Main menu

မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနက မကွေးမြို့၊ ပြည်တော်သာလမ်းနှင့် ဗိုလ်ချုပ်လမ်းဆုံနေရာများတွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်လက်ကမ်းစာစောင်များဝေငှ

Powered by Drupal

      ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၁၅)ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့စားသုံးသူအခွင့်အရေး များနေ့ အထိမ်းအမှတ်အဖြစ် စားသုံးသူအရေးစဉ်ဆက်မပြတ် ဆောင်ရွက်ပေး ဆောင်ပုဒ်နှင့်အတူ ကုန်စည်လုံခြုံစိတ်ချရမှုအစ ကုန်အညွှန်းအမှတ်အသားက Media Campaign များ ဆောင်ရွက်ခဲ့ ခြင်း၊ ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၁၅) ရက် နံနက် (၀၉:၀၀)နာရီမှ ညနေ (၁၇:၀၀)အထိ မကွေးတိုင်း ဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဆောင်၍ ဝန်ထမ်းများသည် ပြည်တော်သာလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်များတွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ဗီနိုင်း ပိုစတာများ စိုက်ထူခြင်း၊ အထိမ်းအမှတ်သီချင်းများဖွင့်ခြင်း၊ လက်ကမ်းစာစောင်ဝေငှခြင်းများ ပြုလုပ်ခဲ့ကြပါသည်။

            ပြည်သူများသည် စားသုံးသူများဖြစ်သည်၊ စားသုံးသူတိုင်းမှာ စားသုံးသူအခွင့်အရေးများ ရှိကြရာ စားသုံးသူနစ်နာဆုံးရှုံးမှုများအတွက် အရေးဆိုတိုင်ကြားနိုင်ကြောင်း ပြည်သူများသိရှိစေရန် ရည်ရွယ်၍ စားသုံးသူအခွင့်အရေး ဖြစ်ပေါ်လာပုံနှင့် နောက်ခံသမိုင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်တို့ လိုက်နာရမည့် တာဝန်နှင့် တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈) ကုန်အညွှန်း အမှတ်အသားနှင့် စပ်လျဉ်း၍ ဖော်ပြရမည့်အချက်များ၊ နစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်သည့် နေရာ၊ ဖုန်းနံပါတ်များနှင့် Website များပါဝင်သော လက်ကမ်းစာစောင်များ ဝေငှခဲ့ခြင်း၊ Skynet , DVB, MRTV-4, Channel-K ရုပ်သံလိုင်းများ၊ သတင်းမီဒီယာများနှင့် တွေ့ဆုံ၍ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြလာရေးနှင့်စပ်လျဉ်း၍ အသိပေးဆွေးနွေး ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

            ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားများကို နှစ်စဉ် မတ်လ (၁၅)ရက်နေ့ ရောက်တိုင်း တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်များတွင် ကျင်းပလျက်ရှိရာ မကွေးတိုင်းဒေသကြီး အနေဖြင့် တိုင်းဒေသကြီးဦးစီးမှူးရုံးရှိဝန်ထမ်းများနှင့် မကွေးခရိုင်ဦးစီးမှူးရုံးဝန်ထမ်းများ ပူးပေါင်း၍ ပြည်တော်သာလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့် လူစည်ကားရာ လမ်းဆုံ၌လည်းကောင်း၊ မင်းဘူးခရိုင် မင်းဘူးမြို့စည်ပင်သာယာဈေးတွင် ခရိုင်ဦးစီးမှူးရုံးနှင့် ပွင့်ဖြူ၊ စလင်း၊ မင်းဘူး၊ ငဖဲမြို့နယ်တာဝန်ခံ များနှင့် ပူးပေါင်း၍ ဈေးသို့လာရောက်ကြသည့် ပြည်သူများကို လက်ကမ်းစာစောင်များ ဝေငှခြင်း၊ သရက်ခရိုင်၊ သရက်မြို့ စည်ပင်သာယာဈေးနှင့် အောင်လံမြို့စည်ပင်ဈေးတို့၌ မွေးကု၊ စည်ပင်၊ ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ လက်ကမ်းစာစောင်များ ဝေငှခြင်းများဆောင်ရွက်ခဲ့ကြပါသည်။ အလားတူ မကွေးခရိုင်ရှိ ရေနံချောင်း၊ ချောက်၊ တောင်တွင်းကြီး၊ နတ်မောက်၊ မြို့သစ်မြို့နယ်များ၌ လည်း မြို့နယ်စည်ပင်သာယာဈေးများတွင် မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ လက်ကမ်းစာစောင် များဝေငှခဲ့ခြင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူ၊ ဆိပ်ဖြူ၊ ရေစကြို၊ မြိုင် မြို့နယ်များရှိ စည်ပင်သာယာဈေးများတွင်လည်း အသိပညာပေးလက်ကမ်းစာစောင် ဝေငှခြင်းများ ဆောင်ရွက်ခဲ့ပြီး ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့ မြို့မဈေးတွင် မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ လက်ကမ်းစာစောင်ဝေငှခြင်းများ ဆောင်ရွက်ခဲ့ကြသည့်အပြင် ဂန့်ဂေါမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနရုံးရှိ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်း (၃၀) ဦးအား စားသုံးသူကာကွယ်ရေးဥပဒေအား အသိပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ ကြပါသည်။

            ယခုအချိန်တွင် တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်သည့် Covid-19 ကူးစက်ရောဂါမှာ ကမ္ဘာ့ နိုင်ငံအနှံ့အပြားတွင် ဖြစ်ပွားနေသည့်အတွက် ကူးစက်ရောဂါမဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ရေး အတွက် လူစုလူဝေးဖြင့် ကျင်းပမည့်အခမ်းအနားများ၊ ပွဲလမ်းသဘင်များကို ဆောင်ရွက်ခြင်းမပြုရန်  ညွှန်ကြားမှုပြုထားသည့်အတွက် World Consumer Rights Day အထိမ်းအမှတ်အဖြစ် အသိပညာ ပေးဆွေးနွေးဟောပြောခြင်း၊ အခမ်းအနားများကို စည်ကားသိုက်မြိုက်စွာ ဆောင်ရွက်နိုင်ခြင်းမရှိဘဲ လူသွားလာမှုများသည့် လမ်းဆုံနေရာများ၊ စည်ပင်သာယာဈေးများ၌သာ လက်ကမ်းစာစောင်ဝေငှ ခြင်းများ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

မကွေးတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန