ်သည် နိုင်ငံများနှင့် ဒေသပေါင်း ၅၆ ခုသို့ ကုန်ပစ္စည်းများ တင်ပို့ခဲ့ကြောင်း သိရပါသည်။ ၎င်းတို့၏ အဓိကတင်ပို့သည့် ဈေးကွက်များမှာ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်း၊ တရုတ်၊ စင်ကာပူတို့ပါဝင်သည့် အာရှနှင့် ဥရောပနိုင်ငံအချို့ ဖြစ်ကြောင်း သိရပါသည်။၂၀၂၄ ခုနှစ်တွင် ပြည်နယ်၏တင်ပို့မှုမှာ အမေရိကန် ဒေါ်လာ ၉၈၅.၇ သန်းတန်ဖိုးရှိပြီး ၂၀၂၃ ခုနှစ်ကထက် ၆.၁၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရ ပါသည်။ ထိုတန်ဖိုးပမာဏထဲတွင် အလူမီနီယမ်နှင့် အလူမီနီယမ်ဟိုက်ဒရောက်ဆိုဒ် တင်ပို့မှုမှာ ထိပ်ဆုံးတွင် ဦးဆောင်ခဲ့ပြီး တန်ချိန် ၇၀၃၀၀၀ ပတ်လည်တင်ပို့ရာမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၈၈.၃ သန်း ရရှိခဲ့ကြောင်း သိရပါသည်။ အစိမ်းရောင်ကော်ဖီစေ့မှာ ဒုတိယတန်ဖိုးအမြင့်ဆုံး တင်ပို့သည့်အမျိုးအစားဖြစ်ပြီး စုစုပေါင်းတန်ချိန် ၆၇၅၁၀ တန် တင်ပို့ရာမှ ဝင်ငွေ အမေရိကန် ဒေါ်လာ ၂၂၆.၁၆ သန်း ရရှိခဲ့ကြောင်း သိရပါသည်။ ၎င်းတို့၏နောက်တွင် အထည်အလိပ်များ၊ ဟင်းသီးဟင်းရွက်များနှင့် သစ်သီးများ ရပ်တည်ခဲ့ကြောင်း သိရပါသည်။

DOCA(ရန်ကုန်)

ဇန်နဝါရီလတွင်ရေထွက်ကုန်တင်ပို့မှုမှတစ်ဆင့် ဝင်ငွေအမေရိကန်ဒေါ်လာ ၇၇၄ သန်း ရရှိခဲ့သည့် ဗီယက်နမ်

          ဗီယက်နမ်သည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် အမေရိကန်ဒေါ်လာ ၇၇၄.၃ သန်းတန်ကြေး ရှိသော ရေထွက်ကုန်များကို တင်ပို့ခဲ့ပြီး ၂၀၂၄ ခုနှစ်ဇန်နဝါရီလကထက် ၃.၃ ရာခိုင်နှုန်း မြင့်တက် ခဲ့ကြောင်း ဗီယက်နမ်နိုင်ငံပင်လယ်စာ တင်ပို့သူများနှင့် ထုတ်လုပ်သူများအသင်း (VASEP) ၏ အဆိုအရသိရပါသည်။ ပုဇွန်သည် တင်ပို့မှုကဏ္ဍကို ဦးဆောင်ခဲ့ပြီး ဝင်ငွေအမေရိကန်ဒေါ်လာ သန်း ၃၀၀ ရရှိခဲ့ကာ စုစုပေါင်းတင်ပို့မှု၏ ၃၉ ရာခိုင်နှုန်း ရှိကြောင်း သိရပါသည်။ Tra Fish တင်ပို့ မှုသည် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ခဲ့ရပြီး အမေရိကန်ဒေါ်လာ ၁၂၃ သန်းဖြင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီ လကထက် ၂၅ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ်ငါးအသားပြားများအပေါ် ချမှတ်ထားသည့် Anti-dumping အကောက်ခွန်များကို ဖယ်ရှားပေးမည့် ဇန်နဝါရီလ ၁၇ ရက်နေ့က အမေရိကန်နှင့် လက်မှတ်ရေးထိုးခဲ့သည့် အပြန်အလှန် သဘောတူညီချက်ကြောင့် လုပ်ငန်းများသည် အမေရိကန်သို့ Tra Fish တင်ပို့မှုကြီးထွားလာရန် မျှော်လင့်လျှက်ရှိကြောင်း သိရပါသည်။ တူနာတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၆၅ သန်းဖြင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလကထက် ၁၇.၇ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရပါသည်။ သို့သော်အမေရိကန်နှင့် ဥရောပသမဂ္ဂကဲ့သို့ သော အဓိကဈေးကွက်များတွင် စားသုံးမှုတည်ငြိမ်စွာကြီးထွားမှုက ၂၀၂၅ လက်ကျန်ကာလ တစ်လျှောက် ပြန်လည်နာလံထူလာရန် မျှော်လင့်ချက်ကို ပေးစွမ်းလျှက်ရှိကြောင်း သိရပါသည်။ တူနာကဏ္ဍသည် အကောက်ခွန်မူဝါဒပြောင်းလဲမှုများ အထူးသဖြင့်အမေရိကန်ဈေးကွက်တွင် အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း VASEP ၏အဆိုအရသိရပါသည်။ ဈေးကွက်စွမ်းဆောင်မှုသည် လည်း ဒေသအလိုက် သိသာထင်ရှားစွာ ကွဲပြားခဲ့ကြောင်း သိရပါသည်။ ဟောင်ကောင်ပါဝင်သည့် တရုတ်သို့တင်ပို့မှုမှာ ၆၄.၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး အမေရိကန်နှင့် ဥရောပသမဂ္ဂဈေးကွက်သို့ တင်ပို့မှုမှာ ၁၆ ရာခိုင်နှုန်းနှင့် ၁၇.၆ ရာခိုင်နှုန်း အသီသီးကျဆင်းခဲ့ကြောင်း သိရပါသည်။ အာဆီယံ ဈေးကွက်များသို့တင်ပို့မှုမှာ ၁၀.၅ ရာခိုင်နှုန်းဖြင့် တည်ငြိမ်စွာကြီးထွားမှုကို ပြသခဲ့ပြီး အရှေ့တောင်အာရှဈေးကွက်သည် ဗီယက်နမ်ရေထွက်ကုန်များတင်ပို့မှုအတွက် တောက်ပသော အနာဂတ်အလားအလာကို ပြသနေကြောင်း သိရပါသည်။ ဆက်လက်၍ ဗီယက်နမ်၏ ရေထွက်ကုန်လုပ်ငန်းနယ်ပယ်သည် ကမ္ဘာ့ဈေးကွက်တွင် စားသုံးမှုအလေ့အကျင့်ပြောင်းလဲမှုများ၊ အကောက်ခွန်မူဝါဒများနှင့် ရောင်းလိုအား-ဝယ်လိုအားမတည်ငြိမ်ခြင်းစသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရနိုင်ကြောင်း သိရပါသည်။ VASEP က၂၀၂၅ ခုနှစ်တွင် ကဏ္ဍ၏အောင်မြင်မှုသည် တန်ဖိုးမြင့်ထုတ်ကုန်များဖွံ့ဖြိုးတိုးတက်ရေး၊ ထုတ်ကုန်အရည်အသွေးမြှင့်တင်ခြင်းနှင့် တင်ပို့ရာ ဈေးကွက်များကွဲပြားခြင်းတို့အပေါ်တွင် ကြီးမားစွာမူတည်လိမ့်မည်ဟု ပြောကြားခဲ့ပါသည်။

DOCA(ရန်ကုန်)

 

ကမ္ဘောဒီးယားနိုင်ငံ၏ ကုန်သွယ်မှုပမာဏသည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် အမေရိကန်ဒေါ်လာ ၅ ဘီလီယံကျော်ရှိခဲ့ပြီး ၂၄.၆ ရာခိုင်နှုန်းတိုးလာခဲ့

          ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် နိုင်ငံတကာဈေးကွက်နှင့် ကမ္ဘောဒီးယားနိုင်ငံ၏ ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၅ ဘီလီယံကျော်ရှိခဲ့ပြီး  ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ နှင့်နှိုင်းယှဉ်ပါက ၂၄.၆ ရာခိုင်နှုန်းတိုးမြင့်လာခဲ့ကာ ကန်ဒေါ်လာ ၄ ဘီလီယံကျော်ရှိကြောင်း ကမ္ဘောဒီးယားနိုင်ငံ အကောက်ခွန်နှင့်ကုန်စည်စီးဆင်းမှုအထွေထွေဦးစီးဌာန၏ ၁၅-၂-၂၀၂၅ ရက်နေ့က ထုတ်ပြန်ခဲ့သောအစီရင်ခံစာအရ သိရသည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် ကမ္ဘောဒီးယားနိုင်ငံ၏ ပို့ကုန်စုစုပေါင်းသည် အမေရိကန်ဒေါ်လာ ၂.၃ ဘီလီယံကျော်ရှိခဲ့ပြီး ၁၇.၃ ရာခိုင်နှုန်းတိုးလာခဲ့ကြောင်းနှင့် သွင်းကုန်ပမာဏသည် ကန်ဒေါ်လာ ၂.၇ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၃၁.၆ ရာခိုင်နှုန်းမြင့်တက်လာခဲ့ ကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။ တရုတ်နိုင်ငံသည် ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ ၁.၅ ဘီလီယံခန့်ဖြင့်ကမ္ဘောဒီးယားနိုင်ငံ၏ အကြီးဆုံးကုန်သွယ်မှု မိတ်ဖက်နိုင်ငံအဖြစ် ရပ်တည်ခဲ့ပြီး တရုတ်နိုင်ငံသို့ ကန်ဒေါ်လာ ၁၀၀ သန်းကျော်တန်ဖိုးရှိကုန်ပစ္စည်းများတင်ပို့ခဲ့ပြီး တင်ပို့မှု ၄၀.၅ ရာခိုင်နှုန်းတိုးလာခဲ့ပြီး တရုတ်နိုင်ငံမှ ကမ္ဘောဒီးယားနိုင်ငံသို့ ကန်ဒေါ်လာ ၁.၄ ဘီလီယံကျော်တင်သွင်းခဲ့ပြီး ၃၄.၇ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။ အမေရိကန်နိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံ၏ ဒုတိယအကြီးဆုံးကုန်သွယ်မှုမိတ်ဖက်နိုင်ငံအဖြစ်ရပ်တည်ခဲ့ပြီး နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏသည် ကန်ဒေါ်လာ ၉၀၀ သန်းရှိခဲ့ပြီး ၃၈.၆ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။ အစီရင်ခံစာအရ ကမ္ဘောဒီးယားနိုင်ငံသည် ဗီယက်နမ်၊ ထိုင်း၊ ဂျပန်၊ ကနေဒါ၊ စပိန်၊ အင်ဒိုနီးရှားနှင့် ယူကေနိုင်ငံများကဲ့သို့သော အဓိကကုန်သွယ်မှုမိတ်ဖက်နိုင်ငံများနှင့်ကုန်သွယ်မှု သည်လည်း သိသာထင်ရှားသော တိုတက်မှုများရရှိခဲ့ကြောင်းသိရသည်။

DOCA(ရန်ကုန်)

 

ကမ္ဘောဒီးယားနိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံသို့ ဆန်တင်ပို့မှုမြှင့်တင်ရန် အဆင်သင့်ဖြစ်နေ

          ဖိလစ်ပိုင်နိုင်ငံ၌ စာနပ်ရိက္ခာထောက်ပံ့ရေးစိန်ခေါ်မှုများနှင့် ရင်ဆိုနေရချိန်တွင် မနီလာ၏ စားနပ်ရိက္ခာဖူလုံမှုကို ပံ့ပိုးပေးရန်အတွက် ဆန်နှင့်အခြားလယ်ယာထွက်ကုန်များ တိုးမြှင့် တင်ပို့ရန်အဆင်သင့်ပြင်ဆင်ထားကြောင်း ကမ္ဘောဒီးယားနိုင်ငံ၊ ဝန်ကြီးချုပ် Hun Manet နှင့် ဖိလစ်ပိုင်သမ္မတ Ferdinand Marcos တို့ (၁၁-၂-၂၀၂၅) ရက်နေ့ကတွေ့ဆုံစဉ် အာမခံခဲ့သည်။ နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာ (MoUs) လက်မှတ်ရေးထိုးပြီးနောက် Hun Manet က စိုက်ပျိုရေးကဏ္ဍတွင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများအားကောင်းလာစေရန် ကမ္ဘောဒီးယား နိုင်ငံ၏ ကတိကဝတ်ကို ထပ်မံအတည်ပြုခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံသို့ ဆန်နှင့်အခြားမရှိမဖြစ်လိုအပ်သော စာနပ်ရိက္ခာထုတ်ကုန်များ ထောက်ပံ့ရန်အသင့် ရှိနေကြောင်း ဝန်ကြီးချုပ်ကအလေးပေးပြောကြားခဲ့သည်။ Ferdinand Marcos က ကမ္ဘောဒီးယားနိုင်ငံသည် ဖိလစ်ပိုင်၏ စားနပ်ရိက္ခာဖူလုံရေးကြိုးပမ်းမှုတွင် အဓိကနေရာမှ ပါဝင်နေပြီး အသစ်ချုပ်ဆို ထားသော စိုက်ပျိုးရေးနှင့်လယ်ယာစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ အတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံသည် ဆန်ထုတ်လုပ်သည့် နိုင်ငံဖြစ်သော်လည်း ပြည်တွင်းဝယ်လိုအားပြည့်မီရန် တင်သွင်းမှုအပေါ် ဆက်လက်မှီခို နေရဆဲဖြစ်ကြောင်း ထပ်မံပြောကြားခဲ့သည်။

DOCA(ရန်ကုန်)

ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း ဆန်တန်ချိန် ၆၀၀ ကျော်တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၄၈ သန်းကျော် ရရှိခဲ့

          ကမ္ဘောဒီးယားနိုင်ငံ၊ ဆန်စပါးအသင်းချုပ်မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း ဆန်စပါး တန်ချိန် ၅၉,၀၈၆ တန်တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၄၈.၀၃ သန်းရရှိခဲ့ကြောင်းထုတ်ပြန်ခဲ့ သည်။ ကမ္ဘောဒီးယားဆန်စပါးအသင်းချုပ်၏ အဆိုအရ ဆန်တင်ပို့သူ ၃၉ ဦးသည် ဒေသ ၄၅ ခု သို့ တင်ပို့ခဲ့ပြီး ဥရောပနိုင်ငံ ၃၂ နိုင်ငံသို့ စုစုပေါင်းတန်ချိန် ၃၆,၇၁၄ တန်တင်ပို့ခဲပြီး ကန်ဒေါ်လာ ၂၉.၇၉ သန်း ရရှိခဲ့သည်။ ဟောင်ကောင်၊မကာအိုနှင့်တရုတ်နိုင်ငံသို့ အမေရိကန် ဒေါ်လာ ၂.၅၆ သန်းတန်ဖိုးတင်ပို့ခဲ့သည်။ အာဖရိက၊ အရှေ့အလယ်ပိုင်း၊ အမေရိကန်၊ ကနေဒါ၊ ဩစတြေးလျ၊ နယူးဇီလန်နှင့် အခြားနိုင်ငံများအပါအဝင် ပြည်ပ ၁၆ နိုင်ငံသို့ တန်ချိန် ၉,၁၈၇ တန်တင်ပို့ခဲ့ပြီး ကန်ဒေါ်လာ ၈.၃၇ သန်းရရှိခဲ့သည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း ပြည်ပသို့ ဆန်တင်ပို့မှုတွင် ဆန်မွှေး ၉၃.၀၁ ရာခိုင်နှုန်း၊ ဆန်ဖြူ ၂.၉၃ ရာခိုင်နှုန်း၊ ပြုတ်ဆန် ၂.၃၁ ရာခိုင်နှုန်း၊ အော်ဂဲနစ်ဆန် ၁.၄၂ ရာခိုင်နှုန်းနှင့် အခြားမျိုးကွဲဆန် ၀.၃၃ ရာခိုင်နှုန်းတင်ပို့ခဲ့သည်။

DOCA(ရန်ကုန်)

စင်္ကာပူနိုင်ငံ၏ ရေနံမဟုတ်သော ပြည်တွင်းပို့ကုန်တင်ပို့မှုသည် ကဏ္ဍရောနှောလုပ်ဆောင်မှုကြောင့် ၂.၁ ရာခိုင်နှုန်းသို့ကျဆင်းသွား

          စင်္ကာပူ၏ ရေနံမဟုတ်သော ပြည်တွင်းပို့ကုန် (NODX) သည် ၂၀၂၄ ခုနှစ်ဒီဇင်ဘာလတွင် ၉ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး ဇန်နဝါရီလတွင်တစ်နှစ်ထက်တစ်နှစ် ၂.၁ ရာခိုင်နှုန်းကျဆင်း ခဲ့ကြောင်း အစိုးရအေဂျင်စီ Enterprice Singapore မှထုတ်ပြန်သည့်အချက်အလက်များ အရသိရသည်။

          ကျဆင်းမှုသည် အီလက်ထရောနစ် ကဏ္ဍတိုးတက်လျှက်ရှိစဥ် အီလက်ထရောနစ်မဟုတ် သော NODX ပို့ကုန်များလျှော့နည်းသွားသောကြောင့်ဖြစ်ကြောင်းသိရသည်။

          တစ်ချိန်တည်းတွင် ရေနံမဟုတ်သောကုန်ပစ္စည်းများ ပြန်လည်တင်ပို့မှုသည် ၂၀၂၅ ဇန်နဝါရီလတွင် တစ်နှစ်ထက်တစ်နှစ် ၇.၄ ရာခိုင်နှုန်းတိုးတက်လာခဲ့ပြီး ၂၀၂၄ ဒီဇင်ဘာတွင် မှတ်တမ်းတင် ထားခဲ့သော ၂၂.၁ ရာခိုင်နှုန်းတိုးချဲ့မှုထက်နှေးကွေးခဲ့သည်။ အီလက်ထရောနစ် ပစ္စည်းများ ပြန်လည် တင်ပို့မှုတိုးတက်လာသော်လည်း အီလက်ထရောနစ် မဟုတ်သော ပစ္စည်များတင်ပို့မှုကျဆင်းခဲ့သည်။

          ပို့ကုန်သွင်းကုန်နှစ်မျိုးစလုံးသည် အလုံးစုံချဲ့ထွင်ရန် အထောက်အကူပြုသောကြောင့် စင်္ကာပူ နိုင်ငံ၏ စုစုပေါင်းကုန်သွယ်မှုသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ၁၉ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ၂၀၂၅ ဇန်နဝါရီလတွင် တစ်နှစ်ထက်တစ်နှစ် ၆.၇ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်းသိရသည်။

DOCA(ရန်ကုန်)

အာဖဂန်နစ္စတန်နိုင်ငံသည် ၂၀၂၄ ခုနှစ်အတွင်း ဝါဂွမ်းတန်ချိန် ၁၅၉၀၀၀ ရိတ်သိမ်းနိုင်ခဲ့

          ၂၀၂၄ ခုနှစ်တွင် အာဖဂန်နစ္စတန်နိုင်ငံ၏ ဝါဂွမ်းရိတ်သိမ်းမှုသည် တန်ချိန် ၁၅၉၀၀၀ ရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၃၀ ရာခိုင်နှုန်း တိုးတက်လာကြောင်း အမျိုးသားစာရင်းအင်းနှင့် သတင်းအချက် အလက်အာဏာပိုင်အဖွဲ့ (NSIA) မှတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရသည်။ နိုင်ငံအတွင်း ဝါဂွမ်း မတ်ထရစ်တန်ချိန် ၁၅၉၀၀၀ ကိုစုဆောင်းထားပြီး အနောက်ပိုင်း ဟလ်မန်ပြည်နယ်မှတန် ၈၀ နှင့် မြောက်ပိုင်း Balkh ပြည်နယ်တွင် ၃၄ တန်ရှိကြောင်း NSIA ပြောရေးဆိုခွင့်ရှိသူ Mohammed Halm Rafi က ၎င်း၏ X အကောင့်တွင်ရေးသားခဲ့သည်။ အာဖဂန်နစ္စတန်တွင်လွန်ခဲ့သည့်နှစ်က ဝါစိုက်ပျိုးမှုသည် ဟတ်တာ ၁၀၅၀၀၀ ရှိပြီး Halmand၊ Balkh၊ Takhar၊ Jawzjan နှင့် Nangarhar တို့သည် နိုင်ငံ၏ ဝါဂွမ်းထုတ်လုပ်မှုအတွက် အများဆုံးအကောက်အကူဖြစ်သော ပြည်နယ်များ ထဲတွင်ပါဝင်ကြောင်း Rafi ကပြောကြားခဲ့သည်။ လက်ရှိတွင်နိုင်ငံ၏ပြည်နယ် ၃၄ ခုအနက် ၁၅ ခုတွင် အာဖဂန်လယ်သမားများက ဝါဂွမ်ကို စိုက်ပျိုးနေကြောင်းသိရသည်။ အာဖဂန်အိမ်စောင့်အစိုးရသည် ၂၀၂၂ ခုနှစ်ဧပြီလတွင်ဘိန်းစိုက်ပျိုးခြင်းကိုတားမြစ်ခဲ့ပြီးကတည်းက လယ်သမားများသည် ဝါ၊ Saffron၊ ဆန်၊ ဂျုံနှင့် အခြားတရားဝင်အပင်များဖြင့် အစားထိုးစိုက်ပျိုးလာကြသည်။

DOCA(ရန်ကုန်)

ဗီယက်နမ်၏ ရေထွက်ပစ္စည်း တင်ပို့မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၇၇၄ ဘီလီယံ ရှိ

ဗီယက်နမ်နိုင်ငံသည် ဇန်နဝါရီလတွင် ရေထွက်ကုန် အမေရိကန် ဒေါ်လာ ၇၇၄.၃ သန်းဖိုး တင်ပို့ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၃.၃ ရာခိုင်နှုန်း တိုးလာကြောင်း ဗီယက်နမ် သတင်းများက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့ကြောင်း ဗီယက်နမ် ပင်လယ်စာ တင်ပို့ရောင်းချသူများနှင့် ထုတ်လုပ်သူများ အသင်းမှ ကိုးကား၍ သိရသည်။

ပုစွန်ကဏ္ဍကို ဆက်လက်ဦးဆောင်ခဲ့ပြီး ဝင်ငွေဒေါ်လာ သန်း ၃၀၀ ရရှိကာ ပို့ကုန်စုစုပေါင်း၏ ၃၉ ရာခိုင်နှုန်းအထိ ပါဝင်သည်။ ၀ယ်လိုအားပြတ်လပ်မှုကြောင့် စျေးနှုန်း မြင့်လာသော်လည်း ထရာငါးတင်ပို့မှုသည် ဇန်နဝါရီတွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ခဲ့ရပြီး ၀င်ငွေမှာ ဒေါ်လာ ၁၂၃ သန်းမှ ၂၅ ရာခိုင်နှုန်းကျော် ကျဆင်းသွားခဲ့သည်။

ဗီယက်နမ်သည် ၂၀၂၄ ခုနှစ်တွင် ရေထွက်ပစ္စည်းတင်ပို့မှုမှ ဒေါ်လာ ၁၀ ဘီလီယံကျော် ရရှိခဲ့သည်။ အဆိုပါကဏ္ဍသည် ယခုနှစ်အတွက် ဒေါ်လာ ၁၀.၅ ဘီလီယံအထိ ရည်မှန်း ထားသည်။ ၂၀၂၅ ခုနှစ်တွင် စက်မှုလုပ်ငန်း၏အောင်မြင်မှုသည် ရေရှည်တည်တံ့ခိုင်မြဲသော တိုးတက်မှုကို သေချာစေရန်အတွက် ထုတ်ကုန်အရည်အသွေးမြှင့်တင်ရန်နှင့် ထုတ်ကုန် ဈေးကွက်များ ကွဲပြားစေမည့် ထုတ်ကုန်များထုတ်လုပ်ခြင်းအပေါ်တွင် အဓိကမူတည်မည်ဖြစ် ကြောင်း အဆိုပါအသင်းမှပြော ကြားခဲ့သည်။ 

DOCA(ရန်ကုန်)

အိန္ဒိယ၏စက်မှုလုပ်ငန်းများ၏ထုတ်လုပ်မှုတိုးတက်မှုနှုန်းသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ၃.၂ ရာခိုင်နှုန်းသို့ နှေးကွေးခဲ့

စက်မှုထုတ်လုပ်မှုအညွှန်းကိန်း (IIP) မှသတ်မှတ်ထားသော အိန္ဒိယနိုင်ငံ၏ စက်ရုံ လုပ်ငန်းများ တိုးတက်မှုနှုန်းသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ၃.၂ ရာခိုင်နှုန်းသို့ နှေးကွေး သွားကြောင်းအစိုးရ အချက်အလက်များက ဗုဒ္ဓဟူးနေ့တွင် ဖော်ပြခဲ့သည်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွက် IIP တိုးတက်မှုနှုန်းသည် ၃.၂ ရာခိုင်နှုန်းဖြစ်ပြီး ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် ၅.၂ ရာခိုင်နှုန်း (အမြန်ခန့်မှန်းချက်) ဖြစ်‌ကြောင်းပြည်ထောင်စု စာရင်းအင်းနှင့် အစီအစဉ်အကောင်အထည်ဖော်ရေး (MoSPI) မှ ထုတ်ပြန်သော အချက်အလက် အရသိရသည်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွက် ကဏ္ဍသုံးရပ်ဖြစ်သည့် သတ္တုတွင်း၊ ထုတ်လုပ်မှုနှင့် လျှပ်စစ် တိုးတက် မှုနှုန်းမှာ ၂.၆ ရာခိုင်နှုန်း၊ ၃.၀ ရာခိုင်နှုန်းနှင့် ၆.၂ ရာခိုင်နှုန်း အသီးသီးရှိကြောင်းဝန်ကြီးဌာန ၏ အဆိုအရသိရသည်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွက် သတ္တုတူးဖော်ရေး၊ ထုတ်လုပ်မှုနှင့် လျှပ်စစ်ကဏ္ဍများအတွက် စက်မှုထုတ်လုပ်မှုအညွှန်းကိန်း များသည် ၁၄၃.၁၊ ၁၅၆.၂ နှင့် ၁၉၂.၈ အသီးသီးရှိကြောင်း MoSPI မှ ပြောကြားခဲ့သည်။

ကုန်ထုတ်လုပ်မှုကဏ္ဍအတွင်း ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွက် ထိပ်တန်းအပြုသဘော ဆောင်သော ကဏ္ဍသုံးခုမှာအခြေခံသတ္တုများထုတ်လုပ်ခြင်း (၆.၇ ရာခိုင်နှုန်း)၊ လျှပ်စစ်ပစ္စည်း ထုတ်လုပ်ခြင်း (၄၀.၁ ရာခိုင်နှုန်း)၊ coke နှင့် သန့်စင်ပြီး ရေနံထွက်ပစ္စည်းများ ထုတ်လုပ်ခြင်း (၃.၉ ရာခိုင်နှုန်း) တို့ဖြစ်သည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ