Main menu

ပြည်တွင်းငါးစားသုံးမှု ဖွံ့ဖြိုးတိုးတက်ရေးဆီသို့…

Powered by Drupal

        ငါးသည် မြန်မာလူမျိုးတို့၏ နေ့စဉ်စားသောက်မှုတွင် အရေးပါအစိတ်အပိုင်းတစ်ခုအဖြစ် ရှိနေ ပေသည်။ မြန်မာလူမျိုး အိမ်ထောင်စုများသည် ရေငန်ငါးများထက် ရေချိုငါးများကို ပိုမိုကြိုက်နှစ်သက် လေ့ရှိကြပါသည်။ မြန်မာနိုင်ငံတွင် မြစ်ချောင်းအင်းအိုင်များ ပေါများသည့်အားလျော်စွာ ထုတ်လုပ်ရရှိ သော ငါးများကို ပြည်တွင်းစားသုံးမှုအတွက် ဖြည့်တင်းလျှက်ရှိသည့်အပြင် ပြည်ပတင်ပို့မှုအတွက်ပါ အထောက်အကူပြုလျှက်ရှိပါသည်။ ငါးသည် အဆီနည်းပြီး ပရိုတင်းဓာတ်ကြွယ်ဝသော အသားတစ်မျိုး ဖြစ်သောကြောင့် ပြည်သူလူထု၏ စားနပ်ရိက္ခာနှင့် အာဟာရဖူလုံရေးအတွက် အကျိုးပြုပါသည်။ အသား မှရရှိသော အခြားပရိုတင်းဓာတ်ကြွယ်ဝသည့် အစားအစာများ၊ အသားတို့နှင့်နှိုင်းယှည်ပါက ငါးသည် ဈေးသက်သာသောကြောင့် လူအများ ဝယ်ယူစားသုံးနိုင်သည့် စားသောက်ကုန်အမယ်တစ်ခုလည်း ဖြစ်ပါ သည်။

ပြည်တွင်းငါးထုတ်လုပ်မှုနှင့် စားသုံးမှု

          မြန်မာနိုင်ငံတွင် ငါးနှင့် ရေထွက်ပစ္စည်းထုတ်လုပ်သည့်လုပ်ငန်းများကို တနင်္သာရီတိုင်းဒေသကြီး နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် အများဆုံးလုပ်ကိုင်လျှက်ရှိကြပြီး ပင်လယ်ငါးဖမ်းလုပ်ငန်းနှင့် ကုန်း တွင်းရေချိုငါးလုပ်ငန်းဟူ၍ လုပ်ကိုင်ဆောင်ရွက်လျှက် ရှိကြပေသည်။ FAO ၏ စာရင်းများအရ မြန်မာ နိုင်ငံ၏ ငါးထုတ်လုပ်နိုင်မှုမှာ ၂၀၁၆-၂၀၁၇ ခုနှစ်တွင် မက်ထရစ်တန်ချိန် (၃) သန်း၊ ၂၀၁၇-၂၀၁၈ ခုနှစ် မက်ထရစ်တန်ချိန် (၅.၈၇) သန်းနှင့် ၂၀၁၈-၂၀၁၉ ခုနှစ်တွင် မက်ထရစ်တန်ချိန် (၃.၅၄) သန်း ဖြစ် ကြောင်း သိရှိရပါသည်။ FAO ၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံသည် ကမ္ဘာ့အကြီးဆုံး ငါးမွေးမြူ ထုတ် လုပ်သည့်နိုင်ငံများတွင် အဆင့် (၈) နေရာ၌ ရပ်တည်လျှက်ရှိပြီး ငါးလုပ်ငန်းကဏ္ဍမှ မြန်မာနိုင်ငံဂျီဒီပီ၏ (၂) ရာခိုင်နှုန်းကို ထောက်အကူပြုလျှက်ရှိကြောင်း သိရှိရပါသည်။ FAO အဖွဲ့၏ ၂၀၁၇ ခုနှစ် နိုင်ငံ အလိုက် ငါးနှင့်ပင်လယ်စာသုံးမှုနှုန်း ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏ လူတစ်ဦး တစ်နှစ်ပျမ်းမျှ စားသုံး မှုနှုန်းမှာ (၄၇.၃၂) ကီလိုဂရမ်ရှိပြီး ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့က အများဆုံး စားသုံး ကြကာ ချင်းပြည်နယ်က စားသုံးမှုအနည်းဆုံးဖြစ်ကြောင်း သိရှိရပေသည်။ အာဆီယံနိုင်ငံများတွင် မြန်မာနိုင်ငံက ဒုတိယစားသုံးမှုအများဆုံးနိုင်ငံဖြစ်ကြောင်း တွေ့ရှိရပါသည်။ ထို့ပြင် မြန်မာနိုင်ငံ၏ ငါးနှင့် ပင်လယ်စာစားသုံးမှုနှုန်းမှာလည်း အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ လာအို၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့၏ စားသုံးမှုနှုန်းထက် ပိုမိုမြင့်မားလျှက်ရှိသည်ကို တွေ့ရှိရပေသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ ငါးထုတ်လုပ်မှုနှင့် စားသုံးမှုနှုန်းသည် မြင့်မားပြီး ငါးလုပ်ငန်းကဏ္ဍအတွက် အလားအလာ ကောင်းများစွာရှိနေပေသည်။ အာဆီယံနိုင်ငံများ၏ ငါးနှင့်ပင်လယ်စာ စားသုံးမှုနှုန်းအား တစ်ဖက်ပါ အတိုင်း ဖော်ပြအပ်ပါသည်-

ပြည်ပတင်ပို့မှုအခြေအနေ

          ငါးလုပ်ငန်းကဏ္ဍသည် မြန်မာနိုင်ငံ၏စီးပွားရေးကို အထောက်အကူပြုသည့်ကဏ္ဍအဖြစ် ရပ် တည်လျှက်ရှိပြီး စုစုပေါင်း ဂျီဒီပီ၏ (၂) ရာခိုင်နှုန်းကို အထောက်အကူပြုလျှက်ရှိကြောင်း သိရှိရပါသည်။ ထို့ပြင် ငါးကဏ္ဍသည် မြန်မာနိုင်ငံ အသားစားသုံးမှု၏ (၅၀) ရာခိုင်နှုန်းကို အထောက်အပံ့ပေးသည့် အပြင် အလုပ်အကိုင်ပံ့ပိုးနိုင်မှုတွင်လည်း ၆ ရာခိုင်နှုန်းရှိပါသည်။ အချို့သော ကမ်းရိုးတမ်းဒေသများတွင် ပြည်နယ်နှင့်တိုင်းဒေသကြီး ဘဏ္ဍာငွေရရှိမှု၏ (၃၄) ရာခိုင်နှုန်းမှ (၅၆) ရာခိုင်နှုန်းအထိ အထောက်အကူ ပြုကြောင်း စစ်တမ်းများအရ သိရှိရပေသည်။ မြန်မာနိုင်ငံ၏ ပြည်ပသို့ ငါးတင်ပို့မှုတွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၌ တန်ချိန် (၄၁၃၀၄၂.၉၆) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၃၉၁.၆၀၁) သန်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် တန်ချိန် (၃၈၇၁၄၀.၁၅) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၃၈၀.၈၄၅) သန်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် တန်ချိန် (၄၃၇၆၉၆.၂၂) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၄၆၈.၇၅) သန်း အသီး သီး တင်ပို့ခဲ့ပါသည်။ လက်ရှိ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ငါးပြည်ပတင်ပို့မှုအနေဖြင့် (၂၅-၁၂-၂၀၂၀) ရက် နေ့အထိ တင်ပို့မှုမှာ တန်ချိန် (၁၁၅၅၀၈.၃၁၁) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၂၈.၃၆၃) သန်း တင်ပို့ခဲ့ပြီး ယခင်နှစ် ကာလတူနှိုင်းယှဉ်ပါက တန်ချိန် (၁၄၉၃၄.၅၉) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၄.၃၅၇) သန်း လျော့နည်းခဲ့သည်ကိုတွေ့ရှိရပေသည်။ မြန်မာနိုင်ငံ၏ နှစ်စဉ်ပြည်ပငါးတင်ပို့မှုမှာ စုစုပေါင်းငါးထုတ်လုပ်မှု၏ ပျမ်းမျှ ၁၀ % ကိုသာ တင်ပို့နိုင်ခဲ့ပြီး ထိုင်း၊ တရုတ်၊ ဂျပန်၊ စင်္ကာပူနှင့် အာရပ်နိုင်ငံများသို့ တင်ပို့လျှက်ရှိကြောင်း သိရှိရပေသည်။

ငါးလုပ်ငန်းကဏ္ဍ၏ လက်ရှိဖြစ်ပေါ်နေသော အခြေအနေများ

          ယခုအခါ ကမ္ဘာအနှံ့ဖြစ်ပွားလျှက်ရှိသော ကိုဗစ်-၁၉ ကပ်ရောဂါ၏ ရိုက်ခတ်မှုကြောင့် နိုင်ငံ အသီး သီးတွင် စီးပွားရေးလုပ်ငန်းများ ထိခိုက်ခဲ့ကြရပြီး မြန်မာနိုင်ငံတွင်လည်း ကဏ္ဍအသီးသီး၌ ထိခိုက်နစ် နာမှုများ ဖြစ်ပေါ်ခဲ့ရပေသည်။ ၎င်းတို့တွင် ငါးလုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုများသည် ပြည်တွင်းဒေသအနှံ့အပြားတွင် ဖြစ်ပေါ်ခဲ့သဖြင့် သွားလာကန့်သတ် မှုများပြုလုပ်ခဲ့ရသောကြောင့် သယ်ယူပို့ဆောင်ရေးနှင့် ကုန်သွယ်ရောင်းဝယ်မှုများတွင် အခက်အခဲများ ဖြစ်ပေါ်ခဲ့ရပါသည်။ ထို့ပြင် ဒေသတွင်းကူးစက်မှုများအဖြစ် ဧရာဝတီတိုင်းဒေသကြီးရှိ ဒေသတစ်ချို့တွင် ဒေသတွင်းကူးစက်မှုများဖြစ်ပေါ်ခဲ့ခြင်း၊ ရန်ကုန်နှင့် မန္တလေးမြို့တို့ရှိ အဓိကငါးဈေးကြီးများတွင် ရောဂါ ပိုးကူးစက်ခဲ့၍ ငါးဈေးများ ယာယီပိတ်ခဲ့ရခြင်း စသည့် အခြေအနေများက ပြည်တွင်းငါးစားသုံးမှုကို ထိ ခိုက်စေခဲ့ပါသည်။ ပြည်ပတင်ပို့ရာတွင်လည်း တင်ပို့မည့်နိုင်ငံများအကြား ကပ်ရောဂါနှင့်ပတ်သက်၍ အပြန်အလှန် စိုးရိမ်ပူပန်မှုများရှိခြင်း၊ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ၌ တင်ပို့မှုအခက်အခဲများ ရှိခြင်းတို့က ပြည်ပတင်ပို့မှုကို လျော့ကျစေခဲ့ပါသည်။ လက်ရှိအချိန်တွင် မြန်မာနိုင်ငံမှ ငါးအများဆုံး တင်ပို့သည့် ထိုင်းနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများရှိနေသဖြင့် မြန်မာ-ထိုင်းနယ်စပ်ဂိတ်များ ဖြစ်သည့် ထီးခီးနှင့် မောတောင်ဂိတ်များကို ပိတ်ထားကြောင်း သိရှိရပါသည်။ ထို့ကြောင့် ပြည်ပတင်ပို့မှု များ ဆက်လက်မလျော့ကျသွားစေရန် ရေတို၊ရေရှည်အစီအမံများ ချမှတ်ဆောင်ရွက်သွားရန်နှင့် ပြည် တွင်းငါးထုတ်လုပ်မှုကို အထောက်အပံ့ဖြစ်စေရန် ငါးစားသုံးမှုမြင့်မားလာအောင် ဆောင်ရွက်ရန် လိုအပ် လျှက်ရှိနေပါသည်။

ပြည်တွင်းငါးစားသုံးမှု တိုးတက်မြင့်မားလာဖို့ …

          ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ပြည်တွင်းငါးထုတ်လုပ်မှုကဏ္ဍအပေါ် ထိခိုက်မှုလျော့နည်း စေရန် ထိရောက်မည့်ဆောင်ရွက်မှုတစ်ခုမှာ ပြည်တွင်းငါးစားသုံးမှုတိုးတက်ခြင်းပင်ဖြစ်ပါသည်။ ထိုသို့ ငါးစားသုံးမှုတိုးတက်စေရန် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ပြည်သူများအား အသိပညာပေးခြင်း၊ ငါးစား သုံးခြင်းမှရရှိသည့် အာဟာရနှင့်ပတ်သက်၍ ဟောပြောဆွေးမှုများ ပြုလုပ်လျှက်ရှိသည်ကို တွေ့ရှိရပါ သည်။ အဆိုပါ ဆောင် ရွက်မှုများကို ဒေသအနှံ့အပြားတွင် ပြုလုပ်ဆောင်ရွက်ရန်လည်း လိုအပ်ပေသည်။ ထို့ပြင် စားသုံးမှုတိုးတက်လာစေရန်အတွက် ပြည်သူများ ဈေးသက်သာစွာဖြင့် အလွယ်တကူ ဝယ်ယူရရှိ ရေးကိုလည်း စီစဉ်ဆောင်ရွက်ပေးရန် လိုအပ်ပါသည်။ သက်ဆိုင်ရာအသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များက မြို့နယ်အလိုက်၊ ဒေသအလိုက် ငါးဈေးကားများစီစဉ်၍ ရောင်းချပေးခြင်း၊ နိုင်ငံတော်ရိက္ခာထောက်ပံ့မှု တွင်လည်း ငါးရိက္ခာထည့်သွင်းထောက်ပံ့ပေးခြင်းများ ဆောင်ရွက်သင့်ပါသည်။ အထူးသဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ပြည်သူများသည် မိမိတို့နေအိမ်အတွင်း နေထိုင်ကြရ သဖြင့် စားသုံးသည့်အစားအသောက်များမှ အာဟာရဓာတ် မျှတစွာရရှိရေး ဂရုပြုစားသုံးကြရမည်ဖြစ် ပါသည်။ ငါးစားသုံးခြင်းဖြင့် ငါးတွင်ပါဝင်သော ပရိုတင်းနှင့် ဗီတာမင်-ဒီမှ ရောဂါပိုးများ ခုခံကာကွယ် ခြင်းနှင့် ကိုယ်ခံစွမ်းအားကောင်းမွန်ရေးအတွက် အထောက်အပံ့ဖြစ်စေနိုင်မည် ဖြစ်ပါသည်။ ထို့ကြောင့် ငါးလုပ်ငန်းကဏ္ဍ စဉ်ဆက်မပြက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ပတင်ပို့မှုတိုးတက်ရန် ရေရှည်အစီအမံ များ ချမှတ်ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ ပြည်တွင်းစားသုံးမှု တိုးတက်လာစေရန်လည်း သက်ဆိုင်ရာ အစိုးရဌာနများ၊ အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များနှင့် ပြည်သူများအားလုံးက တက်ညီလက်ညီ ကြိုးပမ်း ဆောင်ရွက်ရန်နှင့် ငါးစားသုံးမှုအား ဂုဏ်ယူစရာ ပြယုဂ်တစ်ခုအဖြစ် ခံယူသင့်ပါကြောင်း တိုက်တွန်းရေး သားလိုက်ရပါသည်။

ရင်းမြစ်။   (၁)  ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံ ပတ်ဝန်းကျင်ဆိုင်ရာဆန်းစစ်လေ့လာချက် ၂၀၁၉,   (၂)   WorldFish website,   (၃) ငါးလုပ်ငန်းဦးစီးဌာန website page