Main menu

ကြက်သွန်နီ သီးနှံဆိုင်ရာ အပတ်စဉ် ဈေးကွက်၊ ဈေးနှုန်း သုံးသပ်တင်ပြချက်

Powered by Drupal

စိုက်ပျိုးထွက်ရှိမှုအခြေအနေ

           စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန၏ စာရင်းများအရ မြန်မာနိုင်ငံတွင် ကြက်သွန်နီ စိုက်ပျိုးမှုအနေဖြင့် စိုက်ပျိုးဧရိယာ (၁၇၄၄၂၃) ဧကရှိပြီး ထွက် ရှိမှုမှာ (၆၂၉၆၀၅၃၁၃) ပိဿာ ဖြစ်ပါသည်။ တစ်ဧကလျှင် ပျမ်းမျှ (၃၆၂၀.၇၁) ပိဿာ ထွက်ရှိပါသည်။ကြက်သွန်နီ အဓိက စိုက်ပျိုးသော တိုင်းဒေသကြီးများဖြစ်သည် မန္တလေးတိုင်းဒေသကြီးတွင် (၂၂၇၅၇၂၀၁၈) ပိဿာ၊ တစ်နိုင်ငံလုံးထွက်ရှိမှု၏ (၃၆) % ၊ မကွေးတိုင်းဒေသကြီးတွင် (၁၆၂၁၇၀၉၆၆)ပိဿာ၊ တစ်နိုင်ငံလုံး ထွက်ရှိမှု၏ (၂၆)%၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် (၂၀၀၁၄၉၉၈၃) ပိဿာ၊ တစ်နိုင်ငံလုံးထွက်ရှိမှု၏(၃၂)% ဖြစ်ပါသည်။ တိုင်းဒေသကြီး (၃) ခုပေါင်း ကြက်သွန်နီ ထွက်ရှိမှုသည်  (၅၈၉၈၉၂၉၆၇) ပိဿာရှိပြီး ၊ ရာခိုင်နှုန်းအားဖြင့် တစ်နိုင်ငံလုံးထွက်ရှိမှု၏ (၉၄) % ရှိပါသည်။

ဈေးနှုန်း၊ ဈေးကွက်အခြေအနေ

          ယခုတစ်ပတ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဘုရင့်နောင်ပွဲရုံ (ဆိပ်ဖြူစလတ်သန့်) စျေး (အသစ်) (၅၅၀) ကျပ်ဖြစ်ပြီး၊ နယ်တစ်ပိဿာ လက်ကားစျေး (လတ်) စျေးများမှာ  မုံရွာတွင် (အသစ်) (၄၅၀)ကျပ်၊ မန္တလေးတွင် (၅၀၀) ကျပ်၊ ကျောက်ဆည်၊ မြစ်သားတွင်(လတ်) (အသစ်) (၅၅၀) ကျပ်၊ မကွေးတွင်(၅၀၀) ကျပ်ဝန်းကျင် အသီးသီး အရောင်းအဝယ် ပြုလုပ်လျက် ရှိပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကြက်သွန်နီ ထွက်ရှိရာ ဒေသများမှ မြင်းခြံကုန်စည်ဒိုင်သို့ ယခုတစ်ပတ်တွင် ကုန်ချိန်ပိဿာ (၁၆၀၉၂၀၀) ခန့်ထိ ဝင်ရောက်မှုရှိခဲ့ပါသည်။ မြင်းခြံ ကုန်စည်ဒိုင်မှ ရန်ကုန်ဘုရင့်နောင်ပွဲရုံများသို့ အဓိက တင်ပို့လျက် ရှိကြောင်း သိရှိရပါသည်။ မကွေးတိုင်းဒေသကြီးတွင် ပခုက္ကူကုန်စည်ဒိုင်သို့ ယခုတစ်ပတ်တွင် ပိဿာချိန် (၁၀၂၈၀၀၀) ခန့်နှင့် ဆိပ်ဖြူကုန်စည်ဒိုင်သို့ ယခုတစ်ပတ်အတွင်း ကုန်ချိန် (၁၂၄၀၀၀) ပိဿာခန့် ဝင်ရောက် ခဲ့ပါသည်။ ကြက်သွန်နီများ နေ့စဉ်ဝင်ရောက် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ယခုအချိန်တွင် နွေ ကြက်သွန်နီများအပြင် မိုးကြက်သွန်နီများလည်း နေ့စဉ် ကုန်စည်ဒိုင်များသို့ ဝင်ရောက်လျက်ရှိပြီး အရောင်း အဝယ်ပြုလုပ်လျက် ရှိကြောင်း သိရှိရပါသည်။

ပြည်ပတင်ပို့မှုအခြေအနေ

          ယခုဘဏ္ဍာနှစ်တွင် ပြည်ပသို့ ကြက်သွန်နီ တင်ပို့မှုမှာ တန်ချိန် (၅၂၃၅၅.၆၇၈)၊ တန်ဖိုး (၁၇.၃၆၄)(USD) သန်း ဖြစ်ပါ သည်။ ၂၅-၁၂-၂၀၂၀ ရက်နေ့အထိ တရုတ်နိုင်ငံသို့ (၂၄၀၅၆.၀၀) တန်၊ စင်ကာပူသို့ (၁၆၃၈.၁၅) တန်၊ ထိုင်းနိုင်ငံသို့ (၁၀၅၉၂.၂၀) တန်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ (၁၃၄၉၂.၈၅)တန်၊ ဗီယက်နမ်နိုင်ငံသို့ (၄၈၁.၀၁) တန်၊ အိန္ဒိယနိုင်ငံသို့ (၇၀.၀၀)တန်၊ မလေးရှားနိုင်ငံသို့  (၂၀၂၅.၄၇) တန် တင်ပို့ခဲ့ကြောင်း သိရှိရပါသည်။ ယခုဘဏ္ဍာနှစ် ပြည်ပတင်ပို့မှုသည် ၂၅-၁၂-၂၀၂၀ ရက်နေ့ထိ တန်ချိန် (၅၂၃၅၅.၆၇၈)၊ တန်ဖိုး (၁၇.၃၆၄)(USD)သန်း တင်ပို့ခဲ့ပြီး ယခင်ဘဏ္ဍာနှစ် ကာလတူတင်ပို့မှုထက် (၃၁၆၀၆.၉၀၈) တန်ချိန် ပိုမို တင်ပို့ခဲ့ကြောင်း သိရှိရပါသည်။

သုံးသပ်ချက်

       ကြက်သွန်စိုက်တောင်သူများ မိုးရာသီတွင် စိုက်ပျိုးခဲ့သည့် ကြက်သွန်နီစိုက်ခင်းများ ယခု လဆန်းပိုင်းတွင် စတင်နှုတ်သိမ်းနေကြပြီး လက်ရှိတွင် ကြက်သွန်နီဈေးနှုန်းများ ကျဆင်းနေခြင်း ကြောင့် ယခင်နှစ်ထက် သီးနှံဝင်ငွေအကျိုးအမြတ် နည်းပါးခဲ့ကြောင်း သိရှိရပါသည်။ ယခင်နှစ် မိုးကြက်သွန်နီ လှိုင်လှိုင်ပေါ်ချိန်တွင် ဈေးနှုန် ၁၅၀၀ မှ ၂၀၀၀ ဝန်းကျင်ရှိခဲ့သဖြင့် ကြက်သွန်စိုက် တောင်သူများ တွက်ခြေကိုက်မှုရှိခဲ့ပါသည်။ နယ်စပ်လမ်းကြောင်းဖြစ်သည့် မူဆယ်လမ်းကြောင်းမှ တဆင့် တရုတ်နိုင်ငံသို့ ကြက်သွန်နီ နေ့စဉ်တန်ချိန်(၁၀၀၀) ဝန်းကျင်ခန့် တင်ပို့လျက်ရှိပြီး မြဝတီမှ တဆင့် ထိုင်းနိုင်ငံသို့ နေ့စဉ် တန်ချိန် (၂၀၀) မှ (၃၀၀) ထိ တင်ပို့လျက်ရှိကြောင်း သိရှိရပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကြက်သွန်နီ တင်သွင်းမှုကို ကန့်သတ်ထားခြင်းကြောင့် လက်ရှိအချိန်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့မှုများလည်း ရပ်တန့်လျက်ရှိသည်။ အိန္ဒိယနိုင်ငံအစိုးရက ၂၀၂၁ ခုနှစ် ဆန်းပိုင်းက ကြက်သွန်နီ ပြည်ပတင်ပို့မှုကို ပြန်လည်ခွင့်ပြုလိုက်ခြင်းကြောင့် တရားမဝင် လမ်းကြောင်း များမှတဆင့် အိန္ဒိယနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဝင်ရောက်လျက်ရှိကြောင်းလည်း သိရှိရပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးသည် ကြက်သွန်နီတင်သွင်းခြင်းကို ပြန်လည်သုံးသပ်လျက်ရှိပြီး ပြန်လည်ခွင့် ပြု/မပြုကို မကြာခင် ထုတ်ပြန်သွားမည်ဟု သတင်းများအရ သိရှိရပါသည်။ ယခုအချိန်တွင် COVID-19 ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားနေခြင်းကြောင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းအား ယာယီပိတ်ထားခြင်းကို ပြန်လည် ဖွင့်လှစ်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်း ကြက်သွန်နီတင်သွင်းခြင်းကို ခွင့်ပြုခဲ့မည်ဆိုပါက ကြက်သွန် လောကသားများအတွက် ဈေးကောင်းရရှိရေး အခွင့်အလမ်း တစ်ခုဖြစ်လာနိုင်ကြောင်း သုံးသပ်တင်ပြ အပ်ပါသည်။