Main menu

ပြည်ခရိုင်အတွင်း တရားမဝင်အန္တရာယ်ဖြစ်စေနိုင်သည့် စားသောက်ကုန်များနှင့် တရားမဝင်ဆေးဝါးများ ရောင်းချမှုမရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

   ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်း ရွှေတောင်မြို့နယ်၊ ပန်းတောင်မြို့နယ်၊ ပြည်မြို့နယ်၊ ပေါက်ခေါင်းမြို့နယ်တို့ရှိ စည်ပင်သာယာဈေးများ၊ မြို့ပေါ်ရပ်ကွက်လက်လီ၊ လက်ကားကုန်မျိုးစုံဆိုင်များနှင့် ဆေးဝါးအရောင်းဆိုင်များ၌ တရားမဝင်အန္တရာယ်ဖြစ်စေနိုင်သည့် စားသောက်ကုန်များနှင့် ဆေးဝါးများရောင်းချမှုရှိ/မရှိ၊ မှတ်ပုံတင်ထားသော တရားဝင်ဆေးဝါးများနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားသော စားသောက်ကုန်များ ရောင်းချမှုရှိစေရေး ၂၀၂၃ ခုနှစ် ၊ ဖေဖော်ဝါရီလအတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

  ထိုသို့စစ်ဆေးရာတွင် ပဲခူးတိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စည်ပင်သာယာဈေးတာဝန်ခံတို့နှင့် စားသုံးသူရေးရာဦးစီးဌာန၊ သက်ဆိုင်ရာမြို့နယ်တာဝန်ခံတို့ ပူးပေါင်း၍ မြို့နယ်အလိုက် ရောင်းချနေသော စည်ပင်သာယာဈေးအတွင်းနှင့် မြို့ပေါ်ရပ်ကွက်တို့ရှိ လက်လီ/လက်ကား ကုန်မျိုးစုံဆိုင်များတွင် တရားမဝင်လမ်းကြောင်းမှတစ်ဆင့် ဝင်ရောက်လာသော အန္တရာယ်ဖြစ်စေနိုင်သည့် စားသောက်ကုန်များရောင်းချမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးရာ အဆိုပါပစ္စည်းများ ရောင်းချမှုမရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး တရားမဝင်ကုန်စည်များရောင်းချခြင်း မပြုရန်နှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်မှုရှိသော ကုန်စည်များကိုသာ ရောင်းချကြရန် အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

   ဆက်လက်၍ ပြည်ခရိုင်အတွင်းမြို့နယ်အလိုက် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံတို့မှ သက်ဆိုင်ရာဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ တရာမဝင်ဆေးဝါးများ ရောင်းချမှုရှိ/ မရှိကို မြို့နယ်အလိုက်ရောင်းချနေသည့် ဆေးဝါးအရောင်းဆိုင်များတွင် ဈေးကွက်စောင့်ကြည့် စစ်ဆေးရာ ပြည်မြို့နယ်၊ ရွှေဟင်္သာအရှေ့ပေါက်ရှိ ဆေးဆိုင်တွင် တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသော ပုံစံတူဆေးဝါးအတု ဆေးဝါး(၁၀)လုံးပါ (၂၃)ကဒ်အား စစ်ဆေးတွေ့ရှိရပါသဖြင့် ပဲခူးတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ တာဝန်ရှိသူများမှ သိမ်းဆည်းခြင်း ဆောင်ရွက်ခဲ့ပြီး ဆိုင်ရှင်အား ခံဝန်ကတိလက်မှတ်ရေးထိုးစေခြင်း ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)