Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မုံရွာမြေပဲဆားလှော်လုပ်ငန်း

             စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ မအူကျေးရွာတွင် မြေပဲဆားလှော်လုပ်ငန်းရှင်(၁၆)ဦးခန့် ရှိရာ မြေပဲဆားလှော်ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှု အရောင်းအဝယ်သွက်လျက်ရှိကြောင်းသိရသည်။

             မြေပဲကို အဓိကအားဖြင့် စားသုံးဆီကြိတ်ခွဲထုတ်လုပ်မှုအနေဖြင့် စားသုံးကြသည်။ ထို့အပြင် မြေပဲဆားလှော်၊ မြေပဲစိမ့်ကြော်၊ မြေပဲယိုနှင့် အခြားအဆာပြေမုန့်များအဖြစ်လည်း စားသုံးမှုပြုကြသည်။ မြေပဲဆားလှော်ထုတ်လုပ်ပုံအဆင့်ဆင့်ကို လေ့လာရာတွင် ကုန်ကြမ်းများမှာ မြေပဲ၊ ဆားနှင့် လျှပ်စစ်(သို့မဟုတ်)ထင်းမီးသွေးလောင်စာများဖြစ်ကြောင်း၊ မြေပဲဆံကုန်ကြမ်းကို မုံရွာကုန်စည်ဒိုင်မှ မြေပဲလုံးဆံ တစ်တင်းလျှင် (၅၂၅၀၀)ကျပ်နှုန်းဖြင့် ဝယ်ယူရကြောင်း၊ မြေပဲလုံးဆံများကို အရွယ်ညီအောင်ဇကာချရွေး၍ ဖုန်သဲခဲများ ဖယ်ထုတ်သန့်စင်ရကြောင်း၊ ရွေးပြီးမြေပဲဆံများကို ရေနွေး ပွက်ပွက်ဆူတွင်ထည့်ပြုတ်ကာ အခွံရှုံ့တွလာပါက ဆယ်ယူနေလှန်း ခြောက်အောင်ပြုလုပ်ရကြောင်း၊ မြေပဲ(၂)ပြည်လျှင် ဆား ၇၅ ကျပ်သားနှုန်းဖြင့် ဒယ်အိုးထဲတွင် ဆားနှင့်မြေပဲကိုထည့်၍ လှော်ရကြောင်း၊ အဆက်မပြတ်မွှေပေးရရာ ယခင်က လူအင်အားဖြင့် ယောက်မအကြီးများဖြင့် မွှေကြပြီး ယခုအခါ မွှေသည့်စက်ဒလက်ဖြင့် မွှေကြကြောင်း၊ မြေပဲဆားလှော်လုပ်ငန်းအသေးအကြီးအလိုက် လုပ်သားအင်အားကွာခြားနိုင်ပြီး မြေပဲလုံးဆံတင်း(၈၀)ခန့်လှော်ရန် တစ်နေ့လျှင် လုပ်သား(၃၀)ခန့် အသုံးပြုရပြီး လုပ်သားခငွေကျပ်(၅၀၀၀)ပေးချေရကြောင်း၊ ဈေးကွက်ဈေးနှုန်းအနေဖြင့် မြေပဲဆားလှော် တစ်ပြည်လျှင် လက်ကား(၃၆၀၀)ကျပ်နှင့် လက်လီဈေး (၄၀၀၀)ကျပ်နှုန်းဖြင့် ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား၊ တောင်ကြီး၊ တာချီလိတ်၊ နမ့်ခမ်း၊ ပဲခူးဒေသများနှင့် တိုင်းတွင်းဖြစ်သော စစ်ကိုင်း၊ ရေဦး၊ ဖောင်းပြင်၊ ဟုမ္မလင်း၊ တမူး၊ ကလေးမြို့များသို့ တင်ပို့ရောင်းချပြီး မုံရွာ-မန္တလေးကားလမ်းဘေး မအူကျေးရွာ၏ ရွာထိပ်တွင်လည်း ဆိုင်ခန်းများဖွင့်လှစ်ရောင်းချကြောင်း သိရသည်။

         ပြည်တွင်းပြည်ပခရီးသွားများသည် မတူကွဲပြားသည့်အရပ်ဒေသတစ်ခု၏ ရိုးရာအစားအသောက်တစ်ခုအနေဖြင့် မုံရွာမြေပဲဆားလှော်ကို စားသုံးရန်အပြင် လက်ဆောင်အဖြစ်ပေးကမ်းရန် အနေဖြင့်လည်း ဝယ်ယူမှုများကြောင်းသိရသည်။

DOCA(စစ်ကိုင်း)

ကျေးရွာတစ်ရွာထုတ်ကုန်တစ်မျိုးဖြစ်သည့် မုံရွာဂျုံရိုးခမောက်(ခေါ်) ဂျုံရိုးဦးထုပ်လုပ်ငန်းအကြောင်း ( Wheat Straw Hats )

            စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် ငါးလုံးတင်ကျေးရွာတွင် ဒေသခံများအနေဖြင့် မိရိုးဖလာ တောင်သူလုပ်ငန်းများအပြင် ဂျုံရိုးခမောက်လုပ်ငန်းကို စီးပွားဖြစ်လုပ်ကိုင်လျက်ရှိကြပါသည်။စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်း(၁)ဦးသည် စီးပွားဖြစ်လုပ်ကိုင်လျက်ရှိသည့် ဂျုံရိုးခမောက်လုပ်ငန်းအစုအဖွဲ့ အဖွဲ့ခေါင်းဆောင် ဒေါ်ခင်သန်းဝင်းနှင့် တွေ့ဆုံ၍ ဂျုံရိုးခမောက်(ခေါ်) ဂျုံရိုးဦးထုပ်လုပ်ငန်းအကြောင်း ဆွေးနွေးမေးမြန်းခဲ့ရာ ဂျုံရိုး ခမောက်လုပ်ငန်းသည် မြန်မာ့လက်မှုပညာများထဲတွင် တစ်ခုအပါအဝင်ဖြစ် ပါသည်။ ရှေးနှစ်ပေါင်းများစွာကတည်းကပင် မိရိုးဖလာလုပ်ငန်းအဖြစ်ဆောင်ရွက်ခဲ့ကြပြီး မြန်မာလူမျိုးများ  နှစ်သက်စွာ အသုံးပြုခဲ့သော ဦးထုပ်တစ်မျိုးဖြစ်ပါသည်။ ချောင်းဦးမြို့နယ်၊ ငါးလုံးတင်ကျေးရွာ အုပ်စုရှိ ငါးလုံးတင်ကျေးရွာ၊ မထိသာကျေးရွာနှင့် ဆင်မြေကျေးရွာများတွင် ဂျုံစိုက်ဧက (၂၀၀၀)ကျော်မှ ရရှိသော ဂျုံရိုးများကိုစုဆောင်း၍ ကြိုးကျစ်ခြင်းလုပ်ငန်းများကို ကျေးရွာသူရွာသားများအားလုံး လုပ်ကိုင်ကြပါသည်။ ငါးလုံးတင်ကျေးရွာတွင် ဂျုံရိုးခမောက် ထုတ်လုပ်သည့် လုပ်ငန်းရှင် (၇)ဦး ခန့်ရှိပါသည်။

ဂျုံရိုးအဆစ်ချိုးခြင်းနှင့် အဆစ်ခွဲခြားခြင်း

          ဂျုံခမောက်လုပ်ကိုင်ရန် ကုန်ကြမ်းဂျုံရိုးများကို  ရိတ်သိမ်းမည့် အခင်းသို့ ရိတ်သိမ်းခမယူပဲ အခင်းရှင်အား အနှံပေး ၊ဂျုံရိုးများပြန်ယူစနစ်ဖြင့် ရိတ်သိမ်းပေးခြင်း၊ ကုန်ကြမ်းဂျုံအရိုးများကို လုပ်သားအင်အား (၂၀)ဦးခန့်မှ ရေစိမ်ခြင်း၊ ကြိုးကျစ်ခြင်း၊ ဂျုံအရိုးများကို အခြောက်လှန်း၍ သန့်စင်ပြီးပါက ဂျုံရိုးများကို သုံးဆစ်ချိုးယူ၍ အဆင့်အတန်း(၃)မျိုးခွဲခြားပါသည်။ ဂျုံရိုးတစ်ရိုး၏ အပေါ်ဆုံးအဆစ်သည် နူးညံ့သည့်အတွက် ဂျုံရိုးဦးထုပ်အချောအတွက်လည်းကောင်း၊ အလယ်အဆစ်မှာ ဦးထုပ်ကြမ်းချောအတွက်လည်းကောင်း၊ နောက်ဆုံးအဆစ်မှာ ဦးထုပ်အကြမ်းအတွက် လည်းကောင်း အဆင့်ခွဲခြား၍ ဦးထုပ်(၃)မျိုး(၃)စား ထုတ်လုပ်ပါသည်။ ဂျုံရိုးအဆစ်များကို ကောင်း၊ သင့်၊ ညံ့ (၃)စားခွဲ၍ တစ်ပိဿာစည်းများ စည်းထားသည်ကိုလည်းသိရှိရပါသည်။

ကြိုးကျစ်ခြင်း နှင့် ကုန်ချောထုတ်လုပ်ပုံအဆင့်ဆင့်

           ဂျုံရိုးဦးထုပ်တစ်လုံး ဖြစ်ပေါ်စေရန်အတွက် ရှေးဦးစွာ ပထမအဆင့်အနေဖြင့် ကုန်ကြမ်း ဂျုံရိုးကို ကျစ်ပင်စပိုင်းဖြစ်သော အပေါ်နှံကို ချိုးယူကြရပါသည်။ ကုန်ချောထုတ်လုပ်ပုံအဆင့်ဆင့်မှာ -ချိုးပြီးသော ဂျုံရိုးများကို (၁၀)မိနစ်ခန့် ရေစိမ်ပြီးပါက ကြိုးကျစ်နိုင်ပါသည်။ (ရေစိမ်မှသာ ဂျုံရိုးများ ပျော့ပြောင်းသွားသည့်အတွက် ကြိုးကျစ်ရန် အဆင်ပြေမှာ ဖြစ်ပါသည်) ဂျုံရိုးဦးထုပ် တစ်လုံးစာအတွက် ကျစ်ကြိုးအရှည် အတောင်(၄၀)ခန့် လိုအပ်သည်။ ( ဂျုံရိုး တစ်ပိဿာစည်း တစ်စည်းလျှင် ကျစ်ကြိုးအခွေ(၁၂)ခွေ ရရှိပါသည်) ကြိုးကျစ်ပြီးပါက ဆက်ထားသည့်ဂျုံရိုးတွင် ထွက်နေသည့်အစလေးများကို ကပ်ကျေးနှင့် ညှပ်ထုတ်ရပါသည်။ ဂျုံကျစ်ကြိုးကို ရေအနည်းငယ်စွတ်ပြီး အပ်ချုပ်စက်နှင့် ဂျုံရိုးဦးထုပ်များ ချုပ်ကြပါသည်။(ကျား၊ မ၊ လူကြီး၊ လူငယ်မရွေး အသုံးပြုနိုင်သည့် ဒီဇိုင်းပုံစံ (၇) မျိုးခန့် ချုပ်လုပ်ကြပါသည်) ချုပ်ပြီးဦးထုပ်များကို နေရောင်တွင် အချိန်အနည်းငယ် လှန်းပါ သည်။ ဂျုံရိုး၏သဘာဝအရောင်သည် ညိုဝါရောင်ဖြစ်၍ ကန့်မှုန့်ကိုမီးရှို့ပြီး ပေါင်းခံအိုးနှင့် တစ်ည ပေါင်းခံကာ အရောင်ချွတ်လိုက်ပါက အဖြူရောင်သမ်းလာပါသည်။ အဖြူရောင်သမ်းနေသော ဦးထုပ် များကို နေရောင်ခြည်အောက်တွင် တစ်ရက်လှန်းပါသည်။ အချို့ဦးထုပ်များပေါ်ကို ဆေးရောင်စုံဖြင့် ပန်းအလှရေးဆွဲကြပါသည်။ နောက်ဆုံးအဆင့်အနေဖြင့် ဦးထုပ်မေးသိုင်းကြိုးတပ်ရန် ရိုက်သီးကွင်း ကလေးနှစ်ခု ရိုက်တပ်ပြီးပါက ဈေးကွက်သို့ တင်ပို့ရောင်းချရန် အသင့်ဖြစ်ပြီးဖြစ်ပါသည်။

ဈေးကွက်၊ ဈေးနှုန်းအခြေအနေ

          ဂျုံရိုးဦးထုပ်တစ်လုံးလျှင် ဖောက်သည်ဈေးမှာ အရွယ်အစားအမျိုးမျိုးပေါ်မူတည်၍ ယခင်နှစ်က  (၁၆၀၀/-မှ၂၂၀၀ /-ကြား)ရရှိပြီး ဈေးဆိုင်များတွင် လက်လီရောင်းဈေးနှုန်းများမှာ ကျပ်(/၂၅၀၀-မှ ၄ဝဝဝ/-) ဈေးအသီးသီးဖြင့်ရောင်းချကြပါသည်။ စစ်ကိုင်းတိုင်းဒေသကြီးမှ ရန်ကုန်မြို့၊ မြစ်ကြီးနားမြို့၊ ပခုက္ကူမြို့၊ မြင်းခြံမြို့များသို့ အများဆုံးတင်ပို့ရောင်းချခဲ့သော်လည်း ယခုနှစ်တွင် စစ်ကိုင်းတိုင်း‌ဒေသကြီးအထက်ပိုင်းဖြစ်သော ဟုမ္မလင်း၊ မော်လိုက်၊ ဖောင်းပြင် မြို့များအထိ တိုးချဲ့ တင်ပို့နိုင်ပြီဖြစ်ကြောင်း၊ ချောင်းဦးဒေသထွက် ဂျုံရိုးခမောက်သည် ချုပ်ရိုးချုပ်သား ခိုင်ခံ့ခြင်း၊ ကျစ်လစ်မှုရှိခြင်း၊ မိုးရေမထိပါက ဆေးအရောင်မှိန်မသွားပဲ (၄ နှစ်မှ ၅နှစ်)အထိ တာရှည်ခံခြင်းကြောင့် လူကြိုက်များလာပြီး အရောင်းသွက်လျက်ရှိကြောင်း၊  တစ်နှစ်ပတ်လုံးတင်ပို့ ရောင်းချရာ လုပ်ငန်းရှင်တစ်ဦးလျှင် အလုံးရေ (၁)သိန်းကျော် (၂)သိန်းဝန်းကျင်ခန့် ရောင်းချနိုင်ကြောင်း သိရှိရပါသည်။

အလုပ်အကိုင်အခွင့်အလမ်းများနှင့် လုပ်သားခပေးချေရမှု အခြေအနေ

          ဂျုံရိုးကျစ်ခြင်းလုပ်ငန်းသည် လွယ်ကူပြီး ကျွမ်းကျင်စွာရက်လုပ်ပါက လူတစ်ဦးလျှင် တစ်ရက် ဦးထုပ်(၃/၄)လုံးစာ ရက်လုပ်နိုင်ပါသည်။ ဦးထုပ်တစ်လုံးလျှင် ကျစ်ကြိုး အတောင်(၄၅) တောင်ခန့်ကုန်ကျကြောင်း၊ပိုမို၍ ကျယ်ပြန့်လိုပါက အတောင်ရေ(၅၀-၆၀)တောင် အသုံးပြုချုပ် လုပ်ပါကြောင်း၊  ကျစ်ကြိုးဈေးနှုန်းမှာ အတောင်(၄၅)တောင်ကို ကျပ်(၁၀၀၀ မှ ၁၂၀၀ ကြား)၊ စက်ချုပ်ရာတွင် လှပသေသပ်သည့် ဦးထုပ်များရရန် အမျိုးသမီးတစ်ဦး၏ ကျွမ်းကျင်မှုအရ တစ်ရက်လျှင် ဦးထုပ် လုံးရေ(၄၀/၅၀)ခန့် ချုပ်လုပ်နိုင်ပါသည်။ စက်ချုပ်အလုပ်သမားတစ်ဦး တစ်ရက်လုပ်ခမှာ ကျပ်(၄၀၀၀ မှ ၅၀၀၀ ကြား) ရရှိပါသည်။ ဂျုံရိုးဦးထုပ် ထုတ်လုပ်သည့် လုပ်ငန်းရှင်တစ်ဦးသည် အလုပ်သမား (၁၅ ဦး မှ ၂၀ဦးထိ) ငှားရမ်းလုပ်ကိုင်လျက်ရှိကြောင်း သိရှိရပါသည်။

သုံးသပ်ချက်

          ဂျုံရိုးခမောက်(ခေါ်) ဂျုံရိုးဦးထုပ်၏ အားသာချက်များမှာ ကုန်ကျစရိတ် သက်သာသော လက်မှုလုပ်ငန်းတစ်ခုဖြစ်ခြင်း၊ ရိုးရှင်းလှပပြီး ပေါ့ပါးခြင်း၊ အများဝယ်ယူနိုင်သည့် ဈေးနှုန်းဖြစ်သည့်အတွက် လူသုံးများသည့် ဈေးကွက်ဝင် ထုတ်ကုန်တစ်မျိုးဖြစ်ခြင်း၊ နေပူဒဏ်ကာကွယ်ပေး၍ စက်ဘီးစီးရာတွင်လည်းကောင်း၊ တောင်ယာလုပ်ငန်း လုပ်ကိုင်ရာတွင်လည်းကောင်း အသုံးပြုနိုင်ခြင်း၊ အိမ်တွင်းလက်မှုလုပ်ငန်းဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ များစွာပေးနိုင်ခြင်း၊ အလေးဖိအား ဒဏ်ခံနိုင်ပြီး၊ ရိုသေစွာကိုင်တွယ်ပါက ၄/၅နှစ်ထိ အသုံးပြုနိုင်ပါကြောင်း သိရှိရပါသည်။

          ဂျုံရိုးခမောက်(ခေါ်) ဂျုံရိုးဦးထုပ်၏ အားနည်းချက်များမှာ ဂျုံရိုး၏ အပေါ်ပိုင်းကိုသာ အသုံးပြု မှုများပြီး၊ အောက်ပိုင်းကို အသုံးပြု၍ ထုတ်လုပ်မှုနည်းခြင်း၊ မိုးရေထိပါက အရောင်ပျက်တတ်သည်ကိုလည်း သိရှိရပါသည်။

          ဂျုံရိုးခမောက်(ခေါ်) ဂျုံရိုးဦးထုပ်လုပ်ငန်းသည် ဒေသခံပြည်သူများအတွက် ဝင်ငွေရှာဖွေပေးနိုင်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိခြင်းတို့ကြောင့် ကျေးလက်ဒေသ လူမှုဘဝဖွံ့ဖြိုး တိုးတက်စေရန်အတွက် အရင်းအနှီး၊ နည်းပညာ၊ ဈေးကွက် စသည့် အထောက်အပံ့ကောင်းများ ပံ့ပိုးပေးနိုင်ပါက တန်ဖိုးမြှင့်ထုတ်ကုန်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာပြီး နိုင်ငံစီးပွားရေး တိုးတက်မှုကိုလည်း တစ်ထောင့်တစ်နေရာကပါဝင်ရာရောက်လာနိုင်ပါကြောင်း၊  မြန်မာ့ရိုးရာ လက်မှုပညာလုပ်ငန်းတစ်ခုဖြစ်သည့် ဂျုံရိုးခမောက်(ခေါ်) ဂျုံရိုးဦးထုပ်ကို ပြည်တွင်းတွင်သာမက  ပြည်ပဈေးကွက်အထိပါ အရောက်တင်ပို့နိုင်ရေးအတွက် ပြည်တွင်း/ပြည်ပကုန်စည်ပြပွဲများနှင့် ဈေးရောင်းပွဲတော်များတွင် ပြသသင့်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတော့သည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့တွင် ထောပတ်ပဲနှင့် စွန်တာနီ/ပြာပဲ များ ဈေးကောင်းရ

                စစ်ကိုင်းတိုင်းဒေသကြီး၌ ၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ်၌ ထောပတ်ပဲစိုက်ဧက(၃၈၉၂၁) ဧက၊ စွန်တာနီ/ ပြာပဲစိုက်ဧက(၂၃၁၈၈၀)စိုက်ပျိုးခဲ့ပြီး၊ ၂၀၂၁ -၂၀၂၂ ဘဏ္ဍာနှစ်၌ စွန်တာနီ(ဆောင်း)စိုက်ဧက (၉၃၂၁)၊စွန်တာပြာ(မိုး)စိုက်ဧက (၈၁၅၉၆)နှင့် စွန်တာပြာ(ဆောင်း)စိုက်ဧက (၁၄၁၄၉၃)၊စုစုပေါင်း စိုက်ဧက (၂၃၂၄၁၀)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး၊ယခင်နှစ်နှင့် နှိုင်းယှဉ်လျှင် စိုက်ဧက(၅၃၀)ဧက ပိုမိုစိုက်ပျိုးလာနိုင်ပြီး တစ်ဧကစိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်မှာ (၁၄၂၅၀၀)ခန့် ကုန်ကျကြောင်း၊ ပေါက်ဈေးအနေဖြင့် တစ်တင်းလျှင်(၄၁၈၀၀)ကျပ်ရရှိကြောင်း၊ တစ်ဧကပျှမ်းမျှအထွက်နှုန်းအားဖြင့် (၁၅)တင်းခန့်ထွက်ရှိပြီး တစ်ဧကဝင်ငွေအနေဖြင့် (၆၂၇၀၀၀)ကျပ်ရရှိပါသောကြောင့်  တစ်ဧကအကျိုး အမြတ်အနေဖြင့် (၄၈၄၅၀၀)ကျပ်ရရှိခဲ့ကြောင်း၊ ထောပတ်ပဲစိုက်ဧကစုစုပေါင်း (၃၉၁၉၅) ဧကစိုက်ပျိုးသဖြင့်၊ ယခင်နှစ်နှင့်နှိုင်းယှဉ်လျှင် စိုက်ဧက(၂၇၄)ဧက ပိုမိုစိုက်ပျိုးခဲ့ကြောင်း တွေ့ရပါသည်။ တစ်ဧကစိုက် ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်မှာ (၁၆၀၀၀၀)ကျပ်ခန့် ကုန်ကျပါသည်။ ပေါက်ဈေးအနေဖြင့် တစ်တင်းလျှင် (၃၉၈၀၀)ကျပ် ရရှိကြောင်း၊ တစ်ဧကပျမ်းမျှ အထွက်နှုန်းအနေဖြင့်(၁၇)တင်းခန့် ထွက်ရှိကြောင်း၊ တစ်ဧကဝင်ငွေအနေဖြင့် (၆၇၆၆၀၀)ကျပ် ရရှိသဖြင့် တစ်ဧက အကျိုးအမြတ်အနေဖြင့် ( ၅၁၆၆၀၀ ) ကျပ်ခန့် ရရှိသဖြင့် တောင်သူများအတွက် တွက်ချေကိုက်သည့် သီးနှံဖြစ်ကြောင်း၊ မုံရွာမြို့ နယ်ရှိ ကျွန်းသာယာကျေးရွာနှင့် ရှားပင်ကျွန်းကျေးရွာများရှိ တောင်သူများထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

 

အမယ်သစ်ပို့ကုန်ကယားတောင်ကုန်းမြင့်ကော်ဖီ

              ကယားပြည်နယ်တွင် စပါးနှင့်ပြောင်းကို အဓိကထားစိုက်ပျိုးလျက်ရှိပြီး အချို့ဒေသများတွင် ရွှေ့ပြောင်းတောင်ယာမှ နှစ်ရှည်သီးနှံပြောင်းလဲ၍ ကော်ဖီကိုအမယ်သစ်နှစ်ရှည်သီးနှံအဖြစ် စိုက်ပျိုးလာကြောင်း၊ ၂၀၂၁-၂၀၂၂ခုနှစ် ကော်ဖီစိုက်ဧက ( ၇၀၉ )ဧက၊ ရိတ်ဧက ( ၂၀၈ )ဧကနှင့် တစ်ဧက (၁၄၆.၅၅)ပိဿာထွက်ရှိပြီး စုစုပေါင်းအထွက်နှုန်းမှာ ၃၀၄၈၃ပိဿထွက်ရှိကြောင်း၊ ကော်ဖီကို ဒီးမော့ဆို၊ ဒေါဘျာကူးဒေါသဲနှင့် ဖရူဆို၊ ဟိုယာ/ဘီယာဒေသများတွင် အများဆုံးစိုက်ပျိုးကြပြီး နည်းပညာအနေဖြင့် ဂျပန်(စိုက်၊ခူး၊သန့်စင်)နည်းဖြင့်စိုက်ပျိုး၍ ပြည်တွင်းဈေးကွက်အနေဖြင့် ရန်ကုန်မြို့သို့ တင်ပို့ပြီး ပြည်ပဈေးကွက် စင်္ကာပူ၊ ဂျပန်နိုင်ငံများသို့ တစ်နိုင်တစ်ပိုင်တင်ပို့လျက်ရှိကြောင်း ၊ ကယားတောင်ကုန်းမြင့်ကော်ဖီမှာ အာရာဗီကာနှင့် ကယားလီကော်ဖီအမျိုးအစားများထုတ်လုပ်ပြီး ကော်ဖီမှုန့် (၁၀၀) ဂရမ်-၂၅၀၀ကျပ်၊ ( ၂၀၀ ) ဂရမ်-၃၅၀၀ကျပ်ဈေးနှုန်းဖြင့် ထုတ်လုပ်ရောင်းချလျက်ရှိကြောင်း ကော်ဖီစိုက်ပျိုးထုတ်လုပ်သူတစ်ဦးထံမှ သိရပါတယ်။

DOCA(ကယား)

အောင်လံကုန်စည်ဒိုင်၏ သီးနှံရောင်းဝယ်ဖြစ်မှုအခြေအနေ

              အောင်လံကုန်စည်ဒိုင်တွင် ယခင်အပတ်(၂၃.၃.၂၀၂၂)ရက်နေ့နှင့် ယခုအပတ်(၃၀.၃.၂၀၂၂) ရက်နေ့ အတွင်း နှမ်းပြာ၊ နှမ်းဖြူ၊ နှမ်းနီဈေးနှုန်းတို့ အရောင်းအဝယ်ဖြစ်မှုအခြေအနေမှာ ယခင်အပတ်(၄၅) ပိဿာ(1)အိတ်လျှင်(၁၅၀၀၀ဝိ/-) ယခုအပတ်(၁၅၅၀၀ဝိ/-)ရှိခဲ့၍ (၅၀၀ဝိ/-)ဈေးနှုန်းမြင့်ခဲ့ပြီး နှမ်း(စမုံနက်) ဈေးနှုန်းမှာ ယခင်အပတ်ဈေးနှုန်းအတိုင်းပြောင်းလဲမှုမရှိဘဲ အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ အရောင်းအဝယ်ဖြစ်မှုအနေဖြင့် နှမ်းစမုံနက်(၁၂၅၀)အိတ်၊ နှမ်းပြာ(၄၅၀)အိတ်၊ နှမ်းနီ(၁၂၀)အိတ်၊ နှမ်းဖြူ(၈၀)အိတ်တို့ ဖြစ်ပါသည်။

            ပဲမျိုးစုံအနေဖြင့် ဈေးကွက်မှာ ပဲတီစိမ်း(၂၀)ပိဿာ(၁)အိတ်လျှင် ယခင်အပတ်(၄၂၀၀ဝိ/-) ဈေးနှုန်းရှိခဲ့ပြီး ယခုအပတ်(၄၄၀၀ဝိ/-)ရှိ၍ (၂၀၀ဝိ/-)ဈေးမြင့်၊ ပဲစဉ်းငုံ(နီ) ယခင်အပတ်(၄၄၀၀ဝိ/-) ယခုအပတ်(၄၅၀၀ဝိ/-)ဖြစ်၍ (၁၀၀ဝိ/-)ဈေးမြင့်၊ မတ်ပဲ ယခင်အပတ်(၄၆၅၀ဝိ/-) ယခုအပတ် (၄၇၀၀ဝိ/-) (၅၀ဝိ/-)ဈေးမြင့်၊ ကုလားပဲ(H.L) ယခင်အပတ်(၄၄၅၀ဝိ/-) ယခုအပတ်(၄၄၀၀ဝိ/-) (၅၀ဝိ/-) ဈေးလျော့၊ ကုလားပဲ(မြကြေး) ယခင်အပတ်(၄၅၀၀ဝိ/-) ယခုအပတ်(၄၄၅၀ဝိ/-)(၅ဝဝိ/) ဈေးလျော့၊ ဘိုကိတ်(ပြာ)နှင့် မြေပဲ(လုံးဆံဖြူ)တို့မှာ ယခင်အပတ်ဈေးနှုန်းအတိုင်းပြောင်းလဲမှုမရှိဘဲ ပဲကြီး ယခင်အပတ်(၅၆၀၀ဝိ/-) ယခုအပတ်(၅၉၀၀ဝိ/-)ဖြစ်၍ (၃၀၀ဝိ/-)ဈေးမြင့်ခဲ့ပါသည်။ အရောင်းအဝယ်ဖြစ်မှုအနေဖြင့် ပဲတီစိမ်း (၇၈၀)အိတ်၊ ပဲစဉ်းငုံနီ(၉၀ဝ)အိတ်၊ ကုလားပဲ(HL)(၂၂၀၀)အိတ်၊ ကုလားပဲ(မြကြေး)(၉၀၀)အိတ်၊ ဘိုကိတ်ပြာ(၅၅၀)အိတ်၊ မြေပဲလုံးဆံဖြူ(၄၀၀)အိတ်၊ ပဲကြီး(၁၈၀၀)အိတ်၊ မတ်ပဲ(၃၂၀)အိတ် ဖြစ်ကြောင်း သိရှိရပါသည်။

          ဝါသီးနှံမှာ ယခင်အပတ်(1)ပိဿာ (၁၉၀ဝိ-၂၀၀ဝိ)ဖြစ်ပြီး ယခုအပတ်(၁၉၅ဝိ-၂၀၅ဝိ)ရှိသည့် အတွက်(၅ဝိ/-)ကျပ်ဈေးမြင့်ခဲ့ပြီး ပိဿာချိန်(၃၈၂၀၀)ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ကုန်သည်ထံမှ သိရှိခဲ့ရပါသည်။

DOCA(မကွေး)

မွန်ပြည်နယ်၌ စားအုန်းဆီများ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး

             စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးနှင့် မွန်ပြည်နယ် စားဆီနှင့် စားသောက်ကုန်စည် လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ မြန်မာနိုင်ငံဆီကုန်သည်နှင့် လုပ်ငန်းရှင်များအသင်းထံမှ ခွဲဝေရရှိသော စားအုန်းဆီ ပိဿာချိန် (၁၆၅၀၀)အား တစ်ပိဿာလျှင် ၅၈၆၀ ကျပ်နှုန်းဖြင့် မတ်လ ၂၆ မှ ၃၁ ထိ မော်လမြိုင်၊ ကျိုက်မရော၊ ချောင်းဆုံ၊ ပေါင် ၊ မုတ္တမမြို့နယ်များအတွင်းရှိ စည်ပင်သာယာဈေးများမှတစ်ဆင့် မွန်ပြည်နယ်အတွင်းရှိ စားသုံးသူပြည်သူများအား ရောင်းချပေးခဲ့သည်။

            ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာမှု၊ ဝယ်ယူရန်အဆင်ပြေချောမွေ့မှုတို့ကြောင့် နေ့ရက်အလိုက် ရောင်းချသည့်နေရာများ၌ ဝယ်ယူသူစားသုံးသူများနှင့် စည်ကားခဲ့ပြီး သတ်မှတ်ထားသည့် ပမာဏများအတိုင်း ရောင်းချပေးနိုင်ခဲ့သည်။ မွန်ပြည်နယ်အနေဖြင့် သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများအား စားသုံးသူပြည်သူလူထုသို့ ရောင်းချပေးခဲ့သည်မှာ သတ္တမအကြိမ်မြောက်ရှိခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မွန်)

ယူရီးယားဓါတ်မြေဩဇာဖြန့်ဖြူးရောင်းချမှု အခြေအနေ

         ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် တောင်သူလယ်သမားများက နွေစပါး၊ အခြားသီးနှံစိုက်ပျိုးထုတ်လုပ်နိုင်ရန်အတွက် ယူရီးယားဓါတ်မြေဩဇာများကို လအလိုက် အထူးဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိပါတယ်။ ယူရီးယားဓါတ်မြေဩဇာကားများ ဝင်ရောက်လာမှုအား အိတ်အရေအတွက်၊ တန်၊ ဝိတ်ချိန်ပြည့်ဝမှုရှိ/မရှိ သေချာစွာ စိစစ်လက်ခံ၍ တောင်သူလယ်သမားများသို့ ကျေးရွာအုပ်စုအလိုက် အချိန်မီရရှိရေးကို ဆောင်ရွက်ပေးလျက်ရှိနေပါတယ်။

             ထိုသို့ဆောင်ရွက်ရာတွင် တိုက်ကြီးမြို့နယ်အတွက် ယူရီးယားဓါတ်မြေဩဇာတစ်အိတ် ဈေးနှုန်းမှာ (၃၂၀၀၀)ကျပ်ဖြစ်ပြီး ယူရီးယားဓါတ်မြေဩဇာခွဲတမ်းရရှိမှုမှာ တန်(၁၃၉၅.၂၅၀)၊ အိတ် (၂၇၉၀၅)ဖြစ်ပြီး ယနေ့အထိ လက်ခံရရှိမှု ယူရီးယားဓါတ်မြေဩဇာမှာ (၅၅၅)တန်၊ အိတ်(၁၁၀၉၉) အားရရှိပြီးဖြစ်ပါသည်။ ဖြန့်ဝေပြီးစီးပါကြောင်းနှင့် ထပ်မံဝင်ရောက်သည့်ကားများကိုလည်း ဆက်လက်တင်ပြဆောင်ရွက်နေပါကြောင်း သိရှိရပါတယ်။

DOCA(ရန်ကုန်)

 

မကွေးကုန်စည်ဒိုင်၏ ပဲ၊ နှမ်းမျိုးစုံရောင်းဝယ်ဖြစ်မှုအခြေအနေ

           မကွေးကုန်စည်ဒိုင်တွင် ယခင်အပတ်(၂၅.၃.၂၀၂၂)မှ ယခုအပတ်(၃၁.၃.၂၀၂၂)ထိ နှမ်းမျိုးစုံအနေဖြင့် နှမ်းနက်(စမုံ)၊ နှမ်းနက်(ရိုးရိုး)နှင့် နှမ်းညိုကြားတို့သည် စျေးနှုန်းပြောင်းလဲမှုမရှိဘဲ နှမ်းဖြူ(မကွေး) (၁၅)ပိဿာ (၁)တင်းလျှင် ယခင်အပတ်(၅၇၃၀ဝိ/) ယခုအပတ်(၆၁၆၀ဝိ/-)ဖြစ်၍ (၄၃၀ဝိ/-) စျေးမြင့်ခဲ့ပြီး နှမ်းဖြူ(ဂျပန်) (၁၅)ပိဿာ (၁)တင်းလျှင် ယခင်အပတ် (၆၀၀၀ဝိ/-) ယခုအပတ် (၆၃၃၀ဝိ/-) (၃၃၀၀)စျေးမြင့်၊ နှမ်းနီ (၁၅)ပိဿာ (၁)တင်းလျှင် ယခင်အပတ် (၅၁၆၀ဝိ/-) ယခုအပတ်(၅၅၀၀ဝိ/-)(၃၄၀ဝိ/-) စျေးနှုန်းမြင့်တက်ခဲ့ပါသည်။ အရောင်းအဝယ်ဖြစ်မှုအနေဖြင့် နှမ်းဖြူ(မကွေး)(၃၉.၃၄)တန်၊ နှမ်းနီ(၁၀.၂၁)တန်၊ နှမ်းနက်(စမုံ)(၄၈.၂၄)တန်၊ နှမ်းနက်(ရိုးရိုး) (၂၀.၅၀)တန်၊ နှမ်းညိုကြား(၂၀.၁၅)တန်တို့ဖြစ်ကြောင်း သိရပါသည်။

          ပဲမျိုးစုံအနေဖြင့် ပဲတီစိမ်း၊ ပဲနောက်၊ ကုလားပဲသေး၊ ပဲကြီးဖြူ၊ ပဲကြီးမဲ၊ ထောပတ်ပဲတို့မှာ စျေးနှုန်းပြောင်းလဲမှုမရှိဘဲ ပဲလွန်းဝါ(၁၉)ပိဿာ(၁)တင်းလျှင် ယခင်အပတ်(၄၀၀၀ဝိ/-) ယခုအပတ် (၄၂၃၀ဝိ/-)ဖြစ်၍ (၂၃၀ဝိ/-)စျေးမြင့်၊  ကုလားပဲကြီး(929) (၁၉)ပိဿာ(၁)တင်းလျှင် ယခင်အပတ် (၄၁၅၀ဝိ/-) ယခုအပတ်(၄၂၅၀ဝိ/-) (၁၀၀ဝိ/-)စျေးမြင့်၊  ကုလားပဲ (HL) (၁၉) ပိဿာ(၁)တင်းလျှင် ယခင်အပတ်(၄၁၀၀ဝိ/-) ယခုအပတ်(၄၂၀၀ဝိ/-) (၁၀၀ဝိ/-)စျေးမြင့်၊ မတ်ပဲ(၂၀)ပိဿာ(၁)တင်း လျှင် ယခင်အပတ်(၄၇၀၀ဝိ/-) ယခုအပတ် (၄၇၅၀ဝိ/-) (၅၀ဝိ/-)စျေးမြင့်၊ ပဲစဉ်းငုံနီ(၂၀)ပိဿာ (၁)တင်းလျှင် ယခင်အပတ်(၄၃၇၀ဝိ/-) ယခုအပတ် (၄၄၅၀ဝိ/-) (၈၀ဝိ/-)စျေးမြင့်၊ စားတော်ပဲ (၂၀)ပိဿာ(၁)တင်းလျှင် ယခင်အပတ် (၈၉၀၀ဝိ/-) ယခုအပတ် (၉၂၀၀ဝိ/-) (၃၀၀ဝိ/-) စျေးနှုန်းမြင့်တက်ခဲ့ကြောင်းသိရပါသည်။

          ပဲမျိုးစုံအရောင်းအဝယ်ဖြစ်မှုအနေဖြင့် ပဲနောက်(၅.၇၆)တန်၊ ပဲလွန်းဝါ(၅၀.၄၂)တန်၊ ကုလားပဲ(၅၀၀.၆၃)တန်၊ ပဲကြီးဖြူ(၁၀၀.၃၆)တန်၊ စားတော်ပဲ(၄၀.၂၄)တန်၊ မတ်ပဲ(၁၀၀.၃၃)တန်၊ ထောပတ်ပဲ(၃၀၀.၅၄)တန်တို့ဖြင့် ပုံမှန်အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း မကွေးကုန်စည်ဒိုင်မှ သိရှိရပါသည်။

DOCA(မကွေး)

         

သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

            ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ် သီရိမင်္ဂလာဈေးတွင် မတ်လ(၂၂)ရက်နေ့မှ (၂၈) ရက်နေ့ထိ ဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ ကျောက်ဆည်၊ မြစ်သားမှ ပဲမြစ် တစ်ပိဿာ ကျပ် ၁၄၀၀ မှ ၁၃၀၀၊ ပဲခူးမှ ပိန္နဲသီး အလုံးကြီး တစ်လုံး ကျပ် ၂၅၀၀၀ အလုံးလတ် ကျပ် ၁၅၀၀၀၊ အလုံးသေးတစ်လုံး ကျပ် ၁၀၀၀၀ မှ ၇၀၀၀၊ အသုတ်၊ ကျောင်းကုန်း၊ ခရမ်းမှ ဖရဲသီး ၈၅၅ အလုံးကြီး တစ်လုံး ကျပ် ၆၅၀၀၊ အလုံးလတ် ကျပ် ၆၀၀၀၊ အလုံးသေး ကျပ် ၁၅၀၀၊ မှော်ဘီနှင့် တိုက်ကြီးမှ မာလကာသီး (ကီလို) အလုံးကြီး ကျပ် ၄၀၀၊ အလုံးလတ် ကျပ် ၃၀၀၊ အလုံးသေး ကျပ် ၂၀၀၊ ပြင်ဦးလွင်မှ စတော်ဘယ်ရီ (၅)ပိဿာတစ်ခြင်း ကျပ် ၁၅၀၀၀ နှင့် (၁၈)ကျပ်သားဗူး ကျပ် ၈၀၀၊ (၁၀)ကျပ်သားဗူး ကျပ် ၅၀၀၊ မအူပင် (ရွှေတောင်ပေါ်)မှ သရက်သီး (မချစ်စု) အလုံးကြီးတစ်ခြင်း အလုံး ၅၀ မှ ၆၀ ပါ တစ်ချင်း ကျပ် ၄၂၀၀၀၊ အလုံးလတ် တစ်ခြင်း အလုံး ၈၀ မှ ၈၅ ပါ ကျပ် ၃၅၀၀၀၊ အလုံးသေးတစ်ခြင်း အလုံးကြီးတစ်ခြင်း အလုံး ၉၀ မှ ၁၀၀ ပါ ကျပ် ၃၀၀၀၀ နှင့် တွံတေး၊ မအူပင် မှ သရက်သီး(ရင်ကွဲ) အလုံးကြီးတစ်ခြင်း အလုံး ၉၀ ပါ ကျပ် ၂၅၀၀၀၊ အလုံးလတ်တစ်ခြင်း အလုံး ၁၀၀ပါ ကျပ် ၁၅၀၀၀၊ အလုံးသေးတစ်ခြင်း အလုံး၁၂၀ပါ ကျပ် ၁၀၀၀၀ နှင့် ပုပ္ပါးမှ မာလကာသီး အလုံးကြီး တစ်လုံး ကျပ် ၅၀၀၊ အလုံးလတ် ကျပ် ၃၀၀၊ အလုံးသေး ကျပ် ၂၀၀ ဈေးတို့ အသီးသီးရှိကြောင်း သီရိမင်္ဂလာဈေးရှိ  မြန်မာနိုင်ငံသစ်သီးဝလံပန်းမန်ဟင်းသီးဟင်းရွက်  စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း   ( MFVP )မှ သိရှိရပါသည်။

DOCA(ရန်ကုန်)

 

 

မကြာမီဈေးကွက်ဝင်လာမည့် လားဟူလူမျိုးများ၏ ရိုးရာဝတ်စုံများ ဝတ်စားဆင်ယင်မှုအကြောင်း

            မြန်မာနိုင်ငံတွင် လူဦးရေ သန်း(၅၀)ကျော်ရှိပြီး လူမျိုးပေါင်းစုံ၊ နေထိုင်လျက်ရှိပါသည်။ ယင်းတို့တွင် လားဟူလူမျိုးလည်း တစ်မျိုးပါဝင်ပါသည်။ လားဟူလူမျိုးများသည် တိဘက်မြန်မာ “လိုလို” ဟူသော လူမျိုးမှ ဆင်းသက်လာသည်။ ခရစ်တော်မပေါ်မီ ဘီစီ ၆၀၀ ခန့်အထိ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတွင် နေထိုင်ခဲ့ကြသည်။ လူဦးရေများပြားလာသည်နှင့်အမျှ ရေကြည်ရာ မြက်နုရာသို့ ပြောင်းရွှေ့လာရာ မဲခေါင်မြစ်၊ သံလွင်မြစ်ကြောင်းအတိုင်း စုန်ဆင်းလာရာ တရုတ်ပြည်တောင်ပိုင်း၊ ရှမ်းပြည်နယ်၊ ယိုးဒယားနိုင်ငံ၊ လာအိုနိုင်ငံနယ်စပ်ဒေသများသို့ ရောက်ရှိနေထိုင်ခဲ့ကြ သည်။ တရုတ်နိုင်ငံ လန်ချန်း လားဟူပြည်နယ်တွင် ၅ သိန်း၊ မြန်မာနိုင်ငံ ရှမ်းပြည်နယ်တွင် ၂ သိန်း၊ ယိုးဒယား၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့တွင် ၁ သိန်း စုစုပေါင်း ၈ သိန်းခန့်ရှိသည်။ လားဟူလူမျိုးကွဲပေါင်း ၂၀ ကျော်ရှိပြီး ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် ၁၂ မျိုးနေထိုင်သည်ဟု သိရှိရပါသည်။

          လားဟူတိုင်းရင်းသား အမျိုးသားများ၏ ဝတ်စားဆင်ယင်မှု ခေတ်ဟောင်းဝတ်စုံမှာ ပိတ်အနက်ဖြင့် ချုပ်ထားသော ဘောင်းဘီ၊ အင်္ကျီနှင့် ခေါင်းပေါင်းရှည်ကို ဝတ်ဆင်ကြသည်။ ဘောင်းဘီမှာ ရှမ်းဘောင်းဘီကဲ့သို့ ခြေချင်းဝတ်နားတွင် အဝခပ်ကျယ်ကျယ်ရှိသည့် အနက်ရောင်ဘောင်းဘီကို ဆင်မြန်းသည်။ ဘောင်းဘီ၏ အောက်နားကွက်၌ တောင်ပေါ်မှာ နေထိုင်သည့် လူမျိုးဟု အဓိပ္ပာယ်ကို ဖော်ဆောင်သည့်အနေဖြင့် ပန်းပွင့်များဖြင့် အရောင်မျိုးစုံကို ဒီဇိုင်းပုံဖော်၍ ဆင်မြန်းကြသည်။ အမျိုးသားအင်္ကျီမှာ ကော်လံပါအဖြူ အင်္ကျီပေါ်တွင် လက်တိုအပေါ်ကုတ် အင်္ကျီအနက်ထပ်၍ ဝတ်ဆင်သည်။ ထိုကုတ်အင်္ကျီပေါ်တွင် ဘူးသီးထဲမှ ပေါက်ဖွားလာသည်ကို ကိုယ်စားပြုသော ဘူးသီးပုံကို ချဉ်ဖြင့်ထိုးပြီး ဆင်မြန်းကြသည့်အပြင် ယခုခေတ်နောက်ပိုင်းတွင် ပုံစံမျိုးစုံ၊ ဒီဇိုင်းမျိုးစုံ၊ အရောင်မျိုးစုံ စိတ်ကြိုက် ဒီဇိုင်းပုံဖော်ပြီး ချုပ်ဝတ်လာကြသည်ကို တွေ့ရှိရပါ သည်။

          လားဟူတိုင်းရင်းသား အမျိုးသမီးများ၏ ဝတ်စားဆင်ယင်မှု ခေတ်ဟောင်းဝတ်စုံမှာ အမိတ်ပါခေါင်းပေါင်း၊ ကိုယ်ထည်မှ ခြေသလုံးတစ်ဝက်ကျော်ကျော်ထိ အရှည်ရှိပြီး ခါးမှခြေသလုံးထိ ဘေးနှစ်ဖက်ကို ခွဲထားသောရင်ဖုံးအင်္ကျီလက်ရှည်နှင့် လုံချည်တို့ကို ဆင်မြန်းကြပါသည်။ ယခုခေတ် လားဟူအမျိုးသမီးများ၏ဝတ်စုံသည် အမိတ်ပါခေါင်းပေါင်း၊ အင်္ကျီသည် ရင်စေ့လက်ရှည်ဖြစ်သည်။ အင်္ကျီ၏အရှည်သည် တင်ပါးတစ်ဝက်ခန့်သာရှည်ပြီး အောက်ခံလုံချည်ကို ဝတ်ဆင်ကြသည်။ လားဟူအမျိုးသမီး ဝတ်စုံအားလုံးသည် အနက်ရောင်ကို အခြေခံ၍ ချုပ်ထားကြသည်။ အဓိကအားဖြင့် အင်္ကျီအနားပတ်သည် လုံချည်အနားပတ်လည်တို့တွင် ဝါ၊ စိမ်း၊ နီ၊ ပြာ ပိတ်စရောင်များဖြင့် တြိဂံပုံ၊ စက်ဝိုင်းပုံများအဖြစ် သရုပ်ဖော်၍ လှပစွာချုပ်ထားကြပါသည်။ အမျိုးသမီးဝတ်စုံကို ငွေချူတွဲလောင်း၊  ငွေပြားများထည့်၍ လှပစွာချုပ်ဝတ်ကြပါသည်။ ယခုခေတ်တွင် ငွေပြားအစား ဘော်ကြယ်များကိုသာ လှပစွာတန်ဆာဆင်ချုပ်ဝတ်ကြသည်။ အရောင်မျိုးစုံဖြင့် ပုံဖော်ထားသော တြိဂံသည် လားဟူတိုင်းရင်းသားတို့၏ အမဲလိုက်မုဆိုးဘဝဖြင့် အသက်မွေးဝမ်းကျောင်းပြုလုပ်ပုံကို ဖော်ဆောင်ခြင်းဖြစ်ပြီး တောတောင်၊ မြားထိပ်၊ တောင်ပံ၊ ခွေးသွား စသည့်သုံးမျိုးကို ကိုယ်စား ပြုခြင်းဖြစ်သည်။ ယခုခေတ်နောက်ပိုင်းတွင် ပုံစံမျိုးစုံ၊ ဒီဇိုင်းမျိုးစုံ၊ အရောင်မျိုးစုံ စိတ်ကြိုက် ဒီဇိုင်းပုံဖော်ပြီး ချုပ်ဝတ်လာကြသည်ကိုတွေ့ရှိရပါသည်။ လားဟူတိုင်းရင်းသားရိုးရာဝတ်စုံများသည် ပွဲလမ်းသဘင်များဖြစ်သော(ကောက်သစ်စားပွဲ၊ ခရစ်မတ်၊ နှစ်သစ်ကူး၊ မင်္ဂဆောင်)ပွဲများတွင်  အများဆုံးဝတ်ဆင်ကြပါ သည်။ အမျိုးသမီးများ၏ လက်ဝတ်တန်ဆာမှာ ငွေလက်ကောက်၊ ငွေနားတောင်း၊ ငွေလည်ဆွဲ၊  လွယ်အိတ်တို့ဖြစ်ပြီး အမျိုးသားများမှာ လွယ်အိတ်၊ ဓား၊ ဆေးတံ၊ တူမီးသေနတ်တို့ကို ကိုင်ဆောင်လေ့ရှိပါသည်။

         လားဟူတိုင်းရင်းသားများ၏ ရိုးရာဝတ်စုံကို ထုတ်လုပ်ရောင်းချသောနိုင်ငံ၊ မြို့များမှာ ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုး၊ ရှမ်းပြည်နယ် အရှေ့ပိုင်း(ကျိုင်းတုံ၊ တာချီလိတ်)မြို့နှင့် ထိုင်းနိုင်ငံများတွင် အဓိကထုတ်လုပ်၊ ရောင်းဝယ်လျက်ရှိကြောင်း သိရှိရပါသည်။ နိုင်ငံအလိုက်၊ မြို့ အလိုက် ဝတ်စုံများ၏ ဒီဇိုင်းမှာလည်း ကွာခြားသည်ကို တွေ့ရှိရပါသည်။ ခေတ်မီတိုးတက်လာသည်နှင့်အမျှ ယခုခေတ် လားဟူတိုင်းရင်းသားတို့၏ ဝတ်စုံမှာလည်း ပိတ်စမျိုးစုံ၊ အရောင်မျိုးစုံ၊ ဒီဇိုင်းမျိုးစုံတို့ဖြင့် ခေတ်မှီစွာ ဒီဇိုင်းပုံဖော်ပြီး ချုပ်ရောင်း၊ ဝတ်ဆင်လာကြသည်။

      ရိုးရာဝတ်စုံအစစ်သည် တန်ဖိုးများပြားခြင်းကြောင့် အရောင်းမသွက်ခြင်း၊ ဈေးကွက်မရရှိခြင်းဖြစ်သော်လည်း ဖန်တီးမှုအသစ်အဖြင့် လားဟူတိုင်းရင်းသားတို့၏ သင်္ကတများကို မြန်မာပိတ်စများဖြစ်သော ချည်၊ ချည်ပိုး၊ ထိုင်းပိုး၊ အင်ဒိုပိုး၊ ကတီပါ ပိတ်စ စသည့် ပိတ်စများပေါ်တွင် ကွန်ပျူတာပန်းစက်ထိုးထားသော ဝမ်းဆက်များ ၂၀၂၁-၂၀၂၂ခုနှစ် အတွင်း ခေတ်စားလာသည်ကို တွေ့ရှိရသဖြင့် နောက်နောင်တွင် ဈေးကွက်ရရှိကာ၊ အခြားတိုင်းရင်းသားဝတ်စုံနည်းတူ လူမျိုးတိုင်းလိုလို ဝယ်ယူဝတ်ဆင်လာကြလိမ့်မည်ဟု ယုံကြည်စွာဖြင့် မျော်လင့်ရင်း လားဟူတိုင်းရင်းသား ဝတ်စားဆင်ယင်မှုကို ဖော်ပြရေးသားလိုက်ပါသည်။

DOCA(ရှမ်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း