Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

“နံနံပင်စိုက်ပျိုးဝင်ငွေတိုး”

          ကျောက်ဆည်ခရိုင်အတွင်းရှိ တောင်သူကြီးများသည် မိသားစုစားဝတ်နေရေးအတွက် ရာသီအလိုက် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိကြပါသည်။ နံနံပင်ကို ရာသီဥတုမရွေး စိုက်ပျိုးကြပါကြောင်း၊ နံနံပင်စိုက်ပျိုးမည်ဆိုပါက ရေမဝပ်သော နုံးမြေသည် အကောင်းဆုံးဖြစ်ပါသည်။ နံနံကို ဘောင်ပြုလုပ်ပြီးစိုက်ပျိုးပါက ပိုမိုကောင်းမွန်ကြောင်း၊ ဘောင်များကို (၅)လက်မ အမြင့်ပြုလုပ်ပြီး ဘောင် အကျယ် (၂-၃)ပေထားရှိနိုင်ပြီး၊ ဘောင်အရှည်ကို လိုသလောက်ထားကာ နံနံကိုစိုက်ပျိုးနိုင်ကြောင်း သိရှိရပါသည်။ နံနံမစိုက်ခင် မျိုးစေ့ကို မြန်မြန်အပင်ပေါက်စေရန် နံနံစေ့ကို ဂုန်နီအိတ်ပေါ်တွင်တင်၍ နံနံစေ့နှစ်ခြမ်းကွဲသွားစေရန် ပုလင်းခွံဖြင့် အသာအယာလှိမ့် ပေးရပါသည်။ ထို့နောက် နံနံမျိုးစေ့များကို ရေတွင် (၂၄)နာရီကြာ ရေစိမ်ပေးရပြီး၊ ရေစိမ်ပြီးမျိုးစေ့ကို (၀.၅)လက်မအနက်ရှိ မြောင်းများကို (၄)လက်မခြား ဂေါက်ကြောင်းဆွဲပြီး မျိုးစေ့များကို စိုက်ရပါသည်။ နွားချေးမှုန့်၊ မြေဆွေးမှုန့်ဖြင့် ပါးပါးဖုံးပြီး မျိုးစေ့ချပြီး ဘောင်ကို ကောက်ရိုးခြောက်တို့ဖြင့် အုပ်ပေးရပါသည်။ ထိုသို့ပြုလုပ်ပေးခြင်းဖြင့် မြေတွင်အစိုဓာတ်ထိန်းသိမ်းပေးနိုင်ပြီး အပင်ပေါက်မှုအားကောင်းစေပြီး သန်မာသော နံနံပင်များ ရရှိစေနိုင်ပါသည်။ နံနံပင်များပေါက်ပြီးနောက် ရေကိုတစ်နေ့နှစ်ကြိမ် ရေလောင်းပေးရပြီး အပင်များအနည်းငယ်ကြီးထွားလာပါက ရေကိုလျော့လောင်းရပါသည်။ ရေများများလောင်းပါက နံနံပင်များ ခါးရိရောဂါ ကျရောက်စေနိုင်ပါသည်။ နံနံပင်ပေါက်ပြီး (၄၅)ရက်သားမှစတင်၍ နှုတ်ယူ စားသုံး၍ရနိုင်ကြောင်း၊ ဈေးကွက်သို့ တင်ပို့ရောင်းနိုင်ကြောင်း သိရှိရပါသည်။ နံနံပင်လက်လီ ဈေးနှုန်းအနေဖြင့် (၃)ပင်ပါတစ်စီးကို (၁၀၀/-)ကျပ် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။ ယခုအခါ နံနံပင်များ စိုက်ပျိုးသော တောင်သူများအနေဖြင့် ဈေးကောင်းရလျက်ရှိသောကြောင့် နံနံများပိုမို စိုက်ပျိုးသင့်ကြောင့် တင်ပြအပ်ပါသည်။

DOCA(မန္တလေး)

“သံပုရာစိုက်ပျိုးခြင်းဖြင့်ဝင်ငွေတိုး”

          ကျောက်ဆည်ခရိုင်အတွင်းရှိ တောင်သူဦးကြီးများသည် စားဖိုဆောင်သီးနှံဖြစ်သော ငရုတ်၊ ကြက်သွန်၊ ပဲ၊ နှမ်းသီးနှံများအပြင် စီးပွားဖြစ်ဝင်ငွေတိုးသော သံပုရာပင်များကိုလည်း စိုက်ပျိုးလာကြပါသည်။ စိုက်ပျိုးသောသံပုရာမျိုးများမှာ ဗမာသံပုရာမျိုး၊ သံပုယိုမျိုးများကို အများဆုံးစိုက်ပျိုး ကြပါသည်။ သံပုရာစိုက်ပျိုးရာတွင် မျိုးစေ့ကိုပျိုးထောင်၍ စိုက်ပျိုးကြသလို သံပုရာကိုင်းဆက် ပျိုးပင်ကိုလည်း ဝယ်ယူ၍ စိုက်ပျိုးကြပါသည်။ စိုက်ကျင်းအရွယ် ၂ပေ ပတ်လည် ကျင်းတူးပြီး မြေဆွေးရောစပ်၍ ၁၂ပေကြား တစ်ပင်ဖြင့် တစ်ဧကကိုအပင် (၃၀၀) ကျော်ဝင့်ဆံ့ကြောင်း၊ တစ်ဧက ကုန်ကျစရိတ်အနေဖြင့် ကိုင်းဆက်ပျိုးပင် တစ်ပင်လျှင် (၂၀၀၀) ကျပ်ဖြင့် ဝယ်ယူရပြီး မျိုး သွင်းအားစု လုပ်သားခအပါအဝင် စုစုပေါင်း သိန်း(၂၀)ကျပ်ခန့်ရှိကြောင်း၊ အပင်လျင်မြန်ကြီးထွားစေရန်နှင့် ပန်းပွင့်ချိန်နှင့်အသီးပေါ်ချိန်များတွင် ရေလှုံလောက်စွာသွင်းပေးရပြီး မြေဆီမြေဩဇာ ကျွေးရကြောင်း၊ သံပုရာမျိုးစေ့ကို စိုက်ပျိုးပါက(၇-၈)နှစ်ကြာကြောင်း၊ ကိုင်းဆက်ပျိုးပင်ကို စိုက်ပျိုးပါက(၂)နှစ်အကြာ တွင်အသီးများစတင်သီးကြောင်း၊ သံပုရာတစ်ပင်တွင် အသီးအထွက်နှုန်း (၁၀၀)မှ (၁၀၀၀)ခန့်ထွက်ကြောင်း၊ တစ်ဧကအထွက် သံပုရာသီး အလုံးပေါင်း (၂၀၀၀၀)လုံး ခန့်ထွက်ကြောင်း၊ ဗမာသံပုရာမျိုးနှင့် သံပုယိုမျိုးများတွင် သံပုယိုမျိုးက ပိုမိုထွက်ကြောင်း၊ ဗမာသံပုရာသီး ဈေးနှုန်းအနေဖြင့် ဗမာသံပုရာသီးအလုံး  (၁၀၀)လျှင် (၁၅၀၀၀)ကျပ် ၊ လက်လီတစ်လုံး လျှင်(၂၀၀)ကျပ်၊ သံပုယိုသီးအလုံး(၁၀၀)လျှင်  (၇၀၀၀)ကျပ် ၊ လက်လီတစ်လုံးလျှင်(၁၀၀ )ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ဗမာသံပုရာသီးနှင့် သံပုယိုတွင် ဗမာသံပုရာက ဈေးကောင်းပိုမိုရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ပွဲစားများမှ သံပုရာခြံထိ လာရောက်ဝယ်ယူကြကြောင်း၊ ပွဲစားများမှတစ်ဆင့် ရန်ကုန်မြို့၊ မန္တလေးမြို့တို့သို့ တင်ပို့ရောင်းချကြောင်း၊ သံပုရာပင်သည် တစ်နှစ်ပတ်လုံးအသီးထွက်ကြောင်း အချိန်ကာလပေါ်မူတည်ပြီးအထွက်နှုန်း၊ အနည်းအများရှိကြောင်း၊(၁)ဧက အကျိုးအမြတ်အနေဖြင့် ခန့်မှန်းသံပုရာသီး(၂၀၀၀၀)ခန့် ထွက်ရှိပြီး (၇၀)ကျပ်ခန့် ရောင်းချရပါက (၁၄)သိန်းခန့်မြတ်ကြောင်း၊ သံပုရာသီးတွင် ဗီတာမင် C ကြွယ်ဝသောကြောင့် ကိုယ်ခံအားကို  အားဖြည့်ပေးနိုင်ကြောင်း၊ အသားအရာကို ကျန်းမာလှစေဖို့ အကောင်းဆုံးအားဖြည့်ပေးကြောင်း၊ ဗီတာမင် C ကြွယ်ဝသောကြောင့် ကော်လာဂျင်ထွက်ရှိမှုကို လှုံဆောင်ပေးပြီး အရေးအကြောင်း ဖြစ်စေခြင်းကို လျော့ပါးစေကြောင်း၊ ခန္ဓာကိုယ်ကို သံဓာတ်စုပ်ယူမှု အားကောင်းစေပြီး သွေးအားနည်းရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်ကြောင်း လေ့လာသိရှိရပါသည်။

DOCA(မန္တလေး)

“ကင်ပွန်းချဉ်စိုက်ပျိုးဝင်ငွေးတိုး”

       မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် အညာဒေသဖြစ်သည့်အတွက် ရာသီပေါ်ဟင်းသီး ဟင်းရွက်သစ်သီးဝလံများ လာရောက်ရောင်းချလျက်ရှိရာ မိုးတွင်းကာလတွင် ကင်ပွန်းချဉ်ပင်များမှ အရွက်အညွန့်များ တလူလူနှင့်စတင်ထွက်ရှိပြီး ကင်ပွန်းချဉ်ပင်များကိုအိမ်နောက်ဖေး မြေပိုမြေလွတ်များတွင် စနစ်တကျစိုက်ပျိုး ထားကြပါသည်။ ပူပြင်းသော ရာသီဥတုအချိန်အခါများတွင်ကင်ပွန်းချဉ်ကို ဟင်းအရံအနေဖြင့် ဟင်းချိုအရေကျဲလေးချက်ပြုတ်၍ စားသုံးခြင်းဖြင့် အပူဒဏ်ကိုလျော့စေပြီး ခံတွင်းမြိန်စေပါသည်။ ကင်ပွန်းချဉ်အရွက်သာမက ကင်ပွန်းဥ၊ကင်ပွန်းသီးပါ အသုံးဝင်းသည့်အပြင် ကင်ပွန်းချဉ်ပင်သည် ဆေးအနေဖြင့်လည်းသုံး၍ရပါကြောင်း၊ အရွက်ကိုကြိတ်ပြီး အသည်းရောင်အသားဝါရောဂါသည်တွေကို တိုက်ရင်သက်သာစေပြီး၊ အသည်းရောင်နေတဲ့နေရာကို လိမ်းပေးခြင်ဖြင့် အရောင်ကျစေပါကြောင်း၊ ကင်ပွန်းချဉ်ရွက်သည် လေနဲ့ပတ်သက်တဲ့ရောဂါကို သက်သာစေပြီး ဝမ်းကိုလည်းပျော့စေကြောင်း၊ ကျောက်ကပ်ကို အားပေးတဲ့အတွက် သောက်သုံးလျှင် ဆီးရွှင်စေပါကြောင်း၊ ကင်ပွန်းချဉ်ရွက်ကို ရေနွေးဖျောပြီး ငှက်ဖျားရောဂါသည်တွေ သောက်သုံးခြင်း ဖြင့်ပျောက်စေပါကြောင်း စသည့်ရောဂါများ သက်သာစေသည်ဟုလေ့လာ သိရှိရပါသည်။ ကင်ပွန်းချဉ် ဈေးကွက်အနေဖြင့် ကင်ပွန်းချဉ်(၁၀)ကျပ်သားလျှင် (၇၀၀)ကျပ် ၊ (၁)ပိဿာလျှင်   (၆၀၀၀)ကျပ် ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း ကုန်းစိမ်းရောင်းသူ တစ်ဦးထံမှ သိရှိရပါသည်။

DOCA(မန္တလေး)

“ မြုပ်သခွားသီး စိုက်ပျိုးဝင်ငွေတိုး”

          မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသော နိုင်ငံဖြစ်သည့်အတွက် တောင်သူများသည် မိသားစုအပိုဝင်ငွေရအောင် သီးထပ်သီးညှပ်များနှင့် အလွယ်တကူခူးဆွတ်၍ ဝင်ငွေရအောင် စားသုံးသီးနှံများကိုလည်း အလေးထားစိုက်ပျိုးလာကြသည်ကို တွေ့ရှိရပါသည်။ ၎င်းသီးနှံများအနက် မြုပ်သခွားသီးနှံကိုလည်းစိုက်ပျိုးလာကြပါသည်။ မြုပ်သခွားသီး(၁)ဧက စိုက်ပျိုးမှုအနေဖြင့်မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင်စုစုပေါင်း(၆၀၀၀၀၀)ကျပ်ခန့် ကုန်ကျကြောင်း၊ မြုပ်သခွားသီးနှံကို အရွယ်အစား(၃)မျိုးခွဲ၍ ဈေးထဲသို့ ဖောက်သည်ပေးရောင်းချရကြောင်း၊ မြုပ်သခွားသီးအကြီး တစ်လုံး လျှင်(၇၀၀)ကျပ်၊မြုပ်သခွားသီး အလတ်တစ်လုံး လျှင်(၅၀၀)ကျပ်၊ မြုပ်သခွားသီးအသေး တစ်လုံးလျှင်(၃၀၀)ကျပ်ဈေးနှုန်းများဖြင့်ရောင်းချကြောင်း၊ တစ်ရက်ခြားခူးဆွတ်ရကြောင်း၊ တစ်ရက်ခြားခူးဆွတ်ရသောအလုံးအရေအတွက်မှာ အကြီး၊ အလတ်၊ အသေး အလုံးပေါင်း(၅၀၀/၆၀၀)ထွက်ရှိကြောင်း၊ တစ်ဧကအကျိုးအမြတ်အနေဖြင့် (၃၀၀၀၀၀၀)ကျပ်ဝန်း ကျင်ခန့် ရရှိကြောင်း၊ တောင်သူများအနေဖြင့် စိုက်ပျိုးစရိတ်သက်သာပြီး မိသားစုအပိုဝင်ငွေကို အလွယ်တကူရရှိနိုင်သော မြုပ်သခွားသီး သီးနှံများကိုစိုက်ပျိုးသင့်ပါကြောင်း မြုပ်သခွားသီးစိုက် တောင်သူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(မန္တလေး)

“ကင်းပုံသီးဈေးနှုန်းဈေးကွက်အခြေအနေ”

        ကျောက်ဆည်ခရိုင်အတွင်းတွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ကင်းပုံသီးအပင်သည် နေရာအနှံအပြားမှာ သဘာဝအလျောက်သော်လည်းကောင်း၊ စိုက်ပျိုးခြင်းသော်လည်းကောင်း ပေါက်ရောက်ကြပါသည်။ ကင်းပုံပင်သည် အများသောအားဖြင့် အလေ့ကျပေါက်လေ့ရှိပြီး အိမ်ခြံစည်းရိုးနှင့် တောတောင်များ၏ ခြုံနွယ်ဘုတ်များတွင် နွယ်တက်ပြီး ပေါက်ရောက်လေ့ရှိပါသည်။ ကင်းပုံသီးအပင်သည် နွယ်ပင်တစ်မျိုးဖြစ်ပြီး အသီးသည် ရှည်မျှောမျှော ပုံစံဖြစ်ပြီး ကင်းပုံသီးသည်  အချို၊ အခါးဟူ၍ နှစ်မျိုးရှိပါသည်။ ကင်းပုံသီးအခါးသည်ရှားပြီး ကင်းပုံသီးအချိုကိုများသောအားဖြင့် ဈေးသည်တိုင်းလိုလို ရောင်းချကြပါသည်။ ကင်းပုံသီးအချိူနှင့်အခါးကိုအမျိုးမျိုး လုပ်စားနိုင်ပါ ကြောင်း၊  ကင်းပုံသီးကို ပုဇွန်ခြောက်နှင့်ရော၍ချက်စားသလို မျှစ်ဖြင့်လည်းကြော်စားရကြောင်း၊ နွားနို့နှင့်လည်းချက်စားရပါကြောင်း၊ ကင်းပုံသီးအပင်၏အရွက်များကိုလည်း ကြော်ချက်စားနိုင်သလို ဟင်းချိုရည်ချက်ရာတွင် ထည့်၍စားသုံးနိုင်ပါသည်။ ဈေးများအတွင်းတွင် ကင်းပုံသီးအချို၊ အခါး (၂၅)ကျပ်သားလျှင်(၁၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၈၀၀)ကျပ်နှင့် (၁)ပိဿာလျှင် (၃၅၀၀)ကျပ် ပေါက်ဈေးရှိကြောင်း ကုန်စိမ်းရောင်းချသောဈေးတစ်ဦးထံမှ သိရှိရပါသည်။

DOCA(မန္တလေး)

“လယ်ယာထွက်ကုန်သီးနှံများ၏စျေးနှုန်းစျေးကွက်အခြေအနေ”

            မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက် ဒေသတစ်ခုဖြစ်ပြီး ဆီထွက်သီးနှံနှင့်ပဲမျိုးစုံများ အောင်မြင်ဖြစ်ထွန်းလျှက်ရှိပါသည်။ ၄င်းသီးနှံ များမှာ ခရိုင်အတွင်း ရိတ်သိမ်းပြီးစီးပြီဖြစ်၍ ယခုအချိန်တွင် သီးနှံများမှာစျေးနှုန်း ကျဆင်းရာမှ အနည်းငယ် ပြန်လည်မြင့်တက်လာကြောင်း သိရှိရပါသည်။ ကုလားပဲV2 တစ်တင်းလျှင် ပေါ်ခါစအချိန်တွင် (၁၀၃၀၀၀/-)ကျပ် ရှိရာ သြဂုတ်လဆန်းတွင် (၈၂၀၀၀/-)ကျပ်သို့ ကျဆင်းသွားရာ သြဂုတ်လဒုတိယပတ်တွင် (၈၅၀၀၀/-)ကျပ် သို့လည်းကောင်း၊ ကုလားပဲ ထိုင်ဝမ် တစ်တင်းလျှင် ပေါ်ခါစအချိန်တွင် (၉၀၀၀၀/-)ကျပ် ရှိရာ သြဂုတ်လဆန်းတွင် (၇၅၀၀၀/-)ကျပ်သို့ ကျဆင်းသွားရာ သြဂုတ်လဒုတိယပတ်တွင် (၇၉၀၀၀/-)ကျပ်သို့ လည်းကောင်း၊  နှမ်းဖြူ တစ်တင်းလျှင် ပေါ်ခါစအချိန်တွင် (၁၂၆၀၀၀/-)ကျပ် ရှိရာ သြဂုတ်လဆန်းတွင် (၁၀၅၀၀၀/-)ကျပ်သို့ ကျဆင်းသွားရာ သြဂုတ်လဒုတိယပတ်တွင် (၁၁၄၀၀၀/-)ကျပ်သို့လည်းကောင်း၊ နှမ်းညို တစ်တင်းလျှင် ပေါ်ခါစအချိန်တွင်(၁၀၃၀၀၀/-) ကျပ်ရှိရာ သြဂုတ်လဆန်းတွင် (၈၂၀၀၀/-)ကျပ်သို့ ကျဆင်းသွားရာ သြဂုတ်လ ဒုတိယပတ်တွင် (၉၀၀၀၀/-)ကျပ်သို့လည်းကောင်း ၊ ပဲတီစိမ်း တစ်တင်းလျှင် ပေါ်ခါစ အချိန်တွင် (၁၂၃၀၀၀/-)ကျပ်ရှိရာ သြဂုတ်လဆန်းတွင်(၁၀၀၀၀၀/-)ကျပ်သို့ ကျဆင်းသွားရာ သြဂုတ်လ ဒုတိယပတ်တွင် (၁၀၃၀၀၀/-)ကျပ်သို့လည်းကောင်း၊ စျေးနှုန်းများ အနည်းငယ်ပြန်လည် မြင့်တက်လာကြောင်း၊ သီးနှံများမှာ ရိတ်သိမ်းပြီးဖြစ်၍ တောင်သူလက်ဝယ်၌သာ ကျန်ရှိပြီး စျေးနှုန်းများအနည်းငယ် မြင့်တက်လာသောကြောင့် တောင်သူအနည်းငယ်သာ ပွဲရုံများသို့ လာရောက်ရောင်းချပြီး အချို့မှာ တက်စျေးကိုမျှော်ပြီး တောင်သူများလက်ဝယ်၌ သိုလှောင်ထားရှိကြောင်း၊ မြို့ပေါ်ရှိ သီးနှံပွဲရုံများတွင်လည်း အရောင်းအဝယ်နည်းပါးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ပုသိမ်မြို့တွင် ပေါများလာပြီဖြစ်သော ပုစွန်ဈေးကွက်

       ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်တွင် ပုစွန်ဈေးနှုန်းများ ကျဆင်းလျက်ရှိကြောင်းတွေ့ရှိရပြီး ထိုသို့ကျဆင်းရခြင်းမှာ မိုးတွင်းကာလတွင် ရေသေရက်များတွင် ပုစွန်အရနည်းပြီး၊  ရေထရက်များတွင် ပုစွန်များပေါများစွာရရှိခြင်း ယခု ဩဂုတ်လ တတိယအပတ်တွင် ပုစွန်ဈေးနှုန်းမှာ အလတ်စား ဂျော့ပုစွန် (၁) ပိဿာလျှင် (၂၀၀၀၀) ကျပ်၊ ရေချို ပုစွန်ထုပ် အသေး (၁) ပိဿာလျှင် (၃၅၀၀၀) ကျပ်၊ ရေချိုပုစွန်ထုပ် အလတ် (၁) ပိဿာလျှင် (၄၅၀၀၀) ကျပ်စသည့်ဖြင့် ရောင်းချလျက်ရှိပြီး ယခင်အပတ်နှင့် နှိုင်းယှဉ်မည်ဆိုပါက ဈေးနှုန်း (၁) ပိဿာလျှင် (၁၀၀၀၀) ခန့် ကျဆင်းသွားကြောင်း သိရှိရပါသည်။

(DOCA)ဧရာဝတီ

 

ကန်ကြီးထောင့်မြို့မဈေးတွင် ရောင်းချနေသော ကွမ်းသီးကွမ်းရွက် ဈေးနှုန်းများ

          ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် မြို့မဈေးတွင် ဩဂုတ်လ တတိယပတ်တွင် ဖြစ်ပေါ်နေသော ကွမ်းသီးနှင့် ကွမ်းရွက်ဈေးနှုန်းများအနေဖြင့်  ကွမ်းသီး(ရှယ်) တစ်ပိဿာလျှင် (၂၄၀၀၀) ကျပ်ဖြင့်လည်းကောင်း၊ အလတ်စ တစ်ပိဿာလျှင် (၂၁၀၀၀) ကျပ်ဖြင့်လည်းကောင်း၊ အညံ့ တစ်ပိဿာလျှင် (၁၈၀၀၀) ကျပ်ဖြင့် လည်းကောင်း၊ ကွမ်းရွက် (ရှယ်) တစ်ပိဿာလျှင် (၈၀၀၀) ကျပ်ဖြင့်လည်းကောင်း၊ အလတ်စား တစ်ပိဿာလျှင် (၆၀၀၀) ကျပ်ဖြင့်လည်းကောင်း၊ အညံ့စား တစ်ပိဿာလျှင် (၄၀၀၀) ကျပ်ဖြင့်လည်းကောင်း ပယ်ရွက် တစ်ပိဿာလျှင် (၃၀၀၀) ကျပ်ဖြင့်လည်းကောင်း ဈေးနှုန်းအသီးသီးဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

(DOCA)ဧရာဝတီ

မြင်းခွာရွက်၏ အသုံးဝင်ပုံများ

               မြင်းခွာရွက်သည် အာရုံကြောဆိုင်ရာရောဂါများကို ကာကွယ်ပေးခြင်း၊ မှတ်ဉာဏ်တိုးစေခြင်း၊ သွေးလည်ပတ်မှုအားကောင်းစေခြင်း၊ သွေးထဲမှ သကြားဓာတ်ကို ထိန်းသိမ်းပေးနိုင်ခြင်း၊ စိတ်ဖိစီးမှုကို တိုက်ဖျက်ပေးနိုင်ခြင်း စသည့်ရောဂါများ ကုသပေးနိုင်ပါသည်။ ထို့အတွက်ကြောင့် မြင်းခွာရွက်သည် ကလေး၊ လူကြီးမရွေး စားသုံးသင့်ပါသည်။ အိမ်များတွင်လည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးရောင်းချ၍ ဝင်ငွေရရှိလျက်ရှိပါသည်။ ဇူလိုင်လ တတိယပတ်တွင် ကန်ကြီးထောင့်မြို့အတွင်းရောင်းချလျက်ရှိသော  မြင်းခွာရွက်ဈေးနှုန်းမှာ (၁) စည်းလျှင် (၃၀၀) ကျပ် (၂) စည်းလျှင် (၅၀၀) ကျပ်ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

    (DOCA)ဧရာဝတီ

 

ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ဖြစ်ပေါ်နေသော  ဟင်းသီးဟင်းရွက်ဈေးနှုန်းများ

            ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် မြို့မဈေးအတွင်းဖြစ်ပေါ်နေသော စားဖိုဆောင်သီးနှံများ၏ ဈေးနှုန်းများမှာ ရာသီစာ ဒညှင်းသီး (၁) လုံးလျှင် ၂၀၀ ကျပ်၊ ရုံးပတေသီး (၁၀) ထောင့်ပါ တစ်စည်းလျှင် (၃၀၀) ကျပ်၊ ပဲတောင့်ရှည် (၁၀) တောင့် တစ်စည်းလျှင် (၅၀၀) ကျပ်၊ ကန်စွန်းရွက် (၁) စည်းလျှင် (၂၀၀) ကျပ်၊ တရုတ်နံနံပင် (၁) စည်းလျှင် (၅၀၀) ကျပ်၊ ချဉ်ပေါင်ရွက် (၂) စည်းလျှင် (၅၀၀) ကျပ် ဈေးနှုန်းအသီးသီးဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

    (DOCA)ဧရာဝတီ

 

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း