Main menu

ဖရဲသီး သီးနှံဆိုင်ရာ အပတ်စဉ် ဈေးကွက်၊ ဈေးနှုန်း သုံးသပ်တင်ပြချက်

Powered by Drupal

စိုက်ပျိုးထွက်ရှိမှုအခြေအနေ

          ဖရဲသီး ပြည်တွင်းစိုက်ပျိုးထုတ်လုပ်မှုအခြေအနေမှာ စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများအရ ၂၀၁၉-၂၀၂၀ ဘဏ္ဍာ နှစ်တွင် စုစုပေါင်း စိုက်ဧက (၆၃၈၈၅) ဧက၊ ရိတ်သိမ်းဧက (၆၃၈၈၅) ဧက၊ ပျမ်းမျှအထွက်နှုန်း (၁၉.၈၇) တန်ဖြစ်ပြီး စုစု ပေါင်းထွက်ရှိမှုမှာ တန်ချိန် (၁၂၆၉၄၇၉) တန်ခန့် ထွက်ရှိ ကြောင်း သိရှိရပါသည်။

ဈေးနှုန်း၊ ဈေးကွက်အခြေအနေ

          မြန်မာနိုင်ငံမှထွက်ရှိသည့် ဖရဲသီးများကို ပြည်တွင်း စားသုံးမှုအပြင် နယ်စပ်လမ်းကြောင်းမှတဆင့် တရုတ်နိုင်ငံ သို့ အများဆုံးတင်ပို့လျှက်ရှိပြီး  ထိုင်းနှင့် အိန္ဒိယနိုင်ငံများသို့ လည်း တင်ပို့လျှက်ရှိပါသည်။ မူဆယ် (၁၀၅) မိုင် ကုန်သွယ် ရေးဇုန်၌ (၂၈-၁၂-၂၀၂၀) ရက်နေ့မှ (၃-၁-၂၀၂၁) ထိ ဖြစ်ပေါ် လျှက်ရှိသော ဖရဲသီးဈေးနှုန်းများမှာ ဖရဲသီးအဝိုင်းကြား (၁) တန် ဈေးနှုန်းမှာ (၈၀၀ မှ ၂၃၀၀) ယွမ်၊ အစေ့မဲ့ဖရဲ (၁) တန် ဈေးနှုန်းမှာ (၁၀၀၀ မှ ၃၅၀၀) ယွမ် ထိရှိကြောင်း သိရှိရပါသည်။ ဖရဲအကြားသီးကို မန္တလေး၊ မြင်းခြံ၊ ဝမ်းတွင်း၊ ကျိုက်ထို၊ ဘီးလင်း၊ ချောင်းဦးမှ တင်ပို့လာခဲ့ပြီး၊ ဖရဲအဝိုင်း အကြားသီးကို မန္တလေး၊ မြင်းခြံ၊ ချောင်းဦးမှ တင်ပို့လာခဲ့ကြောင်း သိရှိရပါသည်။

ပြည်ပတင်ပို့မှုအခြေအနေ

          ဖရဲသီးကို နယ်စပ်လမ်းကြောင်းများမှတဆင့် ပြည်ပသို့ တင်ပို့လျှက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် (၂၅-၁၂-၂၀၂၀) ရက်နေ့အထိ တန်ချိန် (၈၆၆၉၄.၃) တန်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ (၈.၆၀၉) သန်း တင်ပို့ခဲ့ပါသည်။ ယခင်နှစ် အလားတူကာလတွင် တန်ချိန် (၂၀၂၃၅၈.၅) တန်၊ အမေရိကန်ဒေါ်လာ (၁၇.၃၂၅) သန်း တင်ပို့ခဲ့သဖြင့် ကာလတူနှိုင်းယှဉ်ပါက တင်ပို့မှုမှာ တန်ချိန် (၁၁၅၆၆၄.၂) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၈.၇၁၆) သန်း လျော့နည်းခဲ့ပါသည်။

သုံးသပ်တင်ပြချက်

            မြန်မာနိုင်ငံမှ သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်များကို နယ်စပ်ကုန်သွယ်ရေးနည်းလမ်းဖြင့် သာမက ပင်လယ်ရေကြောင်းလိုင်းနှင့် လေကြောင်းလိုင်းများဖြင့်ပါ ပြည်ပဈေးကွက်များသို့ တင်ပို့လျက် ရှိပါသည်။ ဖရဲသီးကို တရုတ်နိုင်ငံသို့သာ အဓိကတင်ပို့နေရပြီး ယခင်နှစ်များထက် တင်ပို့မှုပမာဏ လျော့ ကျခဲ့သော်လည်း ဈေးနှုန်းမြင့်မားစွာရရှိကြောင်း သိရှိရပါသည်။

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ(၅)ရက်နေ့တွင် တရုတ်နိုင်ငံ၌ အအေးပိုနေခြင်းနှင့် အချို့ဒေသများတွင် ကိုဗစ်-၁၉ ရောဂါအနည်းငယ်ပြန်တွေ့ခြင်းကြောင့် ဖရဲသီးဈေးနှုန်းများ အနည်းငယ်ကျသွားကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံသို့ ဖရဲသီး အဓိကတင်ပို့ရာလမ်းကြောင်းဖြစ်သည့် ကျင်စန်းကျော့ဂိတ်ကို ဇန်နဝါရီလ (၅) ရက်နေ့မှစ၍ မြန်မာစံတော်ချိန် နံနက် (၇:၀၀) နာရီမှ ည (၈:၃၀) နာရီအထိ အချိန်တိုးမြှင့်ဖွင့်လှစ် လိုက်သဖြင့် ဖရဲသီးကားများ ပိုမိုဝင်ရောက်နိုင်မည်ဖြစ်ပါသည်။ ထိုသို့ နယ်စပ်ဂိတ်များ အချိန်တိုးမြှင့်ဖွင့် လှစ်လိုက်ခြင်းကြောင့် ကုန်စည်စီးဆင်းမှုမြန်ဆန်၍ ဖရဲသီးကားများ ပိုမိုတင်သွင်းနိုင်သော်လည်း ဈေး ကွက်ကို ထိန်းထားနိုင်ရန်အတွက် ဈေးကွက်ရောင်းချရမှုပေါ်အခြေခံ၍ တင်ပို့သွားမည်ဖြစ်ကြောင်း မူဆယ်သစ်သီးဝလံကုန်စည်ဒိုင်မှ သိရှိရပါသည်။

လက်ရှိအချိန်တွင် မြန်မာ့ဖရဲသီး၏ ပြည်ပဈေးကွက်အနေဖြင့် တရုတ်ဈေးကွက် တစ်ခုတည်းသာ အဓိကအားထားနေရသဖြင့် ရေရှည်တွင် ပြည်ပဈေးကွက်များ တိုးချဲ့ရှာဖွေ၍ တင်ပို့နိုင်ရန် လိုအပ်လျှက် ရှိပါသည်။ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလတွင် ပြည်တွင်းကုမ္ပဏီတစ်ခုက မြန်မာ့အစေ့လွတ်ဖရဲသီး တန်ချိန် (၂၀) ကျော်ကို UAE နိုင်ငံသို့ စမ်းသပ်တင်ပို့ခဲ့ရာ အရည်အသွေးပိုင်းဆိုင်ရာ၌ ရလဒ်ကောင်းများ ရရှိခဲ့ သဖြင့် တင်ပို့နိုင်ရန် အလားအလာကောင်းများရှိကြောင်း သိရှိရပါသည်။ ထိုသို့ ပြည်ပဈေးကွက် တိုးချဲ့ တင်ပို့နိုင်ရေးအတွက် သက်ဆိုင်ရာအစိုးရဌာနများ၊ အသင်းအဖွဲ့များနှင့် လုပ်ငန်းရှင်များက စနစ်တကျ ပူးပေါင်းဆောင်ရွက်သင့်ပါကြောင်း လေ့လာတင်ပြအပ်ပါသည်။