Main menu

စတော်ဘယ်ရီစိုက်ခင်းအကြောင်း တစေ့တစောင်း

Powered by Drupal

    ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ ငြိမ်းချမ်းရေးကုန်းအနီးရှိ ရွှေကံ့ကော် စတော်ဘယ်ရီခြံမှ စိုက်ခင်းရှင် ဒေါ်နန်းအေးပွဲနှင့်တွေ့ဆုံပြီး သီးနှံနှင့်စပ်လျဉ်း၍ မေးမြန်းခဲ့ရာ စတော်ဘယ်ရီသီးစိုက်ပျိုး ထားမှုအခြေအနေများ၊ စိုက်ပျိုးထွက်ရှိမှုအခြေအနေများ၊ ရာသီဥတုနှင့်သီးနှံထွက်နှုန်းများ၊ သီးနှံဈေးကွက်နှင့် ရောင်းချမှုအခြေအနေများကို သိရှိခဲ့ရပါသည်။

      စတော်ဘယ်ရီသီးစိုက်ပျိုးရာတွင် မျိုးစေ့ဖြင့်စိုက်ပျိုးနည်းနှင့် ပင်ပျိုဖြင့်စိုက်ပျိုးနည်းဟူ၍ (၂)မျိုး ရှိကြောင်းသိရပြီး ၎င်းတို့သည် ပင်ပျိုဖြင့်စိုက်ပျိုးကြကြောင်း၊ ယင်းပင်ပျိုများကို ပြင်ဦးလွင်မှ မှာယူ၍ ပျိုးပင် တစ်ပင်လျှင် ၅၀၀ ကျပ်ဖြစ်ကြောင်းနှင့် မျိုးအရ အမာသီး၊ ချိုမွှေးသီးနှင့် ထိုင်ဝမ်သီး ဟူ၍ (၃)မျိုးရှိကြောင်း သိရသည်။

     နေရာဒေသအလိုက် မြေဆီမြေနှစ်ကွာခြားမှရှိကြောင်းနှင့် ၎င်းတို့စိုက်ပျိုးထားရှိသောမြေသည် မြေစေးအမဲဖြစ်ပါကြောင်း၊ တစ်ဧကလျှင်ဒေါင်လိုက်စိုက်ခင်းများဖြစ်ပြီး စိုက်ခင်းတစ်ကွက်လျှင် (၂၅) ဘောင်စိုက်ပျိုးထားရှိကြောင်း သိရသည်။

  စတော်ဘယ်ရီသီးများကို သီတင်းကျွတ်လမှ စတင်စိုက်ပျိုးပြီး သုံးလအကြာ၌ သီးနှံထွက်ရှိကြောင်း၊ မတ်လနှင့်ဧပြီလလယ်အချိန်များသည် သီးနှံထွက်ရှိမှုပေါများချိန်ဖြစ်ကြောင်း သိရှိရသည်။ နေသာသောနေ့အချိန်များနှင့် အေးမြသောညအချိန်များသည် စတော်ဘယ်ရီသီးများကို ပို၍ချိုမြစေ ကြောင်း၊ ထို့ပြင် ပူပြင်းသောရက်များသည် အသီးများ အရွယ်မတိုင်မီ မညီမညာရင့်မှည့်လာခြင်းကို တားဆီးပေးကြောင်း၊ သို့သော် အပူလွန်ကဲခြင်းသည် စတော်ဘယ်ရီ စိုက်ပျိုးသူများအတွက် အဓိကပြသနာဖြစ်ကြောင်း နှင့် စတော်ဘယ်ရီသီးများသည် အသင့်အတင့်ဖြစ်သော အပူချိန်ကိုသာ နှစ်သက်ကြောင်း သိရသည်။ မိုးနည်းပါက သီးနှံထွက်နှုန်းများပြားပြီး မိုးများလျှင် သီးနှံထွက်နှုန်းနည်းပါး ကြောင်း သိရှိရသည်။ သီးနှံထွက်ရှိမှုနှုန်းသည် ရာသီဥတုနှင့် ဒေသပေါ် မူတည်၍ ပုံမှန်မရှိကြောင်း သိရသည်။

    ၎င်းတို့စိုက်ပျိုးထွက်ရှိလာသည့် စတော်ဘယ်ရီသီးများကို ကျောက်မဲမြို့အတွင်း ရောင်းချလျက်ရှိပြီး ရံဖန်ရံခါများတွင် အနီးရှိရွာငယ်များမှ ဝယ်ယူကြောင်း၊ စတော်ဘယ်ရီသီးတစ်ပိဿာလျှင် ၁၅၀၀၀ကျပ်ဖြစ်ပြီး ပျှမ်းမျှအားဖြင့် တစ်နေ့လျှင် ၁၅ ပိဿာခန့် ရောင်းချရကြောင်း သိရှိရပါသည်။     

DOCA(ရှမ်း)