Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

တောင်ကိုရီးယားနိုင်ငံ၏ ICT တင်ပို့မှုသည် ဇူလိုင်လတွင် ခြောက်ကြိမ်မြောက်မြင့်တက်

      တောင်ကိုရီးယားနိုင်ငံ၏ သတင်းအချက်အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ ထုတ်လုပ်မှုသည် အားကောင်းသော Semiconductor ဝယ်လိုအားကြောင့် ဇူလိုင်လတွင် ခြောက်ကြိမ်မြောက် ဆက်တိုက်မြင့်တက်ခဲ့ကြောင်း အစိုးရသတင်းအချက်အလက်များအရ သိရပါသည်။

          ICT ထုတ်ကုန်များ တင်ပို့မှုသည် ယခင်နှစ်ကထက် ၁၄ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ဇူလိုင်လ တွင် အမေရိကန်ဒေါ်လာ ၂၂.၁၉ ဘီလီယံ ရရှိခဲ့ပါသည်။မြင့်တက်မှုကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ ကြောင်း ကုန်သွယ်ရေး၊ စက်မှုလုပ်ငန်း၊ စွမ်းအင်ဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။

          ချစ်ပ်တင်ပို့မှုသည် တန်ဖိုးမြင့်ထုတ်ကုန်များဖြစ်သည့် generative AI ချစ်ပ်တပ်ဆင်မှုတွင် အသုံးပြုသည့် double data rate 5 နှင့် bandwidth memory တို့ ဝယ်လိုအား ခိုင်မာမှုကြောင့် ၃၁.၂ ရာခိုင်နှုန်း မြင့်တက်ကာ ဒေါ်လာ ၁၄.၇၂ ဘီလီယံရရှိခဲ့ကြောင်း သိရပါသည်။

          ဖန်သားပြင်ပြသမှုသည် ၈.၉ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ဒေါ်လာ ၁.၇၆ ရရှိခဲ့ပါသည်။မိုဘိုင်း ဖုန်း တင်ပို့မှုသည် ၂၁.၇ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ဒေါ်လာ ၉၆၀ မီလီယံ ရရှိခဲ့ကြောင်း သိရပါ သည်။

          ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်း တင်ပို့မှုသည် ၁၇.၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ၁.၀၉ ဘီလီယံ ရရှိခဲ့သော်လည်း ဆက်သွယ်ရေး ပစ္စည်းတင်ပို့မှုသည် ၄.၆ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ၂၀၀ မီလီယံ ရရှိခဲ့ပါသည်။

          ICT ထုတ်ကုန်များ တင်သွင်းမှုသည် ဇူလိုင်လတွင် ယခင်နှစ်နှင့် နှိုင်းယှဉ်လျှင် ၉.၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ဒေါ်လာ ၁၃.၃၂ ဘီလီယံ ရရှိခဲ့ပါသည်။ICT လုပ်ငန်းတွင် ကုန်သွယ်မှု ပိုငွေ ဒေါ်လာ ၈.၈၇ ဘီလီယံရရှိခဲ့ပါသည်။

          ချစ်ပ်များ၊မိုဘိုင်းပစ္စည်းများနှင့် ကွန်ပျူတာများ တင်သွင်းမှု မြင့်တက်ခဲ့သော်လည်း ဖန်သားပြင်ပြသမှုနှင့် ဆက်သွယ်ရေးပစ္စည်း တင်သွင်းမှုသည် ပြီးခဲ့သည့်လက ကျဆင်းခဲ့ကြောင်း သိရပါသည်။

Source: Xinhua      

DOCA (ရန်ကုန်)

                                                         

တိုယိုတာသည် ကမ္ဘောဒီးယားလုပ်သားများအတွက် နည်းပညာလေ့ကျင့်ရေးစင်တာ ဖွင့်လှစ်ရန် စီစဉ်လျက်ရှိ

       Toyota Tsusho Manufacturing (Cambodia) Co., Ltd. သည် ကမ္ဘောဒီးယားနိုင်ငံ၏ မော်တော်ယာဉ်လုပ်ငန်းတွင် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးကို ပံ့ပိုးပေးရန်အတွက် နည်းပညာပိုင်းဆိုင်ရာ လေ့ကျင့်ရေးစင်တာတစ်ခု တည်ထောင်ရန် အစီအစဉ်ရှိကြောင်း ထုတ်ဖော်ပြသခဲ့ပြီး ၎င်း၏ကိုယ်ပိုင် လုပ်သားအင်အားထက် ကျယ်ပြန့်သော ကမ္ဘောဒီးယား လူဦးရေအတွက် အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်သည်။ ကမ္ဘောဒီးယား ဖွံ့ဖြိုးတိုးတက်ရေး ကောင်စီ (CDC)၊ ကမ္ဘောဒီးယား ရင်းနှီးမြုပ်နှံမှုဘုတ်အဖွဲ့ (CIB) ၏ အထွေထွေအတွင်းရေးမှူး ချုပ် Chea Vuthy နှင့် ကုမ္ပဏီဥက္ကဋ္ဌ Mr. Kensuke Tsuchiya ဦးဆောင်သော Toyota Tsusho တို့မှကိုယ်စားလှယ်အဖွဲ့နှင့် CDC ရုံးချုပ်၌ တွေ့ဆုံခဲ့ကြပြီး အဆိုပါကြေညာချက်ကို ထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။ Tsuchiya သည် ကုမ္ပဏီ၏ လုပ်ငန်းတိုးတက်မှုနှင့် ပတ်သက်၍ CDC အား အကျဉ်းချုံးတင်ပြခဲ့ပြီး ၎င်း၏နောက်ဆုံးရင်းနှီးမြှုပ်နှံရေးစီမံကိန်းသည် မော်တော်ယာဉ် နည်းပညာတွင် ပြည်တွင်းလုပ်သားများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ရန်ရည်ရွယ်သည့် နည်းပညာဆိုင်ရာ လေ့ကျင့်ရေးစင်တာတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။ အထူးသဖြင့် အစိုးရ၏ အသက်မွေးဝမ်းကြောင်းနှင့် နည်းပညာလေ့ကျင့်ရေးအစီအစဉ် ၁.၅ သန်းအောက်တွင် လူသားအရင်းအနှီးခိုင်မာစေရန် ကမ္ဘောဒီးယားနိုင်ငံ၏ ပိုမိုကျယ်ပြန့်သောမူဝါဒနှင့် ကိုက်ညီ ကြောင်းဆက်လက်ပြောကြားခဲ့သည်။  ကမ္ဘောဒီးယား ရင်းနှီးမြှုပ်နှံမှု ကော်မတီသည် ရင်းနှီး မြှုပ်နှံမှုစီမံကိန်းအသစ် မှတ်ပုံတင်ခြင်းအတွက် လိုအပ်သော လုပ်ထုံးလုပ်နည်းများကို လွယ်ကူ ချောမွေ့စေရန် အဆင်သင့်ရှိကြောင်း Vuthy က ပြောကြားခဲ့သည်။ Toyota Tsusho Manufacturing (Cambodia) Co., Ltd. သည် တိုယိုတာ Fortuner နှင့် Toyota Hilux မော်ဒယ်များ တပ်ဆင်ခြင်းအပေါ် အာရုံစိုက်ကာ ဖနွမ်းပင်မြို့ရှိ Royal Group အထူးစီးပွားရေး ဇုန်တွင် မော်တော်ယာဉ်တပ်ဆင်စက်ရုံ တည်ထောင်ရန် CDC မှ ၂၀၂၂ ခုနှစ်တွင် ခွင့်ပြုချက်ရရှိခဲ့သည်။

Source: Khmer Times                                                                              

DOCA (ရန်ကုန်)

 

ရော်ဘာတင်ပို့မှုသည် ပထမ ၇ လအတွင်း ကန်ဒေါ်လာ ၃၈၇ သန်းကျော်ရရှိခဲ့

     ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ် ပထမခုနစ်လတွင် ရော်ဘာနှင့် ရော်ဘာတင်ပို့မှုမှ ကန်ဒေါ်လာ ၃၈၇ သန်းကျော်ရရှိခဲ့ပြီး ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၄၂ ရာခိုင်နှုန်းကျော်တိုးလာကြောင်း ရော်ဘာဦးစီးဌာန၏ အစီရင်ခံစာအရသိရသည်။ ကမ္ဘောဒီးယား နိုင်ငံသည် ၂၀၂၅ ခုနှစ် ပထမခုနစ်လအတွင်း ရော်ဘာတန်ချိန် ၁၇၉,၁၉၈ တန် ထုတ်လုပ်ခဲ့ပြီး ၂၀၂၄ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁.၃၁ ရာခိုင်နှုန်း တိုးလာကြောင်း ၁၁-၈-၂၀၂၅ ရက်နေ့က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။ ဇူလိုင်လတစ်လတည်းတွင် ရော်ဘာတန်ချိန် ၃၆၈၅၅ တန်ထုတ်လုပ်ခဲ့ပြီး၊ ယခင်လကထက် တန်ချိန် ၄,၀၅၇ သို့မဟုတ် ၁၂.၃၇ ရာခိုင်နှုန်းနှင့် ၂၀၂၄ ခုနှစ် ဇူလိုင်လနှင့် နှိုင်းယှဉ်ပါက တန်ချိန် ၃,၀၄၀ သို့မဟုတ် ၈.၉၉ ရာခိုင်နှုန်း တိုးလာကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။ ကမ္ဘောဒီးယားနိုင်ငံမှ ရော်ဘာ ၁၄၇,၀၇၁ တန် တင်ပို့ခဲ့ပြီး ၂၀၂၄ ခုနှစ် ကာလတူထက် ၁၅.၄ ရာခိုင်နှုန်း လျော့ကျသွားခဲ့ကြောင်း စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန ရော်ဘာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ချုပ် Khun Kakada က ပြောကြားခဲ့သည်။ ၂၀၂၅ ခုနှစ် ဇူလိုင်လအထိ ရော်ဘာနှင့် ရော်ဘာတင်ပို့မှုမှ စုစုပေါင်းဝင်ငွေသည် ကန်ဒေါ်လာ ၃၈၇ သန်းကျော်ရှိပြီး ရော်ဘာတင်ပို့မှုမှ ကန်ဒေါ်လာ ၃၈၅ သန်းနီးပါးနှင့် ရော်ဘာသစ်တင်ပို့မှုမှ ကန်ဒေါ်လာ ၂ သန်းကျော်ရှိကြောင်း Kakada က ဆိုသည်။ ရော်ဘာအထွေထွေညွှန်ကြားမှုဦးစီးဌာနသည် ရော်ဘာလုပ်ငန်းတွင် သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်ရေးပဏာမခြေလှမ်းများအတွက် နိုင်ငံနှင့်နိုင်ငံတကာ ရော်ဘာ အသင်းများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

Source: Khmer Times                                                                              

DOCA (ရန်ကုန်)

 

မဲခေါင်မြစ်တလျှောက် အထူးစီးပွားရေးဇုန်တည်ဆောက်ရန်ု အမေရိကန် ဒေါ်လာ ၂၉၇ သန်း ရင်နှီးမြှုပ်နှံမည့် အမေရိကန်ကုမ္ပဏီ

      ဒေသတွင်းနှင့်ကမ္ဘာ့ကုန်သွယ်ရေးတွင် ကမ္ဘောဒီးယား၏ အခန်းကဏ္ဍကို အားကောင်း လာစေရန်အတွက် ဥရောပနှင့် အမေရိကန်မှကုန်ထုတ်လုပ်သူများကို ဆွဲဆောင်ရန်အတွက် အမေရိကန်ကုမ္ပဏီတစ်ခုသည် မဲခေါင်မြစ်တစ်လျှောက်တွင် အထူးစီးပွားရေးဇုန် (SEZ) ဖွံ့ဖြိုး တိုးတက်ရန် ဒေါ်လာ ၂၉၇.၆ သန်း ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် ပြင်ဆင်နေ စက်မှု၊ သိပ္ပံ၊ နည်းပညာနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန(MISTI) မှ ၁၂-၈-၂၀၂၅ ရက်နေ့တွင် အစီရင်ခံစာ ထုတ်ပြန်ထားသည်။ MISTI အတွင်းရေးမှူး Heng Sokkung သည် ဤရင်းနှီးမြှုပ်နှံမှုစီမံကိန်း၏ အမည် သို့မဟုတ် တည်နေရာအတိအကျကို ထုတ်ဖော်ပြောဆိုခြင်းမရှိသေးသော်လည်း ကုမ္ပဏီသည် နိုင်ငံတော်တွင် လေ့လာရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

      Sokkung ၏ ပြောကြားချက်အရ အဆိုပါစီမံကိန်းသည် ကမ္ဘောဒီးယားနိုင်ငံ၏ စက်မှုအခြေခံကို အားကောင်းလာစေရန်နှင့် နိုင်ငံအား တန်ဖိုးမြင့်သော ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက်များအဖြစ် ပေါင်းစည်းရန်၊ ၎င်း၏ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရန်နှင့် ပိုမိုအဆင့်မြင့်သော ကုန်ထုတ်လုပ်မှုနှင့် ကုန်သွယ်မှု အခွင့်အလမ်းများတွင် ပါဝင်နိုင်စေရန် ရည်ရွယ်ထားသည်။ ဒုတိယအဆင့်တွင် အထူးစီးပွားရေးဇုန်သည် အကြီးစားစက်မှုလုပ်ငန်းနှင့် နည်းပညာအခြေခံကဏ္ဍများသို့ ချဲ့ထွင် မည်ဖြစ်ပြီး ကမ္ဘောဒီးယားသည် ၎င်း၏စက်မှုလုပ်ငန်းအခြေခံကို ကွဲပြားစေကာ ကမ္ဘာ့ဈေးကွက် အတွက် အဆင့်မြင့်ကုန်ထုတ်လုပ်မှုနှင့် တန်ဖိုးမြင့်ထုတ်လုပ်မှုများတွင် ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ပေးမည်ဖြစ်ကြောင်း Heng Sokkung က ဆက်လက်ပြောကြားခဲ့သည်။

Source: Khmer Times                

DOCA (ရန်ကုန်)

 

ကမ္ဘောဒီးယားနိုင်ငံ၏ ပို့ကုန်ပမာဏသည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လအတွင်း ၁၈.၄ ရာခိုင်နှုန်း တက်လာခဲ့

       ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ် ပထမ ခုနစ်လတွင် ကန်ဒေါ်လာ ၁၇.၇၂ ဘီလီယံဖိုး ကုန်ပစ္စည်းများ တင်ပို့ခဲ့ပြီး ၂၀၂၄ ခုနှစ် အလားတူကာလထက် ကန်ဒေါ်လာ ၁၄.၉၆ ဘီလီယံမှ ၁၈.၄ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း ၁၂-၈-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် တရားဝင် အစီရင်ခံစာအရ သိရသည်။ အဓိက ပို့ကုန်များတွင် အဝတ်အထည်၊ ဖိနပ်နှင့် ခရီးသွား ကုန်ပစ္စည်းများ၊ စက်ဘီးများ၊ ကားတာယာများ၊ ဆန်၊ ရောဘာ၊ ပီလောပီနံ၊ သီဟိုဠ်စေ့၊ ငှက်ပျောသီးနှင့် သရက်သီးများ စသည်တို့ ပါဝင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ ကမ္ဘောဒီးယားနိုင်ငံသည် ယခုနှစ် ဇန်နဝါရီမှ ဇူလိုင်လအတွင်း စုစုပေါင်းသွင်းကုန်ပမာဏသည် ဒေါ်လာ ၁၉.၁၆ ဘီလီယံ စံချိန်တင်ခဲ့ပြီး ယမန်နှစ် အလားတူကာလထက် ကန်ဒေါ်လာ ၁၆.၅၈ ဘီလီယံမှ ၁၅.၅ ရာခိုင်နှုန်း တိုးလာသည် ဟု အစီရင်ခံစာ တွင်ဖော်ပြထားသည်။ အဓိက တင်သွင်းသည့် ကုန်ပစ္စည်းများတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့၊ အထည်ချုပ်ကုန်ကြမ်းများ၊ ဖိနပ်နှင့် ခရီးသွား ကုန်စည်အတွက် ကုန်ကြမ်း များ၊ မော်တော်ယာဉ်များ၊ စက်ယန္တရားများ၊ လျှပ်စစ်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ စသည်တို့ ပါဝင်ကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Penn Sovicheat က ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု သဘောတူညီချက်နှင့် လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်များသည် နိုင်ငံ၏ ကုန်သွယ်မှုတိုးတက်မှုကို မြှင့်တင်ပေးကြောင်း ပြောကြားခဲ့သည်။

Source: Khmer Times                                                                              

DOCA (ရန်ကုန်)

 

နိုင်ငံတော်သည် သီဟိုဠ်စေ့ကုန်သွယ်မှုကို မြှင့်တင်ပေးကာ ကမ္ဘာ့အဆင့်တွင် ထိပ်ဆုံးသို့ ရောက်ရှိရန် ရည်မှန်းထား

    ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် သီဟိုဠ်စေ့အကြမ်းထုတ်လုပ်သည့် ကမ္ဘာ့ဒုတိယအကြီးဆုံးနိုင်ငံဖြစ်ပြီး နှစ်စဉ်ပျမ်းမျှတန်ချိန် ၈၀၀,၀၀၀ ခန့် ထွက်ရှိကြောင်း ကမ္ဘောဒီးယားနိုင်ငံ၊ သီဟိုဠ်စေ့အသင်း (CAC) က ၄-၈-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ နှစ်စဉ် စိုက်ပျိုးဧရိယာများ တိုးချဲ့လာမှုကြောင့် လာမည့်ငါးနှစ်အတွင်း ထုတ်လုပ်မှု တန်ချိန် ၁ သန်းကျော် မျှော်မှန်းထားကြောင်း CAC ၏ ဒုတိယဥက္ကဋ္ဌ Suy Kokthean က Khmer Times သို့ ပြောကြားခဲ့သည်။ အသင်းအဖွဲ့သည် ၎င်းတို့နှင့် နေ့စဉ်နီးပါး ပုံမှန် ဆွေးနွေးနေသောကြောင့် ရင်းနှီးမြှုပ်နှံသူ အများအပြားသည် ကမ္ဘောဒီးယား၏ သီဟိုဠ်စေ့ကဏ္ဍကို စိတ်ဝင်စားမှု ပြသ နေကြောင်း ၎င်းက ဆက်လက်ပြောသည်။ CAC သည် ရင်းနှီးမြှုပ်နှံသူများကိုဆွဲဆောင်ရန်နှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစဉ်များကို လွယ်ကူ ချောမွေ့စေရန် အဓိကထားလုပ်ဆောင်လျက်ရှိပြီး အခွန်ကင်းလွတ်မှုနှင့်ပတ်သက်သည့် ကိစ္စရပ်များကို အစိုးရမှကိုင်တွယ်ဆောင်ရွက်နေကြောင်း Suy Kokthean က ဆက်လက်ပြောကြားခဲ့သည်။ CAC သည် ၂၀၂၅ ခုနှစ်အတွက် ပြုပြင်ပြီး သီဟိုဠ်စေ့တင်ပို့မှုပမာဏကို ခန့်မှန်းနိုင်ခြင်းမရှိသေးကြောင်း၊ ယခုအချိန်အထိ တရားဝင် အချက်အလက် ကောက်ယူခြင်း မရှိသေးခြင်းကြောင့် ဖြစ်ကြောင်း Kokthean က ဆက်လက် ပြောကြားခဲ့သည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန (MoC) မှ ထုတ်ပြန်သည့် အစီရင်ခံစာအရ ကမ္ဘောဒီးယားနိုင်ငံသည် ယခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ပြည်ပဈေးကွက်သို့ အမေရိကန် ဒေါ်လာ ၇၅၃.၂၁ သန်းဖိုး တင်ပို့ခဲ့ပြီး ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ကန်ဒေါ်လာ ၂၇၂.၄၅ သန်း သို့မဟုတ် ၅၆.၆၇ ရာခိုင်နှုန်း တိုးလာကြောင်း သိရသည်။

Source: Khmer Times    

DOCA (ရန်ကုန်)

၂၀၂၅ ခုနှစ်၊ ပထမနှစ်ဝက်တွင် မှတ်ပုံတင်ထားသော လုပ်ငန်းအသစ် ၅,၆၀၀ ကျော်

      စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် ယခုနှစ် ပထမနှစ်ဝက်အတွင်း ကုမ္ပဏီနှင့် လုပ်ငန်းသစ် ၅,၆၄၉ ခု မှတ်ပုံတင်ခဲ့ပြီး ယခင်နှစ် အလားတူကာလတွင် မှတ်ပုံတင် ထားသည့် ကုမ္ပဏီ ၅,၃၄၉ ခုမှ ၅.၆ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း ၄-၈-၂၀၂၅ ရက်နေ့တွင် အစီရင်ခံစာထုတ်ပြန်ခဲ့သည်။ ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် ကုမ္ပဏီပေါင်း ၃,၀၇၃ ခုသည် အရင်းအနှီးကုမ္ပဏီများအဖြစ် မှတ်ပုံတင်ထားပြီး နိုင်ငံခြားကုန်သွယ်မှု ကုမ္ပဏီများ အဖြစ် ၂,၅၃၄ ခု နှင့် အခြားကုမ္ပဏီ ၄၂ ခုသည်တစ်ဦးတည်းပိုင်ကုမ္ပဏီများအဖြစ် မှတ်ပုံတင်ထားကြောင်း သိရသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Cham Nimul က ဝန်ကြီးဌာနသည် အလိုအလျောက်စနစ်မြှင့်တင်ခြင်း၊ ကုန်ကျစရိတ်နှင့် အချိန်ကိုလျှော့ချခြင်း၊ ဈေးနှုန်းတည်ငြိမ်စေရန်၊ ပြည်တွင်းကုန်သွယ်မှု စျေးကွက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတို့မှတစ်ဆင့် ပြည်သူ့ဝန်ဆောင်မှုများ၏ အရည်အသွေးကို မြှင့်တင်သွားရန် ကတိပြုထားကြောင်း ပြောကြားခဲ့သည်။ စီးပွားရေးမှတ်ပုံတင်ခြင်းတိုးတက်လာခြင်းသည် ထိရောက်သော အစိုးရ၏မူဝါဒများအောက်တွင် နိုင်ငံပြန်လည်ဖွင့်လှစ်ခြင်းအား ထင်ဟပ် စေကြောင်း ကမ္ဘောဒီးယား ကုန်သည်ကြီးများအသင်း (CCC) ၏ ဒုတိယဥက္ကဌ Lim Heng က ပြောကြားခဲ့သည်။ ဒစ်ဂျစ်တယ်အသွင်ပြောင်းရေးနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးတို့ကို အာရုံစိုက်ကာ အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍတို့အကြား ဆက်လက်ပူးပေါင်းဆောင်ရွက်ခြင်းသည် ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးတိုးတက်မှုလမ်းကြောင်းများကို တည်တံ့စေမည်ဖြစ်ကြောင်း Heng က ဆက်လက် ပြောကြားခဲ့သည်။

Source: Khmer Times 

DOCA (ရန်ကုန်)

ထိုင်းနိုင်ငံတွင် နိုင်ငံခြားသား ခရီးသွားဝင်ရောက်မှု ၆.၅၆ ရာခိုင်နှုန်းကျဆင်း

  ထိုင်းနိုင်ငံတွင် နိုင်ငံခြားသားခရီးသွားဝင်ရောက်မှုသည် ဇန်နဝါရီလ ၁ရက်နေ့မှ သြဂုတ်လ ၃ရက်နေ့အတွင်း ယခင်နှစ် အလားတူကာလထက် ၆.၅၆ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ခရီးသွားနှင့် အားကစားဝန်ကြီးဌာနက ၅.၈.၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။

   ဇန်နဝါရီ၁ရက် မှ သြဂုတ်၃ရက်အတွင်း နိုင်ငံခြားသား ခရီးသွားဝင်ရောက်မှုမှာ ၁၉.၅၇ မီလီယံရှိကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီး တရုတ်နိုင်ငံသည် ခရီးသွား ၂.၇၃ မီလီယံဖြင့် အကြီးဆုံး ဈေးကွက်အရင်းအမြစ် ဖြစ်ပါသည်။

    ပြီးခဲ့သည့် သီတင်းပတ်က ဘဏ္ဍာရေးဝန်ကြီးဌာနသည် ခရီးသွားဝင်ရောက်မှု ခန့်မှန်းချက်ကို ၃၆.၅ မီလီယံမှ ၃၄.၅ မီလီယံသို့ လျှော့ချခဲ့ပါသည်။ကိုဗစ်-၁၉ ရောဂါမဖြစ်ပွားမီ ကာလက ခရီးသွား ဧည့်သည် ၄၀ မီလီယံ ဝင်ရောက်ခဲ့ပါသည်။

    ထိုင်းနိုင်ငံ၏ နိုင်ငံခြားသားခရီးသွား ဝင်ရောက်မှုမှာ ဇန်နဝါရီလ ၁ရက်နေ့မှ ဇွန်လ ၂၉ ရက်နေ့ အတွင်း ယခင်နှစ် အလားတူကာလထက် ၄.၅၆ ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။

     ထိုင်းခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့(TAT) က အရှေ့အလယ်ပိုင်းနှင့် အာဖရိက ဈေးကွက်ရှိ ခရီးသွား ၁ မီလီယံ လျာထားခြင်းသည် ပထဝီနိုင်ငံရေးအခြေအနေများကြောင့် စိန်ခေါ်မှုများ ရှိနေ ကြောင်း ထုတ်ပြန်ထားပါသည်။

Source: Xinhua      

DOCA (ရန်ကုန်)

ဂျပန်နိုင်ငံ၏ ဆန်စျေးနှုန်းများ ယခုနှစ်အတွင်း ၁၀ ပတ်ဆက်တိုက် ပထမဆုံးအကြိမ် မြင့်တက်လျက်ရှိ

      ဇူလိုင်လ ၂၇ ရက်အထိ ဂျပန်နိုင်ငံ စူပါမားကတ်များတွင် ရောင်းချလျက်ရှိသော လက်လီ ဆန်စျေးနှုန်းသည် ၅ ကီလိုလျှင် ယမ်း ၃၆၂၅ (အမေရိကန်ဒေါ်လာ ၂၄.၆ )အထိမြင့်တက်ခဲ့ ကြောင်း အစိုးရမှထုတ်ပြန်သော သတင်းအချက်အလက်များအရ သိရပါသည်။ ဇူလိုင် ၂၁ မှ ဇူလိုင် ၂၇ ရက် အတွင်းတွင် ဆန်စျေးနှုန်းသည် ယခင်အပတ်ထက် ယမ်း ၄၀ အထိ မြင့်တက်ခဲ့ကြောင်း စိုက်ပျိုးရေး၊ သစ်တော နှင့် ငါးလုပ်ငန်းဝန်ကြီးဌာနမှ ထုတ်ပြန်သော အချက်အလက်များအရ သိရပါသည်။ ယခင်ရက်သတ္တပတ်အတွင်း စျေးကွက်ပေါက်စျေးအပေါ် ဖိအားများ ကျဆင်းစေသည့် အစိုးရ၏ ဆန်သိုလှောင်မှု အရှိန်အဟုန်ကျဆင်းလာမှုကို ဝန်ကြီးဌာနက ထောက်ပံ့ခဲ့ကြောင်း သိရပါသည်။ သိုလှောင်ထားသော ဆန်များတွင်ပါဝင်လေ့ရှိသော ဆန်မျိုးကွဲများသည် ယခင်အပတ်ပေါက်စျေး ၅ ကီလို ယန်း ၃၁၃၃  ထက် ၄၅ ယန်းမြင့်တက်လျက်ရှိကြောင်း သိရပါသည်။ ဝန်ကြီးဌာနသည် ဆန်စျေးနှုန်းများကို စောင့်ကြည့်လျက်ရှိပြီး စူပါမားကတ် ၁၀၀၀ သို့ အပတ်စဥ် ရည်ညွှန်းစျေးများ ထုတ်ပြန်လျက်ရှိကြောင်း အချက်အလက်များအရ သိရပါသည်။

Source: Xinhua      

DOCA (ရန်ကုန်)

                                     

အမေရိကန်နိုင်ငံမှ နည်းပညာဆိုင်ရာပစ္စည်းများနှင့် သဘာဝဓာတ်ငွေ့ရည်ဝယ်ယူမှုကို မြင့်တင်တော့မည့် မ‌လေးရှားနိုင်ငံ

     မလေးရှားနိုင်ငံသည် ၎င်း၏ semiconductor၊ အာကာသနှင့် ဒေတာစင်တာ ကဏ္ဍများအတွက် အမေရိကန်နိုင်ငံမှ ပစ္စည်းကိရိယာများကို လာမည့် ၅ နှစ်အတွင်း ဒေါ်လာ ၁၅၀ ဘီလီယံခန့် ဝယ်ယူသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါလုပ်ဆောင်မှု‌ Washington မှ အခွန်ကောက်ခံမှုကို ဖြတ်တောက်ရန်အတွက် ကုန်သွယ်ရေး အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ကုန်သွယ်ရေးဝန်ကြီးက သြဂုတ်လ ၄ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ အမေရိကန်နိုင်ငံသည် ယခင်အပတ်တွင် မ‌လေးရှားနိုင်ငံမှ အခွန် ၂၅ ရာခိုင်နှုန်းကောက်ခံရာမှ အခွန် ၁၉ ရာခိုင်နှုန်းခန့်လျော့၍ ကောက်ခံသွားမည်ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။ နိုင်ငံပိုင်စွမ်းအင်စက်ရုံ Petroliam Nasional Berhad က ဒေါ်လာ ၃.၄ ဘီလီယံ တန်ကြေးရှိသော သဘာဝဓာတ်ငွေ့ရည်များ ဝယ်ယူမည်ဖြစ်ကြောင်းနှင့် လာမည့် ၅ နှစ်အတွင်း နှစ်နိုင်ငံကြားကုန်သွယ်ရေးမတည်ငြိမ်မှုကို ကိုင်တွယ်ရန်အတွက် အမေရိကန်နိုင်ငံတွင် ဒေါ်လာ ၇၀ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း ဝန်ကြီး Tengku Zafrul Aziz လွှတ်တော်သို့ ပြောကြားခဲ့ပါသည်။ အမေရိကန်နိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် မလေးရှားနိုင်ငံနှင့် ကုန်သွယ်ရေးလျော့ချမှု ဒေါ်လာ ၂၄.၈ ဘီလီယံခန့်ရှိခဲ့ကြောင်း အစိုးရ၏ သတင်း အချက်အလက်များအရ သိရပါသည်။ Tengku Zafrul က မလေးရှားနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့သည် ကတိကဝတ်များ အကျုံးဝင်သည့် ပူးတွဲကြေညာချက်တစ်ခုကို အဆုံးသတ်နေကြောင်းနှင့် Donald Trump ၏ အစိုးရအဖွဲ့အစည်းများက အမေရိကန်နိုင်ငံမှ အခွန်ကောက်ခံမှု အပေါ် ရက်သတ္တပတ်ကြာ ညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း ပြောကြား ခဲ့ပါသည်။ မလေးရှားနိုင်ငံမှ လိုက်လျောချက်တွင် အမေရိကန်နိုင်ငံမှ တင်သွင်းကုန်များအပေါ် အခွန်ကောက်ခံမှု ၉၈.၄ ရာခိုင်နှုန်း ဖြေလျော့ခြင်း၊ အကောက်ခွန်မဲ့လမ်းကြောင်း အချို့ဖျက်သိမ်းခြင်းနှင့် အမေရိကန်နိုင်ငံ လူမှုကွန်ယက်ပလက်ဖောင်းများအတွက် လိုအပ်ချက်များ ဖယ်ရှားခြင်းတို့ ပါဝင်ကြောင်း သိရပါသည်။ Tengku Zafrul က မလေးရှားနိုင်ငံမှ အမေရိကန်နိုင်ငံသို့ တင်ပို့သော ဆေးဝါးဆိုင်ရာထုတ်ကုန် များနှင့် semiconductor များ အပေါ် အခွန်ဖြေလျော့မှုများ ကျန်ရှိနေကြောင်းနှင့် အစိုးရအနေဖြင့် စားအုန်းဆီ၊ ရာဘာ၊ ကိုကိုးကဲ့သို့ ကုန်ပစ္စည်းများအတွက် ဖြတ်တောက်မှုများကို ရှာဖွေနေ‌ ကြောင်း ပြောကြားခဲ့ပါသည်။

Source: The Daily Star     

DOCA (ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ