Main menu

‘‘ကုန်စည်ဒိုင်များဖွံ့ဖြိုးဖို့ ဝိုင်းဝန်ကြိုးပမ်းဆောင်ရွက်စို့”

Powered by Drupal

       “မြန်မာဆန်စပါးညီလာခံ ၂၀၂၂” တွင် ဖော်ထုတ်ချက်(၄၃)ချက်အနက် ကုန်စည်ဒိုင်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လက်ရှိဆောင်ရွက်နေသည့်အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံ များနှင့်ပတ်သက်၍ ကုန်စည်ဒိုင်လုပ်ငန်းများဖွံ့ဖြိုးရေးကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ ပူးပေါင်းကာ ဦးစားပေးဆောင်ရွက်ရန် အချက်နှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကုန်စည်ဒိုင်များမှ တာဝန်ရှိသူများနှင့်တွေ့ ဆုံ၍ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် စားသုံးသူရေးရာဦးစီးဌာန အစည်းအဝေးခန်းမတွင် “ကုန်စည်ဒိုင် များဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲ”ကျင်းပပြုလုပ်ခဲ့ပါသည်။အဆိုပါဆွေးနွေးပွဲတွင်ကုန်စည်ဒိုင်များမှ ဆွေးနွေးတင်ပြမှုများအပေါ် အခြေခံ၍ ကုန်စည်ဒိုင်ဖွံ့ဖြိုးတိုးတက်ရေး လက်ရှိဆောင်ရွက်နေသည့် အခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအမံများ၊ ကုန်စည်ဒိုင်များမှ တင်ပြချက်များ အခက်အခဲများကို ဆွေးနွေးခဲ့ကြပါသည်။

          မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် လယ်ယာထွက်ကုန်သီးနှံများအား စိုက်ပျိုး ထုတ်လုပ်မှုသည် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။ မြန်မာနိုင်ငံတွင် ကုန်စည်ဒိုင် များ၏ ဈေးကွက်သည် ကုန်ထုတ်လုပ်ရန် လယ်ယာထွက်ကုန်ပစ္စည်းကုန်ကြမ်းများရောင်းဝယ် ဖောက်ကားမှုပြုရာတွင် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။ ကုန်စည်ဒိုင်များတွင် စိုက်ပျိုးထုတ်လုပ်သူ၊ ရောင်းသူ၊ဝယ်သူ၊ ပွဲစားကုန်သည် ၊ ထုတ်လုပ်သူ၊ တင်ပို့/တင်သွင်းဖြန့်ချီသူ စသည့် ကုန်စည်တို့၏ ကွင်းဆက်တစ်လျောက်လုံးပါဝင်သူများနှင့် ဖွဲ့စည်းထားရှိပြီး ဈေးကွက်အတွင်း၌ကုန်စည်ဈေးနှုန်းများသတ်မှတ်ရာတွင် အဓိကကျသောနေရာမှ ပါဝင်လျက်ရှိသောကြောင့် ကုန်စည်ဒိုင်များဖွံ့ဖြိုးတိုးတက်စေရေးအတွက်အလေးထား ဆောင်ရွက်ရန် လိုအပ်လျက်ရှိပါသည်။

          မန္တလေးတိုင်းဒေသကြီးအတွင်း၌ ဖွဲ့စည်းထားရှိသော ကုန်စည်ဒိုင်(၈)ခုရှိပြီး ၎င်းတို့အနက် မန္တလေးပွဲစားကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်း၊ သကြားနှင့် သကာရည်ကုန်စည်ဒိုင်၊ မြင်းခြံကုန်စည်ဒိုင်တို့မှာ သက်ဝင်လှုပ်ရှားမှုကောင်းမွန်ပြီး၊ ဌာနနှင့် ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိပါသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဖွင့်လှစ်ပြီးစီးသည့် ကုန်စည်ဒိုင်များမှာ-

 

 

 

စဉ်

တိုင်း/ခရိုင်

ကုန်စည်ဒိုင်

အမျိုးအစား

လှု်ပရှားမှု

မန္တလေး

ပွဲစားကုန်သည်စက်ပိုင်များမဟာ

ကထိန်တော်အသင်း

ပဲမျိုးစုံ၊ဆီ ထွက်သီးနှံ၊

ပြောင်း

ရှိ

မန္တလေး

မန္တလေးဆန်စပါးကုန်စည်ဒိုင်

ဆန်

ရှိ

မန္တလေး

သကြားနှင့်သကာရည်ကုန်စည်ဒိုင်

သကြား၊သကာ

ရှိ

မြင်းခြံ

မြင်းခြံကုန်စည်ဒိုင်

ပဲမျိုးစုံ၊ဆီထွက်

သီးနှံ၊ပြောင်း

ကြက်သွန်

ရှိ

မြင်းခြံ

တောင်သာကုန်စည်ဒိုင်

အားနည်း

ညောင်ဦး

ကျောက်ပန်းတောင်းကုန်စည်ဒိုင်

အားနည်း

မိတ္ထီလာ

မိတ္ထီလာကုန်စည်ဒိုင်

ရှိ

မိတ္ထီလာ

မလှိုင်ကုန်စည်ဒိုင်

ပဲမျိုးစုံ၊ဆီထွက်

သီးနှံ

အားနည်း

          မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပွဲစားကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်း၊ မန္တလေးဆန်ကုန်စည်ဒိုင်၊ မန္တလေးသကြားကုန်စည်ဒိုင်၊ မြင်းခြံကုန်စည်ဒိုင်များအနေဖြင့် လုပ်ငန်း များဆောင်ရွက်ရာတွင် လွယ်ကူမှုရှိစေရန်နှင့် စနစ်တကျဖြစ်စေနိုင်ရန်အတွက် သင်းဖွဲ့စည်းမျဉ်း စည်းကမ်းများဖြင့် လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါကုန်စည်ဒိုင်(၄)ခုအနေဖြင့် မန္တလေး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၏ ညီနောင်အသင်းဝင်များ ဖြစ်ကြပြီး၊ ကုန်စည်ဒိုင်များ၏ ကိုယ်ပိုင် website များနှင့် Facebook Page များမှ တစ်ဆင့် နေ့စဉ်သီးနှံ ကုန်စည်ဈေးနှုန်းများကို ဖြန့်ဝေခြင်းများဆောင်ရွက်လျက်ရှိပြီး၊ အသင်းသားများအချင်းချင်းလည်း Facebook ၊ Viber Groups များမှ တစ်ဆင့် ချိတ်ဆက်ကာ ရောင်းဝယ်ဖောက်ကားမှုများပြုလုပ် လျက်ရှိပါသည်။ ကုန်စည်ဒိုင်အသင်းသားများအနေဖြင့် နမူနာပစ္စည်းပေါ်တွင် ကြည့်ရှု၍ ရောင်းသူ ဝယ်သူသဘောတူဈေးနှုန်းများဖြင့် ရောင်းဝယ်မှုများ ပြုလုပ်လျက်ရှိကြောင်းလည်း သရှိရပါသည်။ အသင်းသားအချင်းချင်းရောင်းဝယ်မှုပြုရာတွင် ပဋိပက္ခများဖြစ်ပွားလာပါက ကုန်စည်ဒိုင်အနေဖြင့် ဖွဲ့စည်းထားသော ပဋိပက္ခဖြန့်ဖြေရေးအဖွဲ့များဖြင့် ညှိနှိုင်းဖြေရှင်းပေးမှုများ ဆောင်ရွက်လျှက် ရှိကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ကုန်စည်ဒိုင်ဥက္ကဌများနှင့် ညှိနှိုင်းဆွေးနွေးမှုများမှတဆင့် သိရှိရပါသည်။ မန္တလေးပွဲစားကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းအနေဖြင့် ဆီထွက် သီးနှံများဖြစ်သည့် နှမ်းအားအက်ဆစ်ဓါတ်တိုင်းတာမှုလုပ်ငန်းများ၊ ပြောင်းအစိုဓါတ် တိုင်းတာခြင်းများစသည့်အရည် အသွေးထိန်းသိမ်းခြင်းနှင့် စီမံခန့်ခွဲခြင်းလုပ်ငန်းများကိုပါ ပြုလုပ်လျက်ရှိပါသည်။ မန္တလေးတိုင်း အတွင်းရှိ ကုန်စည်ဒိုင်များအနေဖြင့် ကုန်စည်အရည်အသွေးပေါ်တွင် အာမခံပေးမှုများပြုလုပ်လျက်ရှိပြီး ကုန်စည်အရည်အသွေးနှင့်ပတ်သက်၍ စည်းကမ်းဖောက်ဖျက်သော အသင်းသားများအား အသင်းစည်းမျဉ်းစည်းကမ်းများနှင့်အညီ အရေးယူမှုများ ပြုလုပ်လျက် ရှိပါသည်။

          မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပွဲစားကုန်သည် စက်ပိုင်များမဟာကထိန်တော်အသင်းနှင့် ဆန်ကုန်စည်ဒိုင်တို့ တွေ့ဆုံဆွေးနွေးမှုများအရ ကုန်စည်ဒိုင်များအနေဖြင့် စိုက်ပျိုးထုတ်လုပ်တောင် သူများနှင့်ပိုမိုချိတ်ဆက်ဆောင်ရွက်ရန်လိုအပ်ကြောင်းသိရပြီး သက်ဆိုင်ရာ အစိုးရဌာနများအနေဖြင့် တောင်သူများအား စိုက်ပျိုးရန် ချေးငွေထုတ်ချေးခြင်းထက် မျိုးစေ့၊မြေဩဇာ၊ စိုက်ပျိုးရေးကိရိယာ များ၊ လုပ်ငန်းသုံးကိရိယာများကို ပံ့ပိုးပေးခြင်းများပြုလုပ်ရန် ပိုမိုလိုအားလျက်ရှိပြီး၊ ယင်းကဲ့သို့ စိုက်ပျိုးရန်ငွေချေးခြင်းနှင့် လုပ်ငန်းသုံးပစ္စည်းများပံ့ပိုးပေးခြင်းများ ဆောင်ရွက်ရာတွင် ၎င်းတို့ ကုန်သည်ပွဲစားစက်ပိုင်များမှတဆင့် ပံ့ပိုးပေးခြင်းများ လိုလားလျက်ရှိပြီး တောင်သူများနှင့် Contract Farming သဘောမျိုးဆောင်ရွက်လိုကြကြောင်းဆွေးနွေးသိရှိရပါသည်။

          ကုန်စည်ဒိုင်များအနေဖြင့် ညီနောင်အသင်းဖြစ်သော ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း MRCCI မှတဆင့် ကုန်သွယ်မှုပြုလုပ်ရန် ဥပဒေများ၊လုပ်ထုံးလုပ်နည်းများ ၊နည်းလမ်းများ လိုအပ်ချက်များကို သတင်းအချက်အလက်ဖြန့်ဖြူးပေးခြင်းများ၊ သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်း အသိပညာပေးစေလိုကြောင်း ဆွေးနွေးကြပါသည်။ ကုန်စည်ဒိုင်များအနေဖြင့် နယ်စပ်ကုန်သွယ်ရေးကို အဓိကထား၍ တင်ပို့ရောင်းဝယ်ခြင်းများ ပြုလုပ်လျက်ရှိရာ နယ်စပ် တင်ပို့ရာတွင် လုပ်ထုံးလုပ်နည်းပြောင်းလဲမှုများ၊ နယ်စပ်ကုန်သွယ်ရေးနည်းလမ်းများကို လေ့လာ သိရှိရန် အားနည်းလျက်ရှိပါသည်။တိုင်းဒေသကြီးအတွင်းရှိ ကုန်စည်ဒိုင်များ၏ အသင်းသားများတွင် ကုန်သည်ပွဲစားစက်ပိုင်များသာ အဓိကပါဝင်ပြီး စိုက်ပျိုးထုတ်လုပ်သူတောင်သူများသည် အသင်း သားအဖြစ်ပါဝင်ရန် တောင်သူများနှင့် ပိုမိုချိတ်ဆက်ရန် လိုအပ်လျက်ရှိပြီး မူဆယ်(၁၀၅)မိုင်၊ ကျယ်ဂေါင်စသည့် နယ်စပ်ကုန်စည်ဒိုင်များနှင့် ချိတ်ဆက်ဆောင်ရွက်ရန် အားနည်းလျက်ရှိရာ အဆက်အသွယ်ကောင်းများရရှိရန် လိုအပ် လျက်ရှိကြောင်း သိရပါသည်။

          မန္တလေးဆန်စပါးကုန်စည်ဒိုင်အနေဖြင့် မြေနေရာ ကျဉ်းသည့်အတွက် အသင်းသားများ အနေဖြင့် ကုန်စည်နမူနာပြရောင်းချရန် ခက်ခဲမှုများဖြစ်ပေါ်လျက်ရှိခြင်း၊ ကုန်စည်ဒိုင်နေရာ အတည်တကျမရှိ ခြင်းနှင့်အသင်းသားများအချင်းချင်းပင် ကုန်စည်ဒိုင်၌ တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ရန်ခက်ခဲမှုများ ဖြစ်ပေါ်လျက်ရှိကြောင်းလည်း သိရပါသည်။ ကုန်စည်ဒိုင်အသင်းဥက္ကဌများနှင့် ဆွေးနွေးမှုများအရ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကုန်စည် ဒိုင်များ ဖွံ့ဖြိုးတိုးတက်စေရေး အောက်ပါအချက်များအား ဆောင်ရွက်သင့်ကြောင်း ဆွေးနွေးခဲ့ကြ ပါသည်-

  • တောင်သူကုန်သည်များအချင်းချင်းဆက်သွယ်ဆောင်ရွက်နိုင်ရေးနှင့် သတင်းအချက်အလက်ရရှိနိုင်ရေးအတွက် စိုက်ပျိုးထုတ်လုပ်သူတောင်သူများလည်း ကုန်စည်ဒိုင်များတွင် အသင်းသားများအဖြစ် ပါဝင်လာစေရန် ဆောင်ရွက်ခြင်း၊
  • တောင်သူများဖွံ့ဖြိုးတိုးတက်လာမှသာ ရောင်းသူဝယ်သူဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်၍ တောင်သူများအား စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းကိရိယာများနှင့်ငွေကြေးများကူညီ ထောက်ပံ့ခြင်း၊
  • တိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ တစ်ဆင့် ကုန်သွယ်ရေး သတင်းအချက်အလက်များဖြန့်ဝေပေးခြင်းနှင့် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ကုန်စည်ဒိုင်အသင်းသားများအား ကုန်သွယ်ရေးနည်းလမ်းများ၊ ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများအား သင်ကြားပေးခြင်းနှင့် မကြာခဏဆွေးနွေးပွဲများ ကျင်းပ ပြုလုပ်ခြင်း၊
  • ကုန်စည်ဒိုင်များတွင် ကုန်စည်များအား စံချိန်စံညွှန်းနှင့်အညီ ရောင်းဝယ်ခြင်းစနစ်များ ကျင့်သုံးခြင်း၊ အရည်အသွေးစံချိန်စံညွှန်း Specification တိုင်းတာရန် ပညာရှင်များ ခန့်အပ်ခြင်း၊ ပညာရှင်များနှင့်ပူးပေါင်းဆောင်ရွက်ခြင်း၊
  • ကုန်စည်ဒိုင်များတွင် စာကြည့်တိုက်ငယ်များထားရှိ၍ ကုန်သွယ်ရေးနှင့်ပတ်သက်သည့် သတင်းအချက်အလက်များ၊သက်ဆိုင်ရာဥပဒေ၊ လုပ်ထုံးလုပ်နည်းစာအုပ်များထားရှိခြင်း၊
  • ကုန်စည်ဒိုင်များအနေဖြင့် online Media များမှတဆင့် ဒေသတွင်းကုန်စည်ဒိုင်များ အချင်းချင်းချိတ်ဆက်ဆောင်ရွက်ခြင်း၊
  • ကုန်စည်ဒိုင်များအနေဖြင့် Online Platform များတည်ထောင်၍ ရောင်းဝယ်မှုပြုခြင်းနှင့် နိုင်ငံတကာ ကုန်စည်ဒိုင်များနှင့်ချိတ်ဆက်ဆောင်ရွက်ခြင်း၊
  • သက်ဆိုင်ရာ ဌာနများမှ ငွေကြေးဆိုင်ရာ မူဝါဒများ၊ ကုန်သွယ်မှုဆိုင်ရာ မူဝါဒများ ဆောင်ရွက်ရာတွင် ကုန်စည်ဒိုင်များအနေဖြင့် ပိုမိုညှိနှိုင်းပေါင်းစပ်မှုများ ဆောင်ရွက်ခြင်း၊
  • ကုန်စည်ဒိုင်များတွင် ဥပဒေလေ့လာရေးအဖွဲ့၊ ဈေးကွက်ရှာဖွေရေးအဖွဲ့ကဲ့သို့သော အဖွဲ့ ခွဲငယ်များ(Sub Groups)ဖွဲ့စည်းဆောင်ရွက်ခြင်း၊
  • ကုန်စည်ဒိုင်အချင်းချင်းအရောင်းအဝယ်သဘောတူစာချုပ် ချုပ်ဆို၍ အသင်းသားများမှ သတ်မှတ်ကုန်စည်ရောင်းဝယ်မှုပမာဏများအပေါ် အရည်အသွေးပြည့်မီစေရန် အာမခံ ထိန်းညှိဆောင်ရွက်ပေးခြင်း၊

      တိုင်းဒေသကြီးတစ်ခုအတွင်းရှိ ကုန်စည်ဈေးနှုန်းများ တည်ငြိမ်မှုရှိစေရေး ဈေးနှုန်း အတက်/အကျကို ထိန်းညှိနိုင်စေရေးအတွက် ကုန်စည်ဒိုင်များသည် မရှိ မဖြစ်လိုအပ် လျက်ရှိပါသည်။ ဒေသတခုဖွံ့ဖြိုးတိုးတက်စေရေးနှင့် စီးပွားရေးလုပ်ငန်းများ လွယ်ကူစေရေးအတွက် တစ်ဦးတစ်ယောက်တည်း လုပ်ဆောင်ခြင်းထက် အစုအဖွဲ့၊အသင်းအဖွဲ့ အများအားဖြင့် ဆောင်ရွက်ခြင်းမျိုးသည် ပိုမိုလွယ်ကူစေပါသည်။ ကုန်စည်ဒိုင်ဆိုသည်မှာ ရောင်းဝယ် ဖောက်ကားမှုများအတွက် လိုအပ်သောနေရာ၊ တိုင်းဒေသကြီး ကုန်သွယ်မှု ဖွံ့ဖြိုးစေရန် လိုအပ်ချက်တခု ဖြစ်သဖြင့် ဖွံ့ဖြိုးတိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်သင့်ပါသည်။ ကုန်စည်ဒိုင်ဖွံ့ဖြိုးစေဖို့ ဒေသကြီးအတွင်းရှိ သက်ဆိုင်ရာဌာနများ၊ တောင်သူ၊ ကုန်သည်၊ ပွဲစား၊ စက်ပိုင်များ အားလုံး စုပေါင်းကြိုးပမ်းသင့်ပါကြောင်း ဆွေးနွေးတင်ပြအပ်ပါသည်။

DOCA(မန္တလေး)