Languages

Main menu

ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစု(လှည်းကူး) ၃၅ နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်ဂုဏ်ပြုဆောင်းပါး

Powered by Drupal

ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစု(လှည်းကူး) Commodity Testing and Quality Management Center (Hlegu) (CTQM) ၃၅ နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်ဂုဏ်ပြုဆောင်းပါး

             စည်ကားလှသော ရန်ကုန်မြို့ကြီးမှထွက်၍ ရန်ကုန်မန္တလေးအဝေးပြေး လမ်းမကြီး အတိုင်းဆက်သွားလျှင် လှည်းကူးမြို့ကိုအရင်ရောက်ရမည်ဖြစ်သည်။ လှည်းကူးအဝင်တွင်မူကား ကုန်သွယ်လယ်ယာခေတ်ကတည်ထောင်ခဲ့သော တန်၁၀၀ ဆန်စက်ကြီးရှိပေသည်။ ကုန်သွယ်လယ်ယာခေတ် လက်စွဲဆောင်ပုဒ်တို့ရေးထိုးထားသည့် ဆိုင်းဘုတ်စိမ်းစိမ်းများ နှင့် ဂိုထောင်ဟောင်းတို့က အဝေးပြေး လမ်းမကြီးဘေးတွင် အိပ်မောကျနေသယောင်ယောင်၊ ခေတ်ကာလက တိုက်စားသွားသည့် ကြီးကျယ်ခမ်းနားမှုတစ်ချို့က ကုန်သွယ်လယ်ယာနှင့်မစိမ်းသူအဖို့ အတိတ်ကိုလွမ်းဆွတ်ထင်ကျန်စေဦးမည် ဖြစ်သည်။ တန်၁၀၀ဆန်စက်ကျော်သည်နှင့် ရေပေးဝေရေး ဆည်မြောင်းကလေးကို ဖြတ်ရသည်။ ထိုဆည်မြောင်းအကျော်တွင်မူကား ယခင်ပီတီအေစီဟုခေါ်သော ရိတ်သိမ်းချိန်လွန်နည်းပညာအသုံးချဌာန၊ ယခု စီတီကျူအမ် ဟုခေါ်တွင်​သော ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစုရှိပေသည်။ Google Map တွင်လည်း CTQM ၏ တည်နေရာကို အတိအလင်းဖော်ပြထားသည့်အပြင် (Former PTAC) ဟု ပါအမည်တပ်ထားသည်ကိုတွေ့နိုင်သည်။

 စီတီကျူအမ်တစ်ဖြစ်လဲ  ပီတီအေစီသည် တစ်ခေတ်တစ်ခါက မြန်မာ့လယ်ယာထွက်ကုန်ရောင်းဝယ်ရေး ဘုန်းမီးနေလတောက်ပချိန်တွင် နည်းပညာဖြန့်ဝေရေးဌာနကြီးအဖြစ် သင်တန်းများ၊ သုတေသနဆောင်ရွက်ချက်များဖြင့် စည်ကားသိုက်မြိုက်ခဲ့မည်မှာမလွဲဧကန်ပင်။ ပီတီအေစီသည် မြန်မာပြည်၌ အစောဆုံးပေါ်ထွန်းခဲ့သော သီးနှံဆိုင်ရာ ရိတ်သိမ်းချိန်လွန်နည်းပညာအသုံးချဌာနကြီးဖြစ်ခဲ့ ရုံသာမကဘဲ ထိုခေတ်ထိုအခါက အရှေ့တောင်အာရှ နိုင်ငံများနှင့်ရင်ဘောင်တန်းနိုင်ခဲ့သည့် နည်းပညာဌာနတစ်ခုဖြစ်ခဲ့ပေသည်။ ပီတီအေစီထုတ် ရိတ်သိမ်းချိန်လွန်နည်းပညာစာစောင်များ မဂ္ဂဇင်းများသည်နာမည်ကျော်ကြားခဲ့ပေသည်။

            ပီတီအေစီဟုခေါ်ဆိုခဲ့သော ရိတ်သိမ်းချိန်လွန်နည်းပညာအသုံးချဌာနကို ၁၉၈၅ ခုနှစ်မတ်လ ၂၃ ရက်နေ့တွင်စတင်ဖွင့်လှစ်ခဲ့ပါသည်။ ပီတီအေစီကိုစတင်တည်ထောင်ရန်အတွက် ၁၉၇၉ခုနှစ်ကစတင်အဆိုပြုခဲ့ခြင်းဖြစ်ပြီး စီမံကိန်းအဆိုပြုချက်ကို ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကြီးဖြစ်သည့် FAO မှစတင်ရေးဆွဲခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါစီမံကိန်းအတွက် ၁၉၈၁ ခုနှစ်တွင် အာရှဖွံ့ဖြိုးရေးဘဏ်မှ ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ (၁၅၀၀၀၀) ရရှိခဲ့ပြီး ၁၉၈၃ခုနှစ်တွင် JICA ၏အကူအညီဖြစ်သည့် ဂျပန် ယန်း သန်း၁၅၅၀ ဖြင့်စတင်အကောင်အထည်ဖော်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ၁၉၈၅ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် မြန်မာအစိုးရထံတရားဝင်လွှဲပြောင်းပေးခဲ့ပြီး ယခုနှစ် ၂၀၂၀ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် ၃၅နှစ်တင်းတင်းပြည့်ခဲ့ပြီဖြစ်သည်။

            စတင်တည်ထောင်စဉ်က လယ်ယာထွက်ကုန်သီးနှံများ၏ အရည်အသွေးမြင့်မားစေရေး၊ ရိတ်သိမ်းပြီးနောက်ပိုင်းဖြစ်ပေါ်တတ်သော လေ့လွင့်ဆုံးရှုံးမှုများလျော့နည်းစေရေး စသည်တို့အတွက် လက်တွေ့အသုံးချသုတေသနလုပ်ငန်းများဆောင်ရွက်ရန်အတွက်ဖြစ်ပေသည်။ ထို့အပြင် စရိတ်စကသက်သာ၍ ထိရောက်သော ရိတ်သိမ်းချိန်လွန်အထောက်အကူပြုလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြပါသည်။ ထိုခေတ်ထိုအခါက နည်းပညာဖြန့်ဖြူးရေးအပိုင်းတွင်လည်း ပီတီအေစီသည် ရှေ့ရောက်ခဲ့သည်ဟုဆိုနိုင်ပေသည်။ ပီတီအေစီမှ သုတေသနစာတမ်းများ၊ ပညာပေးဆောင်းပါးများသည် ယခုအချိန်ထိ တောင်သူလယ်သမားများ၊ ဆန်စက်ကြိတ်ခွဲရေးလုပ်ငန်းနယ်ပယ်တွင် ထင်ရှားဆဲ၊ လူသိများကြော်ကြားဆဲဖြစ်ပေသည်။ ပီတီအေစီ၏ ဖွဲ့စည်းမှုတွင်

(၁) အရည်အသွေးထိန်းသိမ်းရေးနှင့် စံချိန်စံညွှန်းဌာနစု

(၂) သိုလှောင်မှုနည်းပညာနှင့်ပိုးမွှားကာကွယ်ရေးဌာနစု

(၃) ကြိတ်ခွဲရေးသုတေသနဌာနစု

(၄) ဘေးထွက်ပစ္စည်းအသုံးချရေးသုတေသနဌာနစု

(၅) နည်းပညာဖြန့်ဝေရေးဌာနစု

(၆) စီးပွားရေးသုတေသနနှင့် စီမံကိန်းဌာနစု

(၇)စီမံကိန်းနှင့်ငွေစာရင်းဌာနစု ဟူ၍ကျစ်လျစ်သော အစုအဖွဲ့များဖြင့် ဖွဲ့စည်း တည်ထောင်ခဲ့သည်ကို တွေ့ရပေသည်။

ပီတီအေစီသည် ၁၉၈၅ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ ရိတ်သိမ်းချိန်လွန်နည်းပညာအသုံးချဌာနအမည်ဖြင့် လယ်ယာထွက်ကုန်များ၏ ရိတ်သိမ်းချိန်လွန် နည်းပညာဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။ ၂၀၀၃ ခုနှစ်တွင် ဆန်စပါးမူဝါဒအပြောင်းအလဲဖြစ်ပေါ်ခဲ့ပြီးနောက် မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေးဌာနသည် ဆန်စပါး ဝယ်၊သယ်၊သို၊ကြိတ် လုပ်ငန်းများကိုဆောင်ရွက်ခြင်းမရှိတော့ဘဲ ပုဂ္ဂလိက ကဏ္ဍဘက်သို့ ဆန်စပါးဆိုင်ရာ ကိစ္စများကို အပြည့်အဝလုပ်ပိုင်ခွင့်ပေးခဲ့ပါသည်။ မြန်မာနိုင်ငံ၏ ဆန်စပါးမူဝါဒ အပြောင်းအလဲသည် အိမ်နီးချင်းအရှေ့တောင်အာရှနိုင်ငံများနှင့် မတူညီဘဲကွဲပြားမှုရှိသည်ကိုတွေ့ရပါသည်။ ဆန်စပါးသည် အမျိုးသားအဆင့်အရေးကြီးသော စားသုံးသီးနှံဖြစ်သည့်အတွက် ပုဂ္ဂလိကကဏ္ဍ၏ ဆောင်ရွက်မှုများကို ဟန်ချက်ညီစေရန်ထိန်းကျောင်းသည့် စနစ်မျိုး ကို ဒေသတွင်းနှင့် အရှေ့တောင်အာရှ နိုင်ငံအများအပြားတွင် တွေ့ရသော်လည်း မြန်မာနိုင်ငံငံတွင်မူ ပုဂ္ဂလိကကဏ္ဍမှ လွတ်လပ်စွာ ဆောင်ရွက်လုပ်ကိုင်စေသည်ကို ထူးခြားချက်အဖြစ်တွေ့နိုင်ပါသည်။

မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေးဌာနသည် ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန အဖြစ်လည်းကောင်း၊ ကုန်သွယ်မှုမြှင့်တင်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာန ဟူ၍လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန အဖြစ်လည်းကောင်း အဆင့်ဆင့်ပြောင်းလဲဖွဲ့စည်းခဲ့ရာ ရိတ်သိမ်းချိန်လွန်နည်းပညာ အသုံးချဌာနသည်လည်း မူလရိတ်သိမ်ချိန်လွန် နည်းပညာဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်လျက်ရှိရာမှ လုပ်ငန်းသဘာဝပြောင်းလဲရပ်တည်ခဲ့ရပေသည်။ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး ဆိုင်ရာ ကိစ္စရပ်များကို ဆက်လက်ဆောင်ရွက်ခဲ့ပြီး ဦးစီးဌာန၏လုပ်ငန်းများဖြစ်သည့် စားသုံးသူ အကာအကွယ်ပေးရေး လုပ်ငန်းများတွင်အထောက်အပံ့ဖြစ်စေမည့်လုပ်ငန်းများကို ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေး စီမံခန့်ခွဲမှုဌာနစုအမည်ဖြင့် ဆက်လက် ဆောင်ရွက်ခဲ့ပါသည်။

ယခုအခါတွင် ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစုသည် အဓိကလုပ်ငန်းကြီး (၂)ရပ်ဖြစ်သည့် ပို့ကုန်/သွင်းကုန်များကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုများပြုလုပ်ပေးခြင်း နှင့် အမျိုးသားအရည်အသွေးအခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း စသည့်တို့ကို အဓိကထားလုပ်ဆောင်လျက်ရှိပါသည်။ CTQM တွင် ဆီနှင့်ဆီထွက်သီးနှံဓာတ်ခွဲခန်း၊ ပိုးသတ်ဆေးကြွင်းဓာတ်ခွဲခန်း၊ သီးနှံ (ဓာတု) ဓာတ်ခွဲခန်း၊ သီးနှံ (ရူပ) ဓာတ်ခွဲခန်း၊ မှိုဆိပ်ဓာတ်ခွဲခန်း၊ ပိုးမွှားဓာတ်ခွဲခန်း၊ အဏုဇီဝပိုးမွှားဓာတ်ခွဲခန်း စသည့် ဓာတ်ခွဲခန်းများ အပြင် မြန်မာ့သဘာဝ ရာဘာအရည်အသွေးစမ်းသပ်စစ်ဆေးရေးဓာတ်ခွဲခန်းအပါအဝင် စုစုပေါင်းဓာတ်ခွဲခန်း (၈)ခု ရှိပါသည်။ CTQMရှိသီးနှံအရည်အသွေးများ စမ်းသပ်စစ်ဆေးပေးလျက်ရှိသော ဓာတ်ခွဲခန်းများအနေဖြင့် ပင်လယ်ရေကြောင်းဖြင့် တင်ပို့သော မြန်မာ့လယ်ယာထွက်ကုန်များကို အဓိကဓာတ်ခွဲစမ်းသပ်စစ်ဆေးပေး လျက်ရှိပါသည်။ ပို့ကုန်များ၏ ပိုးသတ်ဆေးဓာတ်ကြွင်းပါဝင်မှုနှုန်းများ နှင့် အာဖလာတော့ဆင်ကဲ့သို့သော မှိုဆိပ်ပါဝင်မှုနှုန်းများကို တိုင်းတာစစ်ဆေးပေးလျက်ရှိပါသည်။ ထိုသို့စမ်းသပ်စစ်ဆေးပေးလျက်ရှိရာတွင် CTQM ၏စမ်းသပ်ချက်အဖြေများကို နိုင်ငံတကာကယုံကြည်လက်ခံနိုင်ရေးအတွက် ဓာတ်ခွဲခန်းများ၏အရည်အသွေးကို အစဉ်တစိုက် မြှင့်တင်လျက်ရှိရာ ပိုးသတ်ဆေးဓာတ်ကြွင်းဓာတ်ခွဲခန်းကို ISO 17025 Accreditation ရရှိရန်ဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် ပိုးသတ်ဆေးကြွင်းဓာတ်ခွဲခန်း၊ မှိုဆိပ်ဓာတ်ခွဲခန်း နှင့် သီးနှံ (ဓာတု) ဓာတ်ခွဲခန်း တို့သည် နိုင်ငံတကာဓာတ်ခွဲခန်းများနှင့်အတူ ဝင်ရောက်ဖြေဆိုရသော Proficiency Testing များကိုပါဝင်ဖြေဆိုခဲ့ရာ အောင်မြင်မှုများရရှိလျက်ရှိပါသည်။ Proficiency Testing (PT Test) ဆိုသည်မှာ နိုင်ငံတကာဓာတ်ခွဲခန်းများပါဝင်ဖြေဆိုရသော တိုင်းတာမှုအရည်အသွေးကို စစ်ဆေးသည့်သဘောဖြစ်ပါသည်။ နိုင်ငံတကာအဆင့် တိကျစွာတိုင်းတာရေး( Metrlogy) အဖွဲ့အစည်း တစ်ခုခုက တိကျသောအမျိုးအမည်များပါဝင်သည့် နမူနာကို ပြုလုပ်၍ ဝင်ရောက်စမ်းသပ်မည့်ဓာတ်ခွဲခန်းများထံပို့ဆောင်၍ အဖြေပြန်လည်တောင်းခံသော စနစ်ဖြစ်ပေသည်။ ထိုသို့ Proficiency Testing (PT Test) အောင်မြင်သောဓာတ်ခွဲခန်းများ၏ စစ်ဆေးချက်များကို နိုင်ငံတကာကယုံကြည်လက်ခံလေ့ရှိပါသည်။

အမျိုးသားစံချိန်စံညွှန်းများရေးဆွဲရေး လုပ်ငန်းစဉ်တွင်လည်း သုတေသနနှင့်တီထွင်ဆန်းသစ်မှု ဦးစီးဌာနနှင့် ပူးပေါင်း၍ စိုက်ပျိုးရေးအခြေခံထုတ်ကုန်စံချိန်စံညွှန်းများ ရေးဆွဲရေးနည်းပညာ ဆပ်ကော်မတီတွင် CTQM မှပညာရှင်များကပူးပေါင်းပါဝင်လျက်ရှိပါသည်။ စားသောက်ကုန် စမ်းသပ်စစ်ဆေးပေးလျက်ရှိသော အစိုးရ၊ ပုဂ္ဂလိကဓာတ်ခွဲခန်း စုစုပေါင်း (၁၇) ခုချိတ်ဆက်ဆောင်ရွက်လျက်ရှိသည့် ဓာတ်ခွဲခန်းများ ကွန်ယက်တွင်လည်း အဖွဲဝင်ဓာတ်ခွဲခန်းတစ်ခုအဖြစ်ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။ CTQM သည်အရည်အသွေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းများကိုပါဆောင်ရွက်လျက်ရှိပါသည်။ စားသုံးသူရေးရာဦးစီးဌာန ဝန်ထမ်းများအနေဖြင့် စားသုံးသူအကာအကွယ်ပေးရေး လုပ်ငန်းစဉ်များတွင် စားသုံးသူကာကွယ်ရေးဉပဒေနှင့် ဆက်စပ်ဥပဒေများဖြစ်သည့် ပိုးသတ်ဆေးဥပဒေ၊ ဓာတ်မြေသြဇာဥပဒေများနှင့် ဆက်စပ်၍ အငြင်းပွားမှုဖြစ်စဉ်များ ကိုင်တွယ်ဖြေရှင်းနိုင်စေရန် ပိုးသတ်ဆေး၊ ဓာတ်မြေသြဇာ ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာသင်တန်းများ၊ ကုန်သွယ်မှုရေးရာနှင့်ဆက်စပ်၍ ကိုင်တွယ်ဆောင်ရွက်ရသည့် အရည်အသွေးစီမံခန့်ခွဲမှုဆိုင်ရာသင်တန်းများ ကိုဦးစီးဌာနရှိဝန်ထမ်းများကို အခါအားလျော်စွာ သင်တန်းများဖွင့်လှစ်၍ ပို့ချဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင်ဆန်စက်ကြိတ်ခွဲမှုနည်းပညာများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ ဆန်စပါးကြိတ်ခွဲရေးနယ်ပယ်မှ ပုဂ္ဂလိကဝန်ထမ်းများကို သင်တန်းများဖွင့်လှစ်ပို့ချပေးလျက်ရှိပါသည်။ အခါအားလျော်စွာ ဖြစ်ပေါ်လေ့ရှိသော ကုန်သွယ်မှုဆိုင်ရာ အငြင်းပွားမှုများတွင် နည်းပညာဆိုင်ရာရှု့ထောင့်မှနေ၍ စီးပွားကူးသန်းဝန်ကြီးဌာနကို အထောက်အပံ့ပေးလျက်ရှိပါသည်။

ခေတ်ကာလအပြောင်းအလဲများ၊ မူဝါဒဆိုင်ရာအပြောင်းအလဲများ မည်သို့ပင်ဖြစ်ပေါ်နေစေကာမူ ပီတီအေစီ (ခေါ်) စီတီကျူအမ်သည် အမျိုးသားအကျိုးစီးပွားတိုးတက်ကောင်းမွန်စေရေးအတွက် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး ကဏ္ဍဖြင့်သော်လည်းကောင်း၊ ပြည်သူများ၏ လူနေမှုအဆင့်အတန်း တိုးတက်မြင့်မားပြီး ကောင်းမွန်သောအရည်အသွေး၊ ယုံကြည်စိတ်ချရသော ကုန်စည်များ သုံးစွဲနိုင်ရေးတို့အတွက် အရည်အသွေးဆိုင်ရာ ကဏ္ဍဖြင့်သော်လည်းကောင်း ပြည်သူ့တာဝန်များကို ဆက်လက် ထမ်းပိုးနေဦးမည်ဖြစ်ပေသည်။ နှစ်ပေါင်း ၃၅ နှစ်တာအတွင်း စီတီကျူအမ်တွင် တာဝန်ထမ်းဆောင်ခဲသော ဝန်ထမ်းများသည်လည်း မျိူးဆက် တစ်ဆက်မှ နှစ်ဆက်၊ နှစ်ဆက်မှသုံးဆက် အဆင့်ဆင့်ပြောင်းလဲခဲ့ပြီဖြစ်ပေသည်။ နောင်လာမည့်မျိုးဆက်များအနေဖြင့် လူ့စွမ်းအားအရင်းအမြစ်ကောင်း များ အဖြစ် ဌာနတာဝန်များ၊ တိုင်းပြည်တာဝန်များကို တက်ကြွစွာထမ်းဆောင်နိုင်ရန် လိုအပ်ပေဦးမည်ဖြစ်သည်။ နည်းပညာဆိုင်ရာပညာရပ်များသည် သင်လွယ်တတ်လွယ်သည်ဟုမဆိုသာဘဲ ဘာသာရပ်ဆိုင်ရာ အခြေခံကောင်းများရှိမှသာလျှင် တတ်မြောက်လွယ်မည်ဖြစ်ပေရာ ဝါသနာ နှင့် စေတနာ အပြင် တိုင်းပြည်အတွက် မိမိဘဝအချိန်များကို အနစ်နာခံလိုစိတ်ပါလိုအပ်မည်ဖြစ်ပေသည်။ စီတီကျူအမ်အနေဖြင့် ၃၅ နှစ်ပြည့်မွေးနေ့မှသည် ပတ္တမြားရတု၊ ရွှေရတု၊ စိန်ရတုများတိုင်အောင် တည်တံ့ခိုင်မာပြီး မြန်မာ့ကုန်သွယ်မှုလုပ်ငန်းစဉ်များကိုဆက်လက်အကျိုးပြုဆောင်ရွက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်၍ ၃၅ နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်ဆောင်းပါးဖြင့် ဂုဏ်ပြုတင်ဆက်လိုက်ရပေသည်။

မောင်မောင်(CTQM)