Main menu

ပြည်ခရိုင်၊ ပြည်မြို့နယ်ရှိ ကွန်ပျူတာတက္ကသိုလ်တွင် စားသုံးသူကာကွယ်ရေးနှင့် အစားအသောက်၊ ဆေးဝါးဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးခြင်း

Powered by Drupal

   စားသုံးသူပြည်သူများ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများနှင့် အစားအသောက်၊ ဆေးဝါး၊ အလှကုန်ဆိုင်ရာ အသိပညာများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေးရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် ပူးပေါင်းပြီး ပြည်ကွန်ပျူတာတက္ကသိုလ်တွင် ဖေဖော်ဝါရီလ (၂၇)ရက်၊ နံနက် (၁၀)နာရီ၌ စားသုံးသူကာကွယ်ရေးနှင့် အစားအသောက်၊ ဆေးဝါးဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ရာ တက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာအေးပပမြနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများစုစုပေါင်း (၉၆)ဦး တက်ရောက်ခဲ့ပါသည်။

   အဆိုပါဟောပြောပွဲတွင် ပြည်ခရိုင်ဦးစီးမှူးဦးမင်းဆွေ မှ စားသုံးသူရေးရာဦးစီးဌာန ဖြစ်ပေါ် လာပုံ၊ စားသုံးသူကာကွယ်ရေးဥပဒေရေးဆွဲရခြင်း၏ ရည်ရွယ်ချက်၊ ဥပဒေပါစားသုံးသူများ ရရှိမည့်အခွင့်အရေးနှင့် လိုက်နာရမည့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်များ၊ စားသုံးသူပြည်သူများ နစ်နာဆုံးရှုံးမှုရှိပါက တိုင်ကြားနိုင်သည့် ပုဂ္ဂိုလ်များ၊ နည်းလမ်းများ Call Center ဖုန်းနံပါတ်များ၊ CICC ရုံးခန်း ဖုံးနံပါတ်များ၊ တိုင်ကြားနိုင်သည့် e-mail လိပ်စာနှင့် ဥပဒေပါပြစ်မှုပြစ်ဒဏ်များအကြောင်း အသိပညာပေး ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

  ဆက်လက်၍ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်မေသန်းနိုင်က ကျန်းမာရေးကို ထိခိုက်စေနိုင်သော ဓါတုကြာရှည်ခံဆေးများဖြစ်သည့် Boric Acid၊ ဖော်မလင်၊ ဆိုဒီယမ်ဟိုက်ဒရိုဘာလဖိုက်၊ ဆယ်လီစလစ်အက်ဆစ် တို့၏ဘေးထွက် ဆိုးကျိုး များအကြောင်း၊ အစားအသောက်များတွင် သုံးခွင့်မပြုသော ဓာတုဆိုးဆေးအန္တရာယ်များအကြောင်း၊ အစားအစာများအန္တရာယ်ကင်းစေရေးအတွက် အဓိကဆောင်ရွက်ရမည့်အချက်များအကြောင်း ၊ ဆေးဝါးဝယ်ယူသုံးစွဲရာတွင် သတိပြုဝယ်ယူရမည့်အချက်များ အိမ်သုံးဆေးပစ္စည်း ကိရိယာများကို လုံခြုံထိရောက်စွာအသုံးပြုရမည့် နည်းလမ်းများ၊ အလှကုန်များဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်းသော အရည်အသွေးကောင်းမွန်သော FDA တွင်မှတ်တမ်းတင်ထားသော အလှကုန်ပစ္စည်းများကိုသာ ဝယ်ယူသုံးစွဲကြရေး အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

   ဆွေးနွေးဟောပြောပြီးနောက် တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများမှ သိရှိလိုသည်များအားမေးမြန်းဆွေးနွေးရာ ပုစွန်ခြောက်တွင် ဓာတုဆိုးဆေးသုံးစွဲမှုနှင့် ပတ်သက်သည့်ကိစ္စ၊ မုန့်ဟင်းခါးဖတ်တွင် ဖော်မလင်သုံးစွဲမှု၊ ကိုရီးယားအကင်များတွင် တာရှည်ခံဆေးများ သုံးစွဲသည့် ကိစ္စ၊ ပြန်ကြော်ဆီများသုံးစွဲသည့်ကိစ္စ၊ အလေးချိန်အချိန်အတွယ်ပြည့်ဝစွာ ရရှိနိုင်ရေးအတွက် ဌာနမှ မည်သို့ဆောင်ရွက်နေမှုကိစ္စ၊ မြေပဲဆီစစ်စစ်တွင် အရောအနှောများ ရောနှောပါဝင် ရောင်းချနေသည့်ကိစ္စ စသည့်အကြောင်းအရာများနှင့် ပတ်သက်၍ မေးမြန်းဆွေးနွေးခဲ့ပြီး စားသုံးသူရေးရာ ဦးစီးဌာနနှင့် အစားအသောက်၊ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိ အကြီးအကဲပုဂ္ဂိုလ်များမှ မေးမြန်းဆွေးနွေးသည်များကို ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)