Main menu

သစ်သီးဝလံကဏ္ဍ (ဖရဲသီး) အပတ်စဉ် ဈေးကွက်၊ ဈေးနှုန်း သုံးသပ်တင်ပြချက်

Powered by Drupal

မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်၏ ဖရဲသီး ဈေးနှုန်း၊ ဈေးကွက်အခြေအနေ

          မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ တရုတ်နိုင်ငံသို့ ဖရဲသီးများ တင်ပို့လျှက်ရှိရာ (၄.၁.၂၀၂၁) ရက်မှ (၁၀.၁.၂၀၂၁) ရက်နေ့ အတွင်း ဖရဲအကြားသီး (၁၀၀၀၆) မက်ထရစ်တန်၊ ဈေးနှုန်း မှာ (၁) တန်လျှင် ၅၀၀ ယွမ် မှ ၂၆၀၀ ယွမ်အထိ၊ ဖရဲ အဝိုင်းကြားသီး (၄၀၂၂) မက်ထရစ်တန်၊ ဈေးနှုန်းမှာ (၁) တန်လျှင် ၁၀၀၀ ယွမ် မှ ၃၅၀၀ ယွမ် အထိ၊ အစေ့မဲ့ဖရဲ (၃၂၄၃) မက်ထရစ်တန်၊ (၁) တန် ဈေးနှုန်းမှာ ၁၀၀၀ ယွမ်မှ ၃၅၀၀ ယွမ်အထိ အသီးသီး ရရှိ ကြောင်း သိရှိရပါသည်။ ဖရဲအကြားသီးကို မန္တလေး၊ မြင်းခြံ၊ ဝမ်းတွင်း၊ ကျိုက်ထို၊ ဘီးလင်း၊ ချောင်းဦး၊ သာစည်၊ နဘူးအိုင်တို့မှ လည်းကောင်း၊ ဖရဲအဝိုင်းကြားသီးကို မန္တလေး၊ မြင်းခြံ၊ ချောင်းဦးတို့မှ လည်း ကောင်း၊ အစေ့မဲ့ ဖရဲသီးကို မြင်းခြံ၊ ဝမ်းတွင်း၊ စစ်ကိုင်းတို့မှ လည်းကောင်း အသီးသီး တင်ပို့ခဲ့ကြကြောင်း သိရှိရပါသည်။ ဖရဲသီးကို ယခင်တစ်ပတ်ထက် တန်ချိန် ပိုမိုတင်ပို့နိုင်ခဲ့သော်လည်း ဈေးနှုန်းများမှာ အနည်းငယ်လျော့နည်းပြီး တရုတ်နိုင်ငံ၏ ဝယ်လိုအားကြောင့် အရောင်းအဝယ်မှာ ပုံမှန်ဖြစ်နေကြောင်း သိရှိရပါသည်။

ဖရဲသီး ပြည်ပတင်ပို့မှုအခြေအနေ

          ဖရဲသီးပြည်ပတင်ပို့မှုအနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် တန်ချိန် (၇၉၆၉၃၆.၁၉၇) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၆၇.၄၇၉) သန်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် တန်ချိန် (၆၁၄၀၇၇.၆၁၈) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၅၄.၅၃၄) သန်း၊ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်တွင် (၁.၁၀.၂၀၂၀) မှ (၁.၁.၂၀၂၁) ထိ တန်ချိန် (၁၀၂၃၃၇.၃) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၀.၁၀၉) သန်း ဖြစ်ပါသည်။  ဖရဲသီးများ နိုင်ငံ အလိုက်ပြည်ပတင်ပို့မှု အခြေအနေများကို တစ်ဖက်ပါ ဇယားဖြင့် တင်ပြအပ်ပါသည်-

သုံးသပ်တင်ပြချက်

          မူဆယ်မှတဆင့် တရုတ်နိုင်ငံသို့ တင်ပို့နေသော မြန်မာ့ဖရဲသီးများ၏ ပို့ကုန်ဈေးနှုန်းမှာ လတ်တလောတွင် ဈေးထိုးကျကာ အနိမ့်ဆုံးဈေးသို့ရောက်ရှိနေကြောင်း မြန်မာနိုင်ငံ ဖရဲသခွားမွှေး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌထံမှ သိရှိရပါသည်။ လွန်ခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလကုန်၌ ဖရဲသီး တစ်တန်လျှင် နှစ်ပေါင်း (၃၀) ခန့်အတွင်း စံချိန်တင်ဈေးနှုန်းများအဖြစ် ယွမ် (၇၂၀၀) ခန့်အထိ ရရှိခဲ့သော်လည်း ဒီဇင်ဘာလကုန်တွင် တစ်တန်ဈေးနှုန်းမှာ (၄၅၀၀) ယွမ် ခန့် အထိ ဈေးနှုန်းများ ပြန်လည်ကျဆင်းလာခဲ့ရာမှ ယခု ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းတွင် အနိမ့်ဆုံးဈေးသို့ ရောက်ရှိခဲ့ ကြောင်း သိရှိရပါသည်။

          ဇန်နဝါရီလ ဒုတိယအပတ်အတွင်း ဖရဲဈေးနှုန်းအနေဖြင့် တစ်တန်လျှင် ယွမ် (၁၀၀၀) ကျော် အထိသာ ရရှိခဲ့ပြီး ဈေးနှုန်းထိုးကျသွားကြောင်း သိရှိရပါသည်။ ထိုသို့ ဈေးနှုန်းကျဆင်းရခြင်းမှာ တရုတ် ပြည်တွင်း၌ အအေးပိုလာကာ ကားများ သွားလာရန် ခက်ခဲခြင်း၊ အချို့ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါပိုးများ တွေ့ရှိရသဖြင့် သွားလာမှုကန့်သတ်ထားသည့် ပြည်နယ်များသို့ ကားများဝင်ရောက်၍ မရ ခြင်း စသည်တို့ကြောင့် ဖရဲသီးဈေးနှုန်းများ ကျသွားရခြင်းဖြစ်ကြောင်း သိရှိရပါသည်။  တရုတ်သို့ ဖရဲသီး တင်ပို့မှုကာလမှာ နှစ်စဉ် အောက်တိုဘာလမှ မေလအထိဖြစ်ပြီး တရုတ်နိုင်ငံ၌ ဇွန်လမှ အောက်တိုဘာလ အတွင်း ဖရဲသီးထွက်ရှိသဖြင့် အဆိုပါကာလတွင် တင်ပို့ရန် အဆင်မပြေနိုင်ကြောင်း သိရှိရပါသည်။

          ထို့ကြောင့် ဖရဲသီးတင်ပို့မည့် တောင်သူများ၊ ကုန်သည်လုပ်ငန်းရှင်များအနေဖြင့် မူဆယ်၌ဖြစ်ပေါ် နေသည့် ဖရဲဈေးကွက်၊ဈေးနှုန်းဆိုင်ရာ အခြေအနေများကို စုံစမ်းမေးမြန်း၍ ခူးဆွတ်တင်ပို့သင့်ပြီး အသင်းအဖွဲ့များ၊ ကုန်သည်လုပ်ငန်းရှင်များ၊ ကုန်စည်ဒိုင်များ၊ သက်ဆိုင်ရာဌာနများက သတင်းအချက် အလက်များ ကျယ်ကျယ်ပြန့်ပြန့်ရရှိနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးသင့်ပါသည်။