Main menu

စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီ တတိယကြိမ်အစည်းအဝေးကျင်းပ

Powered by Drupal

      စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီ၏ တတိယအကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ ၁၉ ရက်နေ့ နေ့လယ် ၂ နာရီ အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ  စားသုံးသူရေးရာကော်မတီဥက္ကဌနှင့်တကွ ကော်မတီဝင်များ၊ မိတ်ဖက်ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

        အဆိုပါအစည်းအဝေးတွင် တိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီဥက္ကဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးက အဖွင့်အမှာစကားပြောကြားပြီးနောက် ကော်မတီအတွင်းရေးမှူး ဦးခင်မောင်လှိုင် (ညွှန်ကြားရေးမှူး) က စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီ ဖွဲ့စည်းထားရှိမှု အခြေအနေများ၊ မိတ်ဖက်ဌာနဆိုင်ရာများ နှင့်ပူးပေါင်းညှိနှိုင်းပြီး စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့မှု အခြေအနေများကို ရှင်းလင်းဆွေးနွေးတင်ပြခဲ့ပါသည်။ ဆက်လက်၍ အတွင်းရေးမှူးက ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိစေရေး၊ စစ်ကိုင်းတိုင်း‌ဒေသကြီး၏ တစ်နှစ်တာကာလအတွင်း ဦးစားပေးဆောင်ရွက်ရမည့် ကုန်စည်အမယ်(၁၀)မျိုးနှင့်ပတ်သက်၍ မိမိတိုင်းဒေသကြီးအတွင်းသို့ အခြားတိုင်းဒေသကြီး/ပြည်နယ်များမှ ကုန်အညွှန်းအမှတ်အသား မပြည့်စုံသည့် ကုန်စည်များ ဝင်ရောက်လာပါက အရေးယူဆောင်ရွက်နိုင်ရေးအတွက် တိုင်းဒေသကြီးကော်မတီ အချင်းချင်းချိတ်ဆက်ဆောင်ရွက်သွားမည့် အစီအမံများအား ရှင်းလင်းဆွေးနွေး တင်ပြခဲ့ပါသည်။  

    ထို့နောက် တိုင်းဒေသကြီးစားသောက်ကုန် ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း ဖွဲ့စည်းနိုင်ရေးကိစ္စရပ်များ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အောက်တိုဘာလမှ ဩဂုတ်လအတွင်း စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မှုအခြေအနေများကို ရှင်းလင်းဆွေးနွေးကာ တိုင်ကြားမှုများနှင့်ပတ်သက်၍ ဥပဒေနှင့်အညီ ညှိနှိုင်းဖြေရှင်းဆောင်ရွက်ခဲ့မှုများအား ကော်မတီမှ အတည်ပြုမှတ်တမ်းတင်ရန်ဆုံးဖြတ်ခဲ့ကြပါသည်။

          ဆက်လက်၍ ကော်မတီဥက္ကဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးက ယနေ့အချိန် သည် နိုင်ငံနှင့်အဝှမ်း ခေတ်မီဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ပြည်သူများ၏ နေထိုင် စားသောက်မှုပုံစံများကလည်း ခေတ်နဲ့အညီလျှင်မြန်စွာ ပြောင်းလဲလာပါကြောင်း၊ လုံခြုံစိတ်ချရမှုမရှိသော စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများလည်း ပေါများလာသောကြောင့် ပြည်သူများအနေဖြင့် မိမိတို့အခွင့်အရေးများအား သိရှိကာ ဘေးဥပဒ်အန္တရာယ်ကင်းရှင်းသော ကုန်စည်များကို ရွေးချယ်ဝယ်ယူတတ်ရန်လိုအပ်ပါကြောင်း၊ စားသုံးသူပြည်သူများ၏ အခွင့်အရေးများ အပြည့်အဝရရှိစေရေး လုံခြုံစိတ်ချရမှုမရှိသော ကုန်စည်နှင့် တာဝန်ယူမှု မရှိသော ဝန်ဆောင်မှုများ လျော့နည်းပပျောက်သွားစေရေးအတွက် မိမိတို့ အစိုးရအဖွဲ့နှင့် တက်ရောက်လာကြသော ကော်မတီအဖွဲ့ဝင်များက အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။

 စစ်ကိုင်းတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန