Main menu

ပဲခူးတိုင်းတွင် စပါးခွံသုံး ဓာတ်ငွေ့လျှပ်စစ်ဓာတ်အားပေးစက် ( Gasifire Power Plant) တည်ဆောက်ရေး စီမံကိန်း ဆွေးနွေးပွဲကျင်းပပြုလုပ်

Powered by Drupal

    ပဲခူးတိုင်းဒေသကြီး ၊ ပဲခူးမြို့တော်ခန်းမ၌ (၉.၃.၂၀၂၃)ရက်နေ့ ၊ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ဖူလုံစွာရရှိရေးအတွက် ဒေသအစီအစဉ်ဖြင့်ဆောင်ရွက်မည့် စပါးခွံလောင်စာသုံး ဓာတ်ငွေ့လျှပ်စစ်ဓာတ်အားပေးစက် ( Gasifire Power Plant ) တည်ဆောက်ရေး စီမံကိန်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည် ။ အဆိုပါဆွေးနွေးပွဲတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် ပြည်သူလူထုဗဟိုပြုဖွံ့ဖြိုးရေးလုပ်ငန်း များကို လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက်ဆောင်ရွက်သွားမည်ဟူသော ဦးတည်ချက်နှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း ၊ ပဲခူးတိုင်းဒေသကြီးသည် စပါးအများဆုံးစိုက်ပျိုးသော တိုင်းဒေသကြီးဖြစ်သည်နှင့်အညီ ဆန်စက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်လည်း လိုအပ်ပါကြောင်း၊ ဆန်စက်များမှ ကြိတ်ခွဲထွက်ရှိသော စပါးခွံများကိုလည်း အလေအလွင့်မရှိစေရေးနှင့် စပါးခွံလောင်စာသုံး လျှပ်စစ်ဓါတ်အားပေးစက် Gasifire Power Plant တည်ဆောက်သုံးစွဲခြင်းဖြင့် လျှပ်စစ်ဓါတ်အားခများ သက်သာခြင်း၊ နိုင်ငံတော်ဓါတ်အားစနစ်ကို အထောက်အကူပြုခြင်း၊ နေ့ညမရွေး ဆန်စက်များ လည်ပတ်စေနိုင်ခြင်းကြောင့် ကုန်ထုတ်လုပ်မှုကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်နိုင်မည်ဖြစ်၍ Gasifire Power Plant များ တည်ဆောက်အသုံးပြုနိုင်ရေး တိုက်တွန်းပြောကြားခဲ့ပါသည် ။

    ပြီးနောက် တက်‌ရောက်လာသည့် လုပ်ငန်းရှင်(၃)ဦးက Gasifire Power Plant များ တည်ဆောက်အသုံးပြုနိုင်ရေး power point ဖြင့် တင်ပြဆွေးနွေးခဲ့ကာ သိလိုသူများက မေးမြန်းမှုများကို ပြန်လည်ဖြေကြားခဲ့ပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာများ ၊ ဆန်စက်လုပ်ငန်းရှင်များ တက်‌ရောက်ခဲ့ကြောင်း သိရှိရပါသည် ။

DOCA(ပဲခူး)